Skip to main content

(၇၄)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဆောင်းပါး သမိုင်းတစ်ခေတ် အာဇာနည်တို့၏ ဂုဏ်သတင်းနှင့်အတူ ရယူအပ်ရာ သင်ခန်းစာများ

 

 

အပြောင်းအလဲတိုင်းမှာ စိန်ခေါ်မှုက လိုက်ပါစမြဲ၊ ရေစီးကြောင်းပြောင်းတိုင်းလည်း အရပ် မျက်နှာ တိုင်းကလာသော ဖိအားဒဏ်ခံရစမြဲ ဖြစ်ပါသည်။

 

ပြောင်းလဲမှုတိုင်းမှာ အခရာအကျဆုံးကား ဦးဆောင်သူ၏ အရည်အသွေးသည်သာ ပဓာနပါ။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲ တိုင်းမှာ အောင်မြင်မှုအတွက်အဆုံးအဖြတ် ပေးသွား သည်က အကောင်းဆုံးသော ခေါင်းဆောင်မှုသာဖြစ် သည်။ ခေါင်းဆောင်မှုကောင်း လျှင် ရည်မှန်းချက် ရောက်သလို ထက်မြက်သည့် ဦးဆောင်သူ၏အောက်တွင် ပြည်သူအားလုံး က စည်းစည်းလုံးလုံး ဖြင့် တစ်သွေးတည်း တစ်သားတည်း လိုက်ပါမြဲဖြစ် သည်။ မြန်မာ့သမိုင်းမှာ အတွေ့အကြုံများ သင်ခန်း စာယူစရာများ အပြည့်ရှိသည်ဖြစ်၍ အခြေအနေ အချိန်အခါနှင့်ယှဉ်၍ အကောင်းဆုံးများကို ယူတတ် ဖို့သာလိုသည်။ ယူနိုင်ဖို့သာ လိုပါသည်။ ညီညွတ်မှုမရှိလျှင် လွတ်လပ်ရေးဆုံးရှုံးနိုင်ပါသည် ။

 

မြန်မာ့သမိုင်းအဆက်ဆက် နန်းတက်ခဲ့သည့် အရည်အချင်းပြည့်၀သည့် ဘုရင်မင်းတရားများ လက်ထက်တွင် ဒေသတစ်ခွင် ဩဇာအာဏာများပင် ချဲ့ထွင်၍ မြန်မာ့အင်ပါယာများ ထူထောင် နိုင်ခဲ့ကြ သည်။ စုစည်းညီညွတ်ခဲ့ကြသည်။

 

ပထမအင်ပါယာအဖြစ်အနော်ရထာမင်းတရား ကြီးလက်ထက်တွင် ပုဂံမင်းနေပြည်တော်ကို အခြေ ပြု၍ အရှေ့တောင်အာရှဒေသအတော်များများကို သိမ်းပိုက်နိုင်ခဲ့သည်။ တောင်ငူခေတ် တပင်ရွှေထီး လက်ထက်တွင်ကား ဒုတိယမြန်မာအင်ပါယာအဖြစ် အရှေ့အနောက်သို့ နယ်ပယ်အချို့ချဲ့ထွင်၍ ရပ်တည်နိုင်ခဲ့သည်။ ကုန်းဘောင်မင်းဆက် အလောင်းဘုရားလက်ထက် တွင်ကား တတိယ မြန်မာအင်ပါယာအဖြစ် အရှေ့တစ်လွှားဒေသများ အထိ မြန်မာ့ယဉ်ကျေးမှု ထိုးဖောက်နိုင်ခဲ့သည်။

 

ထို့နောက်တွင်ကား မြန်မာ့အင်ပါယာသည် ခေါင်းဆောင်မှု အားနည်းချို့ယွင်းချက်၊ တိုင်းရင်း သားပြည်သူများ၏ ညီညွတ်မှုမရှိ၊ အချင်းချင်း အာဏာလုဖရိုဖရဲ အပြိုအကွဲများအောက်တွင် ထီးနန်းပျောက်၍ အင်္ဂလိပ်လက်အောက် ကျရောက် ခဲ့ရသည်။ စည်းလုံးမှုမရှိ၍ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရ သည်။ သမိုင်းတွင် စည်းလုံးညီညွတ်မှု၏ အရေး ပါပုံပြယုဂ်တစ်ခုကို တွေ့ရမည် ဖြစ်သည်။

 

လေးစားဂုဏ်ယူဖွယ် နိုင်ငံအာဇာနည်များ ဖြစ်ကြသည် ၁၈၈၅ ခုနှစ်နှောင်းပိုင်းမှစ၍ ဗြိတိသျှ လက်အောက်ကျရောက်ခဲ့ရသော မြန်မာနိုင်ငံနှင့် ဆုံးရှုံး ခဲ့ရသော မြန်မာ့လွတ်လပ်ရေးသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်မှ လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။ လွတ်လပ်ရေးရရှိရန် ကိုမူကား ခက်ခက်ခဲခဲ တိုက်ယူခဲ့ရပြီးမှ ရရှိခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ရေးဖခင် သခင်အောင်ဆန်း၊ မြန်မာ့တပ်မတော်၏ဖခင်၊ ရဲဘော်သုံးကျိပ် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင် မှုအောက်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စုစည်းညီညွတ်မှုစွမ်းပကားဖြင့် အသက်သွေးချွေး ပေါင်းများစွာ စတေးပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရင်းကပင်ဗိုလ်ချုပ် လည်း လမ်းခုလတ်တွင်အသက်ပေးကျဆုံးခဲ့ရသည်။

ဗိုလ်ချုပ်နှင့်အတူ လွတ်လပ်ရေးအတွက် အရေးပါသော ခေါင်းဆောင်များဖြစ်သည့် သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးဘ၀င်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့လည်း ကျဆုံးခဲ့ရသည်။ ပြည်သူတစ်ရပ်လုံး အတွက် ကျေးဇူးအထူးကြီးမားသော အထင်ကရ နိုင်ငံရေးခေါင်းဆောင်ကြီးများဖြစ်ကြ၍ နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးအတွက် လေးစားဖွယ် အာဇာ နည်များဖြစ်ကြသည်။ ဂုဏ်ပြုအပ်သော အာဇာနည် အပေါင်းအတွက် နိုင်ငံတော်အဆင့် အာဇာနည်နေ့ အခမ်းအနားများကို နှစ်စဉ်မပျက်မကွက် ကျင်းပခဲ့ ကြသည်။

 

ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ညီညွတ်ရေးအတွက် သင်ခန်းစာများရှိခဲ့သည်

 

ယနေ့မြန်မာနိုင်ငံအခြေအနေကား ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်ညီညွတ်ရေး အရေး တကြီး လိုအပ်နေချိန်လည်းဖြစ်သည်။ ငြိမ်းချမ်း ရေးနှင့်ဒီမိုကရေစီရေး အာမခံချက်တစ်ရပ် အတွက် အသွင်ကူးပြောင်းဆဲကာလတစ်ရပ်ဟုလည်း ဆိုနိုင် ပါသည်။ လွတ်လပ်ရေးနှင့်အတူ မွေးဖွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းနိုင်သေးပါ။ “လှေလှော်ရင်း တက်ကျိုး”၊ “ဆွမ်းခံရင်း ငှက်သင့်” ဆိုသလို နိုင်ငံရေးပြဿနာများရှိနေဆဲ ဖြေရှင်းနေ ရဆဲဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ် ရေးအတွက် ဆောင်ရွက်ဆဲ အဖြေရှာဆဲဖြစ်သည်။

 

ပြည်သူတို့၏ စားဝတ်နေရေးနှင့်အတူ အချုပ် အခြာ တည်တံ့ခိုင်မြဲရေးနှင့် ကမ္ဘာတည်သရွေ့ လွတ်လပ်ရေးအဓွန့်ရှည် မြဲမြံခိုင်ခံ့အောင် ကြိုးပမ်း တည်ဆောက်နေရဆဲဖြစ်သည်။ ဗိုလ်ချုပ်တို့ ရယူ တည်ဆောက်ပေးခဲ့သော စည်းလုံးညီညွတ်ရေးမျိုး၊ ခေါင်းဆောင်အဆက်ဆက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ရသော ငြိမ်းချမ်းရေး အတွေ့အကြုံများကို တန်ဖိုး ထားသင်ခန်းစာရယူရမည့် အချိန်ကာလမျိုးလည်း ဖြစ်သည်။ ဂိုဏ်းဂဏများ ကွဲပြားနေမှုကြောင့် ညီညွတ်ရေးရမှ အောင်မြင်မည်ကိုသိသော ဗိုလ်ချုပ် ကမတူကွဲပြားသည့်ပါတီများမှ ခေါင်းဆောင်များကို ပင် ရာထူးနေရာပေးခဲ့သည်ကို တွေ့ရသည်။

 

ထိုအတွေ့အကြုံကို ထောက်ချင့်ခြင်းဖြင့် ဗိုလ်ချုပ်၏ အားလုံးပါဝင်ရေးမူနှင့်အတူ နိုင်ငံရေး ယဉ်ကျေးမှု အစဉ်အလာကောင်းတစ်ရပ်ကို ချပြနိုင် ခဲ့ပုံကိုတွေ့ရသည်။ ယနေ့ခေတ် နိုင်ငံရေးနှင့် အမျိုး | သားညီညွတ်မှုအတွက် ရယူအပ်သည့် သင်ခန်းစာ တစ်ရပ်အဖြစ် တွေ့မြင်နိုင်ပါသည်။ သို့သော်လည်း ညီညွတ်ရေးကို ကြိုးစားတည်ဆောက်နေသည့် ကြားကပင် ပြင်းထန်သည့် ဂိုဏ်းဂဏကွဲပြားမှုနှင့် ပုဂ္ဂိုလ်ရေး အာဃာတလွန်ကဲပြင်းထန်မှုကြောင့်

လုပ်ကြံမှုကြီး ဖြစ်ခဲ့ရပြီး ဗိုလ်ချုပ်တို့ ကျဆုံးစေခဲ့ သည့် ပြည်သူတစ်ရပ်လုံးအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ် ဖြစ်စေခဲ့သည် မဟုတ်ပါလား။

အဆိုးသံသရာ အဆက်ပြတ်ဖို့ ခိုင်မာသောဦးဆောင်မှုလိုသည်မြန်မာတို့သည် ခါးသီးသော ကိုလိုနီလက် အောက်တွင် နေခဲ့ရသည်ကို မမေ့အပ်ပါ။ အတိတ်၏ မငြိမ်းချမ်းမှုများကို သင်ခန်း စာ မယူနိုင်ဘဲ ယနေ့ တိုင် အကြမ်းဖက် သံသရာဝဲဂယက်မှာ လူးနေဆဲ။ မြုပ်နေဆဲဖြစ် သည်ကို ပြတ်ပြတ်သားသား သတိထားစေချင်သည်။ နိုင်ငံရေးရည်မှန်းချက်ကို အခြေခံသည့် ကျင့်ဝတ် ပျက်ပြားမှု၊ စည်းကမ်းမဲ့မှုနှင့် စိတ်ခံစားမှု၏ တွန်းပို့မှုများကြောင့် အမျိုးမျိုးသော အကြမ်းဖက်မှု ဒဏ်ကို ခံစားနေကြရသည်။ ဥပဒေမဲ့ပြုမူမှုများနှင့် အကြမ်းဖက်မှုသည် အပြန် အလှန်ကလဲ့ စားချေမှု၊ အဆိုးသံသရာနှင့် အလုံးစုံ ပျက်သုဉ်းရေးသို့သာ ဦးတည်စေပါသည်။ ။

 

အကြမ်းဖက်မှုနှင့် ယဉ်ကျေးသော လူ့အဖွဲ့ အစည်းဟူသည် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ် သည်။ ကြာရှည်ပဋိပက္ခအသွင်ကြောင့် ဖွံ့ဖြိုး တိုးတက်မှု လုပ်ဆောင်မှုမှန်သမျှ လိုရာမရောက်၊

နှောင့်နှေးမှုချည်းသာဖြစ်သည့်အတွက် အကျပ် အတည်းကာလတွင် ဦးဆောင်မောင်းနှင်သူတို့၏ အရည်အသွေးသည် မည်မျှအရေးပါလှသည်ကို မြင်တတ်ရမည်ဖြစ်သည်။ စာနာနားလည်မှု အပြည့်ဖြင့် ပြည်သူကိုမျက်နှာမူခြင်းသည် ဦးဆောင်သူ၏ အရည်အချင်းကို ပိုမိုတောက်ပစေ သကဲ့သို့ ဦးဆောင်နိုင်စွမ်းရှိမှုဆီသို့ တွန်းပို့ပေးပြီး စည်းရုံးမှု ကိုလည်းဖြစ်စေပါသည်။ ခိုင်မာသည့် စည်းလုံးညီညွတ်မှုကိုလည်း ရရှိစေပါသည်။ ။ ရိုးသားဖြောင့်မတ်သည့် တွေးခေါ်ပုံ သည်သာ ကောင်းမွန်သော နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ဖြစ်ထွန်းစေသည် ။ ရိုးသားဖြောင့်မတ်မှု အခြေခံသည့် မိမိတို့၏ စဉ်းစားတွေးခေါ်ပုံများ မပြောင်းလဲသရွေ့ မိမိတို့၏ နိုင်ငံရေးယဉ်ကျေးမှု ဓလေ့အစဉ်အလာများသည် ဘယ်တော့မှ ပြောင်းလဲတိုးတက်မည်မဟုတ်ပါ။ နိုင်ငံသားပဲဖြစ်ဖြစ် နိုင်ငံရေးခေါင်းဆောင်ပင်ဖြစ် ပါစေ ပင်ကိုဗီဇအရ ရိုးသားမှုရှိရမည်။ သို့မှသာ ရိုးသားသည့် နိုင်ငံရေးကို သန့်သန့်ရှင်းရှင်း ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ရိုးသားဖြောင့်မတ်သည့် ခေါင်း ဆောင် တစ်ယောက်၏ တွေးခေါ်မြော်မြင်မှု သည် အနာဂတ်ရလဒ်ကောင်းကိုသာ ပုံဖော်ပေး နိုင်ပါသည်။ ။

 

မည်သည့် အရေးအရာတွင်မဆို ရိုးသားမှု၊ ညီညွတ်မှုရှိသော ဦးဆောင်နိုင်စွမ်းနှင့် အနာဂတ်ကို ကြိုတင်မြော်တွေးနိုင်စွမ်း စသည့်အရည်အချင်းများ ကသာ ကူးပြောင်းမှုနှင့်အတူ ကပ်ပါ လာသော ဘယ်လိုစိန်ခေါ်မှုမျိုးပဲဖြစ်ဖြစ် တုံ့ပြန်ဖြေရှင်းပေး နိုင်စွမ်းပြီး မည်သို့သော အသွင် ကူးပြောင်းမှုကိုမဆိုအောင်မြင်စွာ ရယူပေးနိုင်ပါသည်။ ရိုးသားဖြောင့် မတ်သူသည် မာနထား တတ်သူတစ်ဦး မဟုတ်သည့် အလျောက်မိမိအား တစ်ပါးသူကသူရဲကောင်းတစ်ဦးအဖြစ် အလွန်အကျွံ ကိုးကွယ်ခြင်းမှလည်း ခံနိုင်ရည် ရှိသည်။

 

ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှုမှလည်းရှောင်ရှားနိုင်သည့်အတွက် အဂတိကင်းသည်ဟု ဆိုရမည်။ဆည်းကပ်လွန်သည့် ပုဂ္ဂိုလ်ရေးကလူနှင့်မူကို လည်း မခွဲခြားတတ်၊ ရောနှောသမှု ဖြစ်စေသည် ကိုလည်း သတိချပ်ရမည်ဖြစ်သည်။ ဤနေရာတွင် ဗိုလ်ချုပ်၏ ရိုးသားမှု ဖြောင့်မတ် မှုရလဒ်အဖြစ် ညီညွတ်မှုကိုရယူနိုင်စွမ်း၊ မြော်တွေးနိုင်စွမ်း၊ စိန်ခေါ် မှုကို ဖြေရှင်းနိုင်စွမ်းများကို အတုယူစေချင်ပါသည်။ အားကျစေချင်ပါသည်။ ။

 

နိဂုံးအဆုံးသတ်ဆိုရလျှင် အားလုံးတွင် သူ့တန်ဖိုးနှင့်သူ ရှိကြပါသည်။ အာဇာနည်တို့၏ တန်ဖိုး ကားကြီးမားလှပါသည်။ တန်ဖိုးသိမှတန်ဖိုးရှိ ဆိုသလို လွတ်လပ်ရေး၏တန်ဖိုးကို နားလည်မှ လည်း မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်လိုစိတ်ရှိမည် ဖြစ်ပါသည်။ တင်ပြခဲ့ သလို ယနေ့ခေတ် ခါးသီးသော အတွေ့ အကြုံများနှင့်နှိုင်းယှဉ်၍ အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ်ထံမှ လေ့လာစရာ၊ အတုယူအပ်ရာ၊ သင်ခန်းစာထုတ်နုတ်ရန် များစွာရှိပါ လိမ့်မည်။ အဓိကအားဖြင့် အားလုံးစုစည်းညီညွတ်ပါဝင်မှုနှင့် အတူ နိုင်ငံရေး ယဉ်ကျေးမှု ကောင်း တစ်ရပ်ရရှိပြီး အကြမ်းဖက်မှုနှင့် အဆိုးသံသရာ အဆက်ပြတ်ရေး ရည်ရွယ်လိုရင်းသာ ဖြစ်ပါသည်။ ။

 

မြန်မာ့နိုင်ငံရေးသမိုင်းသည် အချိုးအကွေ့ အပြောင်းအလဲများလှသည့်အလျောက် ထင်ရှား

သည့် နိုင်ငံရေးခေါင်းဆောင်များစွာလည်း ပေါ်ထွက် ခဲ့ဖူးပါသည်။ သို့သော် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့်အတူတစ်ခေတ်တစ်ခါ ပေါ်ထွန်းခဲ့သော ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်များကိုမူ ထာဝရလေးစား ဂုဏ်ပြုအမှတ်ရနေရမည်သာဖြစ်ပါ သည်။ဂုဏ်ယူစွာဖြင့် ဦးညွှတ်အလေးပြုနေဆဲလည်း ဖြစ်ပါသည်။

 

ထို့အတူ လွတ်လပ်ရေးနှင့် နိုင်ငံ့အချုပ်အခြာ အာဏာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် နေသူ၊ ကျဆုံးသွားသူများကိုလည်း မမေ့မလျော့ဘဲ ဂုဏ်ယူ စွာဖြင့် အစဉ်လေးစားနေရမည် ဖြစ်ပါကြောင်း...၊ ရေးသားရင်းဖြင့်အာဇာနည်ခေါင်းဆောင်များကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။ ။

 

မိုးကေနိုင်