အားလုံးပါဝင်ကြရမယ့် ကိုဗစ်စစ်ဆင်ရေး
၁၂-၇-၂၀၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ထိန်းချုပ်ရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ရပါတယ်။ ဒီအစည်းအဝေးမှာ လတ်တလော ဖြစ်ပွားနှုန်း မြင့်တက်လာနေတဲ့ ကိုဗစ်- ၁၉ ကပ်ရောဂါကို ရင်ဆိုင်ထိန်းချုပ် တွန်းလှန်ရေးနဲ့ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တက်ရောက်လမ်းညွှန်ဆွေးနွေးခဲ့ပြီး တက်ရောက်ခဲ့ကြတဲ့ တာဝန်ရှိသူအသီးသီးကလည်း သက်ဆိုင်ရာကဏ္ဍ အလိုက်ရရှိထားတဲ့ သတင်းအချက် အလက်တွေ၊ လက်တွေ့လုပ်ဆောင်နေတာတွေနဲ့ ဆက်လက်ဆောင်ရွက်သွားသင့်တာတွေကို တင်ပြဆွေးနွေးသွားခဲ့ကြပါတယ်။
ဒီအစည်းအဝေးမှာ သိခွင့်ရခဲ့တဲ့ အချက်အလက်အတော်များများက ပြည်သူလူထုကြီးအနေနဲ့ သိချင်နေကြတဲ့၊ သိသင့်သိထိုက်တဲ့ကိစ္စ တွေဖြစ်တဲ့အတွက် သိနိုင်ကြရအောင် ရေးသား တင်ပြလိုက်ရပါတယ်။ ရေးသားချက်တွေဟာ မိမိရဲ့ တစ်ဦးချင်းအသိအမြင်သဘော ထားမျှသာ ဖြစ်ကြောင်း ဦးစွာစကားပလ္လင်ခံထားလိုပါတယ်။
တစ်မျိုးသားလုံး စည်းရုံးလုပ်ဆောင်ကြရမယ့် အရေးကိစ္စ
ပထမဆုံး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလေးထားပြီး မီးမောင်းထိုးပြ သွားတဲ့အချက်က ဒီကိုဗစ်ကပ်ရောဂါဟာ တစ်နိုင်ငံလုံးအပေါ် ကြီးမားတဲ့စိန်ခေါ်မှု ပြဿနာကြီး ဖြစ်နေတဲ့အတွက် တစ်မျိုးသားလုံးကို စည်းရုံးလုပ်ဆောင်ကြရမယ့်ကိစ္စ (National Mobilization) ဖြစ်တယ်ဆိုတာပါပဲ။ တစ်မျိုးသားလုံး စည်းရုံး လုပ်ဆောင်တယ်ဆိုတာက နိုင်ငံတော်အစိုးရဝန်ကြီးဌာနအားလုံး (တပ်မတော်အပါအဝင်)၊ အရပ်ဘက်အသင်းအဖွဲ့တွေနဲ့ ပြည်သူလူထု တွေအားလုံး ပါဝင်လုပ်ဆောင်ကြရမှာပါ။ ဆိုလိုတာက တစ်နိုင်ငံလုံးရဲ့ လူအင်အား၊ ငွေအင်အား၊ ပစ္စည်းအင်အား၊ သယ်ယူပို့ဆောင်ရေးနဲ့ အဆက်အသွယ်အင်အား၊ သတင်းအချက်အလက်အင်အား၊ စီမံ ခန့်ခွဲမှုအင်အား စတဲ့အင်အားတွေအားလုံးကို စုစည်းပြီး စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရမယ့်ကိစ္စဖြစ်ပါတယ်။
ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အရှိအတိုင်း ရှုမြင်သုံးသပ် မယ်ဆိုရင် ဒီကိုဗစ်ရောဂါရဲ့ တတိယလှိုင်း အရှိန်မြင့်လာချိန်မှာ နိုင်ငံရေးမတည်ငြိမ်မှုကလည်း အကင်းမသေသေးသလို တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ကပ်ရောဂါကြောင့် နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ကလည်း အကျပ်အတည်းဖြစ်နေကြတဲ့အတွက် တွေ့ကြုံရင်ဆိုင် နေကြရတဲ့ စိန်ခေါ်မှုကရှုပ်ထွေး ခက်ခဲတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ ဒီစိန်ခေါ်မှုကိုလည်း မဖြစ်မနေအောင်မြင်အောင် ဖြတ်သန်းကျော်လွှားကြရမှာ ဖြစ်ပါတယ်။ ဒါက နိုင်ငံသားတွေရဲ့ အသက် ရှင်သန်မှုနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့သေရေးရှင်ရေးကိစ္စဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံအတွက် အသက်တမျှ အရေးပါတဲ့ အကျိုးစီးပွား (Vital Interest) ဖြစ်ပါတယ်။
အခြေအနေသုံးသပ်ခြင်း (SWOT Analysis)
ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်တွန်းလှန်ရေးကို တစ်မျိုးသားလုံး ပါဝင်တဲ့စစ်ဆင်ရေး (National Campaign) အနေနဲ့လုပ်မယ်ဆိုရင် စစ်ဘက်မှာ စစ်ရေးသုံးသပ်ချက်၊ အရပ်ဘက်မှာတော့ SWOT လို့ ခေါ်တဲ့ အခြေအနေသုံးသပ်ချက်တွေကို အရင်လုပ်ရမှာဖြစ်ပါတယ်။ မိမိရဲ့ အားသာချက်(Strength)၊ အားနည်းချက် (Weakness)၊ အခွင့်အလမ်း (Opportunity)နဲ့ ခြိမ်းခြောက်မှု(Threat)တွေကို ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ထုတ်သုံးသပ်နိုင်မှ “လက်တွေ့ အခြေအနေ အမှန်” ကို သိမှာဖြစ်ပါတယ်။ 1 SWOT ပုံစံနဲ့ အကျဉ်းချုပ်သုံးသပ်ရမယ်ဆိုရင် မိမိဘက် အားသာ ချက်က အစိုးရယန္တရားကြီးရှိတယ်။ အားကောင်းတဲ့ Institution ဖြစ်တဲ့ တပ်မတော် ရှိတယ်၊ ပြည်သူလူထုအကျိုးကို အမှန်တကယ် သယ်ပိုးချင်တဲ့ အရပ်ဘက်ပရဟိတအသင်းအဖွဲ့ တွေရှိတယ်၊ ဝိုင်းဝန်းကူညီမယ့် စေတနာရှင်ပြည်သူတွေရှိတယ်။ ငွေအရင်းအမြစ်အင်အား အနေနဲ့ကြည့်ရင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လက်ထဲမှာ ကာကွယ်ဆေး ဝယ်ယူရေးအတွက် နိုင်ငံတကာအဖွဲ့ အစည်းတွေဖြစ်တဲ့ ADB နဲ့ ICA က ထောက်ပံ့ပေးထားတဲ့ အတိုးသက်သာချေးငွေနဲ့အလှူငွေ အမေရိကန်ဒေါ်လာ ၁၇၁ သန်းနဲ့ မြန်မာကျပ်ငွေ ဘီလီယံ ၃၀ ကျော်ရှိတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာလည်း နိုင်ငံတော်ဘတ်ဂျက်နဲ့ သီးခြားကိုဗစ်ရန်ပုံငွေတွေရှိသလိုတပ်မတော်ဘက် မှာလည်း ဆေးတပ်ဖွဲ့ဘတ်ဂျက်အပြင် တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေ က ရန်ပုံငွေတွေလည်းရှိပါတယ်။ ပြည်သူလူထုတွေထဲမှာလည်း ကိုယ့်မြို့ ကိုယ့်ရွာအတွက် ဝိုင်းဝန်းပံ့ပိုးလှူဒါန်းကြမယ့်သူတွေ မရှားပါဘူး။
အားနည်းချက်ကတော့ ဒီလိုနိုင်ငံတစ်ဝန်းလုံး သေရေးရှင်ရေးကိစ္စ ဖြစ်နေချိန်မှာ တိုင်းပြည်ကို မပျက်ပျက်အောင် ဖျက်ချင်နေတဲ့ နိုင်ငံရေး အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေ၊ နိုင်ငံကို ပြာပုံဖြစ်အောင် လုပ်ပြီးမှ အာဏာယူချင်နေတဲ့ အတ္တကြီးလွန်းနေသူတွေ၊ ခေတ်ပျက် တုန်း စီးပွားရှာချင်တဲ့ ဝိသမလောဘသားတောကြောင်တွေ၊ အပြင်က မြှောက်ပေးတိုင်း တစ်ယောက် တစ်ပေါက်နဲ့ လူမဆန်တဲ့အလုပ်တွေ လုပ်နေကြတဲ့ ထိန်းချုပ်ခံဦးနှောက်နည်းသူတွေကလည်း အတော်များ များရှိနေတာပဲ။ အခုအချိန်အထိ CDM လုပ်နေကြတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကြောင့် အရပ်ဘက်ဆေးရုံတွေအများစုက လူအင်အားချို့တဲ့ပြီး ပုံမှန်မလည်ပတ် နိုင်ပါဘူး။ ဒီအတွက် တပ်မတော် ဆေးရုံတွေမှာ အရပ်သားလူနာတွေကို လက်ခံကုသပေး နေရတာ လူနာသုံးသိန်းနီးပါး ကပ်နေပြီဖြစ်လို့ တပ်ဆရာဝန်တွေလည်း အတော်ပင်ပန်း နေကြပါပြီ။
အခွင့်အလမ်းကတော့ ဘေးကနေ ဝိုင်းဝန်းကူညီပေးမယ့် မိတ်ကောင်းဆွေကောင်းတွေလည်း ရှိနေတာပါပဲ။ တရုတ်နဲ့ ရုရှားက ကာကွယ်ဆေးနဲ့ ဆေးပစ္စည်းတွေ ရောင်းတာလည်းရောင်း၊ လှူတာ လည်းလှူမယ်၊ ရေရှည်အတွက် ကာကွယ်ဆေးထုတ်ဖို့နဲ့ သုတေသန လုပ်ဖို့လည်း ကူညီမယ်။ ထိုင်း၊ တရုတ်နယ်စပ်တွေ ပိတ်ထားပေမယ့် ကျန်းမာရေးဆေးပစ္စည်းတင်သွင်းမှုကို ဖွင့်ပေးမယ်။ ခြိမ်းခြောက်မှု အဖျက်အန္တရာယ်ကတော့ အနောက်အုပ်စုနဲ့ အနောက်ဩဇာခံ နိုင်ငံတွေ အဖွဲ့အစည်းတွေက နိုင်ငံရေးဖိအားပေးမှုတွေ ဘဏ္ဍာရေးပိတ်ဆို့မှုတွေ၊ တရားဝင် အကူအညီရပ်ဆိုင်းမှုတွေ အကြမ်းဖက်သမားတွေကို ငရဲပန်းကို ရွှေပန်းထင်ပြီး ထောက်ပံ့ အားပေးကူညီမှုတွေ လုပ်နေတာပါ။
မဟာဗျူဟာ
ကျင့်သုံးမယ့် မဟာဗျူဟာကတော့ ကာကွယ်ဆေးထိုးမှု၊ ပြုစုကုသမှုနဲ့ နေထိုင်မှု စည်းကမ်း ထိန်းကျောင်းမှုတွေကို ဟန်ချက်ညီ ပေါင်းစပ်လုပ်ကိုင်သွားဖို့ဖြစ်ပါတယ်။ ဦးစားပေးအနေနဲ့ ရောဂါအဖြစ် များတဲ့ လူသူထူထပ်တဲ့ မြို့ကြီးတွေကို အားအပြည့်သုံးပြီး ဖြေရှင်း ဆောင်ရွက်သလို တခြားဒေသတွေမှာလည်း ရောဂါဖြစ်ပွားမှု အခြေအနေကိုလိုက်ပြီး လိုအပ်သလို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ရေတိုနည်းဗျူဟာကတော့ ရောဂါခံစားရမှုတွေသက်သာစေဖို့နဲ့ ပျံ့နှံ့ကူးစက်မှုတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ပါ။ ရောဂါပိုးတွေ့သူ အားလုံးကို ဆေးရုံတင်ကုသဖို့ကတော့ ဒီအနေအထားမှာ မဖြစ်နိုင် ပါဘူး။ ဒါကြောင့် တခြားနိုင်ငံကြီးတွေမှာလိုပဲ ဖြစ်ပွားသူ ၁၀၀ မှာ ဆေးရုံတင်ဖို့ လိုအပ်တဲ့ ၁၅ ရာခိုင်နှုန်းလောက်ကိုပဲ ဆေးရုံတင်ကုသ ပြီး သက်သာတဲ့သူတွေကို အိမ်မှာပဲသီးခြားခွဲနေ အောက်ဆီဂျင်လိုမယ့်သူတွေ၊ ဂရုစိုက်ပြုစုဖို့ လိုမယ့်သူတွေကို မြို့နယ်အလိုက် Community Covid Center တွေထူထောင်ပြီး ဆေးဝန်ထမ်းတွေအပြင် စေတနာ့ ဝန်ထမ်းတွေနဲ့ စုပေါင်းပြီး ပြုစုထားကြဖို့ပါ။
ကာကွယ်ဆေးတွေ ရလာတဲ့အခါကျရင်တော့ ကျန်းမာရေးဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်း တွေထဲက ထိုးဖို့ကျန်တဲ့သူတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ ရောဂါ သယ်ဆောင်ပြန့်ပွားစေနိုင်သူတွေ စသည်ဖြင့် လိုအပ်သလို ဦးစားပေးထိုးနှံသွားမှာ ဖြစ်ပါတယ်။
Stay at Home အစီအစဉ်တွေကိုလည်း အခြေအနေအပေါ် မူတည်ပြီး တုံ့ပြန်ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ လုံးဝပိတ်ချလိုက်ဖို့ကတော့ အောက်ခြေလူထုရဲ့ လူမှုစီးပွားရေး အနေအထားအရ လုပ်ဆောင်ဖို့ ခက်တာကို နားလည်ရပါမယ်။
ရေရှည်အတွက်မှာတော့ ဒီကိုရိုနာဗိုင်းရပ်စ်က အသွင်အမျိုးမျိုး၊ မျိုးဗီဇအမျိုးမျိုးနဲ့ အမြဲရှိနေမယ့် သဘောဆိုတော့ ပေါ်လာသမျှ ဗိုင်းရပ်စ်မျိုးကွဲတွေကို အမြန်ဆုံးတုံ့ပြန်နိုင်ဖို့ ကိုယ်ပိုင်ကာကွယ်ဆေး ထုတ်လုပ်နိုင်မှုစွမ်းရည်နဲ့ ဇီဝနည်းပညာသုတေသနတွေကို ဦးစားပေး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
စီမံခန့်ခွဲမှုနဲ့ စိန်ခေါ်မှုများ
အကျပ်အတည်းစီမံခန့်ခွဲမှု (Crisis Management)မှာ အရေးကြီးဆုံးက အရေးပေါ်အခြေအနေ တုံ့ပြန်မှု (Emergency Response) ဖြစ်ပါတယ်။
ဒီလုပ်ငန်းက အပြောလွယ်သလောက် အလုပ်ခက်တဲ့ကိစ္စပါ။ အရေး ပေါ်အခြေအနေတစ်ရပ်ကို ချက်ချင်းအောင်မြင်အောင် တုံ့ပြန် နိုင်ဖို့ဆိုတာ အရင်ကတည်းက အခြေခံအဆောက်အအုံ၊ လူအင်အား၊ ပစ္စည်းအင်အား၊ ငွေအင်အား၊ စီမံချက်နဲ့ ဇာတ်တိုက်လေ့ကျင့်မှုတွေ သေချာစုဖွဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အခုတတိယလှိုင်းအခြေအနေမှာ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကတော့ အတော်ကြီးမား တဲ့အတွက် စီမံခန့်ခွဲမှုအပေါ်မှာ သက်ရောက် မှုရှိခဲ့ပါတယ်။ ဥပမာအားဖြင့် ဆေးရုံတွေမှာ CDM တွေကြောင့် ဝန်ထမ်းအင်အား ကန့်သတ်မှုတွေရှိနေပါတယ်။ အခြေခံအဆောက် အအုံအပိုင်းမှာ ဒုတိယလှိုင်းပြီးသွားတော့ အရင်တပ်ဆင်ထားတဲ့ ပစ္စည်း၊ အဆောက်အအုံတွေကို ပြန်ဖြုတ်ပြီး သိမ်းသွားတာ၊ မူလအဆောက်အအုံ ပိုင်ရှင်တွေကို ပြန်လွှဲလိုက်ရတာမျိုး တွေရှိတယ်လို့ သိရပါတယ်။ သတင်းအမှားတွေ ထုတ်လွှင့်ပြီးတော့ ပြည်သူတွေ ထိတ်လန့်ချောက်ချား အောင်လုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်တာတွေ ရှိပါတယ်။ ကိုဗစ်ရောဂါ စစ်ဆေးရေးဂိတ်တွေမှာ ပါဝင်ဆောင်ရွက် နေတဲ့ပြည်သူတွေကို သတ်ဖြတ်တာ၊ ရောဂါကာကွယ်တားဆီးရေး အတွက် နှာခေါင်းစည်းတွေဝေငှပြီး ပြည်သူကိုအသိပညာပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကို ပစ်ခတ်သတ်ဖြတ်တာ စတဲ့အကြမ်းဖက် လုပ်ရပ်တွေ၊ အောက်ဆီဂျင်ဖြန့်ဝေရေး အစီအစဉ် တွေမှာ နည်းမျိုးစုံနဲ့ အဖျက်အမှောင့်လုပ်ကိုင်နေတာတွေ ရှိပါတယ်။ ။
ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီကိစ္စအပေါ် နားလည်သဘောပေါက် ပြီး ပူးပေါင်းဆောင်ရွက်ချင်တဲ့ ပြည်သူတွေအများကြီးရှိနေတာကို လည်း တွေ့ရပါတယ်။ ဒါ့အပြင် အထက်အောက် တိကျတဲ့ ကွပ်ကဲမှု တွေစနစ်နဲ့ လုပ်ငန်းတွေကို အလျင်အမြန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ တပ်မတော်ရဲ့ ပါဝင်ပူးပေါင်းမှုတွေကိုလည်း ဒီတစ်ကြိမ်မှာ အပြည့်အဝအသုံးချနိုင်မှာပါ။
လတ်တလောစိန်ခေါ်မှုများကိုဖြေရှင်းခြင်း
ဆေးရုံတွေမှာ လူနာတွေပြည့်လျှံနေတဲ့ကိစ္စကိုဗစ်တတိယလှိုင်းမှာ ကူးစက်မှုက ပိုမြန်သလို ပြင်းထန်တာမို့ လူနာတွေ အလျင်အမြန်တိုးလာပြီး ကုသပေးနိုင်တဲ့ ဆေးရုံခုတင် အရေအတွက်က အဲဒီလူနာအရေအတွက်ကို မမီနိုင်တဲ့အတွက် ဒီပြဿနာက အလျင်အမြန် ဖြေရှင်းရမယ့် စိန်ခေါ်မှုဖြစ်လာပါတယ်။ ရုတ်တရက်မိုးကြီးရွာလိုက်တဲ့အခါ ချောင်းတွေ၊ မြောင်းတွေထဲက ရေတွေစုဝင်ပြီး ကန်တွေ၊ ဆည်တွေမှာ ရေလျှံတဲ့ပုံစံမျိုးပါပဲ။ ဒါကိုဖြေရှင်းဖို့ ကြားမှာ လူနာတွေကို အဆင့်ဆင့်ထိန်းသိမ်း စစ်ဆေးပြုစုပေးမယ့်ကြားခံ (Catchment System) စနစ်တစ်ခု ချရ ပါမယ်။ တွေ့ရှိချက်တွေအရ ရောဂါပိုးတွေ့တဲ့လူနာတွေရဲ့ ၁၅ ရာခိုင် နှုန်းလောက်ပဲ ဆေးရုံမှာတင်ပြီး ကုသဖို့လိုတာဖြစ်ပါတယ်။ အဲဒီထဲကမှ ငါးရာခိုင်နှုန်းလောက် ကပဲ ICU မှာထားရှိပြီး အထူးစောင့်ကြပ် ကြည့်ရှုဖို့ လိုတာပါ။ ဒါပေမဲ့ ကျန်တဲ့ပိုးတွေ့ လူနာတွေကို ဒီအတိုင်း ပစ်ထားလို့လည်း မဖြစ်ပါဘူး။ အဲဒီတော့ ပထမဆုံး မြို့နယ်အလိုက် ဒေသန္တရကျန်းမာရေးဌာနနဲ့ ဆေးရုံတွေမှာလာပြီး သတင်းပို့တဲ့သူတွေကို စစ်မယ်။ စိုးရိမ်စရာမရှိဘဲ အခြေအနေကောင်းတဲ့သူတွေကို အိမ်မှာပဲ စောင့်ကြည့်ထားဖို့၊ အခြား သူတွေနဲ့ ခပ်ခွာခွာနေဖို့ ပြန်လွှတ်မယ်။ အိမ်ပြန်လွှတ်ဖို့မသင့်တဲ့ သူတွေ၊ အောက်ဆီဂျင်လို အပ်နိုင်တဲ့သူတွေကိုတော့ မြို့နယ်အလိုက် community Covid Center တွေမှာ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး စောင့်ရှောက်ထားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒေသအလိုက်ရှိနေတဲ့ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့တွေ ကလည်း တပ်အစီအစဉ်နဲ့ ကိုဗစ်စင်တာတွေ တည်ဆောက်ပြီး လက်ခံစောင့်ရှောက်သွားမှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့က အချက်အလက်တွေအရ စောင့်ရှောက်ကုသမယ့်နေရာနဲ့ ဝင်ဆံ့မှုက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ဒီစာရင်းအရ တပ်မတော်နဲ့ အရပ်ဘက်နေရာပေါင်း ၂၇၀၀ ကျော်မှာ လူပေါင်း တစ်သိန်းကျော် ကို ထားရှိစောင့်ရှောက်နိုင်မယ့် အနေ အထားရှိတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လူနာ တစ်ယောက်ကို ဒီစင်တာတွေမှာ အနည်းဆုံး ၁၀ ရက်လောက်ထားရမှာဖြစ်တဲ့ အတွက် တစ်ရက်ကို လူနာသစ် တစ်သောင်းကျော်လောက်နဲ့ ကုသ
စောင့်ရှောက်မှုပြီးဆုံးသူ တစ်သောင်းကျော်လောက် အဝင်အထွက် ရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အခုနောက်ပိုင်းမှာ ဒီစင်တာတွေကို တိုးချဲ့ ထူထောင်နေမှာဖြစ်လို့ ဒီထက်မက တိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။ လူနာတွေ စပြီးအလျင်အမြန် တိုးပွားခဲ့ချိန်မှာ အဆင်သင့်မဖြစ်နိုင်ခဲ့သေးတာကြောင့် အရေးကြီးလူနှာတွေကို လက်ခံ နိုင်မယ့်ဆေးရုံတွေ ရှာဖွေရင်း အောက်ဆီဂျင်ထိုးကျပြီး အသက်ဆုံးပါးသွားရတဲ့ ကြေကွဲစရာ အဖြစ်မျိုးတွေ နောင်မှာမဖြစ်ရလေအောင် လူနာလက်ခံစီမံခန့်ခွဲရေးအဖွဲ့ (Bed Management Team) တွေကို လည်း မြို့နယ် ၂၆ မြို့နယ်မှာ အဖွဲ့ပေါင်း ၆၀၀ နီးပါး ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။
အရေးကြီးတာက ရောဂါဖြစ်ပွားတဲ့လူနာတွေ အဆင့်ဆင့်ဘယ်လို သတင်းပို့ရမယ်၊ ရောဂါ ဖြစ်ပွားမှု အဆင့်အလိုက် ဘယ်နေရာတွေမှာ ထားရှိစောင့်ရှောက် ကုသသွားမယ်ဆိုတာ ပြည်သူတွေအားလုံး အလွယ်တကူ သိနိုင်အောင် မီဒီယာလမ်းကြောင်းအမျိုးမျိုးကနေ သတင်းပေး ဖော်ပြသွားဖို့နဲ့ အဲဒီနေရာတွေမှာ အမှန်တကယ်အဆင်ပြေ ထိရောက်စွာ ကြည့်ရှုစောင့်ရှောက်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒေသန္တရကနေစပြီး သတင်းပို့နေရအောင် အချိန်မရှိတော့တဲ့ အရေးပေါ်လူနာတွေကို ဆေးရုံတွေမှာ အရေးပေါ် ကိုဗစ်ကုသ ရေးဌာနတွေပို့ပြီး ကုသပေးဖို့လည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြို့ကြီးတွေမှာ ဘယ်မြို့နယ်က ဘယ်ဆေးရုံကို ပို့ရမယ်ဆိုတဲ့သတင်း အချက်အလက်တွေကိုလည်း လူတွေသိအောင် ဖြန့်ဝေထားရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးဌာနက ထုတ်ပြန်ပေးတဲ့ အချက်အလက်တွေကို ပြည်သူလူထုကလည်း အချင်းချင်းဝိုင်းပြီး ဖြန့်ချိအသိပေးသွားကြ ဖို့လိုမှာ ဖြစ်ပါတယ်။
ရောဂါစစ်ဆေးကုသရေးနဲ့ ပတ်သက်လို့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း တွေကိုလည်း သတ်မှတ် ဘေးကင်းလုံခြုံမှု အဆင့်မီ၊ မမီ စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုနေပြီဖြစ်လို့ ငွေကြေး မတတ်နိုင်သူတွေ အဲဒီဆေးရုံတွေမှာ သွားရောက်ကုသနိုင်ကြပါလိမ့်မယ်။
အောက်ဆီဂျင် ရရှိရေးကိစ္စ၊
တတိယလှိုင်းမှာ လူနာတွေအတွက် အောက်ဆီဂျင်လိုအပ်မှုက ထူးထူးခြားခြား မြင့်တက် လာခဲ့ပါတယ်။ ကုသရေးနဲ့ ကွာရင်တင်း စင်တာတွေမှာ ဒုတိယလှိုင်းအပြီး တပ်ဆင်ထားတဲ့ အောက်ဆီဂျင် အားမြှင့်စက်တွေ ဖြုတ်ယူသွားခဲ့တာတွေရှိသလို တချို့ ဆေးရုံတွေမှာ အောက်ဆီဂျင်ထုတ်လုပ်တဲ့စက်သစ်တွေ တည်ဆောက်ထားတာကို မသိတာမျိုးတောင် ရှိခဲ့ရာမှာ လိုအပ်ချက်နဲ့ ဖြည့်ဆည်းနိုင်မှုက ကွာဟသွားခဲ့ပါတယ်။ အစိုးရဆေးရုံတွေမှာ အောက်ဆီဂျင်လိုအပ်ချက်တွေရရှိဖို့ အစိုးရဆေးရုံတွေက အောက်ဆီဂျင်ထုတ်လုပ်မှုတွေကို
ဆေးရုံအတွက် ဦးစားပေးလိုက်ရတဲ့အခါ ပုဂ္ဂလိကစက်တွေက ပုဂ္ဂလိကလိုအပ်ချက်တွေကို လုံလောက်အောင် မပေးနိုင်တော့ ကြောက်လန့်တကြားနဲ့ အုတ်အော်သောင်းတင်းဖြစ်ပြီး အတင်းတိုး ဝယ်ကြတဲ့ Panic Buying ဖြစ်လာတော့တာပဲ။ ဒီနေရာမှာ နိုင်ငံရေး တိုက်ကွက်ဖော်ပြီး အဖျက်အမှောင့်လုပ်သူတွေ ပေါ်လာပါတယ်။ သတင်းမှားတွေပေးပြီး လူတိုင်းစိုးရိမ်စိတ်နဲ့ အောက်ဆီဂျင်မရရင် သေတော့မှာပဲဆိုတဲ့စိတ် ဖြစ်လာအောင် လှုံ့ဆော်မှုတွေလည်း ရှိလာပြီး အဲဒီကနေမှ ကြက်ဥနဲ့ ခွေးတောက်ရွက်တွေ ဈေးမတန်တဆ ထိုးတက်သွားတဲ့အထိ ဖြစ်ကုန်တာလည်း ရှိပါတယ်။ အထူးသဖြင့်တော့ လူဦးရေ သိပ်သည်းမှုမြင့်မားပြီး လူနေထူထပ်တဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ ဖြစ်ကုန်တာပါ။ ။
အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုနဲ့ ပတ်သက်လို့ ဇူလိုင်လ ၁၂ ရက် နေ့ကအချက်အလက်တွေအရ တပ်မတော်နဲ့ အရပ်ဘက်ဆေးရုံတွေက နေ့စဉ်ထုတ်လုပ် နိုင်စွမ်းဟာ ဓာတ်ငွေ့ရည် လီတာ ၁၂၅၀၀ လောက်ရှိပြီး သုံးစွဲမှုက လီတာတစ်သောင်း ကျော်ရှိတယ်လို့ သိရပါတယ်။ ဓာတ်ငွေ့ရည်အိုးအနေနဲ့ပြောရင်တော့ စုစုပေါင်းအိုး ၄၅၀၀ နီးပါး ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ အသည်းအသန် အောက်ဆီဂျင် လိုအပ်တဲ့ High Flow Nasal Cannula (HENC) လူနာတွေအတွက် အိုးတစ်လုံးကို လေးနာရီလောက် သုံးရတယ်ဆိုတော့ ၂၄ နာရီကို အိုး ခြောက်လုံးလောက် လိုနိုင်ပါတယ်။ ဒီနှုန်းနဲ့တွက်ရင်တော့ အသည်းအသန်လူနာ ၇၅၀ အတွက်ပဲလုံလောက်မယ့်ပမာဏ ဖြစ်ပါ တယ်။ ထပ်ပြီးလိုအပ်မယ့် အောက်ဆီဂျင်အတွက် နိုင်ငံတော်က အောက်ဆီဂျင်စက်ရုံအသစ်တွေ ဆောက်နေပါတယ်။ တစ်ရက်ကို အိုးအလုံး ၁၄၄၀ ထုတ်နိုင်မယ့်စက်ရုံကတော့ အုတ်မြစ်ပိုင်းပြီးသွားလို့ အပေါ်ပိုင်းအဆောက်အအုံတွေ တည်ဆောက်နေပြီဖြစ်ပါတယ်။ ဇူလိုင်လကုန်လောက် အပြီးသတ်နိုင်အောင် ကြိုးပမ်းနေ ကြောင်း သိရပါတယ်။
ဒါကြောင့် ရေတိုလုံလောက်ဖို့ကတော့ အပြင်ကနေ အောက်ဆီဂျင် သွင်းရမှာပါ။ အောက်ဆီဂျင် အရည်အနေနဲ့ သွင်းနိုင်ရင်တော့ အကောင်းဆုံးပါ။ အောက်ဆီဂျင်အရည်ကို တန် ၂၀ စည်ကြီး တွေနဲ့ သွင်းရတာဖြစ်ပြီး မီးလောင်လွယ်တဲ့အတွက် ပေါင်တွေနဲ့ သေချာ ထိန်းထားတဲ့ ကွန်တိန်နာကြီးတွေနဲ့တင်ပြီး ကုန်တင်ယာဉ်အကြီးစားတွေနဲ့ သယ်ရတာဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံဘက်က သွင်းနေပြီး ကိုဗစ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေအတွက် အခွန်အခတွေ ဖြေလျှော့လိုက်ပြီဖြစ်လို့ မူလအဆက်အသွယ်ရှိတဲ့ ကုန်သည်တွေက အားတက်သရော ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ တပ်မတော်ဘက်ကလည်း လိုအပ်ရင် အောက်ဆီဂျင်စည်ကြီးတွေ သယ်ဆောင်ဖို့ ကုန်တင်ယာဉ်ကြီးတွေနဲ့ ကူညီသွားမှာဖြစ်ကြောင်း လည်း သိရပါတယ်။
တကယ်တော့ ပိုးတွေ့သူတိုင်းဟာ HFNC အဆင့်ကိုရောက်ကြတာ မဟုတ်ပါဘူး။ ဆေးရုံမှာ တင်ထားရတဲ့လူနာတွေမှာ အောက်ဆီဂျင် Level ၉၀ အောက်ကျသွားတဲ့အချိန်ကျမှ အပြင် အောက်ဆီဂျင်ရှူဖို့ လိုတာဖြစ်ပြီး လူအနည်းအကျဉ်းပဲ အောက်ဆီဂျင်ပိုက် အမြဲတပ် ထားဖို့လိုတဲ့ HENC အဆင့်ကို ရောက်တာပါ။ ဒီလိုအောက်ဆီဂျင် အမြဲမလို၊ များများမလိုတဲ့ လူနာတွေအတွက် ကိုယ့်ဘေးမှာရှိတဲ့ လေထုထဲက အောက်ဆီဂျင်ကို သန့်စင်ရယူနိုင်တဲ့ အောက်ဆီဂျင် သန့်စင်အားမြှင့်စက် Oxygen Concentrator တွေကို သုံးရင် လုံလောက် ပါတယ်။
ဒုတိယလှိုင်းတုန်းက ဒီစက်တွေအများကြီး ကိုဗစ်စင်တာတွေမှာ တပ်ဆင်ထားခဲ့ဖူးတာ တွေ့ပါတယ်။ အခုတော့ တချို့လည်း ခြေရာ ပျောက်သွားကြပေမယ့် ကျန်နေသေးတဲ့စက်တွေကို ပြန်သုံးနိုင်အောင် စီစဉ်ဖို့လိုမှာပါ။ တတ်နိုင်တဲ့သူတွေအတွက် ရောင်းချပေးဖို့နဲ့ တိုးမြှင့် တည်ဆောက်တဲ့ ကိုဗစ်စင်တာတွေမှာ တပ်ဆင်ဖို့လည်း ထိုင်း၊ စင်ကာပူ၊ တရုတ်စတဲ့နိုင်ငံတွေက မှာယူနိုင်ဖို့ လမ်းဖွင့်ပေးထားပြီး ဆိုတော့ မကြာခင်မှာ အတော်များများဝင်လာမယ်လို့ မျှော်လင့်ရပါ တယ်။ ။
HFNC လူနာတွေအတွက်အောက်ဆီဂျင်လုံလုံလောက်လောက် ရဖို့အတွက် တပ်မတော်ဘက်က စက်ရုံတွေဖြစ်တဲ့ မင်းဓမ္မ၊ အင်းစိန် သံမဏိ၊ မြောင်းတကာသံမဏိ၊ ပြင်ဦးလွင်ဆေးဝါး စက်ရုံတွေကနေ ထုတ်တဲ့ စက်မှုသုံးအောက်ဆီဂျင်တွေကို ဆေးဝါးသုံး အဆင့်မြှင့်တင်ပြီး တိုးတက်ထုတ်လုပ်ပေးနေပါတယ်။ အရပ်ဘက်မှာလည်း သီလဝါစက်မှုဇုန်က ဂျပန်စက်ရုံနဲ့ ညှိနှိုင်းပြီး မီတာခကြောင့် အရင်က ရပ်ဆိုင်းထားတဲ့ အောက်ဆီဂျင်ထုတ်လုပ်မှုကို ပြန်ထုတ် ပေးဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မြို့နယ်တွေအလိုက်လည်း ပြည်သူတွေ စုပေါင်းလှူဒါန်းမှုနဲ့ ဆေးရုံသုံးအောက်ဆီဂျင်စက်တွေ တည်ဆောက်ဖို့ ဆောင်ရွက်နေကြတာ တွေ့ပါတယ်။
ဝေးလံခေါင်ဖျားပြီး သွားလာရေးခက်ခဲတဲ့ နေရာဒေသတွေကိုလည်း အောက်ဆီဂျင် ရရှိရေးအတွက် တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေက ကူညီပို့ဆောင်ပေးသွားဖို့ ရှိနေပါတယ်။ ဥပမာ - ချင်းပြည်နယ်က ဟားခါး၊ တီးတိန်၊ ဖလမ်း၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ စတဲ့ မြို့ အတော်များများမှာ အောက်ဆီဂျင်စက် မရှိသေးတဲ့အတွက် အချက်အချာကျတဲ့ ဟားခါးနဲ့ မင်းတပ်တို့မှာ အောက်ဆီဂျင်စက်တွေ အရင်ပို့ပေးပြီး တပ်ဆင်သွားဖို့ရှိပါတယ်။ လိုအပ်ရင် တပ်မတော်က လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ သယ်ပို့ပေးမယ်လို့ သိရပါတယ်။
နာဂဒေသတစ်ခုလုံးမှာလည်း အောက်ဆီဂျင်စက်မရှိသေးတာကို အမြန်ဖြည့်ဆည်းသွားဖို့ ရှိပါတယ်။ တပ်မတော်ကာကွယ်ရေးပစ္စည်း စက်ရုံတွေက အောက်ဆီဂျင်ကို နီးစပ်ရာဒေသက မြို့နယ်ဆေးရုံတွေကို ထောက်ပံ့ပေးဖို့ရှိသလို အရပ်ဘက်ကလည်း မြင်းခြံသံမဏိစက်ရုံ၊ တကောင်းနီကယ်စက်ရုံစတဲ့စက်ရုံတွေကနေ ထောက်ပံ့ ပေးသွားမှာ ဖြစ်ပါတယ်။
လူ့အရင်းအမြစ်ရရှိရေး
အဓိက ကြုံရတဲ့စိန်ခေါ်မှုကတော့ “ရှင်နည်းရာအဂ္ဂလူထွက်” ဆိုတာလို ဆေးရုံတွေမှာ ဆရာဝန် နည်းရတဲ့အထဲမှာ အနားမရဘဲ ကုသပေးနေရတဲ့ ဆရာဝန်တွေကိုယ်တိုင် ကိုဗစ်ရောဂါပိုး ကူးစက်ပြီး လူနာဖြစ်ကုန်ကြတာပါပဲ။ ဥပမာ - အိန္ဒိယနယ်စပ်က တမူးဆိုရင် ဆရာဝန် နှစ်ယောက်ပဲရှိရာမှာ တစ်ယောက်က ကိုဗစ်ဖြစ်နေ တယ်လို့ဆိုပါတယ်။ လိုတဲ့နေရာတွေမှာ တပ်မတော်က ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်တွေနဲ့ ကြိုးစားဖြည့်တင်းပေးနေပါတယ်။ စာရင်းအရ ဆိုရင် စောင့်ရှောက်ကုသရေးနေရာ ၂၇ဝဝ ကျော်မှာ တပ်မတော်နဲ့ အရပ်ဘက်ကျန်းမာရေး ဝန်ထမ်းက ၄၇၀၀၀ ကျော်ပဲ စုစည်းထုတ်နုတ်နိုင်လို့ ပျမ်းမျှအားဖြင့် နေရာတစ်နေရာကို ဆေးမှူး ပါရဂူကနေ သူနာပြု သန့်ရှင်းရေးအထိ ၁၈ ယောက်နဲ့ တာဝန်ယူနေရတဲ့ သဘောရှိပါတယ်။ ဒါကြောင့် ပြည်သူတွေဘက်က စေတနာ့ဝန်ထမ်းတွေ ဝိုင်းဝန်းကူညီကြဖို့ အလွန်အရေးကြီး ပါတယ်။
တပ်မတော်ဘက်က ဆေးဝန်ထမ်းတပ်ဖွဲ့ စစ်မှုထမ်းဟောင်းတွေ၊ အရပ်ဘက်က အငြိမ်းစား ကျန်းမာရေး ဝန်ထမ်းဟောင်းတွေကို တိုင်းပြည်အတွက် အရေးကြုံရတဲ့အချိန်မှာ ပါဝင်ကူညီပေးကြဖို့ ဒီနေရာကနေ ဖိတ်ခေါ်ချင်ပါတယ်။ ဒီစေတနာ့ဝန်ထမ်းတွေကိုလည်း နိုင်ငံတော်က အတတ်နိုင်ဆုံး ထောက်ပံ့ဖြည့်ဆည်းသွားမှာ ဖြစ်ပါတယ်။ အခုလို အရေးကြီးတဲ့ အခြေအနေ၊ အချိန်အခါမှာ မိမိတို့ရဲ့ စိတ်ရင်းစေတနာနဲ့ ငွေကြေးကို အဓိကမထားဘဲ မိမိတို့ရပ်ရွာအကျိုး၊ လူထုအကျိုးအတွက် ပါဝင်ကူညီကြဖို့ တိုက်တွန်းလိုပါတယ်။
ကာကွယ်ဆေးကိစ္စ
လောလောဆယ်မှာ တရုတ်နိုင်ငံက ကာကွယ်ဆေးအလုံးရေ နှစ်သန်း လှူဒါန်းသွားမှာဖြစ်ပြီး ပထမအသုတ်တစ်သန်းက မကြာမီ မှာ ရောက်လာဖို့ရှိပါတယ်။ ဒါ့အပြင် Sinovac ကုမ္ပဏီက ဆေးအလုံးရေနှစ်သန်းနဲ့ Sinofarm ကုမ္ပဏီက ဆေးအလုံးရေ နှစ်သန်းကိုလည်း ဝယ်ယူထားလို့ ကာကွယ်ဆေးတွေက နောက်ပိုင်းမှာ ဆက်တိုက်
ရောက်လာနိုင်ပါတယ်။ ရုရှားနိုင်ငံကလည်း ကာကွယ်ဆေးအလုံးရေ ခုနစ်သန်းဝယ်ယူဖို့ ညှိနှိုင်းထားပါတယ်။ ။
ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ပတ်သက်လို့ တရုတ်နိုင်ငံကနေ Ready to Fill (RTF) စနစ်နဲ့ ဒီမှာ စက်ရုံတပ်ဆင်ထုတ်လုပ်နိုင်ဖို့
ဆွေးနွေးနေသလို ရုရှားနိုင်ငံနဲ့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ခရီးစဉ်မှာ ဒီကိစ္စကို ဆွေးနွေးခဲ့လို့ ရုရှားဘက်က မြန်မာနိုင်ငံရဲ့ စွမ်းဆောင်နိုင်မှု အနေအထားဖြစ်တန်စွမ်းကို လာရောက်လေ့လာဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ရေရှည်မှာ ကာကွယ်ဆေးသုတေသနအတွက်လည်း တရုတ်နိုင်ငံ ဘက်က ကူညီသွားဖို့ရှိပြီး လန်ချန်းမဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်မှာ မြန်မာနိုင်ငံအတွက် ဒေါ်လာ သုံးသန်းကျော်တန် အဆင့် (၃) ဇီဝနည်းပညာဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ရေး အတွက် ထည့်သွင်းပေးထားပါတယ်။ ပြည်တွင်းမှာလည်း အသည်း
ရောင်အသားဝါ (ဘီ) ဗိုင်းရပ်စ်ကာကွယ်ဆေးကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ် နိုင်ခဲ့တဲ့ ဆေးသုတေသနနဲ့ တပ်က သုတေသန အဖွဲ့တွေ ပူးပေါင်းပြီး ဇီဝသုတေသနလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားဖို့ရှိပါတယ်။
သုံးသပ်တင်ပြချက်
မြန်မာနိုင်ငံလိုပဲ ကမ္ဘာမှာအခုဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဟာ အရင်ထက်ပိုပြီး ပြင်းထန်ကျယ်ပြန့်ပါတယ်။ အောက်ဆီဂျင်ပြတ်လပ်တဲ့ပြဿနာတွေ၊ သေဆုံးမှုနှုန်းမြင့်မားလို့ သုသာန်မှာ သင်္ဂြိုဟ်ဖို့ မနိုင်မနင်းဖြစ်နေတာတွေ၊ ဆေးရုံခုတင် မလောက်တဲ့ ပြဿနာတွေက ဖွံ့ဖြိုးတဲ့နိုင်ငံတွေ၊ ကာကွယ်ဆေးထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ အိန္ဒိယလိုနိုင်ငံ မျိုးတွေမှာ တောင်မှ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစိန်ခေါ်မှုတွေ ကို နိုင်ငံတွေက အောင်မြင်အောင် ကျော်လွှားကြရမှာပါ။
မြန်မာနိုင်ငံမှာလည်း အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ကာကွယ်ဆေးထိုးနှံရေး၊ ရောဂါဖြစ်ပွား သူတွေကို အဆင့်လိုက်ဖြန့်ခွဲ စောင့်ရှောက်ကုသပေးရေးနဲ့ ပြည်သူလူထုက ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ လိုက်နာနေထိုင်ရေးဆိုတဲ့ နည်းလမ်းသုံးခုကို ထိရောက်အောင်ဆောင်ရွက်နိုင်ရင် ဒီတတိယလှိုင်းကိုလည်း အောင်အောင်မြင်မြင် ကျော်လွှား နိုင်မှာဖြစ်ပါတယ်။
ကိုကိုလှိုင်