Skip to main content

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစားပါသည်ဟုဆိုပါလျှင်

 
ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ဂုဏ်ပြုထားပါသည်။ နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ကျင်းပလာခဲ့သည်မှာ (၇၄) ကြိမ်မြောက်ရှိခဲ့ပေပြီ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ရသော အာဇာနည်ကြီးများကို လေးစားဂုဏ်ပြုသည့် နေ့ထူးဖြစ်ပါသည်။ အာဇာနည်ကြီးများ၏ ပုံရိပ်လွှာနှင့် ဂုဏ်သိက္ခာ၊ ဂုဏ်ကျေးဇူးတို့ကို အောက်မေ့လေးစားဂုဏ်ပြုကြခြင်း ဖြစ်ပါသည်။
 
အာဇာနည်ကြီးများ၏ ဂုဏ်သိက္ခာကား မြင့်မြတ်လွန်းသည်။ ဂုဏ်ကျေးဇူးကား ကြီးမားလွန်း သည်။ ထုတ်ဖော်ဂုဏ်ပြု၍ မကုန်နိုင်အောင် မြင့်မြတ်ကြီးမားလွန်းပါသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူတကွ ကျဆုံးခဲ့ရသော အာဇာနည်ကြီးများသည် ဗြိတိသျှနယ်ချဲ့ လက်အောက်မှ လွတ်မြောက်အောင် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ကြသူများ ဖြစ်သည်။ ဗြိတိသျှနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ပြီး လွတ်လပ်ရေး ရရှိသည့်အခါတွင် တိုင်းတစ်ပါး သားတို့၏ သြဇာလွှမ်းမိုးမှု အနှောင် အဖွဲ့ကင်းသော ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ထူထောင် နိုင်ရန် ကြံစည်ကြိုးပမ်းနေကြသူများလည်း ဖြစ်ပါ သည်။ ။
 
လွတ်လပ်ရေးရောင်နီသန်း
 
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေး ရောင်နီသန်းနေပါပြီ။ မကြာမီ လွတ်လပ်ရေးနေ့သစ် နိဒါန်းစရပေတော့မည်။ မကြာမီ တိုင်းတစ်ပါးသား နယ်ချဲ့ဗြိတိသျှတို့၏ လက်အောက်မှ လွတ်မြောက်ရတော့မည်ဖြစ်၍ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအားလုံး ဝမ်းသာပျော်မြူးနေကြပြီ။ ဝမ်းမသာ နိုင်သူ၊ မပျော်မြူးနိုင်သူများလည်း ရှိနေပါသေးသည်။
 
ထိုသူများမှာကား ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးကို ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ လက်ထဲသို့ ပြန်လည်မပေးအပ်လိုဘဲ ဆက်လက်ခြယ်လှယ် စိုးမိုးအုပ်ချုပ် လိုသည့်နယ်ချဲ့ ဗြိတိသျှနှင့် နယ်ချဲ့ ဗြိတိသျှတို့အား ဖူးဖူးမှုတ် ကိုးကွယ်ကာ ဗြိတိသျှနယ်ချဲ့ တို့အလိုကျ ကြိုးဆွဲရာ ကပြလိုသည့် နယ်ချဲ့ဗြိတိသျှတို့၏လက်ပါးစေ အမျိုးသားရေး သစ္စာဖောက်လောက်ကောင်များ ဖြစ်ပါသည်။
 
အမျိုးသားရေး သစ္စာဖောက် လောက်ကောင်တို့ကို နယ်ချဲ့ဗြိတိသျှတို့က သွေးထိုး မြှောက်ပင့်ပေးကြ၏။ မြူဆွယ်လှည့်စားဖြားယောင်းသွေးဆောင် ကြ၏။ အမျိုးသားရေး သစ္စာဖောက်လောက်ကောင် တို့ကလည်း နယ်ချဲ့ဗြိတိသျှတို့ သွေးထိုးမြှောက်ပင့် ပေးသည့် အတိုင်း ချိုထောင်နေကြ၏။ မြူဆွယ်လှည့်စား ဖြားယောင်းသွေးဆောင်သည့်အတိုင်း ချိုကြွနေကြ၏။ ဘနဖူးသိုက်တူးလိုကြသူများ ဖြစ်ပါသည်။ ပြည်ပအားကိုးပုဆိန်ရိုးများ ဖြစ်ပါသည်။ အမိပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အကျိုးကို မငဲ့ကွက်ဘဲ ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ အကျိုးစီးပွားကို လျစ်လျူရှုကာ အမျိုးဘာသာ၊ သာသနာ၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို မျက်ကွယ်ပြုထားသည့် ဘယ်သူသေသေ ငတေမာလိုသူများ ဖြစ်ပါသည်။ အမိပြည်ထောင်စုမြန်မာနိုင်ငံ တော်ကြီးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို တိုင်းတစ်ပါးသား နယ်ချဲ့ဗြိတိသျှတို့၏ လက်အောက်ခံကျွန်ဘဝမှ လွတ်မြောက်အောင် ကယ်တင်ရမည့်အစား ကျွန်ဘဝမှရုန်းမထွက်နိုင်အောင် တွန်းပို့လိုသူများ ဖြစ်ပါသည်။
 
အခါသင့်အခွင့်ကောင်းကို စောင့်လင့်
 
အနှီသခင်စိတ်ပျောက်၍ ကျွန်စိတ်ပေါက်နေ ကြသော အမျိုးသားရေး သစ္စာဖောက် လောက်ကောင် များသည် နယ်ချဲ့ဗြိတိသျှတို့က ပေးလာအံ့သော ရာထူးဌာနန္တရများကို ဖြတ်လမ်းမှ ရယူနိုင်ရန်ကြံစည် စိတ်ကူးနေကြသည်။ အခါသင့် အခွင့်ကောင်းကို စောင့်လင့်နေကြသည်။ ၎င်းတို့စောင့်လင့်နေသော အခါသင့်အခွင့်သာသည့် အချိန်ရောက် လာချေ ပြီ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး အစည်းအဝေး ခန်းမအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်း ပါဝင်သော ဝန်ကြီးများ အစည်းအဝေး ပြုလုပ်နေသောအချိန် ဖြစ်ပါသည်။
 
နယ်ချဲ့ လက်ပါးစေ အမျိုးသားရေး သစ္စာဖောက်များသည် ဘရင်ဂန်းသေနတ်များကို ကိုင်ဆောင်ကာ ဗိုလ်ချုပ်အောင်ဆန်းတို့ အစည်းအဝေး ပြုလုပ်နေသော အစည်းအဝေး ခန်းမအတွင်းသို့ အတင်း ပြေးဝင်လာပြီး အတင်းပစ်ခတ်ကာ လုပ်ကြံလေတော့၏။ အမှီမသမာသူ လူတစ်စု၏လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဝန်ကြီးများ ဖြစ်ကြသည့် ဦးဘချို၊ မန်းဘခိုင်၊ ဦးဘဝင်း၊ သခင်မြ၊ ဦးရာဇတ်၊ စဝ်စံထွန်း၊ အတွင်းဝန် ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ ဆုံးရှုံးခဲ့ရပါသည်။ ဘယ်သော အခါမျှ မေ့မရနိုင်သော ရင်နှင့်ကြေကွဲရသည့် အဖြစ်ဆိုးဖြစ်ပါသည်။
 
ယခုအခါတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အမြဲတစေအောက်မေ့သတိရလျက် ဂုဏ်ပြုအလေးပြုကြရမည် ဖြစ်သည့် နည်းတူ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို မသိကျိုးကျွန်ပြုကာ လုပ်ကြံရက်သည့် အမျိုးသားရေး သစ္စာဖောက်လောက်ကောင် မျိုးကဲ့သို့သော ပုဆိန်ရိုးများ၏ အန္တရာယ်ကိုလည်း အစဉ်အမြဲ သတိမူအလေးထားကြရပေမည်။ အကြောင်းမူကား အမေကျော် ဒွေးတော်လွမ်းချင်ကြသည့် အမျိုးသားရေး သစ္စာဖောက်လောက်ကောင် မျိုးညစ်များ ရှိနေသော ကြောင့်ဖြစ်ပါသည်။
 
သွေးထိုးမြှောက်ပင့်
 
ယနေ့ကာလတွင် အမျိုးသားရေးသစ္စာဖောက် လောက်ကောင်မျိုး ညစ်များသည် အမိပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးနှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံသူ နိုင်ငံသား ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဇာတိပုည ဂုဏ်မာနများ ညှိုးမှိန်အောင် အရောင်ဆိုးပေးနေ ကြသည်။ နိုင်ငံ့ပိုင်နက်ပွန်းပဲ့အောင်တွန်းဖဲ့နေ ကြသည်။ အန္ဒီလောက်ကောင် မျိုးညစ်များကို ပြည်ပအသိုင်းအဝိုင်းတစ်စုက အမြဲတစေ သွေးထိုးမြှောက်ပင့် အားပေးနေကြ၏။
 
အနှီပြည်ပ အသိုင်းအဝိုင်းတစ်စုသည် အချုပ်အခြာအာဏာပိုင်သည့် ခိုင်မြဲနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ယိမ်းယိုင်အောင်နှင့် ပဝေသဏီကတည်းက တစု တစည်းရင်းနှီးချစ်ကြည်စွာ အေးအတူပူအမျှ အတူတကွနေထိုင်လာကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအချင်းချင်း စည်းလုံးညီညွတ်မှုအင်အားပြိုကွဲအောင် သွေးထိုး ဖြိုခွဲနေကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ယိမ်းယိုင်ကာ ပြည်ထောင်စုအင်အား ပျက်ပြားချည့်နဲ့လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ သြဇာလွှမ်းမိုး လိုသောကြောင့် သွေးထိုးဖြိုခွဲ ပေးနေခြင်း ဖြစ်သည်။ ၎င်းတို့အလိုကျခြယ်လှယ် စိုးမိုးနိုင်မည့် ဩဇာခံနယ်ပယ်ချဲ့ထွင်နေခြင်းဖြစ်သည်။ အသစ်ထွင် အသစ်ဆင်လာသော နယ်ချဲ့နည်း လက်သစ်၊ နယ်ချဲ့နည်းပရိယာယ်လည်း ဖြစ်ပါသည်။ ။
 
အမျိုးသားရေးအမြင်ဖြင့် ဆင်ခြင်သတိမူ
 
နယ်ချဲ့လက်သစ်၊ နယ်ချဲ့နည်းပရိယာယ်ကို အစဉ်အမြဲသတိပြုနေကြရပေမည်။ သတိမမူ ဂူမမြင်၊ သတိမူမှ မြူမြင်သည်ဟူသော ဆိုရိုးစကားအတိုင်း မြန်မာတစ်မျိုးသားလုံး၏ နှလုံးအိမ်ထဲတွင် အမျိုးသားရေးစိတ်ဓာတ် ကိန်းအောင်းလျက် အမျိုးသားရေးအမြင်ဖြင့် ဆင်ခြင်သတိမူနေပါက နယ်ချဲ့လက်သစ်၊ နယ်ချဲ့နည်းပရိယာယ်ကို ထင်းထင်းလင်းလင်း သိလာမြင်လာမည် ဖြစ်ပါ သည်။
 
အာဇာနည်ခေါင်းဆောင်ကြီး၊ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး၊ မြန်မာတစ်မျိုးသားလုံး၏ လမ်းပြရှေ့ဆောင် မီးရှူးတန်ဆောင်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိသျှလက်အောက် ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အသက်နှင့်ရင်းပြီး ကြိုးပမ်းဆောင်ရွက်ပေးခဲ့သောကြောင့် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် လွတ်လပ်သည့် နိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ခိုင်ခိုင်မာမာ၊ မားမားမတ်မတ်၊ ခံ့ခံ့ထည်ထည်၊ ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်နိုင်ခြင်းဖြစ်သည်ကို သတိမူသင့် လှပေသည်။ ထို့အတူ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို အောက်မေ့ပါသည်။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစားပါသည်ဟု တတွတ်တွတ်ပြောဆို မြည်တမ်းနေရုံနှင့် မပြီးသည်ကိုလည်း သတိပြု နေကြရဦးမည် ဖြစ်ပါသည်။
 
 
မောင်ချမ်းအေး