Skip to main content

အုပ်ချုပ်ရေးပီပြင်မှ မြို့ရွာစည်ပင်မည်

 

 

စာချစ်သူ

 

“မင်းပေါက်တူးပေါက်တာ ခြေထောက်ကို ခုတ်မိလိမ့်မယ်” ရပ်ကွက်ရှိ ကလေးကစားကွင်းတစ်ခုကို ရပ်ကွက်သားများ လုပ်အားပေးချုံရှင်း၊ မြက်ခုတ် ဆောင်ရွက်ကြစဉ် ကလေးအရွယ် ကျွန်တော့်အား လူကြီးတစ်ဦးက ဤသို့သတိပေးလေသည်။

 

ထိုမှပြီး “ပေါက်တူးပေါက်ရင် ခြေထောက်ကို ဒီလိုချဲ့ထားရတယ်ကွ”ဟု နမူနာ လက်တွေ့ပေါက်ပြ လေသည်။ ထိုလူကြီးမှာ ကျွန်တော်တို့မြို့နယ်မှ ပါတီကောင်စီလူကြီး ဖြစ်လေသည်။

 

ကျွန်တော်တို့ အရွယ်ရောက်လာသည့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် တွင် ရပ်ကျိုးရွာကျိုး အတွက် မိသားစုစိတ်ဓာတ်အပြည့်ဖြင့် လူတိုင်း ဤသို့တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လေ့ရှိ ကြသည်။

 

နွေမိုးဆောင်း ရေဝပ်လေ့ရှိသည့် အများပိုင် လမ်းကြားကလေးတစ်ခုကို အုတ်ခဲတွေစီတော့ လည်း အိမ်တိုင်းက ကလေးလူကြီးမရွေး နှစ်လုံးတွဲ၊ သုံးလုံးတွဲအုတ်ခဲလေးတွေကို ကိုယ်စီကိုယ်စီသယ်ချ ၍ လုပ်ဆောင်ကြပြန်သည်။

 

ပျော်ရွှင် ကြည်နူးစရာမြင်ကွင်း

 

ဟော ရပ်မိရပ်ဖတွေ ဦးဆောင်မှုဖြင့် အုတ်သဲ ကျောက်၊ ဘိလပ်မြေတွေရလာပြန်တော့ သည်လမ်း ကလေးကို ခိုင်ခိုင်မာမာ ချောမွေ့ပြေပြစ်လာအောင် အားလုံးက ဝိုင်း၍ လုပ်အားပေးခဲ့ကြပြန်သည်။ ကလေးအရွယ်ဖြစ် လင့်ကစား မောသည် ပန်းသည် ဟုမထင်ခဲ့၊ ရပ်ကွက်မိသားစုဝင် အချင်းချင်း စဟယ် နောက်ဟယ်ဖြင့် ပျော်ရွှင်စရာပင် ကောင်းလှသည်။ လုပ်အားပေးပွဲတွင် စားခဲ့ရသည့် ကောက်ညှင်းပေါင်း နှင့် ထိုပျော်ရွှင်ကြည်နူး စရာမြင်ကွင်းကို ပစ္စက္ခတိုင် မမေ့နိုင်ခဲ့ချေ။

 

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ လူတွေ မူတွေ ပြောင်းသွားသည်။ ရပ်ကွက်ကောင်စီများအစား ရဝတတွေ (ရပ်ကွက်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့) တွေ ဝင်ရောက်လာသည်။ ကျွန်တော်တို့ ရပ်ကွက်အဖို့မူ အပြောင်းအလဲက နာမည်အခေါ် အဝေါ်မျှသာဖြစ်သည်။ ရဝတဥက္ကဋ္ဌက ရပ်ကွက် ထဲက စီးပွားရေးလုပ်ငန်းရှင် လူရိုသေ ရှင်ရိုသေ ရပ်မိရပ်ဖတစ်ဦးပေမို့။

 

တစ်နေ့ ထိုရဝတဥက္ကဋ္ဌ၏တန်ဖိုးကို ကျွန်တော် တို့မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။ လူငယ်ဘဝ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်နှင့် အခြားလမ်း က လူငယ်တစ်အုပ်တို့ အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွား ခဲ့သည်။ နှစ်ဖက်မိဘ ဆွေမျိုးများက ရဲစခန်းတွင် အမှုဖွင့်ရန် စီစဉ်ကြတော့သည်။ သို့တစေ ထိုရဝတ လူကြီး၏ မျက်နှာချင်းဆိုင် စေ့စပ်ဖြေရှင်းပေးမှုကြောင့် လွန်တာရှိလျှင် ဝန္ဒာမိပါနှင့် ကိစ္စပြတ်သွား၍ ရုံးမှဂတ်သို့ ဘယ်သူမျှ မရောက်ခဲ့ကြချေ။

 

အခေါ်အဝေါ်ဘယ်သို့ပြောင်းပြောင်း ရပ်မိရပ်ဖ လူကြီးများသည် ရပ်ကွက်၊ ကျေးရွာအတွင်း အခါ အားလျော်စွာ ပေါ်ပေါက်လာသည့် အမှုအခင်းကိစ္စ များကို ကြီးသည့်အမှု ငယ်အောင်၊ ငယ်သည့်အမှု ပပျောက်အောင် စွမ်းဆောင်ပေးလေ့ရှိကြသလို ရပ်ရွာ၏ သာရေး၊ နာရေးကအစ ရပ်ရွာအကျိုး သယ်ပိုးဆောင်ရွက်ပေးကြသူများ သာ ဖြစ်ပါသည်။

 

လေ့လာ တွေ့မြင်နိုင်

 

ရှေးမြန်မာဘုရင်များလက်ထက် အုပ်ချုပ်မှု ယန္တရားကြီးကို လေ့လာကြည့်ပါက မင်းကြီးတွေ၊ ဝန်တွေ၊ မှူးကြီး မတ်ရာတွေက ဆင့်ကဲဆင့်ကဲ အုပ်ချုပ်ပြီး Local Administration အရမြို့သူကြီး အောက်တွင် တိုက်နယ်သူကြီး၊ ရိုးရိုးကျေးရွာသူကြီး၊ ကျေးရွာသူကြီးအောက်မှာမှ ဆယ်အိမ်ခေါင်း၊ ရွာဆော်၊ ရွာစာရေး၊ ရွာခေါင်း စသည်ဖြင့် လေ့လာ တွေ့မြင်နိုင်မည်ဖြစ်သည်။ Tax System အရလည်း သဿမေဓ အခွန်ကို ၁၀ ဖို့၁ ဖို့ သူတို့ကို စားခွင့်ပေး ခဲ့လေသည်။

 

၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ အပြီး အထက်ဗမာပြည်တစ်ခုလုံး အင်္ဂလိပ်လက် အောက်သို့ ကျရောက်အပြီးတွင် Political Institution က သိသိသာသာ ပြောင်းလဲသွားသည်။ ကိုလိုနီစနစ်အရ နိုင်ငံအများကြီးကို တစ်ပြိုင်နက် တည်း အုပ်ချုပ်ရသည်ဖြစ်သည့်အတွက် အုပ်ချုပ် ရေးစနစ်ကို အင်္ဂလိပ်က အပေါ်က ချုပ်ကိုင်ကာ အောက်တွင် ဒေသခံတွေကနေ ပြန်အုပ်ချုပ်စေသည်။ အသေးစိတ်ကအစ ညွှန်ကြားနိုင်သည့် ကိုလိုနီဗျူရိုကရေစီ ယန္တရားကို ထူထောင်ခဲ့သည်။

 

စစချင်း မြို့အုပ်ဆိုသည့် ရာထူးကလေးကို ဖန်တီးလိုက်သည်။ မြို့အုပ်ရာထူးကို ယခင်က သူတို့အား သစ္စာခံသည့်မင်းညီမင်းသားဟောင်းများ၊ သို့မဟုတ် ငွေခွန်မှူး၊ မြို့သူကြီးဟောင်းများကို ပြန်လည်ပေးအပ်သည်။ နောက်ပိုင်းတွင် Colonial Social Institution အရပညာရေးက B.A အောင်သည့်သူများကို မြို့အုပ်၊ မြို့ပိုင်အဖြစ် ခန့်ထားခဲ့ပြန် သည်။

 

ထို မြို့အုပ်၊ မြို့ပိုင်များကို အပေါ်က Deputy Commissioner (DC) ခေါ်အရေးပိုင်က သည်။ အင်္ဂလိပ်တို့က မြန်မာပြည်ကို ထိုစဉ်က ခရိုင် ဒီစတြိတ် ၃၆ ခုခွဲ၍ အရေးပိုင်များကို ခန့်ထား အုပ်ချုပ်စေသည်။ အရေးပိုင် (DC)များကိုမူ အင်္ဂလန် က India Civil Services (ICS) စာမေးပွဲကျင်းပ၍ ရွေးချယ်ခန့်အပ်စေသည်။ ICS စာမေးပွဲကို IA တန်း အောင်လျှင် ဝင်ရောက်ဖြေဆိုခွင့်ပြုသည်။ သို့ အတွက် အရေးပိုင် (DC) ရာထူးများ စခါစတွင် အင်္ဂလိပ်မျက်နှာဖြူများသာ ဖြစ်နေခဲ့ကြပြီးနောက်ပိုင်းတွင် ဗမာလူမျိုးများ အနည်းအကျဉ်းဖြစ် ခဲ့ကြသည်။

 

ကိုလိုနီသက်တမ်း ကြာရှည်ခံနိုင်အောင်

 

အင်္ဂလိပ်တို့သည်၎င်းတို့၏ ဗျူရိုကရေစီယန္တရားကို ထိုသို့စနစ်တကျ တည်ဆောက်ရာတွင် ရည်ရွယ်ချက်နှစ်ရပ် ရှိလေ သည်။ တစ်ခုက စီးပွားရေး အရ တွက်ခြေကိုက်စေရန်နှင့် နောက်တစ်ခုက ၎င်းတို့၏ ကိုလိုနီသက်တမ်း ကြာရှည်ခံနိုင်အောင် ဖြစ်လေသည်။

 

မြန်မာပြည်အတွင်းရှိ ခရိုင် ဒီစတြိတ် ၃၆ ခု တွင် တစ်ခုအပါအဝင်ဖြစ်သော မြစ်ဝကျွန်းပေါ်ရှိ မြောင်းမြခရိုင်သည် မူလကရွှံ့နွံတောကြီးဖြစ်ခဲ့လေ သည်။ အင်္ဂလိပ်တို့က စီးပွားရေးအမြင်ဖြင့် ထိုရွှံ့နွံ တောကြီးကို စပါးစိုက်ပျိုးနိုင်ရန် အိန္ဒိယမှလယ်ကူလီ လုပ်သားများ ခေါ်ယူတင်သွင်း၍ လယ်ယာမြေများ အဖြစ် ပြုပြင်ပြောင်းလဲပြီး စပါးစိုက်ပျိုးခဲ့ရာ ပြည်ပ သို့ပင် တင်ပို့ရောင်းချနိုင်သည်အထိ အောင်မြင်ဖြစ် ထွန်းခဲ့လေသည်။

 

 

ရပ်ရွာများ စည်ပင်လာရေးအတွက်လည်း သူကြီးများကိုခန့်အပ်၍ သူကြီးလက်စွဲ ဥပဒေများ ပြဋ္ဌာန်းအုပ်ချုပ် စေခဲ့သည်။ အင်္ဂလိပ်တို့ ဘုန်းမီး နေလတောက်ပစဉ်ကာလတွင် မြန်မာသူကြီးတစ်ဦး သည် စည်းကမ်းမဲ့အမှိုက် ပစ်သူ မြို့ပိုင်ကို သူကြီး လက်စွဲဥပဒေအရ ဒဏ်ငွေရိုက်ခဲ့ဖူးလေသည်။

 

အင်္ဂလိပ်အပြေး ဂျပန်အ၀င်တွင်လည်း ဂျပန်တို့ က အုပ်ချုပ်ရေးယန္တရားကို အင်္ဂလိပ်မင်းအစိုးရခေတ် ကာလကဲ့သို့ပင် ဆက်လက်ထားရှိ အုပ်ချုပ်စေခဲ့ သည်။ ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် နယ်ပိုင်၊ မြို့ပိုင်၊ လက်ထောက်မြို့ပိုင်ရာထူးများအတွက် လူတွေ့မေးမြန်းကာ ရွေးချယ်ခန့်ထားခဲ့လေသည်။ မြို့ပိုင် မောင်ပြုံးချို ခေါ် စာရေးဆရာကြီး မန်းတင် သည် ၁၉၄၂ ခုနှစ်တွင် လက်ထောက်မြို့ပိုင်အဖြစ် ရွေးချယ်ခန့်ထားခြင်း ခံခဲ့ရလေသည်။

 

မြန်မာပြည် လွတ်လပ်ရေးရပြီးစတွင်မူ ပြည်တွင်းသောင်းကျန်းမှုဒဏ်ကြောင့် မြို့အုပ်၊ သူကြီးအချို့ ရန်ပြုသတ်ဖြတ်ခံခဲ့ရ၍ အချို့မြို့ရွာ များတွင် အုပ်ချုပ်မှုပျက်ပြားခဲ့ရသည်။ ထိုသောအခါ ရပ်ရွာများတွင် ဓားပြသူခိုးများ ထကြွခဲ့၍ ဥစ္စာရှိသူ များမှာ ညစဉ်ပုန်းအောင်း ပြောင်းရွှေ့အိပ်ကြရသည်။ အချို့ တတ်နိုင်သူများက မြို့တက်အခြေချ ပြောင်း ရွှေ့ကြလေသည်။

 

မြို့ရွာများ စည်ပင်လာ

 

၁၉၅၀ ပြည့်နှစ်အလွန်တွင် တပ်မတော်၏ တန်ပြန်ထိုးစစ်များကြောင့် မြို့ရွာအများစု သောင်းကျန်းသူများ၏ ဘေးရန်မှ ကင်းဝေးလာခဲ့၍ ဖဆပလအစိုးရသည် အုပ်ချုပ်ရေးယန္တရားကို ပြန် လည် တည့်မတ်ဆောင်ရွက်နိုင်ခဲ့ သည်။ အုပ်ချုပ်ရေး ယန္တရား ပီပြင်လာသည်နှင့်အမျှ စီးပွားရေးကို ဇောက်ချဆောင်ရွက်နိုင်သည့်အတွက် မြို့ရွာများ စည်ပင်လာသည်။ လူမှုအဆင့်အတန်းလည်း မြင့်တက်လာကာ တိုင်းကား ပြည်ရွာသည်လည်း သာယာဝပြောလာသည်။

 

 

ထိုခေတ် ဖဆပလအစိုးရလက်ထက်တွင် မြို့အုပ်မြို့ပိုင်များသည် တရားစီရင်ရေးအပိုင်းတွင် လည်း ထောင်ခြောက်လ အထိ ချမှတ်နိုင်သည့် လုပ်ပိုင်ခွင့်ရှိခဲ့သည်။ မြို့အုပ်မြို့ပိုင်များမှာ ဥပဒေ ဘွဲ့ရ ပညာတတ်အများစုဖြစ်၍ တရားစီရင်ရေး အပိုင်းတွင်ပါ တာဝန်ထမ်းဆောင်နိုင်လေသည်။

 

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရခေတ် တွင် ခေတ်စနစ်အရ ကိုလိုနီနယ်ချဲ့၏ အငွေ့ သရိုက် များပါသော မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင်ဝန်ထောက် ရာထူးအခေါ်အဝေါ်များကို ပြောင်းလဲစေခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ် သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင်မူ အုပ်ချုပ်ရေးယန္တရားကို ပြည်သူ့ကောင်စီ အဆင့်ဆင့် ဖြင့် ရွေးချယ်ခန့်အပ် တာဝန်ပေးဆောင်ရွက်စေခဲ့ သည်။

 

ထို့အတူ နဝတ၊ နယက အစိုးရခေတ်မှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာ သော ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ဆက်အထိတိုင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ရပ်ရွာ သားများကသာ ရွေးချယ်တင်မြှောက်ခဲ့ကြလေသည်။

 

ပြီးခဲ့သည့် NLD အစိုးရ ငါးနှစ်သက်တမ်းတွင်မူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အာဏာရပါတီမှ ပါတီဝင်များ ဝင်ရောက်ရွေးချယ် ယှဉ်ပြိုင်စေခဲ့၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး အများစုမှာ အာဏာရပါတီ ဝင်များသာ ဖြစ်ခဲ့လေသည်။

 

မည်သို့ဆိုစေ ခေတ်တိုင်း၊ ခေတ်တိုင်း၊ အဖွဲ့ အစည်းတိုင်းလိုလိုတွင် ကောင်းသူရှိသလို ဆိုးသူ များလည်း ရှိကြပါသည်။ ရပ်ကျိုးရွာကျိုးကို စေတနာအပြည့်ဖြင့် နေ့မအား ညမနား ကြိုးပမ်း ဆောင်ရွက်သူများရှိသလို အာဏာပါဝါပြ၍ လုပ်ပိုင် ခွင့်ကို တလွဲအသုံးချသူများလည်း ရှိတတ်ကြ ပါသည်။

 

သို့တစေ ရွပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် ရပ်ကျိုးရွာကျိုးများကို တာဝန်သိသိ၊ သစ္စာရှိရှိ စေတနာအပြည့်အဝဖြင့် ထမ်းရွက်သော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် လူ့အဖွဲ့အစည်းတွင် မရှိမဖြစ် လိုအပ်ပေသည်။

 

ပစ္စက္ခ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် မသမာသူ အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရပ်/ကျေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကို ချောင်းမြောင်း လုပ်ကြံသတ်ဖြတ်လျက်ရှိကြ သည်။

 

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အသတ်ခံရသည့် ဖြစ်စဉ်သည် မေလ ၃ ရက် ရန်ကုန်မြို့ သာကေတ မြို့နယ် အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး ကို ဧည့်စာရင်းတိုင်မည်ဟု အကြောင်းပြု၍ ဓားနှင့် ထိုးသတ်ခဲ့ခြင်းက စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ ဇူလိုင်လ ဒုတိယအပတ်တွင်မူ စာရင်းအရဒေသအနှံ့ ရှိ အုပ်ချုပ်ရေးမှူးများ သေဆုံးမှုမှာ ၄၀ ခန့်အထိ ရှိလာခဲ့သည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများကို မီးရှို့မှု၊ ဗုံးနှင့် ပစ်ပေါက်မှုများလည်း အများအပြား ဖြစ်ပေါ်ခဲ့သည်။

 

အကြမ်းဖက်မှုများ လုပ်ဆောင်ရန် လေလှိုင်း ပေါ်ကတစ်ဆင့် စေခိုင်းသူအခါပေး ဦးပုညတို့၏ မြှောက်ထိုးပင့်ကော် စကားသံများကြောင့် မသိနား မလည်သူများကလည်း ရပ်ကျေးအဖွဲ့ဝင်များသည် သူလျှို၊ ဒလန်များဖြစ်သည်ဟုဆိုကာ အကြမ်းဖက် လုပ်ရပ်ကို အားပေးအားမြှောက်ပြုကြပြန်သည်။

 

ရာဇဝတ်မှုများ ထူပြောလာ

 

အကျိုးဆက်ကား အချို့ရပ်ရွာများတွင် အုပ်ချုပ်မှုပျက်ပြားကာကျေးလက်နေ ပြည်သူအချို့ အားကိုးရာမဲ့ဖြစ်ကြရ လေသည်။ တောကြောင်များ ထကြွလာ၍ ရာဇဝတ်မှုများ ထူပြောလာသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပုသိမ်မြို့ရှိ ချေးငွေလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ ကျောင်းကုန်းမြို့ ကျေးရွာတစ်ရွာမှ မိန်းကလေး တစ်ဦးကို မသမာသူများက ဓားနှင့်ခုတ် သတ်ဖြတ် ကာ ဆိုင်ကယ်ကို လုယူသွားခဲ့ကြသည်။

 

ကျိုက်မရောမြို့နယ် အံကရဲကျေးရွာမှ ကျောင်း ဆရာမတစ်ဦးသည်လည်း အသတ်ခံခဲ့ရသည်။ ရုပ်အလောင်းကို မာကလာချောင်းအတွင်း ပြန်လည် တွေ့ရှိခဲ့ရသော်လည်း သူ စီးနင်းလာသည့် ဆိုင်ကယ် မှာမူ ပျောက်ဆုံးနေသည်။

 

ဇူလိုင်လ ၁၁ ရက် မနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းခုံးကျော် တံတား အဆင်းနားရှိ ရွှေဆိုင်တစ်ဆိုင်ကို မသမာသူများက သေနတ်ပြ၍ လုယက်သွားကြသည်။

 

ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး အားနည်းလာသည်နှင့် အမျှ ဒေသခံပြည်သူ တို့၏ လူမှုစီးပွားအဝဝသည်လည်း အားနည်း ချို့ယွင်း ပျက်ပြားလာတတ်သည်။ ပစ္စက္ခ ကိုဗစ် တတိယလှိုင်း မြင့်တက်လာသည့်အခိုက်တွင်လည်း အချို့ရပ်ကျေးများ၌ ရပ်ကျေးအုပ်ချုပ်ရေးပီပြင် သက်ဝင်မှုအားနည်းခဲ့၍ ကိုဗစ်ကပ်ဘေးအန္တရာယ်ကို ကာကွယ်တားဆီး ရေး၊ ကုသရေး၊ ပံ့ပိုးကူညီဆောင်ရွက်ရေးအပိုင်း တို့တွင် လတ်တလော အင်ပြည့်အားပြည့် မလုပ် ဆောင်နိုင်သေးချေ။ ရပ်ရွာတွင် အခါအားလျော်စွာ ဖြစ်တတ်သည့် အချို့အမှုအခင်းများကိုလည်း ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရန် လက်လှမ်းမမီနိုင် ဖြစ်နေသေးသည်။

 

သို့ဆိုလျှင် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် မသမာသူ များ၏ ဆိုက်ဝါးအစွဲအလမ်းများကို ကိုယ့်မြို့ ကိုယ့်ရွာ သာယာဝပြောရေးအတွက် ကျွန်ုပ်တို့ ချေချွတ်စွန့်လွှတ်ကြရပါတော့မည်။ ရှေးအတီ အတေခေတ်ကာလများ ကဲ့သို့ပင် ကိုယ့်ရပ် ကိုယ့်ရွာ သာယာဝပြောစည်ပင်ရေးအတွက် ရပ်မိရပ်ဖများနှင့်အတူ ပူးပေါင်းလက်တွဲ၍ ကြုံလာသမျှ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်ကြရပါမည်။ မည်သည့် ခေတ်မဆို အုပ်ချုပ်ရေး ပီပြင်မှ မြို့ရွာတွေ စည်ပင်ကြပါ လိမ့်မည်ဟု ဆိုပါရစေ။

 

ကိုးကား - ဆရာ ဦးကိုကိုလှိုင်၏ လူမှုအဖွဲ့ အစည်း၏စုဖွဲ့မှု အပြောင်းအလဲများ(၂) ဆွေးနွေးချက်။