အိုဘယ့်မိခင် စာပေဂီတပညာရှင် ဆရာမကြီးစောမုံညင်း
စာပေဗိမာန်နှင့် ကျွန်မ
လွန်ခဲ့သည့် ၁၄ နှစ်က ဖြစ်ပါသည်။ စာပေဗိမာန်၏ ဂုဏ်သတင်းကြီးမှုကို ကျွန်မမိဘများ၏ စကားများနှင့် ငယ်စဉ်ကဖတ်ခဲ့ဖူးသော စာအုပ်စာစောင် များမှ သိရှိခဲ့ပြီးဖြစ်လေရာ ထိုနေရာ မျိုးတွင် အလုပ်ရခဲ့သည်မှာ ကျွန်မအဖို့ ကံထူးလှသည်ဟု ဆိုရမလိုပင်။ စာပေဗိမာန်၏ လှေကားထစ်များကို တစ်ထစ်ချင်း လှမ်းတက်ခဲ့စဉ် “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသော စာပေဗိမာန်၏ဆောင်ပုဒ်ကို ဖတ်ရှုရင်း “ဪ ... ဒီလှေကားလေး ဟာ ဆရာကြီးသခင်ဘသောင်း၊ ဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ဗိုလ်ဗကို၊ ဆရာကြီး ပါရဂူ၊ ဆရာကြီး မောင်ဆုရှင်၊ ဆရာကြီး မုံရွာဝင်းဖေ စသည့် စာပေပညာရှင် ပေါင်းများစွာ နင်းတက်ခဲ့သည့် လှေကားလေးပါတကား၊ ဂုဏ်ယူ စရာ ကောင်းလှပေစွ၊ ငါလည်း ဒီဆရာကြီးတွေလို စာပေဂုဏ် မဆောင်နိုင်ရင်တောင်မှ စာပေဗိမာန်ရဲ့ ဂုဏ်မကျ အောင် တစ်ထောင့်တစ်နေရာက အုတ် တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ခွင့်ရခဲ့ပြီ ဖြစ်တာကြောင့် စိတ်ထဲကြည်နူးလိုက်တာ” ဟူသော စိတ်ခံစားချက်များရင်ဝယ်ဖြစ်ထွန်းခဲ့ပြီး ယနေ့တိုင် ကိန်းအောင်းနေဆဲဖြစ်သည်။
မိမိလေးစားအားကျခဲ့ရသည့် စာရေးဆရာကြီး ဆရာမကြီးများကို သက်ရှိထင်ရှား တွေ့ခွင့် ရခြင်းသည် ကျွန်မအတွက် ကံကောင်းမှုတစ်ခုပင် ဖြစ်သည်။ စာပေဗိမာန်ထုတ် စာအုပ် စာစောင်များတွင် စာမူခကို အဓိကမထားဘဲ စာပေချစ်စိတ်ဖြင့် ရေးသားပေးနေကြသည့် ဆရာကြီး ဆရာမကြီးများ ကိုလည်း အထင်ကြီးလေးစားမိသည်။ စာပေဗိမာန် ကောင်းစား ရေးအတွက်ဆိုလျှင် အမြဲပင် ရှေ့တန်းက တက်ကြွစွာ ဝိုင်းဝန်းကူညီပေးကြသည့်၊ မိမိတို့ ၏ဇရာကိုပင် အန်တုကာ စာပေဖြင့်အလှဆင် နုပျိုလန်းဆန်းနေကြသည့် ဆရာကြီး ဆရာမကြီးများမှာ ကျွန်မတို့၏ စာပေမိခင်၊ ဖခင် ကျေးဇူးရှင်များပင်ဖြစ်သည်။
စာပေဆုများ
စာပေဗိမာန် စတင်သန္ဓေတည်ရာဖြစ်သည့် “မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး” ကို ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။ အသင်းကြီးသည် မြန်မာစာပေ ထိန်းသိမ်း ပျိုးထောင်မှု၊ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်မှုတို့ကို အားပေး ဆောင်ရွက်ခဲ့သည့်နည်းတူ ပြည်သူလူထုကို မြန်မာ့စာပေအမြင် မျက်စိ၊ မြန်မာ့ ယဉ်ကျေးမှု အမြင်မျက်စိရှိအောင် စာပေပြုစု ထုတ်ဝေမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ သည်။ ထို့ပြင် စာပေဆုချီးမြှင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ စာပေဗိမာန်ဆု (၁၉၄၈-၁၉၆၁)၊ အနုပညာစာပေဆိုင်ရာဆု (၁၉၆၂-၁၉၆၄)၊ ၁၉၆၅ ခုနှစ်မှစ၍ အမျိုးသားစာပေဆုဟု အဆင့်ဆင့် အမည်ပြောင်းလဲချီးမြှင့်ခဲ့ရာ ယနေ့တိုင်ပင် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုငွေကို ကျပ်သိန်း ၁၀၀ သို့ တိုးမြှင့် ကာ ချီးမြှင့်ပေးမည်ဟူသော မင်္ဂလာသတင်းကို ကြားသိရသည့်အတွက် စာပေဆီမီးကို နှလုံး သားဖြင့် ထွန်းညှိပေးကာ ပညာဉာဏ်မျက်စိဖွင့်ပေးခဲ့ကြသည့် စာပေပညာရှင်ကြီးများ အတွက် ဝမ်းမြောက် ဂုဏ်ယူ မုဒိတာပွားမိပါသည်။
ဆရာမကြီး ဒေါ်စောမုံညင်း
ဆရာမကြီးကို အခွန်တော်မင်းကြီး ဦးစံတင်၊ ဒေါ်ဒေါ်မြို့တို့က ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၈) ရက်တွင် မိုးမိတ်မြို့၌ မွေးဖွားသည်။ အမည် ရင်းမှာ ဒေါ်ရင်ရင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (မြန်မာစာ၊ ရာဇဝင်ဂုဏ်ထူး) နှင့် နိုင်ငံခြား ဘာသာသိပ္ပံမှ ဂျပန်ဘာသာ ဒီပလိုမာဘွဲ့ရရှိသည်။ ရှစ်တန်းကျောင်းသူဘဝက သီပေါစော်ဘွားကြီး စောအုံကြာထုတ်ဝေသော ရတနာသီဟဂျာနယ်တွင် “မိုးမိတ်ရင်ရင်” အမည်နှင့်လောင်းကစားမကောင်းကြောင်း ဆောင်းပါးနှင့်တေးထပ်များကို ရေးသားခဲ့သည်။ ဂျပ်ဆင်ကောလိပ်မဂ္ဂဇင်းတွင် ဆောင်းပါး၊ ကဗျာရေးသားရာမှ “စောမုံညင်း” ကလောင် အမည်ကို ခံယူခဲ့သည်။ အမျိုးသမီးကလောင်အဖွဲ့ ရန်ပုံ ငွေပြဇာတ်ဖြစ်သော “ရတနာ့ ဂုဏ်ရည်” ပြဇာတ်နှင့် “ကိန္နရီမောင်နှံ” ပြဇာတ်တို့ကို ရေးသားခဲ့သည်။ ရှမ်းလူမျိုးများချက် သည့် မုံညင်းရွက်ချဉ်ရည်ဟင်း ကို ကြိုက်၍ “စောမုံညင်း”ဟု အမည်မှည့်ခဲ့ကြောင်း ဆရာမကြီးက ဟာသနှောပြီး ပြောခဲ့သော်လည်း စပ်ခွန်ချို၏ဘထွေးဖြစ်သူက ရှမ်းဒဏ္ဍာရီ ထဲက မင်းသမီးလေး စောမုံညင်းအကြောင်း ပြောပြပြီး ဆရာမကြီး၏ အမည်ရင်း “ရင်ရင်” ဟု မခေါ်ဘဲ ချစ်စနိုးဖြင့် “စောမုံညင်း” ဟု ခေါ်ခဲ့ကြောင်း သိရှိ ရပါသည်။
၂၀၀၅ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်မှာ ဆရာမကြီး စည်သူ ဒေါ်ရင်ရင် (စောမုံညင်း) ဖြစ်ပါသည်။ ကျွန်မအနေ နှင့် ဆရာမကြီးကို လူကိုယ်တိုင်တစ်ခါမျှ မဆုံစည်း ခဲ့ရသော်လည်း ရေဒီယိုမှ မြန်မာ့ဓလေ့ လေလှိုင်းသံ အစီအစဉ်များကို ကလေးဘဝကတည်း က ကြိုက်နှစ်သက်ခဲ့ရာ ဆရာမကြီး၏ မြန်မာ့ယဉ်ကျေးမှု အနုပညာဟောပြောချက်များကို စွဲလမ်းစွာ နားသောတဆင်ခဲ့ဖူးသည်။ ဆရာမကြီးကိုယ်တိုင် လာ၍ဟောပြောသည်မဟုတ်၊ စာမူကို ရေးသားပြုစုပြီး မြန်မာ့အသံသို့ အပတ်စဉ် အချိန်မီပေးပို့ကာ ထိုစာမူကို မြန်မာ့အသံဝန်ထမ်း အမျိုးသမီးတစ်ဦး က အံဝင်ခွင်ကျ ပီသညီမျှအောင် ဖတ်ပေးခဲ့ခြင်းကို ခင်မှသိခဲ့ရသည်။
မိဘများက ကျွန်မတို့ကို ကျောင်းစာအပြင် စာကောင်းပေမွန်များ ဖတ်မှတ်လေ့လာဖို့ တိုက်တွန်းအားပေးခဲ့ရာ ဆရာမကြီး၏ စာအုပ်များနှင့် ထိတွေ့ရင်းနှီးခွင့်ရခဲ့သည်။ ဆရာမကြီး၏ စာအုပ်များကို ဖတ်မှတ်ရင်းဖြင့် ဆရာမကြီးသည် စာပေဂီတအနုပညာတွင် သာမက စေတနာ့ ဝန်ထမ်း၊ လူမှုရေးလုပ်ငန်းများတွင်လည်း အိုးပစ် အိမ်ပစ် ထဲထဲဝင်ဝင် စိတ်ရောကိုယ်ပါနှစ်လျက် ဆောင်ရွက်ခဲ့ခြင်းများကို လေးစားစွာ သိမှတ်ခဲ့ရသည်။ “မြတ်နိုးစရာမြန်မာ့ရိုးရာများ” စာအုပ်တွင် ပါဝင်သည့် “ငယ်ရွယ်စဉ်အခါ ပညာရှာ” ဆောင်းပါး တွင် ဆရာမကြီး အသက် (၁၁)နှစ်အရွယ်၌ မိုးမိတ် မြို့မှ မိုးကုတ်မြို့သို့ ကားလမ်းမပေါက်၍ မြင်းစီးကာ တောင်ကမ်းပါးယံများကိုပတ်ပြီး စွန့်စားသွား ရပုံ၊ မိုးတွင်း ဆိုလျှင် တောင်များပြိုကျသဖြင့် လမ်းပြတ်သွားရာ လမ်းအစရှာရပုံနှင့် (၂၈) မိုင် ခရီး ဆိုသော်ငြား တောတောင်များကို ကွေ့ဝိုက်သွားရသဖြင့် မိုးကုတ်သို့ မြင်းလည်းမော၊ လူလည်းဟိုက်ချိန် ညမိုးချုပ်မှရောက်ကာ ခက်ခက်ခဲခဲ ပညာရှာမှီးခဲ့ပုံများကို သိရှိရသည့် အတွက် ယနေ့ခေတ် လူငယ်ကျောင်းသားမောင်မယ်များ ပညာရေးကို တန်ဖိုးထား သင်ယူစေလိုသည့်စေတနာမှာ အလွန်ထင်ရှားလှသည်။
ရှေးခေတ်မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ဖြစ်သဖြင့် ဆယ်စောင်တွဲ မသင်မနေရ ခေတ်ဖြစ်ကြောင်း၊ နှစ်စောင်တွဲဖြစ်သည့် သင်ပုန်းကြီးနှင့် မင်္ဂလသုတ်၊ သုံးစောင်တွဲဖြစ်သည့် မင်္ဂလသုတ်၊ အပြင်အောင် ခြင်းနှင့် အတွင်းအောင်ခြင်း၊ လေးစောင်တွဲတွင် ရတနာရွှေချိုင့်၊ ငါးစောင်တွဲတွင် နမက္ကာရကို သင်ကြားရကာ နမက္ကာရအဆင့် ရောက်ပြီဆို လျှင် ဂုဏ်ယူရကြောင်း၊ နမက္ကာရဆိုသည်မှာ မြတ်စွာဘုရား၏ ကြည်ညို စရာ ဂုဏ်တော်များ ပင်ဖြစ်၍ အဓိပ္ပာယ်ကိုသိရလေ ကုသိုလ်ရလေဖြစ်
ကြောင်း၊ ဘုရားရှင်၏ဂုဏ်တော်၊ ကျေးဇူးတော်၊ လက္ခဏာတော်များကို ကြည်ညိုဖွယ်ရာ ဖော်ပြထားသည့် ဘုရားရှိခိုးဖြစ်ကြောင်း၊ ဆရာကြီး ဒဂုန်ဦးထွန်းမြင့်၏၃၈ဖြာ မင်္ဂလာကဗျာ အကြောင်းနှင့် မာဂမီသာစည်ဆရာတော်ဘုရား၏ မြန်မာ့ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေး အတွက် အားထုတ်ဆောင်ရွက်ခဲ့ပုံများအကြောင်း စသည်ဖြင့် လိမ္မာယဉ်ကျေး၊ သိမ်မွေ့ ပျော့ပျောင်းသည့် သူတော်ကောင်းကလေးများ၊ ဘာသာသာသနာကို စောင့်ရှောက်နိုင်သူများ ဖြစ်လာအောင် “အလိမ္မာ လမ်းညွှန်” ဆောင်းပါးတွင် နှိုးဆော်ထားလေသည်။
ကလေးသူငယ်အရွယ်မှစ၍ ဘာသာရေး အခြေခံအုတ်မြစ် တောင့်တင်းခိုင်မာရန် အထူး လိုအပ်နေပြီဖြစ်ကြောင်း အနာဂတ်အရေး ကြို တင် မျှော်တွေးကာ အမြော်အမြင်ကြီးစွာ ရေးသားပြုစုခဲ့ သည့်ဆရာမကြီး၏ စာပေများမှာ အဖိုးတန်သည်ဟု ဆိုခြင်းထက်ပင် ပိုနေကာ အဓိပ္ပာယ်များစွာ လေးနက်ကျယ်ဝန်းလှပေသည်။ ထို့ပြင် တံခွန်တိုင် ထူသော ဓလေ့၊ ရေစက်ချခြင်းဓလေ့၊ အုန်းမောင်း ခေါက်သည့်ဓလေ့၊ ညောင်ဓလေ့၊ မြန်မာ့ ခေါင်းပေါင်း ဓလေ့၊ မြန်မာ့ဒင်္ဂါးခေတ် စသည်ဖြင့် သမိုင်းထဲတွင် နစ်မြုပ်မေ့လျော့ခံနေရသည့် မြန်မာတို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို ပြန်လည်တူးဆွဖော် ထုတ်ပေးနေသူဖြစ်ရာ တစ်နည်းဆိုရသော် သမိုင်း တာဝန်ကျေသူ ဆရာမကြီးပင်ဖြစ်သည်။
ရှေ့ဆောင်လူငယ် သောက်ရှူးကြယ်
ကလေးသူငယ်များသည် တိုင်းပြည်အနာဂတ်၏ ဗိသုကာများ ဖြစ်ကြသဖြင့် ဆရာမကြီးက သူတို့လေးတွေကိုလည်း ချန်ရစ်မထားခဲ့ပေ။ ကမ္ဘာကြီးကို နောင်တစ်ခေတ်တွင် ဤကလေးသူငယ်တို့ကသာ စိုးမိုးကြတော့မည် ဖြစ်သည်။ သူတို့ တစ်တွေကို အထင်သေး၍မရပါ။ အသက်အရွယ်ပင် ငယ်လင့်ကစား ကြီးမားသောရည်ရွယ်ချက်များနှင့် သူတို့၏ သေးငယ်သော ဦးနှောက်အတွင်းမှ အံ့သြ ဖွယ်ရာများကို ဖန်တီးလာတတ်ကြသည်။ အနာဂတ် ၏ကြယ်တာရာများဖြစ်ကြသော ကလေးသူငယ်များကို ကမ္ဘာကြီးက အားကိုးတစ်ခုအဖြစ် မျှော်လင့်နေကြရသည်။ လောင်းရိပ်မမိဘဲ တစ်ဖြောင့်တည်း တက်သွားဖို့ အပင်ငယ်လေးများကို ငယ်ရွယ်စဉ် စောစောကပင် ဂရုတစိုက်ပြုစု ပျိုးထောင်ကြရမည်။ ကောက်ကွေးပြီးဖြစ်သော အပင်ကြီး များကို ပြန်၍ ဖြောင့်ပေးဖို့ရန်မှာ မဖြစ် နိုင်တော့ပေ။
ထို့အတွက် ကလေးတို့အပေါ်၌ စိတ်ဝင်စားကြ ရပါသည်။ သူတို့၏ ပတ်ဝန်းကျင်ကို အထူးလေ့လာ ကြရပါသည်။ သူတို့၏အရည်အသွေးအတွေးအခေါ် အယူအဆ တိကျ ဖြောင့်မတ်ဖို့ ကြပ်မတ်ပေးကြရပါသည်။ နုနယ်သော ဦးနှောက်ကလေးများကို ရွှင်မော စေရပါမည်။ ကြည်နူးအားတက်စေရပါမည်။ နမူနာယူဖွယ်ရာ ပုံပြင်လေးများဖြင့် လန်းဆန်း စေရပါမည်။ ကိုယ့်လူမျိုးနှင့် ကိုယ့်တိုင်းပြည်ကို ငယ်စဉ်ကပင် ချစ်ခင်မြတ်နိုးသော စိတ်ဓာတ်မျိုးကို သွတ်သွင်းပေးရပါမည်။ တိုင်းပြည်၏ဝါဒ လမ်းစဉ် နှင့်ကိုက်ညီသော အသိတရားများကိုသာ ကလေးတို့၏ အသည်းနှလုံးတွင်း၌ မြှုပ်နှံပေးသင့်ပါသည်။
တိုင်းပြည်ကိုချစ်၍ အလုပ်ကိုခင်တွယ်ကာ မိမိတို့ဘဝကို ချစ်မြတ်နိုးစွာနှင့် ဂုဏ်ပြုရင်း သိပ္ပံ ပညာကိုလည်း စိတ်ဝင်စားကြစေချင်သည်။ မျိုးချစ် သူရဲကောင်းများ ဖြစ်စေလိုသည်။ စုပေါင်းဆောင် ရွက်တတ်သော အထက်တန်းကျသော စိတ်ဓာတ် များကိုလည်း သွတ်သွင်း ပေးရမည်သာ ဖြစ်သည်။ ဆရာ မိဘနှင့် သားသမီးတို့မှာ အမြစ်နှင့် အပင်သာ လျှင်ဖြစ်သည်။ အပင်ရှင်သန်ကြီးထွားဖို့ရန် အမြစ် သည် အရေးကြီးလှပေသည်။ တစ်နည်းအားဖြင့် ဆရာ မိဘသည် စွန်လွှတ်နေသောသူနှင့် တူသည်။ လေထဲတွင် စွန်ကို လွတ်လွတ်လပ်လပ် ပျံသန်း ခွင့်ပြု၏။ သို့ရာတွင် ကြိုးရစ်ထားသော ချည်လုံးဖြင့် လမ်းမမှားစေရန် ထိန်းကျောင်း၍ ပေးရပါသည်။ စနစ်တကျ ကြီးပြင်းလာသော ကလေးသူငယ်များ သည် တိုင်းပြည်ကို နိုင်နင်းစွာ စိုးမိုးနိုင်ကြပေလိမ့်မည်။ အနာဂတ်ကမ္ဘာကြီးကို သူတို့သာ ဖန်တီးကြ ( ပါစေဟူသော အာသီသဖြင့် ဆရာမကြီးက “ရှေ့ဆောင်လူငယ် သောက်ရှူးကြယ်” ကို ရေးသား ခဲ့လေသည်။ ရှေ့ဆောင်လူငယ် သောက်ရှူးကြယ် ကလေးများက အမိတိုင်းပြည်ကို အလင်းရောင် ပေးနိုင်ကြစေရန် အလေးထားရေးသားထားခြင်း ဖြစ်သည်။
အရူးထန်းလျက်အိုးတွေ့ခြင်း
“အသံလွှင့်ဆောင်းပါး ရေးရမည့်ညဆိုရင် ၁၂ နာရီနှင့် နာရီပြန်တစ်ချက်ထက်စောပြီး အိပ်ရတယ် မရှိပါ။ ခြင်ဆေးတစ်ခွေ ကုန်လုတာတောင် တစ်မျက်နှာပြီးချင်မှ ပြီးပါတယ်။ လူခြေတိတ်မှစပြီး ရေးနိုင်တယ်။ အေးအေးဆေးဆေးတော့ ရှိပါရဲ့။ စားပွဲဝိုင်းမှာ ခြေဆင်းပြီး ထိုင်နေတာမို့ ညောင်း သလားလို့တော့ မမေးနှင့် အိပ်ငိုက်လွန်းတဲ့အခါမှာ ဆိုရင် မပြီးဘဲ အိပ်ရာဝင်လိုက်ပါတယ်။ ခေါင်းအုံးအောက်မှာ မီးခြစ်၊ ဖယောင်းတိုင် မထားမိတဲ့အခါ မှောင်မည်းမည်းနှင့် သတိရတဲ့အချက်တွေကို ရေးထားလိုက်တယ်။ မနက်ပြန်ဖတ်တဲ့ အခါတော့ ဘာမှန်းမသိတာလည်း ကြုံရပါရဲ့။ အိပ်လည်း ဒီစိတ်၊ နိုးလည်း ဒီစိတ်၊ ထတော့ လည်းဒီစိတ် ဘာတွေဖြည့်ရဦးမလဲ ပြန်နွေးရပါတယ်။ ရည်းစားစိတ်လက် ဆောင်းပါးစိတ်က ပိုပြင်းပါတယ်။
ဘာပဲဖြစ်စေပေါ့လေ၊ ယခင်နှင့် ယခုအားထုတ် မှုကတော့ အတူတူပါပဲ။ ခြင်္သေ့ဆိုတာ ကြွက်ကို ဖမ်းရင်လည်း ဒီလုံ့လပဲ။ သမင်ကိုဖမ်းရင်လည်း ဒီလုံ့လပဲ၊ စာမူခရတာချင်းလည်း အတူတူပါပဲ။ မြှောက်ပေးတိုင်း ဘဝင်မမြင့်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးဆုံးမရပြန်ပါတယ်။ ရေးနိုင်သေးတဲ့အချိန်မှာ ဖိပြီးရေးမယ်ပေါ့လေ။ တိုင်းပြည်ကို စာပေနှင့် အလုပ်အကျွေးပြု မယ် ဘာမယ်လို့ ကြီးကြီးကျယ်ကျယ်တော့ မပြောချင်ပါဘူး။ ဝါသနာအရရော၊ ဖိုးကာမိဖို့ ရောက ပိုပြီးအဓိကကျပါတယ်။ ကိုယ့်စာပေမျိုးကလည်း အရောင်းရရွဲတာမျိုး မဟုတ်၊ လူငယ်အကြိုက်လည်းမဟုတ် ဆိုတော့လေ။
ကိုယ်ရေးပြီးသားကို နောက်တစ်ခါပြန်ဖတ်ရင် အမှားထပ်တွေ့ပြန်တယ်။ ပြီးသာသွားရော အမှားပြင်ချင်တုန်းပါပဲ။ အားရကျေနပ်တယ်လို့ ဘယ်တော့မှမရှိဘူး။ ငါ့ဆောင်းပါးက မပြည့်စုံသေး ဘူးဆိုတာ အမြဲခံစားမိတယ်။ ကိုယ့်ထက်ပညာ ကြီးသူတွေကို မေးဖို့ လျှောက်ဖို့ အချိန်လည်း ထားရသေးတယ်” ဟူ၍ ဆရာမကြီးကသူ့ကိုယ်သူ အရူး ထန်းလျက်အိုးတွေ့ခြင်းဟု နှိမ့်ချရေးထား သည်ကို ဖတ်မိတိုင်း စာပေအပေါ်ထားရှိသည့် ဆရာမကြီး၏သစ္စာကြီးမှု၊ ဝီရိယကြီးမှုတို့ကို အထင်းသားမြင် တွေ့ရပေသည်။ ကျွန်မ အနေနှင့် တာဝန်အရဖြစ်စေ၊ ဝါသနာပါ၍ဖြစ်စေ စာပေများ ရေးသားဖို့ ပျင်းရိလာသည့် အခါတိုင်း ဆရာမကြီး၏ အထက်ပါ ခံယူချက်နှင့် အားထုတ်မှုများကို အတု ယူကာယနေ့တိုင် ကြိုးစားပြုပြင်နေရဆဲ ဖြစ်သည်။
သမိုင်းတွင်သည့် ပညာရှင်
“အမျိုးသမီးကလေးများကို ဝေဖန်ရာ၌ ဒေါ်စောမုံညင်းသည် “နားသာ၍ အခံမခက်အောင်” ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်၏။ ဝေဖန်သည် ဆိုခြင်းမှာ အလိုမကျ၍ အပြစ်တင်ခြင်း သဘောသာဖြစ်၏။ စေတနာကောင်းပါလျက် မဝေဖန်တတ် လျှင် ရှုတ်ချရာ၊ အပုပ်ချရာ ရောက်သွားတတ်သည်။ ဆဲရေးခြင်း ၂၅ ပါးတို့တွင်ပင် အကျုံးဝင်သွားတတ် သေး၏။ ဒေါ်စောမုံညင်းသည် မိန်းကလေးများကို “လှပစွာကဲ့ရဲ့” တတ်ပါသည်။ သူ့ပရိယာယ် များကား ဟာသကိုလည်း နိုင်၏။ စာတိုပေစ များများလည်း ရ၏။ သီချင်း၊ ဂီတ၊ ဇာတ်၊ ဇာတ်စကားများကိုလည်း “အထာကျကျ” သီဆိုရွတ်ဆို နိုင်သူဖြစ်သည်။ မြန်မာ့ရိုးရာ ဓလေ့ထုံးစံများကိုလည်း တီးမိခေါက်မိ သည်။ ထို့ကြောင့် “ဟော့ရှော့” ဆယ်ကျော်သက် ကလေးများကပင်လျှင် နားဝင်ချိုစွာ လက်ခံကြပါသည်” ဟူ၍ “မြတ်နိုးစရာ မြန်မာ့ ရိုးရာများ” စာအုပ် အမှာစာတွင် ဆရာကြီးဦးသုခက မှတ်ချက်ပြုထားလေသည်။
ရိုးသားစွာ နှိမ့်ချနေတတ်သူ ဆရာမကြီးက သူ့ကိုယ်သူ “စောမုံညင်းသည် စာပေသုတေသီ၊ ဂီတမြတ်နိုးသူ” ဖြစ်သည်ဟု သူကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ဆိုထားသော်လည်း ယင်း အဆိုကို လက်မခံသူများစွာရှိလေရာ “ဆရာမကြီး၏ ယင်း အဆိုကို ကျွန်တော်တို့ လက်မခံနိုင်ကြပါ။ အဘယ်ကြောင့်ဆိုသော် ဆရာမကြီးသည် စာပေသုတေသီ အဆင့်မဟုတ် သလို ဂီတမြတ်နိုးသူအဆင့်လည်း မဟုတ်ပါ။ ထိုသို့မဟုတ်ကြောင်းများကို ကျွန်တော် တို့ ဂရုတစိုက် ဖတ်ရှုလေ့လာမှတ်သား ကြားသိမြင် တွေ့ခဲ့ပြီးဖြစ်သည့် ဆရာမကြီး၏ ဖန်တီး စွမ်းဆောင်ထားသည့် စာပေဂီတအနုပညာရပ်များ လှုပ်ရှားမှုများအရ အတိအကျ အမိအရငြင်းဆိုနိုင် ခြင်းဖြစ်ပါသည်။ တကယ်ဆိုပါက ဆရာမကြီးသည် မြန်မာအနုပညာ သမိုင်း၏ စာပေပညာရှင်၊ ဂီတ ပညာရှင်တစ်ဦးသာလျှင် ဖြစ်ပါသည်” ဟူ၍ သပြေတေး မဂ္ဂဇင်းစာတည်း၏အမှာတွင် ရေးသား ထားသည်ကို ဖတ်မှတ်ခဲ့ရဖူးပါသည်။ သပြေတေး မဂ္ဂဇင်းတွင် အနှစ် ၂၀ ကျော်တိုင် သီချင်းကြီးကဏ္ဍ ကို လစဉ်မပြတ် အပတ်တကုတ် အားထုတ် ရေးသားပေးသူ ဆရာမကြီး၏ စိတ်စေတနာမှာ ကြည်ညို ဦးခိုက်ဖွယ်ရာပင် ဖြစ်သည်။
ဆရာမကြီး ပြုစုရေးသားခဲ့သည့် “မြန်မာ အမျိုးသမီး” စာအုပ်တွင် နိုင်ငံရေးလောက၊ ဥပဒေ လောက၊ တပ်မတော်လောက၊ လူမှုရေးလောက၊ ပညာရေးလောက၊ စာပေလောက၊ ဂီတလောက၊ ဇာတ်သဘင်လောက၊ ရုပ်ရှင်လောက၊ အငြိမ့်လောက၊ အဆိုကျော်လောကနှင့် တကွ သာသနာ့ ဝန်ဆောင်လောကပါ အားလုံးသောလောကမှ အမျိုးသမီးအကျော်အမော် (၁၁၆) ဦးတို့၏ အကြောင်းများ ပါဝင်လေသည်။ အဆိုပါ အမျိုးသမီးတို့၏ ထူးချွန် ပြောင်မြောက်ပုံ အကြောင်းများနှင့် တကွ ပုံပေါင်း (၉၀) ကျော်ကို အပင်ပန်းခံ ရှာဖွေ တင်ပြထားရာ အတ္ထုပ္ပတ္တိစာပေကို ဝါသနာထုံကြသော နှောင်းလူစာရေးဆရာတို့၏ မူတည် ကိုးကားစရာ ကျမ်းတစ်စောင်ဖြစ်ကြောင်းကို “စောမုံညင်း ၏ လုံ့လဝီရိယကြောင့် ၁၉၁၈ ခုနှစ်တွင် အမျိုးသမီးလောက၌ ခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်ဒေါ်စု ၏ရုပ်ပုံလွှာကို မြင်ရသောအခါ များစွာကျေနပ် နှစ်သိမ့်မိပါသည်။ သာသနာရေး၊ ပညာရေးနှင့် နိုင်ငံရေး ကြိုးပမ်းမှုတို့တွင် မြန်မာကို သိဒ္ဓိတင် ပေးသော အမျိုးသမီးတို့အနက် မင်းကြီးကတော် ဒေါ်မြမေ၏ ဆောင်ရွက်ချက်တို့မှာလည်း သာမည မဟုတ်ပါ။ ဒေါ်မြမေမှာ စစ်ကဲ မောင်ထော်လေး လမ်းအမည်ပိုင်ရှင် မွန်ဦးထော်လေး၏ အထွေးဆုံး သမီးဖြစ်၍ ဒေါ်မြစိန်မှာ ၎င်း၏ မြေးဖြစ်သည်။ နိုင်ငံရပ်ခြား၌ ဗုဒ္ဓဘာသာပြန့်ပွားအောင် ဆောင် ရွက်ခဲ့သည့်အရာ၌ ဒေါ်မြမေ၏ သတ္တိ ဗျတ္တိတို့မှာ မော်ကွန်းထိုးလောက်ပေသည်။ စောမုံညင်း၏ ကျေးဇူးကြောင့် ဤကဲ့သို့ အမှတ်ရယူထိုက်သော ပုဂ္ဂိုလ်တို့၏အကြောင်းကို အောက်မေ့ဆင်ခြင်၍ လွမ်းစရာ ကလေးများကို ယခုလို မိုးစိမ့်စိမ့်နှင့် ရေးလိုက်ရလျှင် ကုန်နိုင်ဖွယ်မရှိပါ။ အထူးသဖြင့် သူ့စာအုပ်ထဲမှာ ကျွန်တော်၏မိတ်ဆွေ အမ်အေမအုန်း အကြောင်းပါလာ၍ ကျေနပ်မိပါ သည်” ဟူ၍ ဆရာကြီးမောင်ထင်က ချီးကျူးစကား ဆိုလေသည်။
“နော်ဇာရွှေကုံးနှင့် ပုလဲသွယ်များ” စာအုပ်တွင် ပါဝင်သည့် ဆောင်းပါးများမှာမူ ငွေတာရီ မဂ္ဂဇင်း တွင်ရေးသားခဲ့သော စာစုများမှ ထုတ်နုတ်ထားခြင်း ဖြစ်သည်။ ဝတ္ထုသွားဟူ၍ တစ်ခုမျှ မပါပေ။ အထောက်အထား၊ အကိုးအကား ခိုင်လုံသည်ထက် ခိုင်လုံပြည့်စုံအောင် အချက်အလက်များ ရှာဖွေ စုဆောင်းရသဖြင့် စိတ်ကူးယဉ်စာပေမျိုးနှင့် မတူပါ။ စာပြုဖို့ထက် စာစုဖို့ ခက်သည်ဆိုသော စကားမှာ အလွန်မှန်ပါသည်။ ဆရာမကြီးက အကြောင်းအရာ များကို ကဏ္ဍများခွဲပြီး ဖော်ပြထားရာ ရှေးဟောင်း အမွေကဏ္ဍတွင် နော်ဇာရွှေကုံး၊ မဉ္ဇူသကနှင့် အတ္တန္တရ၊ ကြည်ညိုဖွယ်ရာကဏ္ဍတွင် မြန်မာနိုင်ငံရှိ လျောင်းတော်ကြီးများနှင့် အပယ်ရတနာလိုဏ်ဂူ ဘုရား၊ ဂီတနှင့် စာပေကဏ္ဍတွင် ပဉ္စသိင်္ခစောင်းညင်း ဂါထာများ၊ ဝေဿန္တရာ ဖရင်းချားကြီး၊ ပျို့ကဗျာ ကဏ္ဍတွင်ညီတော်မင်းနန် ချွတ်ခန်း၊ ယသောဓရာ ကန်တော့ခန်း စသည်ဖြင့် ကဏ္ဍများစွာ တင်ဆက်ထားသည်။
“ချစ်၍ခေါ်သည်။ လိုက်တော်မူခဲ့ မပျောင်းဖွဲ့နှင့်” ဟူသော မယ်ဘွဲ့ရတုနှင့် “ချစ်၍ခေါ်ရာ၊ လိုက်ချင် ပါလည်း၊ နော်ဇာရွှေကုံး၊ တစ်ခိုင်လုံးကို လုံးလုံး မယ်ထွေး၊ မပိုင်သေးခဲ့” ဟူသော အမယ်ဘွဲ့ ရတု မှာ ရှေးခေတ်ကျောင်းသားများ အလွတ်ကျက်ခဲ့ရသော စာပေများ ဖြစ်သည်။ “နေနော်ဇာရွှေကုံး” ကို လူတိုင်းလိုလို သိကြသည်။ သို့ရာတွင် နော်ဇာကို မမြင်ဖူးသူ အတော်များသည်။ စင်စစ် နော်ဇာသည် မြန်မာ့မူပိုင် ပန်းစစ်စစ်ဖြစ်ပါ၏။ နော်ဇာပန်းသည် အပင်သေးသေးဖြစ်၍ အပွင့်မှာ ရွှေဖလားဝါ ဖြစ် သည်။ ပွင့်နေစဉ် မခူးကြပါ။ ပွင့်ပြီး၍ သွားသည့် အခါမှ ခူးပြီး အပ်ချည်ကြိုးနှင့် သီကုံးပန်ကြသည်။ ငုံသွားမှ တန်ဖိုးရှိသောကြောင့် အခြားပန်းများနှင့် ဤအချက်တွင် ခြားနားမှုရှိသည်။ ငုံ၍ တွန့်တွန့် ကလေးဝိုင်းသွားသည့် နော်ဇာပန်းကုံးကလေးများမှာ အလွန်ညီညာလှပသဖြင့် ပုတီးအဖြစ် ပုံစံယူကာ ပန်းထိမ်တွင် ရွှေနော်ဇာကုံးလေးများကို အပ်ကြသည်။ ရွှေနော်ဇာ လက်ကောက်များ လုပ်ကြသည်။ ပဲခူးမြို့ ရွှေသာလျောင်းဘုရားကြီး ဘဏ္ဍာတော်ပြတိုက်၌ ရှေးနှစ်ပေါင်း ၁၅၀၀ ခန့်က ရွှေနော်ဇာကုံးကို ပြသထားပါသည်” ဤသို့ ဆရာမ ကြီး ရေးသားဖော်ထုတ်ထားခြင်းကြောင့် နော်ဇာ ကုံးအကြောင်းကို နှောင်းလူတို့ သိမြင်မှတ်သား အသိကြွယ်ခဲ့ရလေသည်။
(ဆက်လက်ဖော်ပြပါမည်)
ရှင်စောဖြူ (စာပေဗိမာန်)