Skip to main content

အကြမ်းဖက်သူတွေအတွက် ပုန်းခိုစရာမြေမရှိစေရ

အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ ဗုံးတွေခွဲ၊ မိုင်းတွေထောင်၊ အပြစ်မဲ့ပြည်သူကို ဒလန်အမည် တပ် ခြိမ်းခြောက်သတ်ဖြတ်ပြီးတိုင်းပြည်ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဘာတစ်ခုမှ နာလန် မထူအောင် ရည်ရွယ်ကြံဆောင်နေသူတွေက သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တိုင်းကို တော်လှန်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတကာမှာ လိမ်လည်လှည့်ဖျား နေကြပါတယ်။

 

 

မျက်နှာပြောင်ပြောင်နဲ့ ဖြေဆိုနေကြ

 

မမှန်ကန်တဲ့ သတင်းအမှားတွေ၊ လှန့်လုံး ခြောက်လုံးတွေနဲ့ အကုသိုလ်ဒုစရိုက်အဖျက်လုပ်ရပ် တွေကို အွန်လိုင်းလူမှုကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘွတ်မှာ ယနေ့တိုင် မြင်တွေ့နေရဆဲပါ။ မြို့သိမ်းတိုက်ပွဲ၊ ပြောက်ကျားတိုက်ပွဲတွေကိုလည်း ဆင်နွှဲဖို့ မြှောက်ပင့်မှုတွေက မြင်တွေ့ရဆဲ။ နိုင်ငံတကာမှာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တိုင်းကို ဖုံးကွယ်ပြီး နိုင်ငံတော်အစိုးရက မတရားအနိုင်ကျင့်သယောင် အင်တာဗျူးတွေလုပ်ပြီး ပြည်ဖျက် အကြမ်းဖက် ဦးဆောင်သူတွေက မျက်နှာပြောင်ပြောင်နဲ့ ဖြေဆို နေကြပါတယ်။ ဒါတွေကို မြင်ရတာ ပြည်သူ တစ်ယောက်အနေနဲ့ အတော်လေးကို စိတ်မသက် သာ ဖြစ်မိတာပါ။

 

ပြည်သူနဲ့ နိုင်ငံကို လုံခြုံရေးတာဝန် ရယူထား ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေအနေနဲ့ နိုင်ငံတော်အခြေအနေ အပြောင်းအလဲတစ်ရပ် ဖြစ်ခါစ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ် ဖော်တဲ့အခါ တားဆီးပိတ်ပင်မှုတစ်စုံတစ်ရာမလုပ် ခဲ့ပါဘူး။ အချို့ပြည်သူတွေအချင်းချင်း ရိုင်းရိုင်း ပင်းပင်းနဲ့ ထိန်းသိမ်းပေးနေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင် တွေကိုတောင် စားသောက်စရာတွေ ကမ်းလှမ်း တဲ့ မြင်ကွင်းမျိုးတွေတောင် ထွက်ပေါ်ခဲ့ပါတယ်။

 

ဒါပေမယ့် နောက်ပိုင်း လူစုလူဝေးဆန္ဒပြရာ ကနေ Riot အဆင့် အကြမ်းဖက်တဲ့အဆင့် ဖြစ်လာ ပြီး Anarchy Mob ဖြစ်လာကြတယ်။ လက်နက်တွေ ပါဝင်လာတယ်။ အကြမ်းဖက်မှုတွေကို ဒီအတိုင်း ဘယ်နိုင်ငံ၊ ဘယ်ရဲတပ်ဖွဲ့ ကမှ ထိုင်ကြည့်နေမှာ မဟုတ်သလို မိမိတို့နိုင်ငံက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကလည်း အကြမ်းဖက်မှုကို လိုအပ်တဲ့အဆင့် အလိုက် တုံ့ပြန်ရတော့တာပါပဲ။ ဒါကို နိုင်ငံတော် အစိုးရက မတရားနှိပ်စက်တယ်လို့ ဆိုနေကြသူ တွေကမူလဇာစ်မြစ်ကိုမသိချင်ယောင်ဆောင်နေသူ၊ အကြမ်းဖက်မှုတွေကို မြင်နေ၊ တွေ့နေ၊ ကြားသိ နေရဲ့သားနဲ့ မျက်စိမှိတ်၊ နားပိတ်ပြီး မုသာဝါဒ ကျူးလွန်နေကြသူတွေပဲ ဖြစ်ပါလိမ့်မယ်။

 

ဖြောင့်ချက်

 

မည်သည့်နိုင်ငံ၊ မည်သည့်နိုင်ငံရေးဝါဒကမှ အကြမ်းဖက်ခြင်းကို လက်မခံကြပါဘူး။ အထူးသဖြင့် တော့ ဒီမိုကရေစီနိုင်ငံတွေမှာ အကြမ်းဖက် ခြင်းကို လျော်ညီတဲ့တုံ့ပြန်မှုနဲ့ အထူးစစ်ဆင်ရေးတွေ ချမှတ်ချေမှုန်းတတ်တာ ကမ္ဘာ့သမိုင်းခြေရာ ကောက်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ အကြမ်းဖက်မှု တွေမလုပ်ဘူး၊ ဗုံးတွေမခွဲဘူး၊ မီးတွေမရှို့ဘူး၊ လူတွေကို အန္တရာယ်မပြုဘူးဆိုရင် ဘယ်လုံခြုံရေး တပ်ဖွဲ့ဝင်ကမှလည်း လွန်လွန်ကြူးကြူး ပြန်လည်လုပ်ဆောင် စရာမရှိပါဘူး။ နိုင်ငံ မအေးချမ်းတဲ့ အထိ၊ ပြည်သူတွေ အထိတ်တလန့်ဖြစ်ပြီး မငြိမ်းချမ်းအောင် လုပ်ဆောင်တာဆိုရင်တော့ ဥပဒေနဲ့ အညီ ထိန်းသိမ်း  ရမှာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ပဲ မဟုတ်ပါလား။

 

ပြီးခဲ့တဲ့လပိုင်းအတွင်း နိုင်ငံတော်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ အကြမ်းဖက်မှုတွေမှာ ပါဝင် နေတဲ့ လူငယ်အချို့၊ လူငယ်တွေကို စစ်သင်တန်းပေးပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ သင်ကြားပေးတဲ့သူအချို့နဲ့ ကိုယ်ကျိုး အခွင့်အရေးကို မျှော်ကိုးပြီး ချိတ်ဆက်ပေးသူအချို့ ကို ဖမ်းဆီးရမိခဲ့တာကိုလည်း သူတို့ရဲ့ ဖြောင့်ချက်တွေအရ သိရှိခဲ့ရပါတယ်။ အများစုက နိုင်ငံရေး  အသိအမြင် အားနည်းပြီး သူတို့လုပ်ရပ်တွေဟာ နိုင်ငံနဲ့ ပြည်သူအတွက် ဘယ်လောက်တောင် ထိခိုက်နစ်မွန်းစေနိုင်သလဲဆိုတာကိုတောင် မသိကြ သူတွေများပါတယ်။

 

နောင်တရနေသူတွေ၊ (နောင်တရချင် ယောင်ဆောင်သူအချို့ ပါဝင်နိုင်သလို) မိမိလုပ်ရပ်ကို သိမြင် ပြီး အကြမ်းဖက်မှုကွင်းဆက်တရားခံတွေကို ထပ်မံ သတင်းပေးဖော်ထုတ်ကြသူတွေလည်း ပါဝင်ပါ တယ်။ ဒီလိုဖြောင့်ချက်တွေကိုလည်း မဟုတ်မမှန်ပါဘူး၊ အတင်းအကျပ် ဖိအားပေးထား တယ်ဆိုတဲ့ သတင်းအမှားတွေကို အွန်လိုင်းမှာ ဖြန့်ကြပြန်ပါတယ်။ ဖမ်းဆီးရမိသူတွေရဲ့ သတင်းပေးချက် တွေအရ လေလှိုင်းထဲက အကြမ်းဖက် သမားအဖွဲ့အစည်းကသူတွေဟာ တိုင်းတစ်ပါးနဲ့ နယ်စပ် ဒေသတွေမှာ ပုန်းခိုရင်း လေလှိုင်းထဲကနေ တရားဝင်အစိုးရဖြစ်ချင်တဲ့ သူတို့အိပ်မက်အတွက် လူငယ်တွေကို စတေးနေကြတာကို အထင်အရှား မြင်တွေ့ရပါတယ်။

 

အမှန်အတိုင်းမြင်ကြည့်ကြဖို့လို

 

နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ သဘောထား အမှန်က တိုင်းပြည်ကို ဒီမိုကရေစီစနစ်နဲ့အညီ မှန်မှန် ကန်ကန် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ တိုးတက်ဖို့ပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ လိုလားချက်ကလည်း ရိုးသားတဲ့နိုင်ငံရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ပြီး ဒါကလည်း ပြည်သူတွေ အားလုံးရွေးချယ်ထားတဲ့လမ်းကြောင်းအတိုင်းသာ ဖြစ်ပါတယ်။ ပြည်သူက ၁၉၈၈ ခုနှစ် အရေး အခင်း ပြီးတဲ့အချိန် ပါတီစုံလမ်းကြောင်းကို သွားကြမယ်  ဆိုပြီး ရွေးချယ်ခဲ့တယ်။ တပ်မတော်က ဒီလမ်းကြောင်းကို ရောက်အောင်တင်ထားပေးတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆက်လက် လျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ ဒါကို ပြည်သူအားလုံးလည်း သတိချပ်ဖို့ လိုအပ်ပြီး နိုင်ငံသားတိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို စေ့ငုလေ့လာကြဖို့နဲ့ လက်ရှိနိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင် ချက်တွေကိုလည်း အမှန်အတိုင်းမြင်ကြည့်ကြဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။

 

ပြည်သူတွေအကြားမှာ နေ့နေ့ညည အကြမ်း ဖက်မှုတွေ ကြုံရမလားဆိုတဲ့ စိတ်မသက်သာမှု တွေနဲ့ ဖြတ်သန်းနေကြရပါတယ်။ ပွဲသိမ်းတိုက်ပွဲ၊ ပြောက်ကျားတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲစတဲ့ မမှန်ကန် မရေရာတဲ့ တပ်လှန့်သံတွေနဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးပြီး ထိတ်လန့်တုန်လှုပ်ကြရပါတယ်။ ကိုဗစ်-၁၉ ရဲ့ တတိယလှိုင်းကို ကြံ့ကြံ့ခံအန်တုနေရတဲ့ ပြည်သူတွေဟာ အကြမ်းဖက်မှု အဖျက် လုပ်ရပ်တွေကြောင့် ပိုပြီးပင်ပန်းနေကြရပြီဖြစ်ပါတယ်။

 

ဒီကြားထဲ သတင်းအမှားတွေဖြစ်တဲ့  အောက်ဆီဂျင်စက်ရုံတွေ ပိတ်လိုက်တယ်တို့၊ နယ်စပ် ကုန်သွယ်ရေးတွေ မရှိတော့ဘူးတို့၊ ကိုဗစ် ၁၉ ကာကွယ်ရေးပစ္စည်းတွေ တင်သွင်းခွင့်မရဘူး တို့၊ ကာကွယ်ဆေးက အရည်အသွေးမပြည့်ဘူးတို့  စတဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကောလာဟလ  အမျိုးမျိုးကိုလည်း ဖြန့်ဝေပြီး အစိုးရနဲ့ ပြည်သူ  စိတ်ဒုက္ခရောက်အောင် နှိပ်စက်မှုတွေကတော့ တစ်နေ့တစ်မျိုးမရိုးနိုင်အောင်ပါပဲ။

 

ပြည်သူရဲ့ အဆုံးအဖြတ်

 

အမြန်ဆုံးအေးချမ်းလုံခြုံချင်တဲ့ ပြည်သူတွေအနေနဲ့ မဖြစ်မနေ လုပ်ဆောင်စရာ အချက်တစ်ချက်က အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ နိုင်ငံတော်အစိုးရနဲ့အတူလက်တွဲပူးပေါင်းဖော်ထုတ် ဖို့ဖြစ်ပါ တယ်။ မိမိတို့ရပ်ရွာထဲ အေးချမ်းလုံခြုံဖို့ အတွက် အကြမ်းဖက်သမားတွေ၊ မသင်္ကာစရာ လူတွေကို တွေ့တာ၊ ကြားတာနဲ့ သက်ဆိုင်ရာကို လျှို့ဝှက်သတင်းပေးပို့ဖို့ လိုအပ်ပါတယ်။

အကြမ်းဖက်သမားတွေအတွက်မိမိတို့နိုင်ငံမှာ ပုန်းခိုစရာနေရာမရှိစေဖို့ ဝိုင်းဝန်းဖယ်ရှားကြရမှာ ဖြစ်ပြီး သို့မှသာ မိမိတို့အားလုံးမျှော်မှန်းတဲ့ ဒီမိုကရေစီစနစ်အတွက် လှေကားထစ်တွေဖြစ်တဲ့ လွတ်လပ်ပြီး မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင်နဲ့ ပြန်လည်ကျင်းပနိုင်မှာပဲ မဟုတ်ပါလား။ တိုင်းပြည်အေးချမ်းပြီး မှန်ကန်တဲ့  စနစ်ကျင့်သုံးမှသာ တိုင်းရင်းသားများအားလုံးရဲ့ အခွင့်အရေးတွေ၊ ဘာသာ၊ သာသနာ ထွန်းကားရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေးစနစ်မြင့်မားရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး စတဲ့နိုင်ငံ့အရေးကိစ္စတွေ အားလုံးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်ရဲ့ နာမည်ကျော်စကားတစ်ခွန်းရှိပါတယ်။ “အကြမ်းဖက်သူတွေကိုခွင့်လွှတ်၊ မလွှတ်က ထာဝရ ဘုရားသခင်ရဲ့အလုပ်ပါ၊ ကျွန်တော်တို့ အလုပ် ကတော့ အကြမ်းဖက်သူတွေကို ထာဝရဘုရားသခင်ထံ ပို့ဆောင်ပေးဖို့သာ ဖြစ်ပါတယ်” ဆိုပြီး မှတ်သားရပါတယ်။

 

မိမိတို့နိုင်ငံမှာလည်း အကြမ်းဖက်ခြင်းကို မည်သူပြုလုပ်တာကိုမှ လက်သင့်ခံစရာမရှိပါဘူး။ မည်သို့ သော စိတ်ခံစားချက်၊ မည်သို့သော ခံယူချက် တွေနဲ့လုပ်လုပ် အကြမ်းဖက်တာက အကြမ်းဖက် တာမို့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ဥပဒေနဲ့အညီ ရင်ဆိုင်ရမှာပဲ ဖြစ်တာကြောင့် ပြည်သူအားလုံးက ဝိုင်းဝန်းဖော်ထုတ်ပေးဖို့တောင်းဆိုတိုက်တွန်းလိုက်  ရပါတယ်။ ။

 

တင်မေဆက်