Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဇူလိုင် ၁၈ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး ။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက် ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးမေးခွန်းအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေမှု အခြေအနေနဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ၆ သန်းနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ဆောင်ရွက်ထားတယ်ဆိုတာ သိပါရစေ။

ဒေါက်တာခင်ခင်ကြီး။ ။ ဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာက လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်မှာဖြစ်ပွားမှု အခြေအနေ၊ ကျွန်မတို့ဒေသတွင်းမှာ ဖြစ်ပွားမှုအခြေအနေ၊ ရောဂါဆိုးကြီးကို တိုက်ဖျက်တဲ့အခါမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ ကာကွယ်ဆေးတွေရဲ့ အရေးပါပုံ၊ ကာကွယ်ဆေးထိုးနှံခြင်းရဲ့ အကျိုး ကျေးဇူးတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ။

ဒါနဲ့တစ်ဆက်တစ်စပ်တည်းမှာ လူတွေက စိတ်ပူကြတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးမှာ မျိုးရိုးဗီဇပြောင်းတဲ့ ပိုးတွေက ပျံ့နှံ့နေတယ်။ ဒီပိုးတွေက ကူးစက်မှုလည်းမြန်တယ်။ ဒီမျိုးရိုး ဗီဇပြောင်းတဲ့ ပိုးတွေ အပေါ် ကာကွယ်ဆေးတွေက ထိရောက်မှုရှိသလားဆိုတာကို အကျယ် တဝင့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကိုဗစ် - ၁၉ ရောဂါဟာ ကမ္ဘာ့လူသားတွေရဲ့ အသက်တွေကို နုတ်ယူပြီး ခြိမ်းခြောက်လျက်ရှိပါတယ်။ ဒီလိုကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်တဲ့အခါမှာ ကမ္ဘာသူ ကမ္ဘာသားတွေ အကုန်လုံးက တညီတညွတ်တည်း ရောဂါဆိုးကြီးကို တိုက်ထုတ်ဖို့အတွက် ကြိုးပမ်း လျက်ရှိပါတယ်။ လက်ရှိ ကိုဗစ် -၁၉ ကပ်ရောဂါသည် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းကို ကူးစက်ပြန့်ပွားလျက်ရှိပါတယ်။

ရောဂါကူးစက်သူပေါင်း ၁၈၉ သန်းလောက်ရှိနေ ဒီနေရာမှာ ရောဂါကူးစက်မှုတွေ ဘယ်လောက် ရှိနေပြီလဲဆိုရင် ရောဂါကူးစက်သူပေါင်း ၁၈၉ သန်းလောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီရောဂါကြောင့် သေဆုံးသူပေါင်း ၄ သန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အပတ်စဉ်ထုတ်ပြန်ချက်တွေထဲက ဇူလိုင်လ ၁၅ ရက် ထုတ်ပြန်ချက်အရ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုကကမ္ဘာပေါ်မှာ ယခင်အပတ်နဲ့ နှိုင်းယှဉ်လို့ရှိရင် ရောဂါဖြစ်ပွားမှုတွေ များပြားနေဆဲ။ သေဆုံးမှုတွေက တိုးနေဆဲလို့ ထုတ်ပြန်ထားပါတယ်။

ယခင်အပတ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ရောဂါဖြစ်ပွားမှုက (၁၀) ရာခိုင် နှုန်းတိုးပြီး သေဆုံးမှုက (၃) ရာခိုင်နှုန်း တက်ပါတယ်။ ကမ္ဘာ့ဒေသကြီး ၆ ခုရှိတဲ့အနက် အမေရိကဒေသကလွဲပြီး ကျန်တဲ့ဒေသ ၅ ခုဖြစ်တဲ့ ဥရောပဒေသ၊ တောင်အာရှဒေသ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက ဒေသနဲ့ အနောက်ပစိဖိတ်ဒေသတို့မှာ ရောဂါကူးစက်မှုတွေက များနေတာကို တွေ့ရှိရပါတယ်။ ဒီဒေသတွေမှာ ဖြစ်ပွားမှုနဲ့ သေဆုံးမှုက များနေဆဲ ဖြစ်ပါတယ်။

အာဖရိကဒေသဆိုရင် ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုက မြင့်မား နေတာကို တွေ့ရပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက အာဖရိက ဒေသအနေနဲ့ ရောဂါဖြစ်ပွားမှု (၅)ရာခိုင်နှုန်းသာရှိပြီး သေဆုံးမှုက (၅၀) ရာခိုင်နှုန်း ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ အလားတူ ဥရောပ ဒေသအနေနဲ့ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားမှု (၂၀) ရာခိုင်နှုန်းရှိပြီး သေဆုံးမှုက(၁) ရာခိုင်နှုန်း ကျနေပါတယ်။

တောင်အာရှဒေသအနေနဲ့ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက ရောဂါ ဖြစ်ပွားမှု (၁၆) ရာခိုင်နှုန်း တက်လာပြီး သေဆုံးမှုက ၂၆ ရာခိုင်နှုန်း တိုးလာပါတယ်။ ဒါက အလေးထားရမယ့် ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။

သေဆုံးမှု ရာခိုင်နှုန်းက အာဖရိကဒေသပြီးရင် တောင်အာရှဒေသက ဒုတိယအများဆုံး တိုးလာခြင်း ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသအနေနဲ့ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားမှု (၂၅) ရာခိုင်နှုန်း တက်လာပြီး သေဆုံးမှုက (၇) ရာခိုင်နှုန်း တိုးလာပါတယ်။ အနောက်ပစိဖိတ်ဒေသအနေနဲ့ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားမှု (၁၅) ရာခိုင်နှုန်း တက်လာပြီး သေဆုံးမှုက (၃) ရာခိုင်နှုန်းကျနေတာကို တွေ့ရပါတယ်။

အမေရိကဒေသအနေနဲ့ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါကရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုက လျော့နည်းနေပါတယ်။ ဘာကြောင့်ယခုလို လျော့နည်း ရသလဲဆိုရင် သူတို့မှာ ကာကွယ်ဆေးထိုးနှံမှုက အင်ပြည့်အားပြည့်နဲ့

တော်တော်ကြီးကို ထိုးနှံပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အမေရိကဒေသမှာ ရောဂါဖြစ်ပွားမှု (၃) ရာခိုင်နှုန်းကျနေပြီး သေဆုံးမှု က (၁) ရာခိုင်နှုန်းကျနေပါတယ်။

လက်ရှိ တောင်အာရှဒေသ နိုင်ငံတွေရဲ့ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုကို ပြန်ကြည့်ပါက အိန္ဒိယနိုင်ငံအနေနဲ့ ယခုတစ်ပတ်အတွင်းကို ရောဂါ ဖြစ်ပွားသူ ၃ သိန်းရှိပြီး သေဆုံးမှုက (၇) ရာခိုင်နှုန်း တိုးပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ရောဂါဖြစ်ပွားမှု များနေပေမယ့်၊ သေဆုံးမှုက  သိပ်မဆိုးဘူးဆိုတဲ့ အနေအထားကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဒုတိယအများဆုံး ရောဂါပိုးတွေ့ရှိတဲ့ အင်ဒိုနီးရှား နိုင်ငံအနေနဲ့ ယခု တစ်ပတ်ထဲမှာ ရောဂါပိုးတွေ့ရှိသူ (၂ ဒသမ ၅) သိန်းရှိပြီး သေဆုံးမှု အနေနဲ့ (၄၄) ရာခိုင်နှုန်းများပါတယ်။ တတိယအများဆုံး ရောဂါပိုးတွေ့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ယခုတစ်ပတ်ထဲမှာ ရောဂါပိုးတွေ့ရှိသူ (၇၇၀၀၀) ရှိပြီး သေဆုံးမှုအနေနဲ့ (၃၅) ရာခိုင်နှုန်း တက်တာကို တွေ့ရပါတယ်။ ဒါကြောင့် တောင်အာရှဒေသအနေနဲ့ တစ်ပတ်အတွင်းမှာ ရောဂါဖြစ်ပွားသူ (၇) သိန်းကျော်ရှိတာကိုတွေ့ရပါတယ်။ ဒါက မေလနဲ့ နှိုင်းယှဉ်ကြည့်ရင် ရောဂါဖြစ်ပွားမှုနှုန်း ကျသွားတဲ့ အနေအထားကို တွေ့ရပြီး ယခင်အပတ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ရောဂါဖြစ်ပွားမှုများနေဆဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ရောဂါဖြစ်ပွားသူ (၇) သိန်းကျော်ဖြစ်တယ်။ သေဆုံးသူ အနေနဲ့ တစ်ပတ်အတွင်းမှာ (၁၄၀၀၀) ကျော် သေဆုံးတာကို တွေ့ရပါ တယ်။ ဒီလို ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေကို ဖြစ်စေတဲ့ အဓိက နိုင်ငံ (၃) နိုင်ငံရှိပါတယ်။ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ရောဂါဖြစ်ပွားသူ (၃) သိန်း ရှိပြီး ယခင်အပတ်နဲ့ နှိုင်းယှဉ်ကြည့်ရင် (၇) ရာခိုင်နှုန်း တိုးပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ရောဂါဖြစ်ပွားသူ ၂၅၀၀၀၀ ဖြစ်ပြီး ယခင်အပတ်နဲ့ နှိုင်းယှဉ်ကြည့်ပါက(၄၄) ရာခိုင်နှုန်းတိုးပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ရောဂါဖြစ်ပွားသူ ၇၇၀၀၀ ဖြစ်ပြီး ယခင် အပတ်နဲ့ နှိုင်းယှဉ်ကြည့်ပါက (၃၅) ရာခိုင်နှုန်း တိုးပါတယ်။

ဒီရောဂါဖြစ်ပွားမှု အများဆုံး (၃) နိုင်ငံမှာပဲ သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ယခင်အပတ်သေဆုံးမှုနဲ့ နှိုင်းယှဉ် ကြည့်ပါက (၄) ရာခိုင်နှုန်း တက်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံအနေနဲ့ ယခင်အပတ် သေဆုံးမှုနဲ့ နှိုင်းယှဉ်ကြည့်ပါက (၇၁) ရာခိုင်နှုန်း တက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ယခင်အပတ်သေဆုံးမှုနဲ့ နှိုင်းယှဉ် ကြည့်ပါက (၅၂) ရာခိုင်နှုန်း တက်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တောင်အာရှဒေသသည် ကိုဗစ် - ၁၉ ရောဂါကို တွန်းလှန် တိုက်ဖျက်တဲ့ နေရာမှာ ရုန်းကန်နေရဆဲ၊ ကြိုးစားပြီးတွန်းလှန်နေရဆဲဆိုတာကို သဘောပေါက်စေချင်ပါတယ်။

ဒါဆိုရင် အာဆီယံနိုင်ငံတွေ အများစုပါဝင်တဲ့ အနောက်ပစိဖိတ်ဒေသမှာရော ပိုးတွေ့မှုက ဘယ်လိုဖြစ်နေသလဲဆိုရင် သူတို့ရဲ့ ပိုးတွေ့မှုက ယခင်အပတ်နဲ့ နှိုင်းယှဉ်ရင် ၁၅ ရာခိုင်နှုန်း တက်ပါတယ်။ သေဆုံးမှုက ၃ ရာခိုင်နှုန်းကျတယ်လို့ ပြောပြီးဖြစ်ပါတယ်။ ဒီထဲမှာဘယ်နိုင်ငံတွေက ဖြစ်ပွားမှုအများဆုံးလဲဆိုရင် မလေးရှားနိုင်ငံက ဖြစ်ပွားမှုအများဆုံး ဖြစ်ပါတယ်။ ဒုတိယအများဆုံးက ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး တတိယအများ ဆုံးက ဂျပန်နိုင်ငံဖြစ်ပါတယ်။ သို့သော် သေဆုံးမှုအနေနဲ့ဆိုရင် ဖိလစ်ပိုင် နိုင်ငံက သေဆုံးမှု အများဆုံးဖြစ်ပါတယ်။ မလေးရှားနိုင်ငံက ဒုတိယ ဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံက တတိယဖြစ်ပါတယ်။ ဒါတွေကို ဘာကြောင့်ပြောနေရသလဲဆိုရင် ကျွန်မတို့သည် ကိုဗစ် - ၁၉ ရောဂါကို ရင်ဆိုင်တိုက်ခိုက်နေရတယ်။ ။

ကိုဗစ် - ၁၉ ရဲ့ ဆိုးကျိုးတွေကို ခံစားနေရတယ်ဆိုတာ ကိုယ်တွေ တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ဒေသတွင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေအကုန်လုံးက ဒီရောဂါ ဆိုးကြီးကို ရင်ဆိုင်နေရတယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။ ရောဂါ ဖြစ်ပွားမှုများပေမယ့် သေဆုံးမှုနည်းတဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင်တော့ ကာကွယ်ဆေးထိုးထားတဲ့ နိုင်ငံတွေက သေဆုံးမှုနှုန်း ကျဆင်းနေတာကို တွေ့ရပါတယ်။ ကာကွယ်ဆေးကို ဘယ်နိုင်ငံတွေက အများဆုံး ထိုးနှံထားလဲဆိုရင် ၆၅ ရာခိုင်နှုန်းအထက် ကာကွယ်ဆေးထိုးနှံ ထားတဲ့နိုင်ငံတွေအနေနဲ့ ကနေဒါ၊ ယူကေနဲ့အစ္စရေးနိုင်ငံတို့ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေက သေဆုံးမှုကျဆင်းနေတာကို တွေ့ရမှာဖြစ်ပါ တယ်။ ၅၀ - ၆၀ ရာခိုင်နှုန်းကြား ကာကွယ်ဆေးထိုးနှံထားတဲ့ နိုင်ငံတွေက အီတလီ၊ ဂျာမနီ၊ ယူအက်စ်နဲ့ ပြင်သစ်နိုင်ငံတို့ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို ၅၀ ရာခိုင်နှုန်း အထက် အနည်းဆုံးတစ်ကြိမ်ထိုးနှံ နိုင်တဲ့နိုင်ငံတွေမှာဆိုရင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုနဲ့သေဆုံးမှု ကျဆင်းနေတာကို တွေ့ရပါတယ်။

ကျွန်မတို့နိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးဖို့လိုအပ်တဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးနှံနိုင်မှုဟာ (၁) ရာခိုင်နှုန်း ဝန်းကျင်ရှိတဲ့အတွက် ဒီလိုနိုင်ငံတွေမှာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေက တိုးတက်များပြား နေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ကာကွယ်ဆေး ထိုးခြင်းရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးပါသလဲ၊ ကာကွယ်ဆေး ထိုးရင် ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုကို ဘယ်လောက်အထိ လျှော့ချ နိုင်တယ်ဆိုတာကို အကြမ်းဖျင်းအားဖြင့် သဘောပေါက်အောင် တင်ပြ ရခြင်းဖြစ်ပါတယ်။

အသုံးပြုဖို့ ခွင့်ပြုထားတဲ့ ကာကွယ်ဆေးက ၁၀ မျိုး လက်ရှိမှာ နိုင်ငံပေါင်းစုံက ကာကွယ်ဆေး အပြိုင်အဆိုင်ထုတ်နိုင်ဖို့ ကာကွယ်ဆေး မာရသွန်ပြိုင်ပွဲကြီး ဆင်နွှဲနေတာဖြစ်ပါတယ်။ ဇူလိုင်လ ၁၅ ရက်အထိ ကာကွယ်ဆေးတွေဘယ်လောက်အထိ အဆင့်ရောက်နေ ပြီလဲဆိုတာကို နယူးယောက်တိုင်းမ် က စုစည်းထားတဲ့ အချက်အလက် တွေအရ ကာကွယ်ဆေးစမ်းသပ်မှုရဲ့ ပထမဦးဆုံး လူမှာစမ်းသပ်တဲ့ အဆင့်ကို ရောက်ရှိနေတဲ့ ကာကွယ်ဆေး ၅၂ မျိုးရှိပါတယ်။ အဆင့် ၂ ကာကွယ်ဆေးရဲ့ စိတ်ချရမှုတွေကို စမ်းသပ်တဲ့အဆင့်ကို ကာကွယ်ဆေး ၃၈ မျိုး ရောက်ရှိနေပါတယ်။ လူမှာ စမ်းသပ်တဲ့အဆင့် ၃ ဖြစ်တဲ့ ကာကွယ်ဆေးကို လူအမြောက်အမြား သောင်းနဲ့ချီပြီး စမ်းသပ်တဲ့အဆင့်ကို ရောက်နေတဲ့ ကာကွယ်ဆေးက ၃၂မျိုးရှိနေပြီဖြစ်ပါတယ်။ ဒီနေရာ မှာ ကာကွယ်ဆေးကို အကန့်အသတ်နဲ့ အသုံးပြုဖို့ ခွင့်ပြုထားတဲ့ ကာကွယ်ဆေးက ၁၀ မျိုးဖြစ်ပြီး အပြည့်အဝ အသုံးပြုခွင့်ပေးထားတာက ၈ မျိုး ဖြစ်ပါတယ်။

ကာကွယ်ဆေးရဲ့ စမ်းသပ်တဲ့၊ သုတေသနလုပ်နေဆဲ ကာလမှာတင် စမ်းသပ်မှု၊ သုတေသနလုပ်မှုကို ရပ်ဆိုင်းခံထားရတဲ့ ကာကွယ်ဆေးက ၅ မျိုးရှိပါတယ်။ ဒါကိုဘာဖြစ်လို့ အသေးစိတ် ပြောရသလဲဆိုရင် ကာကွယ်ဆေးတွေ ကြိုးစားထုတ်လုပ်တဲ့အခါ ထုတ်လုပ်မှု၊ တီထွင်မှု နည်းပညာပိုင်းတွေဟာ အများကြီး ရှုပ်ထွေးပါတယ်။

အချို့ ကာကွယ်ဆေးတွေက ပန်းတိုင်ကိုရောက်ရှိပေမယ့် အချို့ ကာကွယ်ဆေးတွေက မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ကာကွယ်ဆေးစမ်းသပ်မှုတွေကို ရပ်ဆိုင်းလိုက်ရတဲ့ ကာကွယ် ဆေးတွေလည်းရှိတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ။

ကာကွယ်ဆေးကို ထုတ်လုပ်တဲ့အခါ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ ရှိပါတယ်။ နိုင်ငံတိုင်းက ကျွမ်းကျင်ပညာရှင်တွေပါဝင်ပြီး ဘယ်သူ့အပေါ်မှာမှ ဘက်လိုက်မှုမရှိဘဲ ကာကွယ်ဆေးရဲ့ အစွမ်းထက်မှု၊ ဘေးကင်းလုံခြုံမှု၊ စိတ်ချရမှု၊ ထားသိုရမှု၊ ထိုးပြီးနောက်မှာ ထိုးနှံတဲ့သူတွေမှာ နောက်ဆက်တွဲ ဘယ်လိုတွေ ခံစားရသလဲ၊ ဘယ်လိုတွေ ဖြစ်ပေါ်သလဲ စသည်ဖြင့် သေသေချာချာ လေ့လာဆန်းစစ်ပြီး မှတ်ကျောက်တင်ခံနိုင်တဲ့အဆင့် ရှိတဲ့ကာကွယ်ဆေးကိုမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးအဖြစ် သတ်မှတ်တာဖြစ်ပါတယ်။

လက်ရှိအနေအထားမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေး ၈ မျိုး ရှိပါတယ်။ ဒီကာကွယ်ဆေး ၈ မျိုးက mRNA ကာကွယ်ဆေးနှစ်မျိုးဖြစ်တဲ့ Pfizer နဲ့ Moderna ဖြစ်ပါတယ်။

ကာကွယ်ဆေးထုတ်လုပ်မှုသမိုင်းမှာ သူတို့ဟာ ထုတ်လုပ်မှုအသစ်၊ ပုံစံအသစ်နဲ့ ထုတ်လုပ်တဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ ပိုးရဲ့ ဗီဇကိုယူပြီး ကာကွယ်ဆေး ထုတ်လုပ်တယ်ဆိုတာက စမ်းသပ်တာ ဆယ်စုနှစ် တစ်ခုစာလောက် ရှိနေပါပြီ။ ဒီလိုစမ်းသပ်တဲ့ စမ်းသပ်ချက်တွေ လုပ်ဆောင်နေစဉ်ကာလမှာပဲ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားတဲ့အတွက် mRNA နည်းပညာကိုသုံးပြီး ကာကွယ်ဆေးကို ထုတ်လုပ်တဲ့ အတွက် ဒီလိုအချိန်တိုအတွင်းမှာ ကာကွယ်ဆေးဟာ လူသားတွေရဲ့ လက်ဝယ်ကို ရောက်ရှိနိုင်ခြင်း ဖြစ်ပါတယ်။ ထိရောက်မှုက Pfizer အနေနဲ့ ၉၅ ရာခိုင်နှုန်းရှိပါတယ်။ Moderna က ၉၄ ရာခိုင်နှုန်း ရှိပါတယ်။ ဒါတွေက mRNA ကာကွယ်ဆေးနှစ်မျိုး ဖြစ်ပါတယ်။

တတိယအနေနဲ့ ကျွန်မတို့နိုင်ငံမှာ ထိုးနှံတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ Oxford က ထုတ်တဲ့ AstraZeneca ဆိုတဲ့ ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ the Serum Institute of India မှာ မူပိုင်ခွင့်ယူပြီး covishield နာမည်အနေနဲ့ ထုတ်လုပ်တာဖြစ်ပါတယ်။ တတိယအနေနဲ့

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေး က Oxford ကထုတ်တဲ့ AstraZeneca နဲ့ အိန္ဒိယနိုင်ငံက covishield အနေနဲ့ထုတ်တဲ့ ကာကွယ်ဆေးတို့ ပါဝင်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ က AstraZeneca ကို မူပိုင်ခွင့်ယူပြီးထုတ်တဲ့ ကာကွယ်ဆေး ပါဝင်ပါတယ်။ ဒါဆိုရင် ကာကွယ်ဆေး ၅ မျိုး ရှိပါပြီ။

ဒါ့အပြင် johnson and johnson ဆိုပြီး ကိုဗစ် - ၁၉ ကာကွယ်ဆေးမှာ တစ်ခါထိုးနှံတာနဲ့ လုံလောက်တယ်ဆိုတဲ့ ယူအက်စ်ကနေထုတ်တဲ့ ကာကွယ်ဆေးကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်အသုံး ပြုခွင့်ပေးတဲ့ ကာကွယ်ဆေးထဲမှာ ပါဝင်ပါတယ်။ နောက်ထပ် ၂ မျိုးက တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ sinopham နဲ့ sinovac ကာကွယ်ဆေး ဖြစ်ပါတယ်။ ဒီ sinopharm နဲ့ sinovac က ပိုးကိုအင်အားမဲ့သွားအောင် တစ်နည်းအားဖြင့် အန္တရာယ်မပေးနိုင်အောင် ပြုလုပ်ထားပြီး ခန္ဓာကိုယ်ထဲကိုရောက်မှ ကိုယ်ခံအားကို တက်စေအောင် ဆောင်ရွက်ထားတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ ။

AstraZeneca Oxford so węćįm covishield 9, AstraZeneca တောင်ကိုရီးယား ဒီ ၃ ခုကတော့ Viral vector အမျိုးအစား ဖြစ်ပါတယ်။ Viral vector ကတော့ သာမန်အအေးမိ၊ နှာစေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို အကူကိရိယာအနေနဲ့သုံးပြီး ကိုဗစ်-၁၉ ရောဂါဖြစ်လာရင် ခန္ဓာကိုယ်ထဲမှာ အလားတူပုံသဏ္ဌာန်တွေ ဖန်တီးပြီး ရောဂါပိုးဝင်ရောက် လာရင် တိုက်ထုတ်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် အကူကိရိယာကိုသုံးပြီး ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ အန္တရာယ်ကင်းပါတယ်။ johnson and Johnson ကလည်း Viral vector အမျိုးအစားဖြစ်ပါတယ်။ သူလည်း အကူကိရိယာကို သုံးပြီး လုပ်ထားတဲ့ ကာကွယ်ဆေးအမျိုးအစား ဖြစ်ပါတယ်။ ။

sinopharm & sinovac က ပိုးတွေပြီး ခန္ဓာကိုယ်ထဲရောက်မှ လိုအပ်တဲ့ပရိုတင်းတွေကို Antibody ထုတ်နိုင်အောင် နည်းပညာနဲ့ ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီကာကွယ်ဆေး ၈ မျိုးလုံးမှာ ဘယ်ကာကွယ်ဆေးကမှ ပိုးအရှင်တွေနဲ့ ပြုလုပ်ထားတဲ့ ကာကွယ်ဆေးမရှိဘူးလို့ ပြောချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနောက်ပိုင်းမှာ ကာကွယ်ဆေးတွေသည် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက် မိခင်တွေ၊ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေတဲ့သူတွေမှာ စိတ်ချစွာသုံးနိုင် တယ်လို့ပြောလိုခြင်း ဖြစ်ပါတယ်။ mRNA ကို သုံးထားတဲ့ကာကွယ်ဆေးက နောက်ဆုံးပေါ် နည်းပညာဖြစ်ပါတယ်။

ဗိုင်းရပ်စ်အတွင်းကနေ မျိုးဗီဇ RNA ကိုယူပြီးမှ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်အတွင်းက ဆဲလ်ကို ပရိုတင်းထုတ်နိုင်အောင် တစ်နည်းအားဖြင့် ကိုယ်ခံအားထွက်နိုင်အောင် လမ်းညွှန်ဆောင်ရွက် ပေးပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ခန္ဓာကိုယ်ကကိုယ်ခံအားတွေ ကိုထုတ်လုပ်မယ်။ ထုတ်လုပ်တဲ့ အခါမှာ ကာကွယ်ဆေးထိုးထားတဲ့လူက ရောဂါပိုးဝင်ရောက်ရင် ရောဂါပြင်းထန်စွာ ဖြစ်ခြင်းကို ကာကွယ် ပေးထားတဲ့ပုံစံ ဖြစ်ပါတယ်။ လက်ရှိ ၈ မျိုးမှာဆိုရင် Viral vector ကာကွယ်ဆေးသည် AstraZeneca Oxford, covishield (အိန္ဒိယ) AstraZeneca (တောင်ကိုရီးယား) johnson and Johnson ဒီလေးမျိုး ပါဝင်ပါတယ်။ Viral vector ကာကွယ်ဆေးက အန္တရာယ်မရှိတဲ့ အခြားသော adenovirus ဗိုင်းရပ်စ်တွေကို အသွင်ပြောင်းပြီး အကူကိရိယာအဖြစ်နဲ့ သုံးပြီး လူ့ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေကို အရေးကြီးတဲ့ ညွှန်ကြားချက် တွေပေးနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေက ဝင်ရောက်လာတဲ့ ရောဂါပိုးကို တိုက်ခိုက်ဖို့၊ ကိုယ်ခံအား စနစ်တွေ အလုပ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ်။

Adenovirus ဆိုတာ သာမန်အအေးမိ၊ နှာစေးဖြစ်စေတဲ့ပိုးကို ဖျားနာ၊ လည်ချောင်းနာ၊ လေပြွန်ရောင်၊ အဆုတ်ရောင်၊ ဝမ်းပျက်၊ မျက်စိနာဖြစ်စေတဲ့ ပိုးထဲကမှ အန္တရာယ်မဖြစ်နိုင်ဆုံး၊ အပျော့ဆုံးကို ယူပြီး လုပ်ထားတဲ့ဗိုင်းရပ်စ်ကိုမှ အကူကိရိယာအဖြစ်နဲ့ သုံးထားတာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့ အတွက်ကြောင့် ကိုဗစ် - ၁၉ ဝင်လာပြီဆိုရင် ရောဂါပြင်းထန်စွာဖြစ်ခြင်းကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။

နောက်တစ်ခုက တရုတ်နိုင်ငံက ထုတ်တဲ့ sinopharm နဲ့ sinovac ကာကွယ်ဆေးတွေဆိုရင် ရောဂါပိုးကို အစွမ်းမဲ့သွားအောင်၊ အားမရှိ အောင်၊ အားပျော့သွားအောင် လုပ်တာ ဖြစ်ပါတယ်။ ပထမဦးဆုံး ရောဂါပိုးဖြစ်စေတဲ့ ဗိုင်းရပ်စ်၊ ဒါမှမဟုတ် ဒီဗိုင်းရပ်စ်နဲ့ အလွန်တူတဲ့ ဗိုင်းရပ်စ်ကိုယူမယ်။ ပြီးရင် ဓာတုပစ္စည်းတွေဖြစ်တဲ့ ဓာတ်ရောင်ခြည်။ အပူတွေကို အသုံးပြုပြီး အားလျော့အောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီနောက် လူတွေမှာ ကာကွယ်ဆေးကောင်းမွန်စွာ အလုပ်လုပ်နိုင် ဖို့အတွက် နည်းပညာ သုံးပြီး ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

ကျွန်မတို့ထိုးတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးတွေ၊ ပိုလီယို ကာကွယ်ဆေးတွေ ဒါတွေကလည်း ဒီလိုအမျိုးအစားတွေ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ ဒီ ၈ မျိုးထဲမပါပေမယ့်နောက်ပိုင်းမှာ ပရိုတင်း အစိတ်အပိုင်းကိုသုံးပြီး ထုတ်တဲ့ကာကွယ်ဆေးတွေလည်း on the track ရှိနေပါတယ်။ အဲဒီကာကွယ်ဆေးတွေက ဗိုင်းရပ်စ်ရဲ့ အန္တရာယ် မရှိတဲ့ ပရိုတင်းအစိတ်အပိုင်းကိုယူတယ်။ ပိုးတစ်ခုလုံးကို ယူတာမဟုတ် ပါဘူး။ ပရိုတင်းသက်သက်ကိုယူပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးနှံလိုက်ရင် ခန္ဓာကိုယ်က ဒီပရိုတင်းကို မှတ်မိသွားပြီး Antibody တွေကို ထုတ်လုပ်ပါတယ်။ အဲဒီအတွက် ဝင်လာတဲ့ ဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်တာ ဖြစ်ပါတယ်။ ဒါတွေကတော့ အဓိက အခုလက်ရှိမှာ အောင်မြင်နေတဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်နေတဲ့ နည်းစနစ်ပုံစံတွေ ဖြစ်ပါတယ်။ ။

အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

ထက်လျှံ