သတိပြုကာကွယ် တတိယလှိုင်းအန္တရာယ်
ယခုအချိန်ကာလ ကမ္ဘာပေါ်မှာ ဘယ်အကြောင်းအရာက အရေးအကြီးဆုံးဖြစ်နေပါသလဲလို့ မေးလာခဲ့ရင် အရာအားလုံးထက် အရေးအကြီးဆုံးက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေမှု အကျပ် အတည်းကနေ အမြန်ဆုံးလွန်မြောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ကျော်လွှားလွန်မြောက်နိုင်ဖို့အတွက် ကမ္ဘာပေါ်မှာ မတူကွဲပြား ခြားနားမှုတွေကို ဘေးချပြီး နိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက် နေကြပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ၂၃-၃-၂၀၂၀ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း နှစ်ခုပေါင်းရင် ပိုးတွေ့ရှိတဲ့လူနာပေါင်း ၁၄၃၃၁၈ ဦးရှိခဲ့ပြီး ၁၄၀၁၀၂ ဦး ပြန်လည်ကောင်းမွန်ခဲ့တာကို တွေ့ရပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၇ ရာခိုင်နှုန်းက ကိုဗစ်-၁၉ ရောဂါပိုးကို ခုခံကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအားကိုရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်ခဲ့ကြတာ ဖြစ်ပါတယ်။
ယခု ၂၇-၅-၂၀၂၁ ရက်ကနေ စတင်သတ်မှတ်တဲ့ တတိယလှိုင်း မှာတော့ ၁၅-၇-၂၀၂၁ ရက်နေ့အထိ စစ်ဆေးသူ ၃၀၀၅၃၃ ဦးမှာ ပိုးတွေ့သူ၆၅၇၆၆ ဦးနဲ့ သေဆုံးသူ၁၀၄၈ ဦး ရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း ပိုးတွေ့ရှိသူဦးရေနဲ့ သေဆုံးတဲ့လူဦးရေကို ရာခိုင်နှုန်း အရ တွက်ချက်ကြည့်မယ် ဆိုရင်တော့ ပထမလှိုင်း (ငါးလနီးပါး) မှာ ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ဒုတိယလှိုင်း (ကိုးလကျော်ကျော်) မှာ ၂ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပေမယ့် တတိယလှိုင်း (တစ်လခွဲကျော်ခန့်) မှာတော့ ၁ ဒသမ ၅၉ ရာခိုင်နှုန်း ရှိနေပါတယ်။ ယခုလက်ရှိကိန်းဂဏန်းတွေ အရတော့ ဗီဇပြောင်းကိုဗစ်ရောဂါပိုးဟာ ကူးစက်နှုန်းမြင့်မား လာတာနဲ့ အမျှ သေဆုံးမှုတွေလည်း မြင့်တက်လာနိုင်ပါတယ်။
ဘာကြောင့်ကူးစက်မြန်ရသလဲ
ဘာကြောင့်ကူးစက်မြန်ရပါသလဲလို့မေးရင်တော့ ယခင်မူလ ဗိုင်းရပ်စ်ကနေ သန္ဓေပြောင်းလာတဲ့ မျိုးကွဲများကြောင့်လို့ နားလည် လွယ်အောင် ဖြေရပါလိမ့်မယ်။ယခုမြန်မာနိုင်ငံမှာ တွေ့ရှိနေရပြီဖြစ်တဲ့ အမျိုးအစားကတော့ စိုးရိမ်စရာအုပ်စုထဲမှာပါဝင်တဲ့ Delta Strain နဲ့ Alpha Strain တို့ပဲဖြစ်ပါတယ်။ မူလပထမကိုဗစ်ရောဂါပိုးဟာ ကူးစက်နိုင်မှုနှုန်း RO ဂဏန်းအနေနဲ့၂ ဒသမ၄မှ ၂ ဒသမ ၆ အတွင်း မှာသာရှိပေမယ့်လည်း Alpha နဲ့ Delta မျိုးကွဲသစ်ရဲ့ RO ဂဏန်း ဟာ ၄ မှ ၅ နဲ့ ၅ မှ ၈ အထိ အသီးသီး ရှိတာကို သိရှိရပါတယ်။ ဆိုလို တာကတကယ်လို့ RO ဂဏန်းဟာ ၂ ဖြစ်တယ်ဆိုပါစို့။ ရောဂါပိုးရဲ့ ကူးစက်ပြန့်ပွားနှုန်းဟာ လူ တစ်ဦးမှ နှစ်ဦး၊ နှစ်ဦးမှလေးဦး၊ လေးဦးမှ ရှစ်ဦး၊ ရှစ်ဦးမှ ၁၆ ဦး စသဖြင့် အဲဒီ RD ဂဏန်းအတိုင်း ဆတိုးကူးစက် သွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် အာရှနိုင်ငံအများစုမှာ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ မတူညီတဲ့ ဗီဇပြောင်းမျိုးကွဲသစ် Delta Coronavirus အမျိုးအစားကြောင့် ကူးစက် မှုနှုန်းတွေ စံချိန်တင်မြင့်တက်နေတာ ဖြစ်ပါတယ်။
ပြည်သူအများအနေနဲ့လည်း ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအပြောင်း အလဲမှာ ကိုဗစ်ရောဂါကို သတိလက်လွတ် ဖြစ်သွားခဲ့ပြီး သတ်မှတ် ထားတဲ့စည်းကမ်းတွေ လိုက်နာမှုအားနည်းခဲ့ပါတယ်။ ကပ်ရောဂါကာ ကွယ်တားဆီးရေးရှုထောင့်ကကြည့်ရင် ဘယ်လိုမှလက်ခံလို့မရတဲ့ အင်အား ရာထောင်ချီလူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါ့အပြင် CDM လှုပ်ရှားမှုတွေကြောင့် အားနည်းသွားခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကလည်း ရောဂါကူးစက်နှုန်း ထိန်းချုပ်တားဆီးရေးမှာ ကန့်သတ်ချက်တွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးအတွက် ဆောင်ရွက်နေမှုများကို “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ကိုဗစ်ရောဂါပိုးရဲ သဘောသဘာဝနဲ့ ကူးစက်ပြန့်ပွားနိုင်မှုကို ကြိုတင်မြော်တွေး ထားခဲ့တာကြောင့် ကိုဗစ်ကာကွယ်တားဆီးရေးကို ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာ ဒုတိယအချက်အနေနဲ့ ထည့်သွင်းရေးဆွဲထားတာကိုလည်း တွေ့ရပါတယ်။ ယခင်ကရောဂါဖြစ်ပွားခဲ့တဲ့ အခြေအနေအရပ်ရပ်ကို သင်ခန်းစာယူပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေကို ကြိုတင်ဆောင်ရွက်ခဲ့ပါတယ်။ - နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ယခုကာလအတွင်း ချက်ချင်းလက်ငင်းဆောင်ရွက်ရမယ့် ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေးနဲ့ပတ်သက်လို့ ရနိုင်သမျှသောစွမ်းအားများကို စုစည်းကာ နည်းလမ်းပေါင်းစုံ ဆောင်ရွက်နေတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ အရေးပေါ်ကာကွယ်ထိန်းချုပ်ကုသဖို့ ဆောင်ရွက်နေတဲ့နေရာ မှာ-
Quarantine Center (အရပ်ဘက်) ၉၃၃ နေရာ (၄၄,၇၈၄ ဦး)
- Positive လူနာထားမည့်နေရာ ၁၈၂ နေရာ (၁၀,၂၃၉ ဦး)
(အရပ်ဘက်)
-ကုသရေး Center (အရပ်ဘက်) ၃၃၈ နေရာ (၁၆,၄၅၂ ဦး)
စုစုပေါင်း ၁,၄၅၃ နေရာ(၇၁,၄၇၅ ဦး)
-Quarantine Center ၁,၁၉၄ နေရာ (၃၂,၁၀၄ ဦး)
(တပ်မတော်)
- Positive လူနာထားမည့်နေရာ ၂၃ နေရာ (၂,၉၉၈ ဦး)
(တပ်မတော်)
- ကုသရေး Center (တပ်မတော်) ၆၁ နေရာ (၃,၈၇၀ ဦး)
စုစုပေါင်း ၁,၂၇၈ နေရာ (၃၈,၉၇၂ ဦး) စီစဉ်ထားရှိပြီးဖြစ်ပါတယ်။ Stay at Home ကြေညာထားတဲ့မြို့နယ် ၇၄ မြို့နယ်က မိုးလုံလေလုံအားကစားခန်းမနဲ့ စာသင်ကျောင်း တွေအပြင် Cyclone Shelter တွေမှာ လိုအပ်ရင် Quarantine Center တွေဖွင့်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
တပ်မတော်အနေနဲ့ ကပ်ရောဂါကာကွယ်တားဆီးကုသရေးမှာ ယခင်ကလည်းကူညီခဲ့သလိုယခုလည်း အစွမ်းကုန်ကူညီဆောင်ရွက် နေပါတယ်။ ကျန်းမာရေးဝန်ထမ်းအင်အားအနေနဲ့ တပ်မတော်ပါရဂူ ၃၃၉ ဦးအပါအဝင် စုစုပေါင်း တပ်မတော်သားကျန်းမာရေးဝန်ထမ်း ၅၈၁၈ ဦးကို ကိုဗစ်ရောဂါ ကာကွယ်ကုသရေးအတွက် သီးခြား တာဝန်ပေးအင်အားဖြည့်တင်းပြီး အရပ်ဘက်ကျန်းမာရေးဝန်ထမ်း တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ CDM မလုပ်ဘဲ ကျင့်ဝတ် သိက္ခာနဲ့ညီတဲ့ နိုင်ငံ့ဝန်ထမ်းကောင်း အရပ်ဘက်ဆရာဝန်နဲ့ ကျန်းမာ ရေးဝန်ထမ်း ၁၉၁၄၅ ဦးဟာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ကုသ ရေးလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်လျက်ရှိနေကြတယ်လို့ သိရှိရ ပါတယ်။ သယ်ယူပို့ဆောင်ရေးအနေနဲ့ အရပ်ဘက်လူနာတင်ယာဉ် အစီး ၁၀၈၀ နဲ့ စစ်ဘက်လူနာတင်ယာဉ် အစီး ၁၀၀ စီစဉ်ထားရှိပြီး ကာကွယ်၊ ကုသရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာမှာ တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်တွေကို လိုအပ်သလို အသုံးပြုလျက် ရှိပါတယ်။
တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာဝန်ထမ်း တွေ၊ ပရဟိတအဖွဲ့တွေ၊ စေတနာရှင်ဝန်ထမ်းတွေပူးပေါင်းပြီး Mask ကမ်ပိန်းတွေပြုလုပ်တာ၊ အခမဲ့ဖြန့်ဝေပေးတာတွေ၊ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးတာတွေ တစ်နိုင်ငံလုံးအနေနဲ့ နေ့စဉ်ဆောင်ရွက်နေကြ တာကိုလည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ယခင် NLD အစိုးရလက်ထက်မှာ Mask ခြောက်သောင်းလောက် အခမဲ့ဝေငှဖို့ အခက်အခဲရှိခဲ့ပေမယ့် ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက်မှာတော့ ဇွန်လတစ်လအတွင်းမှာတင် Mask ၁၂ သန်းလောက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ပါတယ်။
နောက်ထပ်လစဉ် Mask၁၀သန်းအထက်နှင့် ကျန်းမာရေးဝန်ထမ်းတွေ အတွက် ငါးသန်းလောက် ဖြန့်ဝေပေးဖို့လည်း စီစဉ်နေပါတယ်။ ကိုဗစ်ကာကွယ်ရေးအတွက် သုံးစွဲရမယ့်ဘဏ္ဍာငွေကို ကန့်သတ် မထားဘဲ ရုရှားနိုင်ငံကနေ တစ်ကြိမ်မှာ (၁ နာရီနဲ့ ၃၀ မိနစ်အတွင်း) လူဦးရေ ၁၄၀ ကို စစ်ဆေးပေးနိုင်တဲ့ PT-PCR စနစ်ရောဂါစစ်ဆေးစက် သုံးလုံး ဝယ်ယူထားပါတယ်။
ယခုအချိန်အထိ မြန်မာနိုင်ငံမှာ လူဦးရေ ၃ ဒသမ ၃၇ သန်း (သုံးသန်းသုံးသိန်း ခုနစ်သောင်းကျော်) ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး အိန္ဒိယ၊ တရုတ်နဲ့ ရုရှားနိုင်ငံ တွေကနေ ကာကွယ်ဆေးတွေ ဝယ်ယူထားပါတယ်။ ရုရှားနိုင်ငံက ကာကွယ်ဆေး နှစ်သန်းခန့်ဝယ်ယူဖို့ သဘောတူညီခဲ့ပြီး တရုတ်နိုင်ငံ ကလည်း ငါးသန်း ဝယ်ယူထားပါတယ်။ ဇူလိုင်လထဲမှာ ရောက်ရှိ လာတော့မှာဖြစ်ပါတယ်။
ရုရှားနိုင်ငံနဲ့ ကိုဗစ်ကာကွယ်ဆေး ပူးပေါင်းထုတ်လုပ်ဖို့အထိ ဆောင်ရွက်နေပြီး မကြာမီလေ့လာ သုံးသပ်ရေးအဖွဲ့ လာရောက်တော့ မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့လည်း ကိုဗစ်ရောဂါကာကွယ်ဆေးကို Ready to Fill Bulk (RTF) စနစ်နဲ့ပူးပေါင်းထုတ်လုပ်ဖို့ စီစဉ်နေပြီး ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ နှစ်ကြိမ်ဆွေးနွေး ပြီး ဖြစ်ပါတယ်။
ကပ်ရောဂါကို နိုင်ငံရေးအရ အသုံးမချသင့်
ဒီလိုရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ နည်းလမ်းပေါင်းစုံ နဲ့ ဆောင်ရွက်နေပေမယ့် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ယနေ့ကြုံတွေ့ နေရတဲ့ တတိယလှိုင်း နဲ့ အရင်က ပထမ၊ ဒုတိယလှိုင်းအခြေအနေတွေကို လွဲမှားစွာ ချိန်ထိုး နှိုင်းယှဉ်ပြီး ပြောဆိုရေးသားနေ တာတွေကို တွေ့ရှိလာရပါတယ်။
ဆိုးရွားတဲ့အချက်ကတော့ ဒီလောက်ပြည်သူလူထု စိုးရိမ်ပူပန် ကြီးစွာနဲ့ ကျန်းမာရေးအခက်အခဲ ဖြစ်နေရတဲ့အချိန်မှာ လူတချို့က ကပ်ရောဂါကို နိုင်ငံရေးအရ အသုံးချနေကြခြင်းပါ။ ကိုဗစ်ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်အောင် မဟုတ်မမှန်သတင်းအမျိုးမျိုး ထုတ်လွှင့်နေကြတဲ့အပြင် ကိုဗစ် စစ်ဆေးရေးဂိတ်တွေနဲ့ ကိုဗစ်ကာကွယ်ရေး ပရဟိတလုပ်နေသူ တွေကို အကြမ်းဖက်တိုက်ခိုက်တဲ့အထိ ယုတ်မာစွာ လုပ်ဆောင် နေကြတာကို စိတ်မကောင်းစရာ မြင်တွေ့နေရပါတယ်။ ။ ဒါ့အပြင် ဈေးကွက်အတွင်း ကျန်းမာရေးအထောက်အကူပြုပစ္စည်း တွေ ဈေးနှုန်းမြင့်တက်လာစေဖို့နဲ့ ပြည်သူလူထုအကြား စိုးရိမ်မှုတွေ ကြီးထွားလာစေဖို့ ကိုဗစ်ကာကွယ် တားဆီးရေး ပစ္စည်းတွေနဲ့ အောက်ဆီဂျင်တွေတင်သွင်းဖို့ ရပ်ဆိုင်းတယ်ဆိုတဲ့ စာအတုတစ်စောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစိုးရကိုထိခိုက်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေး အစွန်းရောက်တွေရဲ့ မိုက်မဲတဲ့နိုင်ငံရေးအောက်လုံးတွေ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲကို အသုံးချပြီး နိုင်ငံရေး အစွန်းရောက်တွေက နိုင်ငံရေးအကျိုး အမြတ်ကို ဖန်တီးနေကြတာ ဖြစ်ပါတယ်။ အားလုံးပူးပေါင်းပြီး ကာကွယ်တားဆီးကြရမယ့်အချိန် ကြီးမှာ ကိုဗစ်ရောဂါကူးစက်နှုန်း မြင့်မားနေမှုကို နိုင်ငံရေးတိုက်ကွက် အနေနဲ့ အသုံးချနေကြတာဟာ အလွန်ဆိုးရွားတဲ့လုပ်ရပ်၊ မလုပ် သင့်တဲ့လုပ်ရပ်လို့ပဲ ပြောချင်ပါတယ်။ ။
အဲသလို ကိုဗစ်-၁၉ ရောဂါကို နိုင်ငံရေးလက်နက်သဖွယ်အသုံးပြုပြီး မဟုတ်မမှန်တဲ့ သတင်းအချက် အလက် အမှားတွေပေးနေတာ၊ ရောဂါပိုးပျံ့နှံ့အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာတွေဟာ ပြည်သူလူထုရဲ့ အသက်အန္တရာယ်၊ ဘေးအန္တရာယ်ဖြစ်အောင် တိုက်ရိုက်ခြိမ်းခြောက်နေတာဖြစ်လို့ ဇီဝနည်းအရ အကြမ်းဖက်မှုလို့ ခေါ်တဲ့ Bioterrorism လုပ်ဆောင်ခြင်းမြောက်ပါတယ်။ ဒီလိုမျိုး သတင်းအမှားတွေ၊ မဟုတ်မမှန်ပြောကြားချက်တွေကို ပြည်သူလူထုကြီး နားမယောင်မိကြဖို့ အထူးအရေးကြီးပါတယ်။
ယခုလတ်တလော အောက်ဆီဂျင်ပြဿနာ
ယခုလတ်တလောဖြစ်ပွားနေတဲ့ အောက်ဆီဂျင်ပြဿနာရဲ့ အဓိကအကြောင်းရင်းက ရောဂါကူးစက်မှု မြင့်တက်လာတာကြောင့် ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ Quarantine စနစ်ပြောင်းလဲ သွားမှုကြောင့် ဖြစ်ပါတယ်။ ဒီရောဂါရဲ့ သဘောသဘာဝအရဖြစ်ပွား သူအရေအတွက်များစွာက ရောဂါလက္ခဏာအနည်းငယ်သာ ခံစား ရပြီး အချိန်ကာလတစ်ခုအတွင်းမှာ သက်သာပျောက်ကင်း သွားကြတာ ဖြစ်ပါတယ်။ မူလရောဂါအခံရှိနေသူတွေနဲ့ ကိုယ်ခံအားလျော့နည်းနေသူ တွေအတွက်သာ စိုးရိမ်စရာဖြစ်ပါတယ်။ ရောဂါအပြင်းအထန်ခံစားနေရ သူတွေတောင်မှ အောက်ဆီဂျင်အသုံးပြုမှုကို သက်ဆိုင်ရာ ကျွမ်းကျင် သူတွေရဲ့ ညွှန်ကြားချက်နဲ့သာ ဆောင်ရွက်သင့်တဲ့ကိစ္စဖြစ်ပါတယ်။
သို့သော်လည်း ရောဂါကူးစက်မှုရုတ်တရက်မြင့်မားလာတဲ့အခါမှာ စိုးရိမ်ကြောင့်ကြစိတ်ကြောင့် အောက်ဆီဂျင်အိုးတွေ ရှာဖွေဝယ်ယူ ကြတာ၊ စုဆောင်းသိမ်းဆည်းတာတွေ ရှိလာပါတော့တယ်။
သတင်းအမှားတွေနဲ့ ပေါင်းစပ်တဲ့အခါမှာ အောက်ဆီဂျင်ဝယ်လိုအားက ရုတ်တရက်မြင့်မားလာခဲ့ပြီး အမှန်တကယ်လိုအပ်သူတွေထံကို အောက်ဆီဂျင်လိုအပ်သလောက် အချိန်မီမရရှိခဲ့တာတွေ ဖြစ်ခဲ့ရပါ တယ်။ အောက်ဆီဂျင်ကို အမှန်တကယ် မဖြစ်မနေလိုအပ်နေတဲ့ ရောဂါဖြစ်ပွားနေသူ ရာခိုင်နှုန်း နည်းပေမယ့် အောက်ဆီဂျင်ကို ဝယ်ယူလိုတဲ့ ဝယ်လိုအားရာခိုင်နှုန်းကများနေခြင်း ဖြစ်ပါတယ်။
လက်ရှိ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုပမာဏနဲ့ အမှန်တကယ် အသုံးလိုတဲ့ပမာဏ လုံလောက်တဲ့အခြေ အနေရှိပေမယ့် ဒါကို မသမာသူတွေက အောက်ဆီဂျင်လိုအပ်ချက်ကို နိုင်ငံရေးအောက်လုံး ထိုးပြီး အဖျက်အမှောင့်လုပ်ဆောင်နေကြလို့ ပြည်သူလူထုအတွင်း အောက်ဆီဂျင်မလုံလောက်ဘူးဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရောဂါဖြစ်ပွားသူ၊ အောက်ဆီဂျင် လိုအပ်သူ၊ အောက်ဆီဂျင် ထုတ်လုပ်နိုင်မှုတွေ၊ ထပ်မံလိုအပ်လာနိုင်တဲ့ အခြေအနေတွေကို အသေးစိတ်တွက်ချက်ပြီး အောက်ဆီဂျင် လိုအပ်ချက်ဖြည့်ဆည်းဖို့ စီမံဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ။
ပြည်သူတွေလိုအပ်နေတဲ့ အောက်ဆီဂျင်ပမာဏကို ပြည့်မီအောင် ထုတ်လုပ်နိုင်ဖို့အတွက် တစ်နေ့ကို အလုံးပေါင်း ၁၄၄၀ ထုတ်လုပ် နိုင်မယ့် အောက်ဆီဂျင်စက်ရုံတစ်ခု တစ်လအတွင်း အမြန်တည်ဆောက် နေပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေ နဲ့လည်း ကိုဗစ်ရောဂါကာကွယ် ကုသမှုနဲ့ ပတ်သက်တဲ့ဆေးဝါးနဲ့ ဆက်စပ် စက်ပစ္စည်းမှန်သမျှကို အချိန်နဲ့တစ်ပြေးညီ ခွင့်ပြုဆောင်ရွက် ပေးနေပါတယ်။ Oxygen Concentrator တင်သွင်း မယ်ဆိုရင် FDA ထောက်ခံ ချက်နဲ့ သွင်းကုန်လိုင်စင် လျှောက်ဖို့တောင် မလိုအပ်ဘဲ တင်သွင်းနိုင်ကြပါတယ်။ ဒါကြောင့်လည်း ယခုရက်ပိုင်းအတွင်း တရုတ်နဲ့ ထိုင်းနယ်စပ် ဂိတ်တွေကနေ အောက်ဆီဂျင်အရည်နဲ့ အောက်ဆီဂျင်အိုးတွေ တင်သွင်းပြီး လိုအပ်တဲ့ နေရာတွေကို အမြန်ဖြန့်ဝေနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့ အရပ်ဘက်စက်မှုသုံး အောက်ဆီဂျင်စက်ရုံတွေက တိုးမြှင့်ထုတ်လုပ်ခြင်း၊ စက်အသစ်တွေ တိုးချဲ့တပ်ဆင်ထုတ်လုပ်ခြင်း တွေကို လုပ်ဆောင်နေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က ရောဂါကူးစက်မှုနှုန်း မြင့်မားလာခြင်းနဲ့ ကျန်းမာရေးဝန်ထမ်း ကန့်သတ်ချက် တွေကြောင့် Quarantine ထားရှိတဲ့စနစ်ကို ပြောင်းလဲကျင့်သုံးနေပါတယ်။ ပထမအဆင့်အနေနဲ့ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိသူတွေကို မိမိအိမ်တွင်သာ သီးခြားနေထိုင် စေခြင်း ဆောင်ရွက်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ ရောဂါအတည်ပြု လူနာတွေနဲ့ သီးသန့်စောင့်ကြည့်ရမယ့်လူနာတွေကို ဆေးရုံတွေနဲ့ Positive Center တွေမှာထားရှိပြီး အနီးကပ် စောင့်ကြည့်ကုသ ပေးလျက်ရှိပါတယ်။ တတိယအဆင့်မှာတော့ ရောဂါလက္ခဏာ ပြင်းထန်သူတွေကို ဆေးရုံတွေမှာ အထူးကြပ်မတ်ကုသမှုတွေ ဆောင်ရွက်ပေးတဲ့စနစ်ဖြစ်ပါတယ်။ ဒါကြောင့် Positive လူနာတွေကို ဆေးရုံတွေက လက်မခံဘဲ ပြန်လွှတ်နေတယ်ဆိုတာ နားလည်မှု လွဲမှားခြင်း ဖြစ်ပါတယ်။ လူနာရဲ့ ရောဂါလက္ခဏာအပေါ် မူတည်ပြီး တက်ရောက်ကုသမှုခံရမယ့်နေရာတွေကို ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ တတိယလှိုင်းရဲ့ ကူးစက်နှုန်းမြင့်မားမှုကြောင့် ကာကွယ်ကုသရေးလုပ်ငန်းတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။
ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီး
မြန်မာနိုင်ငံမှာတော့ ဒီနေ့ ကိုဗစ်ရောဂါကူးစက်မှုနှုန်းမြင့်မား နေခြင်းဟာ လက်ရှိဖြစ်ပွားနေတဲ့ မျိုးရိုးဗီဇကွဲရောဂါပိုးရဲ့ သဘော သဘာဝနဲ့ ပြည်သူတွေ ကျန်းမာရေးသတိလျော့နည်းသွားချိန် တိုက်ဆိုင်မှုကြောင့်ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကူးစက်နှုန်းကို ထိန်းသိမ်းနိုင်ဖို့နဲ့ လျှော့ချနိုင်ဖို့ဆိုတာက တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်လို့ရနိုင်တဲ့ ကိစ္စရပ်မဟုတ်ဘဲ မြန်မာနိုင်ငံမှာရှိနေတဲ့ အဖွဲ့အစည်းတွေ အားလုံး၊ ပြည်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စရပ်ကြီး ဖြစ်ပါတယ်။ မိမိအရေး၊ မိမိရဲ့ မိသားစုအရေး၊ မိမိရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်ရဲ့ အရေးကနေ မြန်မာ နိုင်ငံကြီးတစ်ခုလုံးအတွက် အသိတရားနဲ့ရော သတိတရားနဲ့ပါ အားလုံးပူးပေါင်းကာကွယ်ရမယ့် အရေးကိစ္စဖြစ်ပါတယ်။
ပြည်သူလူထုကြီးအနေနဲ့လည်း ကပ်ရောဂါကာကွယ် တားဆီး ရေးအတွက် အဓိကကတော့ နှာခေါင်းစည်းကို စနစ်တကျ တပ်ပါ။ လက်ဆေးပါ။ ခြောက်ပေခပ်ခွာခွာနေထိုင်ပါ။ လူစုလူဝေး ရှောင်ပါ။ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ပါပဲ။ မိမိရဲ့ခန္ဓာကိုယ် ကိုယ်ခံစွမ်းအား မြင့်တက်စေမယ့် အစာတွေကိုရွေးချယ်စားဖို့၊ ပြည့်၀စွာ အနားယူဖို့နဲ့ နေ့စဉ်အနည်းဆုံး မိနစ် ၃၀ ခန့် လှုပ်ရှားမှု ဆောင်ရွက်ဖို့လည်း အင်မတန်အရေးကြီးလှပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေက လည်း လိုအပ်တဲ့ စစ်ဆေးကြပ်မတ်မှုနဲ့ ကျန်းမာရေး စောင့်ရှောက် မှုတွေကို ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ယခု ကူးစက်မြန်ကိုဗစ် - ၁၉ ကပ်ရောဂါရင်ဆိုင်ခုခံကျော်လွှား နိုင်ဖို့ ပြည်သူအများစုကို ဇဝေဇဝါဖြစ်စေဖို့ ရည်ရွယ်တဲ့ နိုင်ငံရေး ရမ္မက်ဖုံးလွှမ်းတဲ့ လှုံ့ဆော်မှုတွေက ဒီကပ်ရောဂါ ဆိုးကြီးကိုအောင်မြင်အောင် တိုက်ထုတ်ရာမှာ အဟန့်အတားဖြစ်စေပါတယ်။ သို့သော် လည်း CDM မလုပ်ကြတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်း တွေ၊ အခြားပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေက ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေပူးပေါင်းပြီး တတိယလှိုင်းကို ညီညီ ညွတ်ညွတ်နဲ့ အနစ်နာခံ ကာကွယ်တွန်းလှန်နေကြတာကို မြင်ရတာက မျက်ရည်စို့ရလောက်အောင် ဝမ်းသာဂုဏ်ယူ ဖြစ်ရပါတယ်။ အချို့ အထူးကုဆရာဝန်ကြီးတွေဆိုရင်ကိုယ်နဲ့ ကျွမ်းကျင်သက်ဆိုင်တဲ့ နယ်ပယ်ရပ်က မဟုတ်တာတောင်မှ ကိုဗစ်ကာကွယ်တားဆီးရေး အတွက် ဆန္ဒပြုပြီး ဆောင်ရွက်နေကြတာကို လေးစားဂုဏ်ယူဖွယ် တွေ့ရှိရပါတယ်။ “နိဂုံးချုပ်ရရင်တော့ အခုလိုအခြေအနေမျိုးမှာ နိုင်ငံရေးအရောင် အသွေး ခွဲခြားနေရမယ့်အချိန်၊ တိုက်ခိုက်နေရမယ့်အချိန်မဟုတ်ဘဲ အစိုးရနဲ့ပြည်သူ ရင်ချင်းဆက် ကျောချင်းကပ်ပြီး ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ခံယူပြီး အတူတကွပူးပေါင်းဆောင်ရွက်နိုင်မှသာ ကပ်ရောဂါကို အောင်အောင် မြင်မြင်နဲ့ ကျော်လွှားနိုင်မှာဖြစ်ကြောင်း အသိပေး နှိုးဆော်လိုက်ရပါတယ်။
အောင်ရှင်း