Skip to main content

အမျိုးသားရေးတာဝန်အဖြစ် ပူးပေါင်းကာကွယ် ကိုဗစ်-၁၉ အန္တရာယ်

ယခုအချိန်သည် ပြည်သူ့ကျန်းမာရေးအတွက် အားလုံးပူးပေါင်းပါဝင်ကာ တက်ညီလက်ညီ ဆောင်ရွက်ရမည့် အချိန်၊ အဘယ်ကြောင့်ဆိုသော် ကူးစက်မှု လျင်မြန်လွန်းလှသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးကို တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍ မရ၊ စုပေါင်းအားဖြင့်သာ ဆောင်ရွက်မှသာ ရမည်ဖြစ်သောကြောင့်ပင်။ ထိုကြောင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးသည် အမျိုးသားရေး တာဝန်ဖြစ်နေသည်။

ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လူဦးရေသန်း ၁၉၀ ကျော်၊ မြန်မာနိုင်ငံတွင် ဇူလိုင် ၁၈ ရက်ထိ ဖြစ်ပွားမှု လူဦးရေ ၂ သိန်းကျော်ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် တွေ့ရှိနေရသည့်ရောဂါ အမျိုးအစားသည် ကူးစက်မြန်အုပ်စုတွင် ပါဝင်သည့် Delta Straini Alpha Strain တို့ ဖြစ်ပြီး ကူးစက်ပြန့်ပွားမှုနှုန်းသည် ဆပွားတိုးတက်နိုင်သည့် အမျိုးအစားများဖြစ်သည်။ ကူးစက်မှု လျင်မြန်လွန်းသဖြင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ အားတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရပါ။

ပြည်သူအားလုံး ပါဝင်ဆောင်ရွက်

မိသားစုတစ်စုချင်း၏ အရေးကိစ္စ ဖြစ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ အရေးကိစ္စလည်းဖြစ်နေသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ကူးစက်မှုကို ထိန်းသိမ်းလျှော့ချနိုင်ရန်အတွက် နိုင်ငံအတွင်းရှိ အဖွဲ့အစည်း အားလုံး၊ ပြည်သူအားလုံး ပါဝင်ဆောင်ရွက်ကြရမည်။ အားလုံးအင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြရမည် ဆိုပါမှ အဖျက်လုပ်ငန်းများဖြင့် နှောင့်နှေးကြန့်ကြာ အောင် ဆောင်ရွက်မှုများက ရှိနေသည်။ ယခုအချိန် ဈေးကွက်အတွင်း ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ဈေးနှုန်းမြင့်တက်စေရန်၊ ပြည်သူများ စိုးရိမ်ထိတ်လန့်လာစေရန် မဟုတ်မမှန် သတင်းများဖြင့် ဖြန့်ဝေလုပ်ဆောင်နေခြင်းများသည် မလုပ်သင့်သည့် လုပ်ရပ်များဖြစ်သည်။

ထို့အပြင် လက်ရှိ အစိုးရနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များက မှားယွင်း နေသယောင်ဖြင့် ပြည်သူ့ထံ အကြောက်တရား ဖြန့်ဝေခြင်းသည် ကပ်ရောဂါကို ခုတုံးလုပ်၍ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။

သိသာသည်မှာ အောက်ဆီဂျင်အိုးနှင့် ပတ်သက်သည့်ကိစ္စရပ်များ တွင် ဖြစ်သည်။ လတ်တလော ကိုဗစ်-၁၉ ကူးစက်မှုသည် လျင်မြန် လွန်းသဖြင့် ပြည်သူက စိုးရိမ်သည်။ ကူးစက်မှု လျင်မြန်လွန်းသည် မှန်သော်လည်း မူလရောဂါအခံရှိသူများနှင့် ကိုယ်ခံအား လျော့နည်းသူများတွင် ကူးစက်ခံရမှုက စိုးရိမ်စရာဖြစ်သည်။ အခြေခံအားဖြင့် ကျန်းမာရေးကောင်းမွန်သူများတွင် ကူးစက်ခံရပါက အချိန်ကာလ တစ်ခုအတွင်း ပြန်လည်သက်သာကောင်းမွန်လာကြသည်။ သို့သော် ပြည်သူကြားရှိနေသည့် စိုးရိမ်မှုကို နိုင်ငံရေးအမြတ်ထုတ်လိုသူများ နှင့် အတ္တကြီးလွန်းသည့် လောဘသမားများက အသုံးချသွားသည်။

အောက်ဆီဂျင်ဝယ်လိုအား မြင့်ရန်သတင်းမှားများ၊ ကောလာဟလ များကို ဖန်တီးလိုက်ကြသည်။ ထိုအခါ မလိုအပ်သူက အောက်ဆီ ဂျင်အိုးများ ဝယ်ယူစုဆောင်းထား၊ အမှန်လိုအပ်သူက ဝယ်မရ၊ ဆေးမလိုသူက ဝယ်စုထား၊ လိုအပ်နေသူက ဝယ်မရ စသဖြင့် ပြည်သူ ကြားတွင် ဂယက်ထစေခဲ့သည်။

လိုအပ်သူက လိုအပ်နေချိန် မရသည့်အခါ ဆုံးရှုံးမှုဖြစ်ပေါ်ပြီး ထိခိုက်နစ်နာစေရန် ရည်ရွယ်ကြသည်။ ထို့အတွက် ကိုဗစ်-၁၉ ကူးစက်မှုခံရတိုင်း အောက်ဆီဂျင်အိုးမရပါက အသက်ဆုံးရှုံးနိုင် သကဲ့သို့ သတင်းဖြန့်ကြသည်။ ထိုသို့ ဝယ်လိုအားမြင့်တက်စေရန် ဖန်တီးမှုများကြောင့် အမှန်တကယ် လိုအပ်သူများ မရရှိဘဲ ထိခိုက် နစ်နာမှုများ ရှိခဲ့သည်။

အမှန်တရားကို ရှုမြင်တတ်ရန်လို

ရောဂါအတွက် အမှန်တကယ်လိုအပ်သူ မရရှိစေရန်၊ ဝယ်လိုအား မြင့်တက်စေခြင်းဖြင့် ဈေးနှုန်းကြီးမြင့်လာစေရန်၊ ပြည်သူအကြား စိုးရိမ်မှု ပိုမိုကြီးထွားလာစေရန် အဖျက်သမား၊ လောဘသမားများ၏ လုပ်ဆောင်မှုများသည် အစိုးရအနေဖြင့် စီမံရခက်၊ လုပ်ကိုင်ရခက် အကျပ်အတည်းကို ရည်ရွယ်ခြင်းဖြစ်သော်လည်း နောက်ဆုံးဒုက္ခ များရသည်မှာ ပြည်သူများသာ ဖြစ်နေသည်။ ထို့ကြောင့် အသိတရား၊ သတိတရားဖြင့် အမှန်တရားကို ရှုမြင်တတ်ရန် လိုအပ်နေသည်။

အမှန်အားဖြင့် အောက်ဆီဂျင်ကို ဆေးရုံများနှင့် ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူများ၏ အကြံပြုချက်များဖြင့် အသုံးပြုခြင်းသာ အကောင်းဆုံးဖြစ်သည်ကို နားလည်ကြရမည်။ ယခုကူးစက်မှု မြင့်မား နေသည့် တတိယလှိုင်းကိုထိန်းချုပ်နိုင်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို သိရှိအောင် ကြိုးစားပြီး စနစ် တကျလိုက်နာသင့်သည်။ "A little knowledge is dangerous thing" ဆိုသလို နည်းနည်းပင် သိပင်သိငြား များများဆိုတတ်သူ များကြောင့် ဒုက္ခရောက်ရသည့်သူများ များစွာရှိနေပြီဖြစ်သည်။ တတ်ကျွမ်းနားလည်သည့် ကျန်းမာရေး ဝန်ထမ်းများ၏ ကြိုးပမ်းမှုများက တိုးမပေါက်နိုင်အောင် တတ်ယောင်ကားများက များလှသည်။ ထိုအရာကို သတိပြုသင့်ပေသည်။

ယခုအခါ ကိုဗစ်-၁၉ ကုသရေးအတွက် အောက်ဆီဂျင် အလုံအလောက်ရရှိရေးကို အစိုးရအနေဖြင့် စီမံဆောင်ရွက်နေပြီး ထိုသို့ ဆောင်ရွက်နေသည့် အကြောင်းအရာများကို ပြည်သူထံ မပြတ် သတင်းပေးလျက်ရှိသည်။

အောက်ဆီဂျင်များ ထုတ်လုပ်

လက်ရှိတွင် ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ စက်ရုံ၊ အလုပ်ရုံများရှိ Oxygen Plant များမှ အောက်ဆီဂျင်များ ထုတ်လုပ် ပေးလျက်ရှိသည့်အပြင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှလည်း liquid အောက်ဆီဂျင်နှင့် အောက်ဆီဂျင်အိုးများကို နယ်စပ် ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် တင်သွင်းပေးလျက်ရှိသည်။ အောက်ဆီဂျင်နှင့် အောက်ဆီဂျင် အိုးများသာမက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရန် ဖြေလျှော့မှုများစွာ ပြုလုပ်ထားပြီးဖြစ်သည်။

ရောဂါကာကွယ်ကုသထိန်းချုပ်ရေး စီမံဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တပ်မတော် နဲ့ အရပ်ဘက်ဆေးရုံတွေ၊ နေရာ၊ ဌာနတွေကို အားလုံးပေါင်း ၆၉၈၀၀ ဦးရေခန့်အတွက် Center ၁၉၃၄ နေရာမှာ ပြင်ဆင်ထားပါတယ်။ လက်ရှိ ၂၅ ရာခိုင်နှုန်းပဲ Quarantine Center များတွင် ရှိပါတယ်။ အလားတူ Positive လူနာတွေနဲ့ပတ်သက်ပြီး နေရာပေါင်း ၁၁၁၄ နေရာမှာ ၄၅၉၀၀၊ ၄၆၀၀၀ ခန့် ဝင်ဆံ့တဲ့အင်အားရှိပါတယ်။ လောလောဆယ် ၆၂ ရာခိုင်နှုန်းပဲ Positive လူနာထားတဲ့နေရာမှာ ရှိပါတယ်။ ကုသရေး Center ပေါင်း ၅၆၀ လုပ်ထားတဲ့နေရာမှာ ဝင်ဆံ့တာက၂၅၅၀၀ခန့်ရှိပါတယ်။ ၉၂ဒသမ၂ရာခိုင်နှုန်းရှိပါတယ်”ဟု ဇူလိုင် ၁၈ ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားထားသည်။

တစ်ဖက်မှလည်း ပြည်သူအားလုံး ကာကွယ်ဆေး လွှမ်းခြုံမှု ရရှိစေရန်အတွက် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပြီးစီးမှု အနေဖြင့် ၁ ဒသမ ၆ သန်းကျော်ကို ကာကွယ်ဆေး ထိုးနှံပြီးဖြစ်သည်။ ဇူလိုင် ၂၂ ရက်တွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၇ သိန်းခွဲ ရောက်ရှိလာမည်ဖြစ်သလို ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်လည်း ဆက်တိုက် ရောက်ရှိလာမည်ဖြစ်သည်။ ထိုကဲ့သို့ ပြည်သူအားလုံး ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံ နိုင်ရေးအတွက် ကာကွယ်ဆေးများကို လှူဒါန်း ရရှိမှုများ၊ မှာယူမှုများဖြင့် အဆက်မပြတ် တင်သွင်းလျက်ရှိသည်။ အစိုးရအနေဖြင့် နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ယခုနှစ်အတွင်း ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။

ပြည်သူ့ကျန်းမာရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အစွမ်းကုန် အားထုတ်ကြိုးပမ်းရန် လိုအပ် သလို နိုင်ငံ၏ အခြားကဏ္ဍများသည် ရပ်တန့်နေ၍ မရပေ။

ထို့အတွက် ကိုဗစ်-၁၉ နှင့် ယှဉ်တွဲ၍ တတ်နိုင်သမျှ ကျော်လွှား ဆောင်ရွက်နေကြရမည်သာ။ ပြည်သူတို့နှင့် တိုက်ရိုက်သက်ဆိုင် နေသည့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်မှု မရှိရေး၊ ကိုဗစ်-၁၉ သတ်မှတ်ချက်များနှင့်အညီ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ လေကြောင်း၊ ရထားလမ်း၊ ကားလမ်းများကို ဖွင့်လှစ်ကာ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ကုန်ထုတ်လုပ်ငန်းများ လည်ပတ်နိုင်ရေး စသည့် ကဏ္ဍများတွင် အခက်အခဲမရှိစေရန် အစိုးရမှ ရည်မှန်းဆောင်ရွက်လျက် ရှိသည်။

ကူးစက်မှုကွင်းဆက်ကို အဆက်ဖြတ်ရမည်

အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကျော်လွှားနိုင်ရန် စီမံ ဆောင်ရွက်နေသကဲ့သို့ တတိယလှိုင်းကြောင့် ပြည်သူများ၏ လူမှု စီးပွားထိခိုက်မှု အနည်းဆုံး ဖြစ်စေရန်အတွက် စီမံနေသည်။ ပြည်သူ များဘက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ရင်းဖြင့် ကူးစက်မှုကွင်းဆက်ကို အဆက်ဖြတ်ရမည် ဖြစ်သည်။ သို့မှသာ ကူးစက်မှု လျော့ကျလာမည် ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုသည် ပြည်သူ့ကျန်းမာရေး ဖြစ်သည်။ နိုင်ငံရေးမဟုတ်၊ ပြည်သူ့ကျန်းမာရေးဖြစ်သည့်အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အဖွဲ့အစည်းအားလုံး၊ ပြည်သူအားလုံး ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ရဲမင်းဟိန်း