Skip to main content

ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

သတင်းအမှားတွေကို မယုံပါနဲ့။ မိမိဉာဏ်စွမ်းနဲ့ချင့်ချိန်ပြီး ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ် ကိုသာ ယုံကြည်ပါ။ ကိုယ်ခံစွမ်းအားကို အကောင်းဆုံးတည်ဆောက်ပြီး ကိုဗစ် - ၁၉ ရောဂါ ကို ကာကွယ်တားဆီးကြပါစို့

 

ဒေါက်တာခင်ခင်ကြီး

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၁၆ ရက် ည ၈ နာရီ သတင်း အပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာဆောင်ရွက်ချက်များ အကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြ လိုက်ပါသည်။

 

အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

 

ပထမဦးဆုံးမေးခွန်းအနေနဲ့ ဇူလိုင်လ ၁၇ ရက်ကနေ ၂၅ ရက်အထိ ရုံးပိတ်ရက်ရှည် သတ်မှတ်ထားတာနဲ့ ပတ်သက်ပြီး Stay at Home အဖြစ် သတ်မှတ်ထားပါတယ်။ အပြင်မှာ Lockdown ချတယ်ဆိုပြီး ပြောကြားနေမှုတွေနဲ့ပတ်သက်ပြီး ဆရာမအနေနဲ့ ပြောကြား ပေးပါဦး။

 

ဒေါက်တာခင်ခင်ကြီး။ ။ လက်ရှိအခြေအနေမှာ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုက မြန်မာ နိုင်ငံမှာ ဖြစ်ပွားမှုတွေက များနေဆဲဖြစ်ပါတယ်။ သေဆုံးမှုတွေကလည်း တစ်နေ့ထက် တစ်နေ့ များနေဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံ ဆောင်ရွက်ပါတယ်။ နည်းလမ်းပေါင်းစုံ ကနေပြီး လက်ရှိဖြစ်နေတဲ့ အခြေအနေကို ထိန်းချုပ် နိုင်ဖို့ ဆောင်ရွက် ပါတယ်။

 

ဒီလိုဆောင်ရွက်တဲ့အခါမှာ ဖြစ်ပွားမှုများတဲ့ မြို့နယ်တွေကို Stay at Home salyd wodporos gulosofi cursiyo Stay at Home မြို့နယ် ၇၄ မြို့နယ်ရှိပါတယ်။ တစ်ဆက် တည်း ပြောရမယ်ဆိုရင် Stay at Homeသတ်မှတ်ခြင်းသည် ရောဂါဖြစ်ပွားမှုနှုန်းများတဲ့ မြို့တွေကိုသာ ရွေးချယ်သတ်မှတ်ခြင်း မဟုတ်ပါဘူးဆိုတာကို သိစေချင်ပါတယ်။ Stay at Home သတ်မှတ်ဖို့အတွက် ရောဂါဖြစ်ပွားမှုနှုန်းများတာက တစ်ချက်ပါဝင်ပါတယ်။ ရောဂါ ဖြစ်ပွားမှုနှုန်းက တောက်လျှောက်တက်နေတယ်၊ ဖြစ်ပွားသေဆုံးမှုနှုန်းကလည်းများ နေတယ်။ နောက်တစ်ခုက အဲဒီဒေသမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်း ထပ်တိုးလာတဲ့ လူဦးရေအပေါ်ကို လုံလောက်မှုရှိဖို့က အခက် အခဲရှိတယ်။

 

ဒါ့အပြင် ပြည်သူတွေရဲ့ ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းတွေကို  လိုက်နာနိုင်မှုကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ ပြီးရင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်တွေ၊ ကျောင်းတွေ စသဖြင့် ဒီလိုနေရာမှာလည်း  စည်းကမ်းတွေက အဆင်ပြေပြေရှိနေရဲ့ လားဆိုတာကိုလည်း စဉ်းစား  ပါတယ်။ ပုဂ္ဂလိက ဆေးရုံ ဆေးခန်း၊ အစိုးရဆေးရုံ၊ ကုသရေးစင်တာတွေမှာ ကိုဗစ် - ၁၉ ရောဂါထိန်းသိမ်းစောင့်ရှောက်နိုင်မှု စတာတွေကိုကြည့်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျန်းမာရေးအသိပညာပေးတာတွေ၊  ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိနိုင်မှု အဆင့်ကို လျှော့ချတဲ့နေရာမှာ ပြည်သူလူထုရဲ့ ပါဝင်ဆောင်ရွက်မှုဒါတွေကိုလည်း ကြည့်ပါတယ်။ ဒီအချက်တွေကိုကြည့်ပြီး Stay at Homeသတ်မှတ်တာ ဖြစ်ပါတယ်။

 

stay at Home သတ်မှတ်တဲ့မြို့နယ်အနေနဲ့ သတ်မှတ်ထားတဲ့  စည်းကမ်းချက်တွေဖြစ်တဲ့ လုံးဝမလိုအပ်ဘဲ အပြင်မထွက်ပါနဲ့၊ အိမ်ထဲမှာဘဲနေပါ။ လိုအပ်လို့အပြင်ထွက်တာ၊ ဈေးသွား တာတို့ကို တစ်ယောက်  ပဲသွားပါ။ တကယ်လို့ ဆေးရုံသွားဖို့လိုအပ်ရင် အဖော်တစ်ယောက် ထပ်မံခေါ်သွားနိုင်တယ်။ လိုအပ်ချက်ရှိလို့သက်ဆိုင်ရာနဲ့ချိတ်ဆက်ကာ လိုအပ်ချက်ပေါ် မူတည်ပြီး သွားလာခွင့်ပြုတယ်။ သို့သော် တချို့စက်ရုံအလုပ်ရုံတွေ၊ ဈေးဆိုင်တွေ၊ ဆက်သွယ်ရေးကိစ္စရပ်တွေ၊ ဆီဆိုင်တွေ၊  လျှပ်စစ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ စသဖြင့် အခြေခံလိုအပ်ချက်တွေမှာ လုပ်ကိုင်နေရတဲ့ ဝန်ထမ်းတွေအနေနဲ့က လုပ်ငန်းခွင်ကို သွားရမှာ ဖြစ်ပါတယ်။ ဒါကို သိစေချင်ပါတယ်။ အခြေခံလိုအပ်ချက်တွေအတွက် အကုန်လုံး ကို ဖွင့်ပေးထားပါတယ်။ သို့သော် ပြည်သူလူထုအနေနဲ့ အိမ်မှာနေဖို့ ဖြစ်ပါတယ်။ မဖြစ်မနေက အိမ်ပြင်မထွက်စေချင်ပါဘူး။

 

ဒီလိုပါပဲ stay at Home မဟုတ်တဲ့ မြို့နယ်တွေမှာလည်း ကိုဗစ် ရောဂါဆိုင်ရာ စည်းကမ်း ချက်တွေကို လိုက်နာဖို့လိုအပ်သလို၊ ဒေသန္တရအလိုက် ချမှတ်ထားတဲ့ စည်းကမ်းတွေကို လည်း လိုက်နာဖို့လိုပါတယ်။ ဒီလိုမျိုးဆောင်ရွက်တာက ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ ဆောင်ရွက်ခြင်းနဲ့အတူ တစ်ပြိုင်နက်တည်းမှာပဲလူတွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

 

ဒီပိတ်ရက်တွေက ဇူလိုင်လ ၁၇ ရက်ကနေ ၂၅ ရက်အထိ တရားဝင်ပိတ်ရက်ရှည်အဖြစ်နဲ့ သတ်မှတ်လိုက်ပါတယ်။ ကြားမှာ ဖွင့်ရက် ၂ရက်ကိုပါ ထည့်သွင်းပြီး ပိတ်ရက်အဖြစ်နဲ့ သတ်မှတ်လိုက်ပါတယ်။ ဒီအကျိုးကျေးဇူးကိုအရယူပြီး ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ရေးကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီပိတ်ရက် ကိုးရက်မှာ ဝန်ထမ်း တွေကိုပါ လုပ်ငန်းခွင် ကို မသွားခိုင်းဘူး။ မိမိအိမ်မှာဘဲ နေစေတယ် ဆိုတာကြောင့် ကိုဗစ် -၁၉ ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ ကူးစက်မှု စက်ဝန်းကို ဖြတ်တောက်ချင်လို့ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် မီးလောင်တဲ့အခါမှာ တစ်နေရာနဲ့တစ်နေရာ မီးမကူးအောင် မီးတားလမ်း တွေ ဆောင်ရွက်ရပါတယ်။ မီးလက်ရှိလောင်နေတဲ့နေရာမှာ နောက်ထပ်လောင်စာတွေ မရှိအောင် ဆောင်ရွက် ရပါတယ်။ ဒီသဘောအတိုင်းပါပဲ။ ကိုဗစ် - ၁၉ လက်ရှိဖြစ်ပွားမှုတွေ မြင့်တက်နေဆဲကာလမှာ ရောဂါဖြစ်ပွားမှုရှိနေတဲ့သူ အပြင်မထွက်တော့ဘူး၊ အပြင်ကို ကူးလူးဆက်သွယ်မှု မရှိတော့ဘူးဆိုရင် သူနဲ့ Social Contact လို့ခေါ်တဲ့ ထိတွေ့မှုတွေက နည်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုနည်းသွားတဲ့အခါမှာ ရောဂါကူးစက်မှုက တစ်ယောက်ကနေ တစ်ရာဆိုသလို ကူးစက်မှုတွေက လျော့သွားမှာ ဖြစ်ပါတယ်။

 

လက်ရှိ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုအနေနဲ့ ပထမဦးဆုံး စတင် ဖြစ်ပွားစဉ်တုန်းက ဗိုင်းရပ်စ်ဟာ လူတစ်ယောက်ကနေ နှစ်ယောက်ခွဲနဲ့ နှစ်ယောက်ခွဲကျော်ကျော် ကူးစက်နိုင်ပါ တယ်။ နောက်ပိုင်းမှာ မျိုးဗီဇ တွေပြောင်းလာတယ်။ ဥရောပသမဂ္ဂနိုင်ငံတွေမှာ စပြီးတွေ့ရ တဲ့ မျိုးဗီဇပြောင်းကူးစက်မှုက ၃ ယောက်အထိ ရှိပါတယ်။ သို့သော် ရောဂါ ဖြစ်ပွားမှုကို ပိုပြီး မြန်ဆန်စေတဲ့ ဗီဇပြောင်းမျိုးကွဲတွေ ဖြစ်လာတဲ့အခါမှာ 'အယ်လ်ဖာ’ ဆိုတဲ့ ယူကေနိုင်ငံမှာ စတွေ့တဲ့ ဗီဇပြောင်းမျိုးကွဲရဲ့  ကူးစက်နိုင်မှုက ၄ ယောက်ကနေ ၅ ယောက်အထိ ဖြစ်လာပါတယ်။ ဒီအချိန်မှာ “ဒယ်လ်တာ” က ၈ ယောက်အထိ ကူးစက်နိုင်ပါတယ်။

 

ဒီလိုမျိုး တစ်ယောက်ကနေ ကူးစက်မှုများစေတဲ့ ဗီဇပြောင်းမျိုးကွဲ တွေဆိုတာက ယခု လက်ရှိကမ္ဘာပေါ်မှာ ဖြစ်ပွားမှုရဲ့ တရားခံတွေ ဖြစ်ပါတယ်။ ဒီဗီဇပြောင်းမျိုးကွဲတွေထဲမှာမှ “ဒယ်လ်တာ” ဆိုတဲ့ ဗိုင်းရပ်စ် ပိုးမျိုးက ကမ္ဘာ့နိုင်ငံ ၁၁၁ နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နောက်ထပ် ၃ နိုင်ငံမှာ ဖြစ်ပွားနေတာက 'ဒယ်လ်တာ” ဗိုင်းရပ်စ် ဟုတ်/ မဟုတ်ဆိုတာကို သုတေသနပြု နေဆဲ ဖြစ်ပါတယ်။ ဒါပါထည့်တွက်ရင် ကမ္ဘာပေါ်က ၁၁၄ နိုင်ငံလောက်ဟာ ဒယ်လ်တာ” ဆိုတဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါဖြစ်ပွားမှုတွေ များနေတယ်။

 

တချို့သုတေသနပြုချက်တွေအရ “ဒယ်လ်တာ” ဗိုင်းရပ်စ်က ပိုပြီးပြင်းထန်မှုတွေကို ခံစားရ တယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒါဆိုရင် ယူကေ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုးတွေ ရောက်နေပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း “အယ်လ်ဖာ” နဲ့ “ဒယ်လ်တာ” အပြင် နောက်ထပ် “ကပ်စ်ပါ” ပါရောက်ရှိနေပြီလို့ သိထားတဲ့ အတွက်ကြောင့် လက်ရှိဖြစ်နေတဲ့ ရောဂါကူးစက် မှုများစေတဲ့ လက်သည်တရားခံသည် ဗီဇပြောင်းမျိုးကွဲလို့ သတ်မှတ်ပြီး သူရဲ့ကူးစက်မှုကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့အတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

 

ဒီပိတ်ရက်အခွင့်အရေးကို အရယူရမှာ ဖြစ်ပါတယ်။ ဒါဆို ဒီပိတ်ရက်က Lock down လုပ်တာလား၊ Lock down လုပ်တာ မဟုတ်ပါဘူး။ Lock down နဲ့ stay at Home က မတူပါဘူး။ Lock down မှာဆိုရင် Transport တွေ အကုန်လုံး လေယာဉ်၊ ရထား စတဲ့ Public Transport တွေ အကုန်လုံးပိတ်တာတွေ ပါပါတယ်။ သတ်မှတ်ထားတဲ့ နေရာက လွဲပြီး လုံးဝမထွက်ရတာတွေ၊ တချို့နေရာတွေမှာဆိုရင် ညမထွက်ရ အမိန့်တွေပါဝင်ပြီး ဆောင်ရွက်ထားတာရှိပါတယ်။ ဒါကိုချိုးဖောက်ရင် ပြစ်ဒဏ်ချမှတ်တဲ့ကိစ္စတွေ ပါတယ်။

 

အခုက stay at Home ဖြစ်ပါတယ်။ Stay at Home သည် မိမိ အိမ်မှာပဲ နေထိုင်မယ်။ အပြင်ကို ကိစ္စမရှိရင် မထွက်ဘူး။ ဒီလိုလုပ်ခြင်း အားဖြင့် မိမိမှာ ရောဂါပိုးတွေရှိနေမယ်၊ ရှိနေနိုင်တယ်ဆိုရင်တောင်မှ အခြားလူကို ကူးစက်မှုတွေမဖြစ်ပေါ်စေဘဲ ဒီရောဂါပိုးရဲ့ ၂ ရက်ကနေ ၁၄ ရက်ဆိုတဲ့ အတိုင်းအတာမှာ ကူးစက်နိုင်ဆုံးသည် ပထမအပတ် ဖြစ်ပါတယ်။

 

ဒီတစ်ပတ် ကိုးရက် Stay at Home လုပ်ဆောင်ခြင်းသဘောနဲ့ ပိတ်ရက်တွေကို ပေးလိုက် ခြင်းသည် ကူးစက်နိုင်စွမ်းနည်းပါးအောင် လုပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပိတ်ရက်ကိုးရက်ပြီးလို့ နောက်ပိုင်းမှာဆိုရင် ရောဂါကူးစက်မှုတွေ အတိုင်းအတာတစ်ခုအထိ လျော့ကျသွားမယ်လို့ ယုံကြည်ရပါတယ်။ ဒါဟာ ပြည်သူပြည်သား တစ်ဦးတစ်ယောက်ချင်းနဲ့ ဝန်ထမ်းတွေ အကုန်လုံးရဲ့ ပူးပေါင်းကူညီမှုနဲ့ ပါဝင်ဆောင်ရွက်မှုအပေါ်မှာ မူတည်ပါတယ်။

 

ဘာဖြစ်လို့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေရသလဲဆိုတော့ ဒါဟာ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပါတယ်။ လူသားတစ်ရပ်လုံးရဲ့ ကျန်းမာရေး နဲ့ဆိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ မိမိကိုယ်တိုင် ကစပြီး တစ်ဦးတစ်ယောက် ချင်းစီကသာ ရောဂါပိုးမကူးစက်အောင် ကာကွယ်ခြင်းသည် ကိုယ့်ရဲ့ ချစ်တဲ့မိသားစုဝင်တွေကို ရောဂါမကူးစက်အောင် ကာကွယ်ရာရောက်သလို မိမိ ပတ်ဝန်းကျင်ကိုလည်း ရောဂါပိုးကူးစက်စေသူ၊ ရောဂါပိုး ဖြန့်ဝေသူမဖြစ်အောင် ကာကွယ်ရာ ရောက်တဲ့အတွက် ဒီပိတ်ရက် ကိုးရက်ကိုတော့ ကျွန်မတို့တွေ သေသေချာချာ ကိုဗစ် စည်းကမ်းတွေကို လိုက်နာပြီး Stay at Home နေကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။

 

Stay at Home ဖြစ်ပေမယ့် တကယ့်အခြေခံလိုအပ်တဲ့ ဆေးဆိုင်၊ ဆေးပစ္စည်းတွေ၊ ကျန်တဲ့ လူသုံးကုန်ပစ္စည်းရောင်းဝယ်တဲ့ ကိစ္စရပ်တွေ၊ Transport အတွက် ဆီရောင်းဝယ်ရေးတွေ၊ လျှပ်စစ်နဲ့ဆိုင်တဲ့ကိစ္စရပ်တွေ၊ ဆက်သွယ်ရေးကိစ္စရပ်တွေ မပါဝင်ပါဘူး။ အဓိက မေတ္တာရပ်ခံ လိုတာက ဒီကိုးရက်ကိုသာ ကျကျနန အခွင့်အရေးယူတတ်မယ်ဆိုရင် သေချာတာကတော့ ကိုဗစ် - ၁၉ ရောဂါဟာ ကျွန်မတို့ရဲ့ အဝေးကို ရောက်ရှိသွားနိုင်ပါတယ်။ ဒီအခွင့်ကောင်းကို အရယူကြဖို့ မေတ္တာရပ်ခံ လိုပါတယ်။

 

အစီအစဉ်မှူး။ ။ ပြည်သူတွေအနေနဲ့ အာဟာရပြည့်ဝစေဖို့ စားသုံးတဲ့အခါကြက်ဥအစား အခြားသီးနှံတွေကို စားသုံး လို့ရတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာ ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ ရှုထောင့်ကနေ ဖြေကြားပေးပါဦး။

 

ဒေါက်တာခင်ခင်ကြီး။ ။ ဟုတ်ပါတယ်၊ ကိုဗစ်-၁၉ ရောဂါဖြစ်လာပြီ၊ ကမ္ဘာပေါ်မှာလည်း သေဆုံးမှုတွေက သိန်း ၄၀ ကျော် သေနေပြီ။ ကမ္ဘာ့လူဦးရေရဲ့ ၁၈၉ သန်း ဖြစ်နေပြီဆိုတော့ ပေါ့ဆလို့မရတဲ့ရောဂါဆိုတာ အားလုံးသဘောပေါက်ကြမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မည်သူမဆို ကိုယ်ခံအားကောင်းရင် ကိုယ့်ရဲ့ချစ်လှစွာသော မိသားစုကို ဒီရောဂါဆိုးကြောင့် ရောဂါပြင်းထန်စွာ ခံစားရတာတွေ မတွေ့ချင်ပါဘူး။ ဒီရောဂါကြောင့် သေဆုံးရတဲ့ အဖြစ်မျိုး ကိုလည်း ဘယ်မိသားစုကမှ မဖြစ်စေချင်ပါဘူး။ ဒါက မိမိမိသားစုတွေ အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်။

 

အချို့သော ဝိသမလောဘသားတွေ၊ မတည်မငြိမ်ဖြစ်စေချင်တဲ့ အချို့သောသူတွေက အောက်ဆီဂျင်ကိစ္စမှာလည်း အောက်ဆီဂျင်တွေ မလိုအပ်ဘဲ ပြည်သူလူထုတွေက စိုးရိမ်ပြီး အောက်ဆီဂျင်တွေ မရမနေ လိုက်ဝယ်တဲ့ အဖြစ်မျိုးတွေ ဆောင်ရွက်နေသလို၊ အခြားတစ်ဖက် ကလည်း ကြက်ဥတွေကိုစားရင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်တယ် ဆိုပြီး သတင်းအမှားတွေလွှင့်နေပြီး အချို့တွေမှာ ကြက်ဥတွေကို လိုအပ်တာထက်ပိုပြီး အများကြီး လိုက်ဝယ်တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ ကြက်ဥတွေ ပြတ်လပ်သွားတာ၊ ဈေးအဆ မတန်မြင့်သွားတာ တွေ့ရှိရပါတယ်။

 

WHO ကထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များလာတဲ့အခါ အာဟာရပြည့်ဝအောင် ဘယ်လိုစားသောက်ရမလဲဆိုတဲ့ Nutrition Advice ကို တင်ပြချင်ပါတယ်။ ခန္ဓာကိုယ်မှာ အာဟာရပြည့်ဝအောင် စားတယ်။ ရေဓာတ်ကိုဖြည့်တယ်ဆိုရင် ကျွန်မတို့ ခန္ဓာကိုယ်က ကျန်းမာ နေမယ်။ ကိုယ်ခံစွမ်းအားစနစ်ကလည်း ကောင်းမွန်စွာရှိနေမယ်။ အားရှိ နေမယ်။ အားကောင်းနေမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ရောဂါပိုးကူး စက်ပြန့်ပွားမှုကိုလည်း ဖြစ်ပွားနိုင်တဲ့ အန္တရာယ်အနေနဲ့လည်း နည်းပါးသွားနိုင်သလို ကူးစက်နိုင်ဖို့ အခွင့်အလမ်း နည်းသွားပါတယ်။ ဒါဟာ အရေးကြီးပါတယ်။

 

သန့်ရှင်းလတ်ဆတ်ပြီး ပြုပြင်ထားခြင်းမရှိတဲ့ အစားအစာတွေ စားဖို့လိုအပ်ပါတယ်။ ဒါမှသာ ဗီတာမင်စီတွေရမယ်။ Minerals တွေ ဓာတ်ပစ္စည်းတွေရမယ်။ ပြီးရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်တွေရရှိမှာ ဖြစ်ပါတယ်။ ပရိုတင်းတွေရမယ်။ ခန္ဓာကိုယ်အတွက် ကင်ဆာကနေ ကာကွယ်ပေးတဲ့ Antioxidants တွေရရှိမှာ ဖြစ်ပါတယ်။ ဒါမှသာ ကိုယ်ခံ စွမ်းအားစနစ်က ကောင်းစွာအလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ရေကိုလည်း လုံလောက်စွာ သောက်ရမယ်။ သကြားတွေ၊ ဆီတွေ၊ ဆားတွေကို တတ်နိုင်သမျှ လျှော့စားရမှာ ဖြစ်ပါတယ်။ ဒါတွေကိုလျှော့စားခြင်းဖြင့် အဝလွန်ကဲတာ၊ နှလုံးရောဂါ၊ လေဖြတ်လေငန်း ရောဂါတွေ၊ ဆီးချိုရောဂါနဲ့ အချို့ကင်ဆာရောဂါတွေကနေ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။

 

ဘယ်လိုအာဟာရပြည့်ဝတဲ့ အစားအစာတွေ စားရမလဲဆိုရင် အသီးအနှံတွေစားပါ။ ဟင်းသီးဟင်းရွက်တွေ စားပါ။ ပဲတောင့်ရှည်တွေ၊ ပဲနီလေး၊ ပဲဝါလေးတွေ စားပါ။ အခွံမာ အသီး၊ အစေ့အဆန်တွေစားပါ။ ဂျုံ၊ စပါးတွေစားပါ။ ပြောင်းဖူးတွေ၊ ဂျုံ၊ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေစားပါ။ ဆန်လုံးညိုစားပါ။ အာလူးတွေ၊ ကန်စွန်းဥတွေ၊ ပီလောပီနံ တွေစားလို့ရပါတယ်။ အသားတွေ၊ ငါးတွေ စားလို့ရပါတယ်။ ဥတွေ စားလို့ရပါတယ်။ နို့လည်း သောက်လို့ရပါတယ်။

 

ဒါဆိုရင် ကြက်ဥသည် စားသင့်တဲ့ အစားအစာထဲက တစ်ခုဆိုတာကို သဘောပေါက်လို့ ရပါတယ်။ ကြက်ဥတစ်မျိုးတည်းစားရုံနဲ့ ကိုဗစ်-၁၉ ကိုကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို မရပါဘူးဆိုတာ ပြောချင်ပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ကိုယ်စားတဲ့ အစားအစာရဲ့ တစ်ဝက်လောက်စီမျှခြေ လောက်စားဖို့လိုတယ်ဆိုတာ ပြောချင်ပါတယ်။ သရေစာတွေ စားမယ်ဆိုရင်လည်း အသင့်စားတွေကို မစားဖို့၊ အသီးအနှံ လတ်လတ် ဆတ်ဆတ် တွေကိုစားဖို့ပါ။ အထူးသဖြင့် သကြား၊ ဆီနဲ့ဆားတို့ကို လျှော့စားဖို့ဖြစ်ပါတယ်။ အရေးကြီးတဲ့ နောက်တစ်ချက်က ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အကျက် လွန်အောင် မချက်ဖို့လိုပါတယ်။ အကျက်လွန်ရင် အရေးကြီးတဲ့ ဗီတာမင်တွေ ဆုံးရှုံးလို့ ဖြစ်ပါတယ်။

 

နံပါတ် နှစ်အချက်က ရေများများသောက်ဖို့ပါ။ ရေကို တစ်နေ့ကို ရေဖန်ခွက် ၈ ခွက်မှ ၁ဝ ခွက်အထိ သောက်ရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ပမာဏအများစုက ရေနဲ့တည်ဆောက် တာ ဖြစ်ပါတယ်။ ရေသောက် ခြင်းသည် ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အာဟာရတွေ၊ ဓာတ်တွေကို သွေးဆီ ကို ပို့ဆောင်ပေးတဲ့အခါမှာ အရေးကြီးပါတယ်။ ပြီးရင် ခန္ဓာကိုယ်ရဲ့ အပူ၊ အအေးကိုလည်း ထိန်းညှိပေးပါတယ်။ ဒါ့အပြင် မလိုအပ်တဲ့ အညစ်အကြေးတွေ စွန့်ထုတ်ရာ မှာလည်း ကူညီပေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေကိုလည်း ပုံမှန်အတိုင်း လုပ်ငန်း ဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ ချောဆီအဖြစ်နဲ့ ဆောင်ရွက်ပေးပါတယ်။

 

ဒါကြောင့် ရေကို လုံလောက်အောင် သောက်သင့်ပါတယ်။ တချို့ တွေက ပြောကြပါတယ်။ အချိုရည်တွေ သောက်လို့မရဘူးလား။ ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်လို့ မရဘူးလား ဆိုတော့ ရပါတယ်။ သို့သော် သိပ်ပြီးချိုလွန်းတာတွေ သောက်လို့မရပါဘူး။ ကော်ဖီ၊ လက်ဖက်ရည်တွေကိုလည်း အသင့်အတင့်လောက်ပဲ သောက်ဖို့လိုပါတယ်။ တန်ဆေး လွန်ဘေးဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆိုဒါတွေပါတဲ့ အချိုရည် တွေ မသောက်သင့်ပါဘူး။ လတ်ဆတ်တဲ့ အသီးအနှံဖျော်ရည်တွေကို သောက်သင့်ပါတယ်။

 

တတိယအချက်အနေနဲ့ အဆီနဲ့ ဆီတွေကိုလည်း သင့်တင့်အောင် စားရမှာဖြစ်ပါတယ်။ မပြည့်ဝဆီကို ပိုပြီးတော့စားရမှာဖြစ်ပါတယ်။ မပြည့်ဝဆီက ငါးမှာရှိပါတယ်။ အသီးအနှံ ဆိုရင် ထောပတ်သီးမှာရှိတယ်။ အခွံမာသီးနဲ့ သံလွင်သီး၊ ပဲပိစပ်၊ နေကြာဆီ၊ ပြောင်းဖူးဆီ တွေမှာ ရှိပါတယ်။ ဒါတွေက ခန္ဓာကိုယ်အတွက် အကျိုးပြုပါတယ်။ စားသင့်တဲ့ ဆီတွေ ဖြစ်ပါ တယ်။ အဖြူရောင်အသားတွေဖြစ်တဲ့ ကြက်သား၊ ဘဲသား၊ ငါးတွေကိုလည်း စားပေးသင့်ပါ တယ်။ သူတို့မှာ အဆီနည်းပါတယ်။ အနီရောင်ရှိတဲ့ အသားတွေထက်စာရင် ကျန်းမာရေး အတွက် ပိုကောင်းပါတယ်။ ပြုပြင်ထားတဲ့ အခြောက်ခံထားတဲ့၊ အေးခဲထားတဲ့ အသား တွေကို ရှောင်သင့်ပါတယ်။ အဆီတွေနဲ့ ဆားများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နို့တွေ လည်း သောက်လို့ရပါတယ်။ အဆီထုတ်ထားတဲ့ နို့တွေက ပိုသင့်တော်ပါတယ်။ သင့်တင့်တဲ့ အဆီကလည်း ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အတွက် စားပေးရမှာဖြစ်တဲ့အတွက် သင့်တင့်သလောက် စားပေးဖို့လိုပါတယ်။ အေးခဲထားတဲ့ အသင့်သုံးအစားအစာတွေ၊ အေးခဲ ထားတဲ့ ပီဇာတွေ၊ ကွတ်ကီးတွေ၊ အသင့်စားတွေကို မစားသင့်ပါဘူး။

 

နံပါတ် လေးအချက်က အစားအသောက်ပြင်ဆင်ချက်ပြုတ်တဲ့ အခါ ဆားတို့၊ သကြားတို့ကို တတ်နိုင်သလောက် လျှော့စားကြရမှာ ဖြစ်ပါတယ်။ နံပါတ်ငါးအချက်က အပြင်ကို ထွက်မစားဖို့ တိုက်တွန်း ထားပါတယ်။ အပြင်ကိုထွက်စားရင် ကိုယ့်အတွက် ရောဂါကူးစက်ဖို့ အခွင့်အလမ်းတွေ များပါတယ်။ အိမ်မှာပဲစားခြင်းဟာ အန္တရာယ်ကင်းပါတယ်။ ကိုယ့်အတွက် ရောဂါပိုးဝင်နိုင်တဲ့ အခွင့်အလမ်းကို လျှော့ချ ပြီးသားဖြစ်သွားမယ်။

 

ဒါကြောင့် ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချဖို့ နိုင်ငံတော်အနေနဲ့ လမ်းညွှန်ထားတာ ရှိပါတယ်။ ဒီမှာလည်း ဖြစ်နိုင်ရင် ဆိုင်ထိုင်စား မလုပ်ဖို့ လမ်းညွှန်ထားပါတယ်။ နောက် တစ်ခုက စားသောက်ဆိုင်တွေရဲ့ စားပွဲတွေ၊ မျက်နှာပြင်တွေမှာလည်း ရောဂါပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။ ဒီရောဂါပိုးတွေကို လက်နဲ့ကိုင်မိမယ်။ မိမိရဲ့ မျက်နှာနဲ့ နှာခေါင်းတွေ ကို  ကိုင်မိရင် ကူးစက်နိုင်ပါတယ်။ နောက်ပြီး စားပြီဆိုကတည်းက ကိုယ့်ရဲ့ နှာခေါင်းစည်းကို ချွတ်ရမှာ ဖြစ်ပါတယ်။ အဲဒီအခါ ရောဂါပိုးဝင်ဖို့အတွက် အခွင့်အလမ်းပေးသလို ဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့် မဖြစ်မနေ အပြင်ထွက်ပြီး စားရမယ်ဆိုရင်တောင်မှ လက်ကို သေချာဆေးဖို့၊ တတ်နိုင်သမျှ အိမ်မှာပဲနေဖို့အတွက် တိုက်တွန်းထားပါတယ်။

 

နံပါတ်ခြောက်အချက်က အခုအချိန်မှာ ကိုဗစ်-၁၉ အတွက် အကုန်  လုံးက စိုးရိမ်နေကြ တယ်။ သတင်းမှန်နဲ့သတင်းအမှားတွေကလည်းရောယှက်နေတယ်။ ကြောက်လန့်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် တဲ့သတင်းတွေကလည်း အများကြီးရှိပါတယ်။ တစ်ခါတလေ ပုံမှား ရိုက်ပြီး သတင်းအမှန်ကို သတင်းအမှားကြားမှာညှပ်ပြီး သတင်းမှန်ယောင်ယောင် ဖော်ပြတာမျိုးတွေလည်းရှိပါတယ်။ သတင်းတွေက ဖောင်းပွနေပြီး Infodemic လို့တောင် ပြောကြပါတယ်။

 

ဒီအခါမှာ ဘယ်သတင်းက မှန်တယ်၊ ဘယ်သတင်းက မှားတယ် ဆိုတဲ့ ဆုံးဖြတ်နိုင်စွမ်း တွေက ကျသွားပါတယ်။ စိုးရိမ်ပူပန်တဲ့စိတ်ရှိတဲ့ အတွက် မှန်၏၊ မမှန်၏ စဉ်းစားတာကို အဟန့်အတား ဖြစ်သွားစေပါတယ်။ ဒီလိုအခါမျိုးမှာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို မိသားစုအတွင်းမှာ နှစ်သိမ့်ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ စိုးရိမ်မကြီးဖို့ အရေးကြီးပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားနိုင်ဖို့လိုသလို တစ်ဖက်မှာလည်း စိတ်ပိုင်း ဆိုင်ရာ နှစ်သိမ့်အားပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်မိသားစုအချင်းချင်း အားပေးပါ။ နှစ်သိမ့်ပါ။ ကိုဗစ်-၁၉ ဟာ ရောဂါဆိုးဖြစ်တယ်။ သို့သော် ဖြစ်တဲ့လူတိုင်း မသေပါဘူး။

 

ကိုဗစ်-၁၉ ဖြစ်တဲ့သူတွေရဲ့ ၈၀ ရာခိုင်နှုန်းသည် မိမိမှာဖြစ်လို့ ဖြစ်မှန်းမသိ သာမန်လက္ခဏာ လောက်ပဲခံစားရမယ်။ ဥပမာ - ဖျားမယ်၊ ချောင်းဆိုးရင် ဆိုးမယ်၊ ခေါင်းကိုက်ရင် ကိုက်မယ်။ အနံ့ပျောက်ရင် ပျောက်မယ်။ စသဖြင့် သာမန်လက္ခဏာလောက်ပဲခံစားရပြီး ပျောက် ကင်းသွားပါတယ်။ ပျောက်ကင်းတဲ့ သုတေသနတွေလည်း အများကြီး ရှိပါတယ်။ WHO က ၈၀ ရာခိုင်နှုန်းသည် မစိုးရိမ်ရဘူးလို့ ပြောထားပြီးသားဖြစ်ပါတယ်။ ဒီအထဲမှာ ကိုယ်ဟာ ပါဝင်ပါတယ်။ ရောဂါ လက္ခဏာတစ်ခုခု ခံစားနေရပြီဆိုတာနဲ့ အသက်ရှူမဝဖြစ်တယ်၊ နေလို့ မကောင်းဘူး၊ အောက်ဆီဂျင်များလိုမလား၊ တစ်ခုခုတော့ ဖြစ်နေပြီဆိုပြီး အစား အသောက်ကို အာဟာရပြည့်ဝစွာစားဖို့အတွက်နဲ့ စာရင် ပူပန်မှုတွေ ဖြစ်လာပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ မောလာမှာ၊ အောက်ဆီဂျင်ကျလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

 

ဒါကြောင့် ဖြစ်လာပြီဆိုရင် နောက်ခံရောဂါတွေလည်းမရှိဘူး၊ အသက်ကလည်းငယ်မယ်၊ မိမိက ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ထားတဲ့လူဆိုရင် မိမိဟာ ၈၀ ရာခိုင်နှုန်းထဲမှာ ပါဝင် နိုင်တယ်ဆိုတာ သဘောထားပြီး သောကတွေကို လျှော့ဖို့လိုပါတယ်။ ၁၅ ရာခိုင်နှုန်းတော့ ရောဂါလက္ခဏာပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ သူတို့တွေကတော့ အောက်ဆီဂျင်လိုကောင်းလိုနိုင်ပါတယ်။ ၁၅ ရာခိုင် နှုန်းလိုတယ်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ ဆေးရုံတက်ရောက်ရနိုင်ပါတယ်။ လိုအပ်တဲ့ အောက်ဆီဂျင်ပေးပြီး လိုအပ်တဲ့ကုသမှုတွေကို ဆောင်ရွက်လိုက်မယ်ဆိုရင် သူတို့တွေကလည်း ပြန်ကောင်းသွားနိုင်ပါတယ်။

 

ဘယ်လိုအခြေအနေတွေအပေါ်မူတည်နေသလဲဆိုရင် ဖြစ်တဲ့လူနာရဲ့ အသက်အရွယ်၊ နောက်ခံရောဂါတွေ ခံစားနေရတာ ရှိ/မရှိ၊ ဘာတွေလဲ ဆိုရင် အသက်အရွယ်ကလည်း ၆၀ ကျော် ဖြစ်မယ်၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်မကောင်းတာ၊ အဆုတ်က ကောင်းကောင်း အလုပ်မလုပ်နိုင်တာ၊ သွေးနီဥတွေရဲ့ ပုံသဏ္ဍာန်ပျက်ယွင်းနေတာ၊ ကင်ဆာ ဝေဒနာခံစားနေရသူတွေ၊ နဂိုကတည်းက ကိုယ့်ရဲ့ ကိုယ်ခံအားက ကိုယ့်ကိုတိုက်ထုတ်နေတဲ့ Auto Immune Diseases ကို ခံစား နေရ သူတွေ၊ ဆေးလိပ်သောက်သူတွေ၊ BMI ၄၀ အထက် ဝတဲ့သူတွေ၊ အဝလွန်တဲ့သူတွေ ဒီလိုမျိုးဆိုရင်တော့ ၁၅ ရာခိုင်နှုန်းထဲ ရောက်ရှိနိုင် ပါတယ်။ အထူးသတိထားရမှာ ဖြစ်ပါတယ်။ ကိုယ်ဟာ ၁၅ ရာခိုင်နှုန်း ထဲဝင်ရင်လည်း မသေနိုင်ပါဘူး။ ဒါလေးကိုလည်း သိစေချင်ပါတယ်။

 

ကမ္ဘာပေါ်မှာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်းကို ကြည့်လိုက်မယ်ဆိုရင် ၂ ရာခိုင်နှုန်း ရှိပါတယ်။ ပြောချင်တာကတော့ ၁၀၀ ဖြစ်ရင် ၂ ယောက်ပဲ သေစေနိုင်တယ်ဆိုတာ သိစေချင် ပါတယ်။ ၂ ရာခိုင်နှုန်းထဲ ပါဖို့က အခွင့်အလမ်းနည်းပါတယ်။ ကိုယ်ရဲ့ စိတ်ဓာတ်ကို ဒီလိုမျိုး မြှင့်တင်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်တွေကို ပြုပြင်မယ်။ လိုအပ်တဲ့ အိပ်ရေးဝဝအိပ်ခြင်း၊ စိတ်သောကတွေကို တတ်နိုင်သလောက် လျှော့ခြင်းစတာတွေကို ပူးပေါင်းလုပ်ဆောင်မယ် ဆိုရင် မိမိရဲ့ကိုယ်ခံစွမ်းအားက တက်လာမှာဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအားတက်လာတာ နဲ့ အတူ ရောဂါပိုးဝင်ရောက်နိုင်တဲ့ အခွင့်အလမ်း၊ ဝင်ရောက်ရင်တောင်မှ ပွားများနိုင်တဲ့ အခွင့် အလမ်း၊ ပွားများထားရင်တောင်မှ ရောဂါဖြစ်ပွား နိုင်တဲ့အဆင့်အထိ ရောက်ဖို့ခဲယဉ်းပါတယ်။ ရောဂါဖြစ်ပွားတဲ့အဆင့် အထိရောက်ရင်တောင်မှ ပြင်းထန်တဲ့အဆင့်အထိရောက်ဖို့ ခဲယဉ်းပါ တယ်။

 

ဒါကြောင့် ဖေ့ဘွတ်ပေါ်မှာ၊ ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်ကမှန်းမသိ၊ ကိုယ်နဲ့မရင်းနှီး၊ မသိတဲ့လူတွေက ပြောတဲ့စကားတွေကို ယုံကြည်သင့် သလား၊ မိမိကိုယ်သာကိုးကွယ်ရာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ရင် WHO, CDC တို့ စတဲ့ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဆိုရင်လည်း ဖြစ်ပေါ်လာတဲ့ အခြေအနေ အပေါ် မူတည်ပြီး ပြည်သူတွေကို အသိပညာပေးတဲ့ကိစ္စတွေကို ဆောင်ရွက်နေပါတယ်။ www.mohs.gov.mm မှာ လိုအပ်တဲ့ သတင်း အချက်အလက်တွေကို ကြည့်နိုင်ပါတယ်။

 

အဲဒီမှာ Scan ဖတ်ပြီးလိုအပ်တဲ့ သတင်းအချက်အလက်တွေကို ကြည့်ရှုနိုင်အောင် ဆောင်ရွက်ထားတာတွေလည်း ရှိပါတယ်။ ဒါကြောင့် သတင်းအမှားတွေကို မယုံပါနဲ့။ မိမိဉာဏ်စွမ်းနဲ့ချင့်ချိန်ပြီး ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်ကိုသာ ယုံကြည်ပါ။ ကိုယ်ခံ စွမ်းအားကို အကောင်းဆုံးတည်ဆောက်ပြီး ကိုဗစ် - ၁၉ ရောဂါကို ကာကွယ်တားဆီး ကြပါစို့လို့ ကျွန်မအနေနဲ့ ပြောကြားလိုပါတယ်။

 

အစီအစဉ်မှူး။ ။ အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

ထက်လျှံ