Skip to main content

အားလုံးပါဝင်ကြရမယ့် ကိုဗစ် စစ်ဆင်ရေး

၁၂-၇-၂၀၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ရပါတယ်။ ဒီအစည်းအဝေးမှာ လတ်တလော ဖြစ်ပွားနှုန်း မြင့်တက်လာနေတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကို ရင်ဆိုင်ထိန်းချုပ် တွန်းလှန်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်တက်ရောက်လမ်းညွှန် ဆွေးနွေးခဲ့ပြီး တက်ရောက်ခဲ့ကြတဲ့ တာဝန်ရှိသူအသီးသီးကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ရရှိထားတဲ့ သတင်းအချက် အလက်တွေ၊ လက်တွေ့လုပ်ဆောင်နေတာတွေနဲ့ ဆက်လက်ဆောင်ရွက် သွားသင့်တာတွေ ကို တင်ပြဆွေးနွေးသွားခဲ့ကြပါတယ်။

 

 

ဒီအစည်းအဝေးမှာ သိခွင့်ရခဲ့တဲ့ အချက်အလက် အတော်များများက ပြည်သူလူထုကြီး အနေနဲ့ သိချင်နေကြတဲ့၊ သိသင့်သိထိုက်တဲ့ ကိစ္စတွေဖြစ်တဲ့အတွက် သိနိုင်ကြရအောင် ရေးသားတင်ပြလိုက် ရပါတယ်။ ရေးသားချက်တွေဟာ မိမိရဲ့ တစ်ဦးချင်း အသိအမြင် သဘောထားမျှသာဖြစ်ကြောင်း ဦးစွာစကားပလ္လင်ခံထားလိုပါတယ်။

 

တစ်မျိုးသားလုံး စည်းရုံးလုပ်ဆောင်ကြရမယ့်အရေးကိစ္စ

 

ပထမဆုံး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလေးထားပြီး မီးမောင်းထိုးပြ သွားတဲ့အချက်က ဒီကိုဗစ်ကပ်ရောဂါဟာ တစ်နိုင်ငံလုံးအပေါ် ကြီးမားတဲ့စိန်ခေါ်မှု ပြဿနာ ကြီးဖြစ်နေတဲ့ အတွက် တစ်မျိုးသားလုံးကို စည်းရုံးလုပ်ဆောင်ကြရမယ့်ကိစ္စ (National Mobilization) ဖြစ်တယ်ဆိုတာပါပဲ။ တစ်မျိုးသားလုံး စည်းရုံးလုပ်ဆောင်တယ်ဆိုတာက နိုင်ငံတော်အစိုးရဝန်ကြီးဌာန အားလုံး(တပ်မတော်အပါအဝင်)၊ အရပ်ဘက်အသင်း အဖွဲ့ တွေနဲ့ ပြည်သူလူထုတွေ အားလုံးပါဝင်လုပ်ဆောင်ကြရမှာပါ။ ဆိုလိုတာက တစ်နိုင်ငံလုံးရဲ့ လူအင်အား၊ ငွေအင်အား၊ ပစ္စည်းအင်အား၊ သယ်ယူပို့ဆောင်ရေးနဲ့ အဆက် အသွယ်အင်အား၊ သတင်းအချက်အလက် အင်အား၊ စီမံခန့်ခွဲမှုအင်အား စတဲ့အင်အားတွေအားလုံးကို စုစည်းပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရမယ့်ကိစ္စဖြစ်ပါတယ်။

 

ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အရှိအတိုင်း ရှုမြင်သုံးသပ် မယ်ဆိုရင် ဒီကိုဗစ်ရောဂါရဲ့ တတိယလှိုင်း အရှိန်မြင့်လာချိန်မှာ နိုင်ငံရေး မတည်ငြိမ်မှုကလည်း အကင်းမသေသေးသလို တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ကပ်ရောဂါကြောင့် နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေကလည်း အကျပ်အတည်း ဖြစ်နေကြတဲ့အတွက် တွေ့ကြုံရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုက ရှုပ်ထွေး ခက်ခဲတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ဒီစိန်ခေါ်မှုကိုလည်း မဖြစ်မနေ အောင်မြင်အောင် ဖြတ်သန်းကျော်လွှားကြရမှာ ဖြစ်ပါတယ်။ ဒါက နိုင်ငံသားတွေရဲ့ အသက်ရှင်သန်မှုနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ သေရေးရှင်ရေးကိစ္စဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံအတွက် အသက်တမျှအရေးပါတဲ့ အကျိုးစီးပွား (Vital Interest) ဖြစ်ပါတယ်။

 

အခြေအနေသုံးသပ်ခြင်း (SWOT Analysis)

 

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်တွန်းလှန်ရေးကို တစ်မျိုးသားလုံး ပါဝင်တဲ့ စစ်ဆင်ရေး (National Campaign) အနေနဲ့လုပ်မယ်ဆိုရင် စစ်ဘက်မှာ စစ်ရေးသုံးသပ်ချက် အရပ်ဘက်မှာတော့ SWOT လို့ ခေါ်တဲ့အခြေအနေ သုံးသပ်ချက်တွေကို အရင်လုပ်ရမှာ ဖြစ်ပါတယ်။ မိမိရဲ့ အားသာချက် (Strength) ၊ အားနည်းချက် (Weakness) ၊ အခွင့် အလမ်း (Opportunity) နဲ့ ခြိမ်းခြောက်မှု (Threat) တွေကို ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ထုတ်သုံးသပ်နိုင်မှ “လက်တွေ့အခြေအနေအမှန်” ကို သိမှာ ဖြစ်ပါတယ်။

 

SWOT ပုံစံနဲ့အကျဉ်းချုပ် သုံးသပ်ရမယ်ဆိုရင် မိမိဘက် အားသာချက်က အစိုးရ ယန္တရား ကြီးရှိတယ်၊ အားကောင်းတဲ့ Institution ဖြစ်တဲ့ တပ်မတော်ရှိတယ်၊ ပြည်သူလူထု အကျိုးကို အမှန်တကယ် သယ်ပိုးချင်တဲ့ အရပ်ဘက်ပရဟိတအသင်းအဖွဲ့တွေရှိတယ်၊ ဝိုင်းဝန်း  ကူညီမယ့် စေတနာရှင်ပြည်သူတွေရှိတယ်။ ငွေအရင်းအမြစ်အင်အား အနေနဲ့ကြည့် ရင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လက်ထဲမှာ ကာကွယ်ဆေးဝယ်ယူရေးအတွက် နိုင်ငံ တကာအဖွဲ့အစည်းတွေဖြစ်တဲ့  ADB နဲ့ JICA က ထောက်ပံ့ပေးထားတဲ့ အတိုးသက်သာ ချေးငွေနဲ့  အလှူငွေ အမေရိကန်ဒေါ်လာ ၁၇၁ သန်းနဲ့ မြန်မာကျပ်ငွေ ဘီလီယံ (၃၀ ကျော် ရှိတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာလည်း နိုင်ငံတော်ဘတ်ဂျက်နဲ့ သီးခြား ကိုဗစ်ရန်ပုံငွေတွေရှိသလိုတပ်မတော်  ဘက်မှာလည်း ဆေးတပ်ဖွဲ့ ဘတ်ဂျက်အပြင် တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေက ရန်ပုံငွေတွေလည်းရှိပါတယ်။ ပြည်သူလူထုတွေထဲမှာ လည်း  ကိုယ့်မြို့ ကိုယ့်ရွာအတွက် ဝိုင်းဝန်းပံ့ပိုး လှူဒါန်းကြမယ့်သူတွေ  မရှားပါဘူး။

 

အားနည်းချက်ကတော့ ဒီလိုနိုင်ငံတစ်ဝန်းလုံးသေရေးရှင်ရေးကိစ္စ ဖြစ်နေချိန်မှာ တိုင်းပြည်ကို မပျက်ပျက်အောင် ဖျက်ချင်နေတဲ့ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေ၊ နိုင်ငံကို ပြာပုံဖြစ်အောင်လုပ်ပြီးမှ အာဏာယူချင်နေတဲ့ အတ္တကြီးလွန်းနေသူတွေ၊  ခေတ်ပျက်တုန်း စီးပွားရှာချင်တဲ့ ဝိသမလောဘသားတောကြောင်တွေ၊ အပြင်က မြှောက်ပေးတိုင်း တစ်ယောက်တစ်ပေါက်နဲ့ လူမဆန်တဲ့ အလုပ်တွေလုပ်နေကြတဲ့ ထိန်းချုပ်ခံ ဦးနှောက် နည်းသူတွေကလည်း အတော်များများရှိနေတာပဲ။ အခုအချိန်ထိ CDM လုပ်နေကြတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကြောင့် အရပ်ဘက်ဆေးရုံတွေ အများစုက လူအင်အားချို့တဲ့ပြီး ပုံမှန်မလည်ပတ်နိုင်ပါဘူး။ ဒီအတွက် တပ်မတော်ဆေးရုံတွေမှာ အရပ်သားလူနာတွေကို လက်ခံ ကုသပေးနေရတာလူနာသုံးသိန်းနီးပါး ကပ်နေပြီဖြစ်လို့ တပ်ဆရာဝန် တွေလည်း အတော်ပင်ပန်းနေကြပါပြီ။

 

အခွင့်အလမ်းကတော့ ဘေးကနေ ဝိုင်းဝန်းကူညီပေးမယ့်  မိတ်ကောင်းဆွေကောင်းတွေ လည်း ရှိနေတာပါပဲ။ တရုတ်နဲ့ ရုရှားကကာကွယ်ဆေးနဲ့ ဆေးပစ္စည်းတွေ ရောင်းတာ လည်းရောင်း၊ လှူတာ လည်းလှူမယ်၊ ရေရှည်အတွက် ကာကွယ်ဆေးထုတ်ဖို့နဲ့ သုတေသန  လုပ်ဖို့လည်း ကူညီမယ်။ ထိုင်း၊ တရုတ်နယ်စပ်တွေ ပိတ်ထားပေမယ့် ကျန်းမာရေး ဆေးပစ္စည်း တင်သွင်းမှုကို ဖွင့်ပေးမယ်။

 

ခြိမ်းခြောက်မှု အဖျက်အန္တရာယ်ကတော့ အနောက်အုပ်စုနဲ့ အနောက်ဩဇာခံနိုင်ငံတွေ အဖွဲ့အစည်းတွေက နိုင်ငံရေး ဖိအားပေးမှုတွေ ဘဏ္ဍာရေးပိတ်ဆို့မှုတွေ၊ တရားဝင် အကူအညီရပ်ဆိုင်းမှုတွေ အကြမ်းဖက်သမားတွေကို ငရဲပန်းကို ရွှေပန်းထင်ပြီး ထောက်ပံ့ အား ပေးကူညီမှုတွေ လုပ်နေတာပါ။

 

မဟာဗျူဟာ

 

ကျင့်သုံးမယ့် မဟာဗျူဟာကတော့ ကာကွယ်ဆေးထိုးမှု၊ ပြုစုကုသမှုနဲ့ နေထိုင်မှု စည်းကမ်း ထိန်းကျောင်းမှုတွေကို ဟန်ချက်ညီ ပေါင်းစပ်လုပ်ကိုင်သွားဖို့ဖြစ်ပါတယ်။ ဦးစားပေးအနေနဲ့ ရောဂါအဖြစ်များတဲ့ လူသူထူထပ်တဲ့ မြို့ကြီးတွေကို အားအပြည့်သုံးပြီး ဖြေရှင်း ဆောင်ရွက်သလို တခြားဒေသတွေမှာလည်း ရောဂါဖြစ်ပွားမှု အခြေအနေကိုလိုက်ပြီး လိုအပ် သလို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

ရေတိုနည်းဗျူဟာကတော့ ရောဂါခံစားရမှုတွေသက်သာစေဖို့နဲ့ ပျံ့နှံ့ကူးစက်မှုတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ပါ။ ရောဂါပိုးတွေ့သူ အားလုံးကို ဆေးရုံတင်ကုသဖို့ကတော့ ဒီအနေအထားမှာ မဖြစ်နိုင် ပါဘူး။ ဒါကြောင့် တခြားနိုင်ငံကြီးတွေမှာလိုပဲ ဖြစ်ပွားသူ ၁၀၀ မှာဆေးရုံတင်ဖို့ လိုအပ်တဲ့ ၁၅ ရာခိုင်နှုန်းလောက်ကိုပဲ ဆေးရုံတင်ကုသ ပြီးသက်သာတဲ့ သူတွေကို အိမ်မှာပဲသီးခြားခွဲနေ၊ အောက်ဆီဂျင်လိုမယ့် သူတွေ၊ ဂရုစိုက်ပြုစုဖို့ လိုမယ့်သူ တွေကို မြို့နယ်အလိုက် Community  Covid Center တွေထူထောင်ပြီး ဆေးဝန်ထမ်း တွေအပြင် စေတနာ  ဝန်ထမ်းတွေနဲ့ စုပေါင်းပြီး ပြုစုထားကြဖို့ပါ။

 

ကာကွယ်ဆေးတွေ ရလာတဲ့အခါကျရင်တော့ ကျန်းမာရေး ဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ ထဲက ထိုးဖို့ကျန်တဲ့လူတွေ၊ စေတနာ့၊ ဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ ရောဂါ သယ်ဆောင် ပြန့်ပွားစေနိုင်သူတွေ စသည်ဖြင့် လိုအပ်သလို ဦးစားပေးထိုးနှံသွားမှာ ဖြစ်ပါ တယ်။

 

 

Stay at Home အစီအစဉ်တွေကိုလည်း အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ လုံးဝပိတ်ချလိုက်ဖို့ကတော့ အောက်ခြေလူထုရဲ့ လူမှုစီးပွားရေး အနေအထားအရ လုပ်ဆောင်ဖို့ ခက်တာကို နားလည်ရပါမယ်။

 

ရေရှည်အတွက်မှာတော့ ဒီကိုရိုနာဗိုင်းရပ်စ်က အသွင်အမျိုးမျိုး၊  မျိုးဗီဇအမျိုးမျိုးနဲ့ အမြဲ ရှိနေမယ့်သဘောဆိုတော့ ပေါ်လာသမျှ ဗိုင်းရပ်စ်မျိုးကွဲတွေကို အမြန်ဆုံးတုံ့ပြန်နိုင်ဖို့ ကိုယ်ပိုင်ကာကွယ် ဆေးထုတ်လုပ်နိုင်မှုစွမ်းရည်နဲ့ ဇီဝနည်းပညာသုတေသနတွေကို ဦးစား ပေး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

 

စီမံခန့်ခွဲမှုနဲ့ စိန်ခေါ်မှုများ

 

အကျပ်အတည်းစီမံခန့်ခွဲမှု (Crisis Management) မှာ အရေးကြီးဆုံးက အရေးပေါ် အခြေအနေတုံ့ပြန်မှု (Emergency Response) ဖြစ်ပါတယ်။ ဒီလုပ်ငန်းက အပြော လွယ်သလောက် အလုပ်ခက်တဲ့ကိစ္စပါ။ အရေးပေါ်အခြေအနေတစ်ရပ်ကို ချက်ချင်း အောင်မြင်အောင် တုံ့ပြန်နိုင်ဖို့ဆိုတာ အရင်ကတည်းက အခြေခံအဆောက်အဦ၊ လူအင်အား၊ ပစ္စည်း အင်အား၊ ငွေအင်အား၊ စီမံချက်နဲ့ ဇာတ်တိုက်လေ့ကျင့်မှုတွေ သေချာစုဖွဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

အခုတတိယလှိုင်းအခြေအနေမှာ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကတော့ အကြီးမားတဲ့ အတွက် စီမံခန့်ခွဲမှုအပေါ်မှသက်ရောက်မှု ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် - ဆေးရုံတွေမှာ CDM တွေကြောင့် ဝန်ထမ်းအင်အား ကန့်သတ်မှုတွေရှိနေပါတယ်။ အခြေခံအဆောက် အဦအပိုင်းမှာ ဒုတိယလှိုင်းပြီးသွားတော့ အရင်တပ်ဆင်ထားတဲ့ပစ္စည်း၊ အဆောက်အဦ တွေကို ပြန်ဖြုတ်ပြီး သိမ်းသွားတာ၊ မူလအဆောက်အဦ ပိုင်ရှင်တွေကို ပြန်လွှဲလိုက်ရတာမျိုး တွေရှိတယ်လို့ သိရပါတယ်။ သတင်းအမှားတွေ ထုတ်လွှင့်ပြီးတော့ ပြည်သူတွေ ထိတ်လန့် ခြောက်ခြားအောင်လုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်တာတွေရှိပါတယ်။ ကိုဗစ်ရောဂါ စစ်ဆေးရေးဂိတ်တွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ပြည်သူတွေကို သတ်ဖြတ်တာ၊ ရောဂါ ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်းတွေဝေငှပြီး ပြည်သူကိုအသိပညာပေးနေတဲ့ စေတနာ့ ဝန်ထမ်းတွေကို ပစ်ခတ်သတ်ဖြတ်တာ စတဲ့အကြမ်းဖက်လုပ်ရပ်တွေ အောက်ဆီ ဂျင် ဖြန့်ဝေရေးအစီအစဉ်တွေမှာ နည်မျိုးစုံနဲ့ အဖျက်အမှောင့် လုပ်ကိုင်နေတာတွေ ရှိပါတယ်။

 

ဒါပေမယ့် တစ်ဖက်မှာလည်း ဒီကိစ္စအပေါ်နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက် ချင်တဲ့ ပြည်သူတွေအများကြီးရှိနေတာကို လည်း တွေ့ရပါတယ်။ ဒါ့အပြင် အထက်အောက် တိကျတဲ့ ကွပ်ကဲမှု တွေစနစ်နဲ့ လုပ်ငန်းတွေကို အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ တပ်မတော်ရဲ့ ပါဝင်ပူးပေါင်းမှုတွေကိုလည်း ဒီတစ်ကြိမ်မှာ အပြည့်အဝ အသုံးချနိုင်မှာပါ။

 

လတ်တလောစိန်ခေါ်မှုများကိုဖြေရှင်းခြင်း

 

ဆေးရုံတွေမှာ လူတွေပြည့်လျှံနေတဲ့ကိစ္စ

 

ကိုဗစ်တတိယလှိုင်းမှာ ကူးစက်မှုက ပိုမြန်သလို ပြင်းထန်တာမို့ လူနာတွေ အလျင်အမြန် တိုးလာပြီး ကုသပေးနိုင်တဲ့ ဆေးရုံခုတင် အရေအတွက်က အဲ့ဒီလူနာအရေအတွက်ကို မမီနိုင်တဲ့အတွက် ဒီပြဿနာက အလျင်အမြန် ဖြေရှင်းရမယ့် စိန်ခေါ်မှုဖြစ်လာပါတယ်။ ရုတ်တရက်မိုးကြီးရွာလိုက်တဲ့အခါ ချောင်းတွေ၊ မြောင်းတွေထဲက ရေတွေစုဝင်ပြီး ကန်တွေ၊ ဆည်တွေမှာ ရေလျှံတဲ့ပုံစံမျိုးပါပဲ။

 

ဒါကိုဖြေရှင်းဖို့ကြားမှာ အဆင့်ဆင့်လူနာတွေကို ထိန်းသိမ်း စစ်ဆေးပြုစုပေးမယ့်ကြားခံ Cathment System စနစ်တစ်ခု ချရ ပါမယ်၊ တွေ့ရှိချက်တွေအရ ရောဂါပိုးတွေ့တဲ့ လူနာတွေရဲ့ ၁၅ ရာခိုင် နှုန်းလောက်ပဲ ဆေးရုံမှာတင်ပြီး ကုသဖို့လိုတာဖြစ်ပါတယ်။ အဲ့ဒီထဲ ကမှာ ၅ ရာခိုင်နှုန်းလောက်ကပဲ ICU မှာထားရှိပြီး အထူးစောင့်ကြပ် ကြည့်ရှုဖို့ လိုတာပါ။ ဒါပေမယ့် ကျန်တဲ့ပိုး တွေ့လူနာတွေကို ဒီအတိုင်း ပစ်ထားလို့လည်း မဖြစ်ပါဘူး။

 

အဲဒီတော့ ပထမဆုံးမြို့နယ်အလိုက်ဒေသန္တရကျန်းမာရေးဌာနနဲ့ ဆေးရုံတွေမှာလာပြီး သတင်းပို့တဲ့သူတွေကို စစ်မယ်။ စိုးရိမ်စရာမရှိဘဲ အခြေအနေကောင်းတဲ့သူတွေကို အိမ်မှာပဲ စောင့်ကြည့်ထားဖို့၊ အခြား သူတွေနဲ့ ခပ်ခွာခွာနေဖို့ ပြန်လွှတ်မယ်။ အိမ်ပြန်လွှတ်ဖို့ မသင့်တဲ့ သူတွေ၊ အောက်ဆီဂျင်လိုအပ်နိုင်တဲ့သူတွေကိုတော့ မြို့နယ်အလိုက် Community Covid Center တွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး စောင့်ရှောက် ထားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒေသအလိုက်ရှိနေတဲ့ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့တွေ ကလည်း တပ်အစီအစဉ်နဲ့ ကိုဗစ်စင်တာတွေ တည်ဆောက်ပြီး လက်ခံစောင့်ရှောက်သွားမှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၂ရက်နေ့က အချက်အလက်တွေအရ စောင့်ရှောက်ကုသမယ့် နေရာနဲ့ ဝင်ဆံ့မှုက အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

ဒီစာရင်းအရ တပ်မတော်နဲ့ အရပ်ဘက်နေရာပေါင်း ၂၇ဝဝ ကျော်မှာ လူပေါင်း တစ်သိန်း ကျော်ကို ထားရှိစောင့်ရှောက်နိုင်မယ့် အနေအထားရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် လူနာတစ်ယောက်ကို ဒီစင်တာတွေမှာ အနည်းဆုံး ၁ဝ ရက်လောက်ထားရမှာ ဖြစ်တဲ့ အတွက် တစ်ရက်ကို လူနာသစ် တစ်သောင်းကျပ်လောက်နဲ့ ကုသ စောင့်ရှောက်မှုပြီးဆုံး သူ တစ်သောင်းကျပ်လောက် ဆင်အထွက်ရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အခုနောက် ပိုင်းမှာ ဒီစင်တာတွေကို  တိုးချဲ့ဆောင်နေမှာဖြစ်လို့ ဒီထက်မက တိုးတက်လာမယ်လို့ မျှော်လင့်ရပါ တယ်။ လူနာတွေစပြီး အလျင်အမြန်တိုးပွားခဲ့ချိန် မှာ အဆင်သင့်မဖြစ် နိုင်ခဲ့သေးတာကြောင့် အရေးကြီးလူနာတွေကို လက်ခံနိုင်မယ့်ဆေးရုံတွေ ရှာဖွေရင်း အောက်ဆီဂျင်ထိုးကျပြီး အသက်ဆုံးပါးသွားရတဲ့ ကြေကွဲစရာအဖြစ်မျိုးတွေ နောင်မှာမဖြစ် ရလေအောင် လူနာ လက်ခံစီမံခန့်ခွဲရေးအဖွဲ့ Bed Management Team တွေကိုလည်း မြို့နယ် ၂၆ မြို့နယ်မှာ အဖွဲ့ပေါင်း ၆၀၀ နီးပါး ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

 

အရေးကြီးတာက ဆာဖြစ်ပွားတဲ့လူနာတွေ ဘယ်လိုအဆင်ဆင့် သတင်းပို့ရမယ် ရောဂါ ဖြစ်ပွားမှု အဆင့်အလိုက် ဘယ်နေရာတွေမှာ ထားရှိ စောင့်ရှောက်ကုသသွားမယ်ဆိုတာ ပြည်သူတွေအားလုံး အလွယ်တကူ သိနိုင်အောင် မီဒီယာလမ်းကြောင်းအမျိုးမျိုးကနေ သတင်းပေး ဖော်ပြသွားဖို့နဲ့ အဲ့ဒီနေရာတွေမှာ အမှန်တကယ် အဆင်ပြေ ထိရောက်စွာ ကြည့်ရှုစောင့်ရှောက်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

 

ဒီနေရာမှာ ဒေသန္တရကနေစပြီး သတင်းပို့နေရအောင် အချိန်မရှိတော့တဲ့ အရေးပေါ်လူနာတွေ ကို ဆေးရုံတွေမှာ အရေးပေါ်ကိုဗစ်ကုသရေးဌာနတွေပို့ပြီး ကုသပေးဖို့လည်း လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ မြို့ကြီးတွေမှာ ဘယ်မြို့နယ်ကဘယ်ဆေးရုံကိုပို့ရမယ်ဆိုတဲ့ သတင်း အချက်အလက်တွေကိုလည်း လူတွေသိအောင် ဖြန့်ဝေထားရမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ဌာနက ထုတ်ပြန်ပေးတဲ့အချက်အလက်တွေကို ပြည်သူလူထုကလည်း အချင်းချင်းဝိုင်းပြီး ဖြန့်ချိုအသိပေးသွားကြ ဖို့လိုမှာ ဖြစ်ပါတယ်။

 

ရောဂါစစ်ဆေးကုသရေးနဲ့ ပတ်သက်လို့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကိုလည်း သတ်မှတ် ဘေးကင်းလုံခြုံမှု အဆင့်မီမမီ စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုနေပြီဖြစ်လို့ ငွေကြေး မတတ်နိုင်သူများ အဲ့ဒီဆေးရုံတွေမှာ သွားရောက်ကုသနိုင်ကြပါလိမ့်မယ်။

 

အောက်ဆီဂျင်ရရှိရေးကိစ္စ

 

တတိယလှိုင်းမှာ လူနာတွေအတွက် အောက်ဆီဂျင်လိုအပ်မှုက ထူးထူးခြားခြား မြင့်တက် လာခဲ့ပါတယ်။ ကုသရေးနဲ့ ကွာရင်တင်း စင်တာတွေမှာ ဒုတိယလှိုင်းအပြီး တပ်ဆင်ထားတဲ့ အောက်ဆီဂျင် အားမြှင့်စက်တွေ ဖြုတ်ယူသွားခဲ့တာတွေ ရှိသလို တချို့ဆေးရုံတွေမှာ အောက်ဆီဂျင်ထုတ်လုပ်တဲ့စက်သစ်တွေ တည်ဆောက်ထားတာကို မသိတာမျိုးတောင် ရှိခဲ့ရာမှာ လိုအပ်ချက်နဲ့ ဖြည့်ဆည်းနိုင်မှုက ကွာဟသွားခဲ့ပါတယ်။ အစိုးရဆေးရုံတွေမှာ အောက်ဆီဂျင် လိုအပ် ချက်တွေရရှိဖို့ အစိုးရဆေးရုံတွေက အော်ဆီဂျင်ထုတ်လုပ်မှုတွေကို ဆေးရုံအတွက် ဦးစားပေးလိုက်ရတဲ့အခါ ပုဂ္ဂလိကစက်တွေက ပုဂ္ဂလိကလိုအပ်ချက်တွေကို လုံလောက်အောင် မပေးနိုင်တော့ ကြောက်လန့်တကြားနဲ့ အုတ်အော်သောင်းတင်းဖြစ်ပြီး၊ အတင်းတိုးဝယ်ကြတဲ့ Panic Buying ဖြစ်လာတော့တာပဲ။ ဒီနေရာမှာ နိုင်ငံရေး တိုက်ကွက် ဖော်ပြီး အဖျက်အမှောင့်လုပ်သူတွေ ပေါ်လာပါတယ်။ သတင်းမှားတွေပေးပြီး လူတိုင်း စိုးရိမ်စိတ်နဲ့ အောက်ဆီဂျင်မရရင် သေမှာပဲဆိုတဲ့စိတ် ဖြစ်လာအောင် လှုံ့ဆော်မှုတွေလည်း ရှိလာပြီး အဲ့ဒီကနေမှ ကြက်ဥနဲ့ ခွေးတောက်ရွက်တွေ ဈေးမတန်တဆ ထိုးတက်သွားတဲ့ အထိ ဖြစ်ကုန်တာလည်း ရှိပါတယ်။ အထူးသဖြင့်တော့ လူဦးရေသိပ်သည်းမှုမြင့်မားပြီး လူနေထူထပ်တဲ့ ရန်ကုန်း မန္တလေးလို မြို့ကြီးတွေမှာ ဖြစ်ကုန်တာပါ။

 

အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုနဲ့ ပတ်သက်လို့ ဇူလိုင်လ ၁၂ ရက်  နေ့ကအချက်အလက်တွေရ တပ်မတော်နဲ့ ရပ်တက်ဆေးရုံတွေက နေ့စဉ်ထုတ်လုပ်နိုင်စွမ်းဟာ ဓာတ်ငွေ့ရည်လီတာ ၁၂၅၀၀ လောက်ရှိပြီး သုံးစွဲမှုက လီဘာတစ်သောင်းကျော် ရှိတယ်လို့ သိရပါတယ်။  ဓာတ်ငွေ့ရည်အိုးအနေနဲ့ ပြောရင်တော့ စုစုပေါင်းအိုး ၄၅၀၀ နီးပါး ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ အသည်းအသန် အောက်ဆီဂျင် oso So High Flow Nasal Cannula (HFNC) poog ooze  အိုးတစ်လုံးကို လေးနာရီလောက် သုံးရတယ်ဆိုတော့ ၂၄ နာရီကို အိုး ၆ လုံးလောက် လိုနိုင်ပါတယ်။ ဒီနှုန်းနဲ့တွက်ရင်တော့ အသည်း အသန် လူနာ ၇၅၀ အတွက်ပဲ လုံလောက်မယ့် ပမာဏဖြစ်ပါတယ်။ ထပ်ပြီးလိုအပ်မယ့်အောက်ဆီဂျင်အတွက် နိုင်ငံတော် အောက်ဆီဂျင် စက်ရုံအသစ်တွေ ဆောက်နေပါတယ်။ တစ်ရက်ကို အိုးအလုံး ၁၄၄၀ ထုတ်နိုင်မယ့် စက်ရုံကတော့ အုတ်မြစ်ပိုင်းပြီးသွားလို့အပေါ် အဆောက်အဦတွေ တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ဇူလိုင်လ ကုန်လောက် အပြီးသတ်နိုင်အောင် ကြိုးပမ်း နေကြောင်း သိရပါတယ်။

 

ဒါကြောင့် ရေတိုလုံလောက်ဖို့ကတော့ အပြင်ကနေ အောက်ဆီဂျင်သွင်းရမှာပါ။ အောက်ဆီဂျင်အရည်အနေနဲ့ သွင်းနိုင်ရင်တော့ အကောင်းဆုံးပါ။ အောက်ဆီဂျင်အရည်ကို တန် ၂၀ စည်ကြီးတွေနဲ့ သွင်းရတာဖြစ်ပြီး မီးလောင်လွယ်တဲ့ အတွက် သေချာပေါင်တွေနဲ့  ထိန်းထားတဲ့ ကွန်တိန်နာကြီးတွေနဲ့တင်ပြီး ကုန်တင်ယာဉ် အကြီးစားတွေနဲ့ သယ်ရတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံဘက်က သွင်းနေပြီး ကိုဗစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အတွက် အခွန်အခတွေ ဖြေလျှော့လိုက်ပြီဖြစ်လို့ မူလအဆက်အသွယ်ရှိတဲ့ ကုန်သည်များက  အားတက်သရော ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ တပ်မတော်ဘက်ကလည်း လိုအပ်ရင် ကော်ဆီဂျင်စည်ကြီးတွေ သယ်ဆောင်ဖို့  ကုန်တင်ယာဉ်ကြီးတွေနဲ့ ကူညီသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

 

တကယ်တော့ ပိုးတွေ့သူတိုင်းဟာ HFNC အဆင့်ကိုရောက်ကြတာ မဟုတ်ပါဘူး။ ဆေးရုံမှာ တင်ထားရတဲ့လူနတွေမှာ အောက်ဆီဂျင် Level ၉၀ အောက်ကျသွားတဲ့ အချိန်ကျမှ အပြင် အောက်ဆီဂျင်ရှားဖို့ လိုတာဖြစ်ပြီး လူအနည်းအကျဉ်းပဲ အောက်ဆီဂျင်ပိုက် အမြဲတပ် ထားဖို့လိုတဲ့ MFNC အဆင့်ကို ရောက်တာပါ။ ဒီလိုအောက်ဆီဂျင် အမြဲမလို၊ များများမလိုတဲ့ လူတွေအတွက် ကိုယ့်ဘေးမှာရှိတဲ့ လေထုထဲက အောက်ဆီဂျင်ကို သန့်စင်ရယူနိုင်တဲ့ အောက်ဆီဂျင် သန့်စင်အားမြှင့်စက် Oxygen Concentrator တွေကို သုံးရင် လုံလောက်ပါ တယ်။

 

ဒုတိယလှိုင်းတုန်းက ဒီစက်တွေအများကြီး ကိုဗစ်စင်တာတွေမှာ တပ်ဆင်ထားခဲ့ဖူးတာ တွေ့မိပါတယ်။ အခုတော့ တချို့လည်း ခြေရာပျောက်သွားကြပေမယ့် ကျန်နေသေးတဲ့ စက်တွေကိုပြန်သုံးနိုင်အောင် စီစဉ်ဖို့လိုမှာပါ။ တတ်နိုင်တဲ့သူတွေအတွက် ရောင်းချပေးဖို့နဲ့ တိုးမြှင့် တည်ဆောက်တဲ့ ကိုဗစ်စင်တာတွေမှာ တပ်ဆင်ဖို့လည်း ထိုင်း၊ စင်ကာပူ၊ တရုတ် စတဲ့နိုင်ငံတွေက မှာယူနိုင်ဖို့ လမ်းဖွင့်ပေးထားပြီ ဆိုတော့ မကြာခင်မှာ အတော်များများ ဝင်လာမယ်လို့ မျှော်လင့်ရပါ တယ်။

 

HFNC လူနာတွေ အတွက်အောက်ဆီဂျင်လုံလုံလောက်လောက် ရဖို့အတွက် တပ်မတော် ဘက်က စက်ရုံတွေဖြစ်တဲ့ မင်းဓမ္မ၊ အင်းစိန် သံမဏိ၊ မြောင်းတကသံမဏိ ပြင်ဦးလွင် ဆေးဝါးစက်ရုံတွေကနေ ထုတ်တဲ့ စက်မှုသုံးအောက်ဆီဂျင်တွေကို ဆေးဝါးသုံး အဆင့်မြှင့် တင်ပြီး တိုးတက်ထုတ်လုပ်ပေးနေပါတယ် အရပ်ဘက်မှာလည်း သီလဝါစက်မှုဇုန်က ဂျပန် စက်ရုံနဲ့ညှိနှိုင်းပြီး မီတာခကြောင့် အရင်က ရပ်ဆိုင်းထားတဲ့ အောက်ဆီဂျင်ထော်လုပ်မှုကို ပြန်ထုတ်ပေးဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မြို့နယ်တွေအလိုက်လည်း ပြည်သူတွေ စုပေါင်း လှူဒါန်းမှုနဲ့ ဆေးရုံသုံးအောက်ဆီဂျင်စက်တွေ တည်ဆောက် ဖို့ ဆောင်ရွက် နေကြတာ တွေ့ပါတယ်။

 

ဝေးလံခေါင်ဖျားပြီး သွားလာရေး ခက်ခဲတဲ့ နေရာဒေသတွေကို လည်းအောက်ဆီဂျင် ရရှိရေးအတွက် တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေက ကူညီပို့ဆောင်ပေးသွားဖို့ ရှိနေပါတယ်။ ဥပမာ - ချင်းပြည်နယ်က ဟားခါး၊ တီးတိန်၊ ဖလမ်း၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ စတဲ့ မြို့တော် များများမှာ အောက်ဆီဂျင်စက် မရှိသေးတဲ့အတွက် အချက်အချာကျတဲ့ ဟားခါးနဲ့ မင်းတပ်တို့မှာ အောက်ဆီဂျင် စက်တွေအရင်ပို့ပေးပြီး တပ်ဆင်သွားဖို့ရှိပါတယ်။ လိုအပ်ရင် တပ်မတော်က လေယာဉ် ရဟတ်ယာဉ်တွေနဲ့ သယ်ပို့ပေးမယ်လို့ သိရပါတယ်။

 

နာဒေသတစ်ခုလုံးမှာလည်း အောက်ဆီဂျင် စက်မရှိသေးတာကို အမြန်ဖြည့်ဆည်း သွားဖို့ ရှိပါတယ်။ တပ်မတော်ကာကွယ်ရေးပစ္စည်း စက်ရုံတွေကအောက်ဆီဂျင်ကို နီးစပ်ဒေသက မြို့နယ်ဆေးရုံတွေကို ထောက်ပံ့ပေးဖို့ရှိသလို၊ အရပ်ဘက်ကလည်း မြင်းခြံသံမဏိစက်ရုံ၊ တကောင်းနီကယ်စက်ရုံ စတဲ့စက်ရုံတွေကနေ ထောက်ပံ့ပေးသွား မှာဖြစ်ပါတယ်။

 

လူ့အရင်းအမြစ်ရရှိရေး

 

အဓိကကြုံရတဲ့စိန်ခေါ်မှုကတော့ “ရှင်နည်းရာ အဂ္ဂလူထွက်” ဆိုတာလို ဆေးရုံတွေမှာ ဆရာဝန်နည်းရတဲ့အထဲမှာ၊ အနားမရဘဲ ကုသပေးနေရတဲ့ ဆရာဝန်တွေကိုယ်တိုင် ကိုဗစ်ရောဂါပိုးကူးစက်ပြီး လူနာဖြစ်ကုန်ကြတာပါပဲ။ ဥပမာ - အိန္ဒိယနယ်စပ်က တမူးဆိုရင် ဆရာဝန် ၂ ယောက်ပဲရှိရာမှာ တစ်ယောက်က ကိုဗစ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ လိုတဲ့ နေရာတွေမှာ တပ်မတော်ကဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေနဲ့ ကြိုးစား ဖြည့်တင်းပေးနေပါ တယ်။ စာရင်းအရဆိုရင် စောင့်ရှောက်ကုသရေးနေရာ ၂၇၀၀ ကျော်မှာ တပ်မတော်နဲ့ အရပ်ဘက်ကျန်းမာရေးဝန်ထမ်းက ၄၇၀၀၀ ကျော်ပဲ စုစည်းထုတ်နုတ် နိုင်လို့ ပျမ်းမျှအားဖြင့် နေရာတစ်နေရာကို ဆေးမှူး/ ပါရဂူ ကနေ သူနာပြုသန့်ရှင်ရေးအထိ ၁၈ ယောက်နဲ့ တာဝန်ယူနေရတဲ့ သဘော ရှိပါတယ်။ ဒါကြောင့် ပြည်သူတွေဘက်က စေတနာ့ဝန်ထမ်းတွေ  ဝိုင်းဝန်းကူညီကြဖို့ အလွန်အရေးကြီးပါတယ်။

 

တပ်မတော်ဘက်က ဆေးဝန်ထမ်းတပ်ဖွဲ့ စစ်မှုထမ်းဟောင်းတွေ၊ အရပ်ဘက်က အငြိမ်းစား ကျန်းမာရေး ဝန်ထမ်းဟောင်းတွေကို တိုင်းပြည်အတွက် အရေးကြုံရတဲ့အချိန်မှာ ပါဝင်ကူညီ ပေးကြဖို့ ဒီနေရာကနေ ဖိတ်ခေါ်ချင်ပါတယ်။ ဒီစေတနာ့ဝန်ထမ်းတွေကိုလည်း နိုင်ငံတော်က အတတ်နိုင်ဆုံး ထောက်ပံ့ဖြည့်ဆည်းသွားမှာ ဖြစ်ပါတယ် အခုလို အရေးကြီးတဲ့အခြေအနေ အချိန်အခါမှာ မိမိတို့ရဲ့ စိတ်ရင်းစေတနာနဲ့ ငွေကြေးကို အဓိကမထားဘဲ မိမိတို့ ရပ်ရွာ အကျိုး၊ လူထုအကျိုးအတွက် ပါဝင်ကူညီကြဖို့ တိုက်တွန်းလို ပါတယ်။

 

ကာကွယ်ဆေးကိစ္စ

 

လောလောဆယ်မှာ တရုတ်နိုင်ငံက ကာကွယ်ဆေးအလုံးရေ ၂သန်း လှူဒါန်းသွားမှာဖြစ်ပြီး ပထမအသုတ် ၁ သန်းက မကြာမီမှာ ရောက်လာဖို့ရှိပါတယ်။ ဒါ့အပြင် Sinovac ကုမ္ပဏီက ဆေးအလုံး ၂ သန်းနဲ့ Sinolarm ကုမ္ပဏီက ဆေးအလုံးရေ ၂ သန်းကိုလည်း ဝယ်ယူထားလို့ ကာကွယ်ဆေးတွေက နောက်ပိုင်းမှာ ဆက်တိုက် ရောက်လာနိုင်ပါတယ်။ ရုရှားနိုင်ငံ ကလည်း ကာကွယ်ဆေးအလုံးရေ ၇ သန်း ဝယ်ယူဖို့ ညှိနှိုင်းထားပါတယ်။

 

ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ ကနေ Ready to Fil (RTF) စနစ်နဲ့ ဒီမှာစက်ရုံတပ်ဆင်ထုတ်လုပ်နိုင်ဖို့ ဆွေးနွေးနေသလို ရုရှားနိုင်ငံနဲ့လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခရီးစဉ်မှာ ဒီကိစ္စကို ဆွေးနွေးခဲ့လို့ ရုရှားဘက်က မြန်မာနိုင်ငံရဲ့ စွမ်းဆောင်နိုင်မှု အနေအထားဖြစ်တန်စွမ်းကို လာရောက်လေ့လာ ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

 

ရေရှည်မှာ ကာကွယ်ဆေး သုတေသနအတွက်လည်း တရုတ်နိုင်ငံ  ဘက်က ကူညီသွားဖို့ရှိပြီး လန်ချန်းမဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်မှာ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၃သန်း ကျော်တန် အဆင့် (၃) ဇီဝနည်းပညာဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ရေးအတွက် ထည့်သွင်းပေးထားပါတယ်။ ပြည်တွင်းမှာလည်း အသည်းရောင် အသားဝါ (ဘီ) ဗိုင်းရပ် ကာကွယ်ဆေးကို အောင်မြင်စွာ စမ်းသပ် ထုတ်လုပ်နိုင်ခဲ့တဲ့ ဆေးသုတေသနနဲ့ တပ်က သုတေသန အဖွဲ့တွေ ပူးပေါင်းပြီး ဇီဝသုတေသနလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက် သွားဖို့ ရှိပါတယ်။

 

သုံးသပ်တင်ပြချက်

 

မြန်မာနိုင်ငံလိုပဲ ကမ္ဘာမှာ အခုဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဟာ အရင်ထက် ပိုပြီး ပြင်းထန်ကျယ်ပြန့်ပါတယ်။ အောက်ဆီဂျင် ပြတ်လပ်တဲ့ပြဿနာတွေ၊ သေဆုံးမှုနှုန်း မြင့်မားလို့ သုသာန်မှာ သင်္ဂြိုဟ်ဖို့ မနိုင်မနင်းဖြစ်နေတာတွေ၊ ဆေးရုံခုတင် မလောက်တဲ့ ပြဿနတွေက ဖွံ့ဖြိုးတဲ့နိုင်ငံတွေ၊ ကာကွယ်ဆေး ထုတ်လုပ်မှုအများဆုံးဖြစ်တဲ့ အိန္ဒိယလို နိုင်ငံတွေမှာတောင်မှ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစိန်ခေါ်မှုတွေ ကို နိုင်ငံတွေက အောင်မြင်အောင် ကျော်လွှားကြရမှာပါ။

 

မြန်မာနိုင်ငံမှာလည်း အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ကာကွယ်ဆေးထိုးနှံရေး၊ ရောဂါ ဖြစ်ပွားသူတွေကို အဆင့်လိုက်ဖြန့်ခွဲ စောင့်ရှောက်ကုသပေးရေးနဲ့ ပြည်သူလူထုက ကိုဗစ် ရောဂါ ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ လိုက်နာနေထိုင်ရေးဆိုတဲ့ နည်းလမ်း သုံးခုကို ထိရောက်အောင်ဆောင်ရွက်နိုင်ရင် ဒီတတိယလှိုင်း ကိုလည်း အောင်အောင်မြင်မြင် ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

 

ဒါပေမယ့် ဒီကပ်ရာကမ္ဘာမြေပေါ်က အပြီးတိုင်ကွယ်ပျောက် သွား လေမလားဆိုတာကတော့ ဖြစ်နိုင်ခြေနည်းလှပါတယ်၊ ဗိုင်းရပ်စ် ပိုးတွေရဲ့ သဘောသဘာဝအရ မျိုးဗီဇတွေ အမျိုးမျိုး ပြောင်းပြီး ပုံစံအမျိုးမျိုး၊ အမည်ကွဲအမျိုးမျိုးနဲ့ ပြန်ပေါ်လာနေဖို့ပဲ များပါတယ်။ ဒီအတွက် လည်း ဖြစ်ပေါ်လာမည့် ပုံမှန်အနေအထားအသစ်မှာ လိုက်လျောညီထွေစွာ ရှင်သန် နေထိုင်သွားနိုင်အောင် ပြင်ဆင်ထား ကြဖို့ လိုအပ်ပါလိမ့်မယ်။

 

လက်ရှိအခြေအနေမှာတော့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ကုသ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ တွေ့ကြုံခဲ့တာတွေကို သင်ခန်းစာယူပြီး အကောင်းဆုံးပြင်ဆင် ဆောင်ရွက်သွားဖို့ပါပဲ။ စုဖွဲ့မှုတွေမှာ အလွှာ လိုက်- ဗဟိုအဆင့်ကနေ မြို့နယ် ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ဖွဲ့စည်းထားသလို လုပ်ငန်းကဏ္ဍအလိုက်လည်း လက်တွေ့ လိုအပ်တဲ့ အောက်ဆီဂျင်ရရှိရေး၊ လူန၁နေရာချထားရေး၊ သတင်းပြန်ကြားရေး၊ ဘဏ္ဍာငွေစုဆောင်းရေး၊ လူအင်အား စီမံခန့်ခွဲရေး စတဲ့လုပ်ငန်းတွေမှာ ထိထိရောက်ရောက် လုပ်ဆောင်နိုင်အောင် တာဝန်ခွဲဝေ စုဖွဲ့ ဆောင်ရွက်သွားဖို့လိုမှာ ဖြစ်ပါတယ်။

 

ပြည်သူလူထုဘက်ကလည်း သတင်းအမှားတွေနောက်လိုက်ပြီး အကြောက်မလွန်ဖို့၊ ကိုဗစ် စည်းကမ်းတွေကို တိတိကျကျလိုက်နာ နေထိုင်ဖို့နဲ့တာဝန်ရှိသူအဖွဲ့အစည်းတွေကို အားပေး ကူညီပြီးပူးပေါင်း ဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ ဒီလိုကပ်ရောဂါကာလမှာ အများ နည်းတူထိခိုက်ခံစားရတာတွေကတော့ ရှိမှာပါပဲ။

 

ဒီရောဂါကတော့ အနီသော အစိမ်းသော၊ လူငယ်သောလူကြီးသော ဆင်းရဲသော ချမ်းသာ သော၊ ဘာမှရွေးမှာမဟုတ်ပါဘူး။ လူတွေ အကုန်လုံး အနည်းနဲ့အများ ထိခိုက်ခံစားနေကြရ တာကို သဘောပေါက်နားလည်လက်ခံပြီး အားလုံးဝိုင်းဝန်း စုပေါင်းတွန်းလှန် သွားကြဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

 

ကိုကိုလှိုင်