Skip to main content

ကိုဗစ်-၁၉ ရောဂါဟာ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်မှသာ ဒီရောဂါဆိုးကြီးကို အမြန်တိုက်ထုတ်နိုင်မှာဖြစ်

ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုသည် ၂၀၂၁ ခုနှစ် ဇွန်လလယ်မှ စတင်၍ တဖြည်းဖြည်း မြင့်တက်လာရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဇွန်လတွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၁၁၃၅ ဦး၊ ဇူလိုင် ၁၄ ရက်အထိ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၂၉၂၂ ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ အဖြစ် ကိုဗစ်-၁၉ ရောဂါနှင့် သက်ဆိုင်သည့် ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ ပြည်ပပြန်များအား အသွားအလာ ကန့်သတ်ထားရှိ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု သူများနှင့် ထိတွေ့သူ (Contact) များ ရှာဖွေ ဖော်ထုတ်၍ သီးခြားထားရှိ စစ်ဆေးခြင်း၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာများအား ရောဂါ ပြင်းထန်မှု အဆင့်အတန်းများ ခွဲခြား၍ သက်ဆိုင်ရာဆေးရုံများနှင့် ကုသရေးဌာနများသို့ လွှဲပို့ကုသခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်။ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များနှင့် စပ်လျဉ်း၍ မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်နှင့် သွားရောက် တွေ့ဆုံမေးမြန်းထားပါသည်။ ။

မေး ။ ။ လက်ရှိမှာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ် -၁၉ ရောဂါနဲ့ ဆေးရုံတက် နေသူ ဘယ်လောက်ရှိပါသလဲ။ သေဆုံးသူ ဘယ်လောက်ရှိပါသလဲ။ သေဆုံးသူတွေထဲမှာ ဘယ်အသက် အရွယ်တွေ အများဆုံးဖြစ်ပါသလဲ။ ဆေးရုံဆင်းရတဲ့သူရော ဘယ်လောက်ရှိပါသလဲ ရှင့်။

ဖြေ ။ ။ မန္တလေးဆေးရုံကြီးမှာ လူနာ ၃၀၀လောက်၊ နာလန်ထပါတွက်မယ်ဆိုရင် ၃၆၀ကျော်လောက် အထိ လက်ခံနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားအရ ဆေးရုံကြီးမှာ အောက်ဆီဂျင်ပေးပြီး အထူးဂရုစိုက်ရမယ့် လူနာကိုသာ လက်ခံတာဖြစ်တဲ့အတွက် အောက်ဆီဂျင် ပေးနိုင်တဲ့ အကန့်အသတ်ရှိပါတယ်။ လက်ရှိ အနေအထားမှာတော့ လူနာ ၁၃၀ နဲ့၁၅၀ လောက် ကိုတော့အောက်ဆီဂျင်ကိုကြိုးစား ပြီး အမြင့်ဆုံးအနေအထားနဲ့ ပေးနေနိုင်ပါတယ်။ ပြီးတော့ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်ပြီး ဆေးရုံကြီးမှာက အသက်လုရတဲ့ လူနာတွေ လက်ခံရတာဖြစ်တဲ့ အတွက်ကြောင့် ဆေးရုံမှာရှိတဲ့ လူနာထဲက အယောက် ၁၀၀ မှာ အယောက် ၂၀ ဝန်းကျင်လောက်က အဖိတ်အစဉ်ရှိနေပါတယ်။ သေဆုံးတဲ့ လူနာအများစုက အသက် ၄၀ နဲ့ အသက် ၅၀အထက်တွေဖြစ်ပြီး ဒီလူနာအများစုက ကိုဗစ်နဲ့အတူ နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ စတဲ့ ရောဂါခံတွေရှိတာကြောင့် ဖြစ်ပါတယ်။ ကျန်တဲ့ အယောက် ၁၀၀ မှာ အယောက် ၈၀ လောက် ကတော့ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံ ဆင်းရတဲ့သူတွေ ဖြစ်ပါတယ်။

မေး ။ ။ အခုအချိန်မှာ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုက မြင့်တက်နေတာဆိုတော့ မန္တလေး ပြည်သူ့ဆေးရုံကြီးအနေနဲ့ ဘယ်လို အခက်အခဲတွေနဲ့ တွေ့ကြုံနေရပါသလဲ။ ဆရာကြီး အနေနဲ့ ပြည်သူတွေသိအောင် ဘာတွေ မေတ္တာရပ်ခံချင်ပါသလဲရှင့်။

ဖြေ ။ ။ ကိုဗစ်လူနာတစ်ယောက်ကအခြေအနေ ဆိုးလာပြီဆိုရင် တစ်နေ့ကို အောက်ဆီဂျင် ဆလင်ဒါလီတာ ၄၀ခေါ်တဲ့ အောက်ဆီဂျင်ဆလင်ဒါ အကြီး တစ်နေ့ကို လူနာတစ်ယောက်ကို ၁၅ လုံး ကနေ အလုံး ၂၀ ကြား ရှူကြရပါတယ်။ ဒါက HDU Level ပါ။ ICU Level ကျတော့ အောက်ဆီဂျင် ၂၆ လုံးအထိ ပေးရတာတွေ ရှိတယ်။ လက်ရှိအနေအထား မှာက ဆေးရုံတက်လာတဲ့ လူနာတိုင်းက မဖြစ်မနေ ပေးရတာ ဖြစ်တဲ့အတွက် ဆေးရုံကြီးမှာ လူနာ ၁၃၀ နဲ့ ၁၅၀ လောက်ကိုတော့ အောက်ဆီဂျင်ကို ကြိုးစား ပြီး အမြင့်ဆုံးအနေအထားနဲ့ ပေးနေနိုင်တဲ့သဘော ရှိပါတယ်။ အဲဒီထက် ပိုလာမယ်ဆိုရင်တော့ အောက်ဆီဂျင် အခက်အခဲဖြစ်တဲ့ အနေအထားတစ်ခုနဲ့ ကြုံလာနိုင်ဖွယ်ရှိပါတယ်။ ဒါကိုလည်း ပြေလည်အောင် နည်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။ မကြာခင် ပြေလည်ဖို့ မျှော်လင့်ပါတယ်။ ဒီကြားထဲ အချိန်လေး မှာ ကျွန်တော်တို့က ပြည်သူတွေကို မေတ္တာရပ်ခံချင်တာက ဆေးရုံကိုလာတယ်။ အောက်ဆီဂျင်ချက်ချင်း ရလို့ စောင့်ရတဲ့အခိုက်အတန့်လေးတွေကို နားလည် ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ လက်ခံပြီးသား လူနာကို သူ့အောက်ဆီဂျင်ပြီး တခြားသူပေးဖို့ မဖြစ်တဲ့အတွက် တတ်နိုင်သလောက်တော့ လူနာတိုင်း လက်ခံပေးနိုင်အောင် ကြိုးစားနေပါတယ်။

မေး ။ ။ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံမလာနိုင်တာ ဖြစ်ဖြစ်၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသူတွေ များလာလို့ ဆေးရုံတွေပြည့်နေလို့ ဆေးရုံချက်ချင်း မတက်နိုင်တာဘဲဖြစ်ဖြစ် အဲဒီလိုအခြေနေတွေ ဖြစ်ခဲ့မယ်ဆိုရင် အိမ်မှာ ဘယ်လိုနေထိုင်ပြီး ကုသသင့် သလဲရှင့်။

ဖြေ ။ ။ ကိုဗစ် - ၁၉ ရောဂါ ဖြစ်နေပေမယ့် အကြောင်းကြောင်းကြောင့် ဆေးရုံတွေ၊ ဆေးခန်းတွေ မသွားနိုင်တာဘဲဖြစ်ဖြစ်၊ အကြောင်းကြောင်းကြောင့် ဆေးရုံပြည့်နေလို့ ချက်ချင်းမရတာ ဘဲ ဖြစ်ဖြစ် အဲဒီလိုအခြေအနေတွေ ဖြစ်ခဲ့မယ်ဆိုရင်တော့ အကြံပေးချင်တာက လူနာရဲ့ အခြေအနေက အနံ့ ပျောက်ပြီးပိုးတွေ့တယ်။ သို့သော် လူကောင်းလို နေနိုင်မယ်ဆိုရင် အိမ်မှာ သီးခြားအခန်းနဲ့နေပေးပါ။ လူနာရဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကိုလည်း မရောစပ်ဖို့ မိသားစုတွေကလည်း Social Distancing သတ်မှတ်အနေအထားလေးမှာ နေပေးဖို့၊ Mask ကို စနစ်တကျတပ်မယ်။ လက်ကိုလည်း စနစ်တကျ ဆေးရမယ်။ နောက်တစ်ခုက အိပ်ရေး၀၀ အိပ်ရမယ်။ အာဟာရရှိတဲ့ အစားအစာတွေကို စားရမယ်။ အဲဒီလို လေးတွေ နေထိုင်သွားမယ်ဆိုရင်တော့ ရောဂါ ကူးစက်မှုနှုန်းက သိသိသာသာ ကျသွားမှာပါ။

မေး ။ ။ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် -၁၉ ရောဂါရဲ့ လက္ခဏာပုံစံနဲ့ ရောဂါပိုးအခြေအနေ လေး ပြောပြပေးပါရှင့်။ ပြီးတော့ အခု ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားတဲ့သူ အများစုက အသက်ရှူမဝတဲ့ ဝေဒနာတွေ ခံစားနေရတာဆိုတော့ လူတစ်ယောက်ရဲ့ အောက်ဆီဂျင် Level က ဘယ်လောက်ရှိသင့်ပါ သလဲရှင့်။

ဖြေ ။ ။ ဒီတစ်ခေါက်ဖြစ်တဲ့ကိုဗစ် -၁၉ ရောဂါပိုးက ပထမလှိုင်း၊ ဒုတိယလှိုင်း ဖြတ်သန်းစဉ် ကထက် ဝေဒနာပိုပြီးပြင်းထန်ပါတယ်။ တကယ်လို့ ကိုဗစ် -၁၉ ရောဂါဖြစ်လာရင် သို့မဟုတ် ကိုဗစ် -၁၉ ရောဂါဖြစ်တဲ့သူနဲ့ ထိစပ်မှုဖြစ်လာရင် ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရမယ်။ ဒါမှမဟုတ် အနံ့ပျောက်တယ်။ ကိုယ်လက်မအီမသာတွေ ဖြစ်လာတယ်။ ဒါတွေက ကိုဗစ် - ၁၉ ရောဂါတွေရဲ့ လက္ခဏာတွေပါ။ အခု ကလည်း ရာသီတုပ်ကွေးကာလဆိုတော့ ရာသီ တုပ်ကွေးလက္ခဏာဆင်ဆင်တွေလည်း ဖြစ်တတ်ပါ တယ်။ ဒါပေမယ့် ပုံမှန်တုပ်ကွေးခံစားရတာနဲ့ မတူဘူး။ ပိုပြီးပင်ပန်းတယ်။ ပိုပြီး အားကုန်လာ တတ်ပါတယ်။ အခုရက်ပိုင်းတွေဆိုရင် နည်းနည်းဝမ်းလျှော တာတွေပါ ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်လာတယ် ဆိုရင် နီးစပ်ရာကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ ။ ပြီးတော့ လောလောဆယ် ကိုဗစ်က နာမည်ဆိုးနဲ့ ကျော်နေတာကတော့ ကိုဗစ် အဆုတ်ရောင်ရောဂါပါ။ အခုလက်ရှိကိုဗစ် - ၁၉ လူနာတော်တော်များများ ခံစားနေရတာက အသက်ရှူမဝတဲ့ ဝေဒနာခံစားနေ ရပါတယ်။ အဲဒီတော့ အောက်ဆီဂျင်က ၉၂ ရာခိုင်နှုန်း အောက်ကျပြီဆိုရင် ကျွန်တော်တို့ ဆေးရုံကြီးမှာ ဆိုရင်တော့ အောက်ဆီဂျင်စပေးပါတယ်။

အောက်ဆီဂျင်က ကျလာလေလေ ခန္ဓာကိုယ်က အင်္ဂါတွေကို ထိခိုက်လေလေဖြစ်တဲ့အတွက်ကြောင့် အောက်ဆီဂျင် က ၉၅ ရာခိုင်နှုန်းနဲ့ အထက်ရှိ နေရင်တော့ အကောင်းဆုံးပါ။ သို့သော် ၉၂ နဲ့ ၉၅ ကြားဆိုရင်တော့ သာမန်ပါ။

မေး ။ ။ ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ ဘယ်လိုနေထိုင်သင့် တယ်ဆိုတာလေးကို ပြည်သူတွေသိအောင် အကြံ ပြုပေးပါဦးရှင့်။

ဖြေ ။ ။ ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ လက်စနစ်တကျဆေး၊ စနစ်တကျ Mask တပ်၊ Social Distancing တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာနေထိုင် အဲဒါတွေကတော့ အားလုံး သိပြီးသား ဖြစ်မှာပါ။ ဒီနေရာမှာ Mask တပ်တာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးချင်တာက Maskကို စနစ်တကျတပ်ဖို့ လိုသလိုလူနှစ်ဦးတွေ့ဆုံတဲ့နေရာမှာ တစ်ယောက် က Mask တပ်ပြီး တစ်ယောက်က Mask မတပ် ဘူးဆိုရင်လည်း ရောဂါကာကွယ်ရာမှာ မထိရောက်ပါဘူး။ နှစ်ဦးနှစ်ဖက်လုံး တပ်မှသာလျှင် ရောဂါကာကွယ်မှုက ထိရောက်တာ ဖြစ်ပါတယ်။

Mask တပ်တဲ့သူကတပ်၊ Mask မတပ်တဲ့သူက မတပ်ဆိုရင် ရောဂါကာကွယ်မှု မထိရောက်ဘူးလို့ ကျွန်တော်က ထောက်ပြပြီး ဆွေးနွေးချင်ပါတယ်။ ပြီးတော့ New Living Style လူနေမှုပုံစံ အသစ်နဲ့ နေမှလည်း အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။ အခုဆို သက်ကြီးရွယ်အိုတွေ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး သေဆုံးတာတွေ ရှိနေပါတယ်။ သူတို့က အပြင် မသွားပေမယ့် သူ့မိသားစုတွေက ကိုဗစ် - ၁၉ ပိုးသယ်လာတာ ရှိပါတယ်။ မိသားစုဝင်တွေက ကျန်းမာသန်စွမ်းတဲ့အခါကျတော့ သူတို့မှာ ပိုးရှိသော်လည်း ရောဂါဝေဒနာခံစားရတာ မသိလိုက်ဘဲနဲ့ သာမန်လူကောင်းလို ရောဂါပျောက်သွားနိုင် တာတွေလည်း အများကြီး ရှိနေနိုင်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေထဲမှာ အားလုံးသည် ကူးစက်ခံထားရတယ်လို့ အမြင် မျိုးနဲ့ ကိုယ်ကလည်း သူများကို ကိုဗစ်-၁၉ရောဂါ ကူးသွားနိုင်သလို သူများကလည်း ကိုဗစ်- ၁၉ ရောဂါ ကူးသွားနိုင်တယ်လို့ အမြင်မျိုးနဲ့ပဲ New Normal Living Style လူနေမှုပုံစံအသစ်နဲ့ ပြောဆိုဆက်ဆံ ကြမှသာ အပြန်အလှန်စိတ်ချပြီး အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။

မန္တလေးမြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါသံသယရှိသူများအနေဖြင့် ရောဂါပိုး ရှိ၊ မရှိကို မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်ဌာန၊ နဒီမြန်မာ Test Centre၊ မြို့တော်ဆေးရုံတို့မှာ စစ်ဆေး နိုင်ပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာ နှင့် ထိတွေ့သူများအား ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ကန်တော်ကြီး) မှာ Quarantine ထားရှိ စစ်ဆေးခြင်းများ ဆောင် ရွက်ပေးနေသည့်အပြင် လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားကူးစက်မှု မြန်ဆန်များပြားလာသည့်အတွက် ကိုဗစ်-၁၉ ကုသဆေးဌာန (တီဘီဆေးရုံ၊ အထက်မြန်မာပြည်)နှင့် ကိုဗစ်- ၁၉ ကုသရေးဆေးရုံ (ခုတင် (၃၀၀) သင်ကြားရေး ဆေးရုံ ကြီး)၊ ကိုဗစ် -၁၉ကုသရေးဌာန (အမရပူရ) များနှင့် ကိုဗစ်-၁၉ အတည်ပြု လူနာများက ရောဂါအဆင့် သာမန်(Mild)၊ အလယ်လတ် (Moderate)များ လက်ခံကုသနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါပိုးရှိပြီး ရောဂါလက္ခဏာပြသခြင်း မရှိသူများ (Positive Asymptomatic)၊ အနံ့ပျောက် လက္ခဏာ ခံစားရသူများ (Anosmia) ကို ဇီဝိတဒါနသံဃာ့ ဆေးရုံတွင် ထားရှိနိုင်ရန် ပြင်ဆင် ထားကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ထိပ်ထားနိုင်