Skip to main content

မတူညီသောတန်ဖိုးများကိုလေးစားတက်ခြင်း

 

 

ဆန့်ကျင်ဘက်အသွင် မြန်မာနိုင်ငံမှာ မတူကွဲပြားမှုတွေ များပြားလှပါတယ်။ အဲဒီလို တိုင်းရင်းသားလူမျိုးစုတွေ များပြားသလို ဘာသာတရားတွေ၊ ယဉ်ကျေးမှုတွေ စတဲ့ မတူကွဲပြားမှုတွေ ရှိနေတာဟာ မြန်မာနိုင်ငံရဲ့ သဘာဝတရားကပေးထားတဲ့ လက်ဆောင်တစ်ခုလို့ မြင်မိပါတယ်။ အရောင်အသွေးစုံလင်တဲ့ ပန်းခင်းတစ်ခ လိုမတူညီတဲ့ ရသတွေပေးနေ တဲ့၊ ရှုမငြီးတဲ့အလှတရားတွေပါပဲ။ ဒီအလှတရားတွေ ပိုမိုလှပဖို့၊ ရေရှည်တည်တံ့ဖို့ ဘယ်လိုဖန်တီးကြမယ်၊ ဘယ်လိုစီမံကြမလဲဆိုတာ အတွက် တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်တန်ဖိုးတွေ၊ အဖွဲ့အစည်းရဲ့ တန်ဖိုး တွေက အရေးပါလှပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာ့လူမှုအသိုက်အဝန်းမှာ မတူကွဲပြားမှုကို အပြုသဘော ရှုမြင်ကြ၊ ချဉ်းကပ်ကြ၊ ဆက်ဆံတတ် ကြတဲ့ အပြုသဘောတန်ဖိုးထားတဲ့ယဉ်ကျေးမှုထက် တစ်ဖက်သတ်အမြင်တွေ၊ သဘောတွေနဲ့ ပြုမူဆက်ဆံတတ်တဲ့ အလေ့အထတွေက ပိုမိုများပြားပါတယ်။ သဘောကတော့ မတူညီမှုတွေကို “ငါ” ဆိုတဲ့ လမ်းကြောင်းကပဲ ချဉ်းကပ်ခဲ့ကြတာပါ။

ဒါကြောင့်လည်း ဒီကနေ့ လူမှုအသိုက်အဝန်းမှာ မျှတတဲ့လူမှု ဆက်ဆံရေးဆိုတာထက်ဘက်မညီတဲ့ လူမှုဆက်ဆံရေးတွေ အလေး သာနေတဲ့အခြေအနေကို တွေ့ကြရမှာပါ။ မတူညီတဲ့တန်ဖိုးဆိုတာ တွေဟာ မတူညီတဲ့အရည်အသွေးတွေပဲ ဖြစ်ပါတယ်။ မတူညီတဲ့ အရည်အသွေးများဟာ ဆန့်ကျင်ဘက်အသွင်၊ ရန်ဘက်အသွင်လို့ ယူဆလို့ မရပါဘူး။ မတူကွဲပြားမှုရဲ့ တန်ဖိုး (the value of diversity) တွေသာ ဖြစ်ပါတယ်။ ဒါကို မိတ်ဖက်အသွင် ရှုမြင်လက်ခံခြင်းထက် ဆန့်ကျင်ဘက်အသွင်၊ ရန်ဘက်အသွင် လက်ခံယူဆနေသမျှ ဟန်ချက် မညီတဲ့ပတ်ဝန်းကျင်၊ ပဋိပက္ခအသွင်ဝန်းကျင်တွေ ဖြစ်နေပါလိမ့် ဦးမယ်။

 မျှတသောလူမှုဝန်းကျင်

မျှတတဲ့လူမှုဝန်းကျင်ဖြစ်ဖို့ဆိုရာမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်တတ်ဖို့၊ အခြားသူတွေရဲ့ အယူအဆမတူကွဲပြားမှုကို လေးစားတတ်ဖို့၊ “လူ”ကို စိန်ခေါ်ခြင်းထက် “အတွေးအခေါ် အယူ အဆကို စိန်ခေါ်တတ်ဖို့၊ ကိုယ့်ရဲ့ အတွေးအခေါ်တွေကို ဖွင့်ထားဖို့ ဆိုတာတွေ လိုအပ်ပါတယ်။ မျှတတဲ့လူမှုဝန်းကျင်တစ်ရပ်ကို လိုလား ရင် ကိုယ်ကိုယ်တိုင်ရော မျှတတဲ့လူမှုဝန်းကျင်တစ်ရပ်မှာ ရှိသင့်တဲ့ တန်ဖိုးတွေ၊ အရည်အသွေးတွေရှိပြီလားဆိုတာ ဆန်းစစ်ကြရမှာပါ။ ကိုယ်စီကိုယ်စီက ကိုယ်ပိုင်တန်ဖိုးတွေ မြင့်မားပြီး လိုက်နာကျင့်ကြံ ကြမယ်ဆိုရင် တစ်ဖက်စောင်းနင်း အခြေအနေ မဖြစ်တော့ဘဲ မျှတတဲ့ လူမှုပတ်ဝန်းကျင်ကို မျှော်မှန်းနိုင်ပါလိမ့်မယ်။

မျှတတဲ့လူမှုဝန်းကျင်

တော့ လိုလားပါရဲ့၊ ဒါပေမယ့် ကိုယ်စီကိုယ်စီ ရှိသင့်ရှိထိုက်ပြီး ပြုစု ပျိုးထောင်သင့်တဲ့ ကိုယ်ပိုင်တန်ဖိုးတွေ၊ အဖွဲ့အစည်း တန်ဖိုးတွေ မရှိကြဘူး၊ လိုက်နာကျင့်ကြံမှုမရှိကြဘူးဆိုရင် စိတ်ကူးယဉ်တဲ့ လိုလား ချက်ပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ်စီအရည်အသွေးတွေ တိုးတက်လာမှ အကျိုးပြုတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ တည်ငြိမ်မှုတွေ၊ ငြိမ်းချမ်းမှု၊ မျှတမှုတွေ ရရှိနိုင်ပါလိမ့်မယ်။

တစ်ဦးနဲ့တစ်ဦးအကြား၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား မျှတတဲ့ဆက်ဆံရေးတစ်ရပ်ဖြစ်ဖို့ တစ်ဖက်သတ် မဆုံးဖြတ်ကြဘဲ  အခြားသူတွေရဲ့ တန်ဖိုးတွေကိုထည့်သွင်းစဉ်းစားခြင်း၊ မတူညီမှုတွေကို လေးလေးစားစား လက်ခံစဉ်းစားတတ်ခြင်း၊ ရည်ရွယ်ချက်ကောင်း တွေကို လက်ခံခြင်း၊ ကိုယ်နဲ့သဘောထား မတိုက်ဆိုင်သူတွေကို မတိုက်ခိုက်ခြင်း၊ ကိုယ့်ကို ဆက်ဆံစေချင်သလို အခြားသူတွေကို  ဆက်ဆံခြင်း၊ ကိုယ်ကျိုး အတ္တ ရှေ့တန်းမတင်ခြင်း၊ သဘောမတူညီ မှုနဲ့ပတ်သက်လို့ အခြားသူများရဲ့ အခွင့်အရေးကိုလေးစားခြင်းတွေဟာ မျှတတဲ့ လူ့အသိုက်အဝန်းတည်ဆောက်ရာမှာ ကိုယ်စီ ကိုယ်စီလိုက်နာသင့်တဲ့ အပြုအမူဆိုင်ရာ ကိုယ်ပိုင်တန်ဖိုးတွေပဲ ဖြစ်ပါတယ်။  လူမှုတန်ဖိုးတွေဟာ လူမှုအဖွဲ့အစည်း တည်ဆောက်ရာမှာဖြစ်စေ၊ ဒီမိုကရက်တစ်ဝန်းကျင်တည်ဆောက်ရာမှာဖြစ်စေ လိုအပ်တဲ့ အခြေခံ များပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေခံများရဲ့ အရေးကြီးတဲ့အချက်ကတော့ အကျိုးပြုတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်တည်လာဖို့ ရည်ရွယ်တာ

ဖြစ်လို့ လူမှုတန်ဖိုးများနဲ့ စံနှုန်းများမရှိဘဲနဲ့တော့ မျှတသောလူမှုဆက်ဆံရေးရရှိဖို့ ခက်ခဲနိုင်သလို အကျိုးပြုတဲ့ လူမှုဝန်းကျင်တစ်ခု တည်ဆောက်ဖို့ဆိုတာလည်း မလွယ်ကူနိုင်ပါဘူး။

 မတူညီသောတန်ဖိုးများ

လူတစ်ဦးချင်းစီရဲ့ တန်ဖိုးတွေဟာ အခြားသူတွေအပေါ် တစ်ချိန် မဟုတ်တစ်ချိန် အကျိုးသက်ရောက်နေတာဟာ သံသယဖြစ်စရာမရှိပါ ဘူး။ အကျိုးသက်ရောက်မှုတွေမှာ ကောင်းကျိုးတွေလည်း ရှိနိုင်သလို ဆိုးကျိုးတွေလည်း ရှိနေနိုင်ပါတယ်။ ဒီကောင်းကျိုး၊ ဆိုးကျိုးတွေကို  ကိုင်တွယ်ဖြေရှင်းကြဖို့ဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ တန်ဖိုးတွေ၊ အဖွဲ့အစည်းတွေရဲ့ တန်ဖိုးတွေ  အကြား မတူကွဲပြားမှုတွေနဲ့ တူညီမှုတွေ တည်ရှိနေတာကို ရှာဖွေကြဖို့လိုအပ်ပါလိမ့်မယ်။

 ကိုယ်ပိုင်တန်ဖိုးတွေ၊ ပရော်ဖက်ရှင်နယ်တန်ဖိုးတွေ၊ အဖွဲ့အစည်း  ဆိုင်ရာ တန်ဖိုးတွေ၊ လူမှုဆိုင်ရာတန်ဖိုးတွေ၊ ထူးခြားတဲ့တန်ဖိုးတွေ စတဲ့ မတူညီတဲ့တန်ဖိုးတွေကြားမှာ အခြားသူတွေရဲ့ တန်ဖိုးတွေ၊ သဘောထားတွေ၊ ယုံကြည်ချက်တွေကို လေ့လာမယ်၊ နားလည်ပေး မယ်၊ ထည့်သွင်းစဉ်းစားနိုင်မယ်ဆိုရင် အဲဒီမတူညီမှုတွေအကြား

ကောင်းကျိုးတွေကို ရေရှည်တည်တံ့စေပြီး ဆိုးကျိုးတွေကို ဖယ်ရှား နိုင်မှာပါ။ ဒါ့အပြင် လူ့အဖွဲ့အစည်းအတွင်း ဖြစ်တည်နေတတ်တဲ့ ပဋိပက္ခတွေကို ရှောင်ရှားနိုင်ပြီး မျှတတဲ့ လူမှုဝန်းကျင်ကောင်းတစ ်ရပ်တည်ဆောက်နိုင်ပါလိမ့်မယ်။ တစ်ပြိုင်နက်တည်းမှာပဲ လူတစ်ဦး  ချင်းစီရဲ့ တန်ဖိုးတွေ၊ အဖွဲ့အစည်းတန်ဖိုး တွေလည်း မြင့်တက်လာပါလိမ့်မယ်။

တကယ်တော့ လူတစ်ဦးနဲ့တစ်ဦးအပေါ်အပြန်အလှန်အကျိုးသက် ရောက်နေတဲ့ လူတစ်ဦးချင်းစီရဲ့ တန်ဖိုးတွေ၊ သဘောထားတွေ၊ယုံကြည်မှုတွေ၊ အတွေ့အကြုံတွေဆိုတာက ကိုယ်ဘယ်လိုလူ ဖြစ်ကြောင်းကို ဖော်ပြနေပါတယ်။ အဲဒါတွေက ကိုယ်ဘယ်လိုတွေးခေါ်တယ်၊ ဘာတွေလုပ်တယ်နဲ့ ဘယ်လိုလုပ်တယ်ဆိုတာ တွေအပေါ်  အကျိုးသက်ရောက်နေပါတယ်။ ဒါ့အပြင် ဒီလိုထပ်တူမညီတတ်တဲ့အခြားသူတွေရဲ့ တန်ဖိုးထားမှုတွေအပေါ် ဘယ်လိုရှုမြင်သလဲ။ ဘယ်လိုဆက်ဆံသလဲ၊ ဘယ်လိုပြုမူသလဲဆိုတာကလည်း ကိုယ့်ရဲ့ တန်ဖိုးနဲ့ သဘောထားတွေပဲဖြစ်တယ်ဆိုတာ သတိချပ်ရမှာပါ။ အပြုသဘော ပြုမူဆက်ဆံတတ်သလား၊ အပျက်သဘော ပြုမူ ဆက်ဆံတတ်သလားအပေါ်မူတည်ပြီး ငြိမ်းချမ်းတဲ့ဝန်းကျင်၊ ပဋိပက္ခ ဝန်းကျင်၊ မျှတတဲ့ဝန်းကျင် ဖြစ်လာပါလိမ့်မယ်။

 ကိုယ်ပိုင်တန်ဖိုးများကို မြှင့်တင်

လူသားတိုင်းဟာ ဘဝတစ်လျှောက် မြှင့်တင်နေကြရတဲ့ ကိုယ်ပိုင်တန်ဖိုးတွေ၊ ယုံကြည်ချက်တွေနဲ့ သဘောထားတွေ ရှိကြပါတယ်။ ဒီတန်ဖိုးတွေကပဲကိုယ့်ရဲ့ နေထိုင်မှုတွေ၊ အပြုအမူတွေ၊ ဆုံးဖြတ်မှုတွေကို ဦးဆောင်နေပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်တန်ဖိုး တွေက ကိုယ်ကိုယ်တိုင်ကိုသာမက အခြားသူတွေအပေါ်ကိုလည်း အကျိုးသက်ရောက်နေတယ်ဆိုတာ သတိပြုရမှာပါ။ ဒီလို သက်ရောက်မှုကြီးမားတဲ့ တန်ဖိုးတွေကို ဘဝတစ်လျှောက် ပြုစုပျိုးထောင်နိုင်ပါတယ်။ လူတစ်ဦးဟာ သူ့ရဲ့ မိသားစု၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ ပညာရေးနဲ့ လူမှုဝန်းကျင်တို့ရဲ့ တန်ဖိုးတွေက လွှမ်းမိုး နေတတ်ပါတယ်။

ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးကို သိရှိခြင်းအားဖြင့် ကိုယ့်ရဲ့ လုပ်ငန်းမှာ ဖြစ်စေ၊ လူမှုဆက်ဆံရေးမှာဖြစ်စေ၊ အဖွဲ့အစည်းမှာဖြစ်စေ၊ ပြဿနာ တစ်ရပ်ဖြေရှင်းရာမှာဖြစ်စေ၊ အခြားသူများကို ကူညီထောက်ပံ့ရာ မှာဖြစ်စေ ထိထိရောက်ရောက် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးတွေဟာ ဘယ်အခြေအနေကပင် လာသည်ဖြစ်စေ အဲဒီတန်ဖိုးတွေက ကိုယ့်ဘဝနဲ့ ကိုယ့်ပတ်ဝန်းကျင်အပေါ် ကောင်း ကျိုး၊ ဆိုးကျိုး သက်ရောက်နေမှာ ဖြစ်ပါတယ်။

 “တစ်ယောက်နဲ့တစ်ယောက်အကြား မတူညီတတ်ကြတဲ့တန်ဖိုးကိုယ်ပိုင်တန်ဖိုးတွေ၊ အခြားအဖွဲ့ အစည်းရဲ့တန်ဖိုးတွေကို လျစ်လျူ ရှုပြီး ကိုယ့်ရဲ့ တန်ဖိုးတွေနဲ့ ချမှတ်ဖို့ သို့မဟုတ် ဆုံးဖြတ်ဖို့ကြိုးစား တတ်ကြပါတယ်။ အဲဒီလိုဆုံးဖြတ်ခြင်းဟာ သူတစ်ပါးအပေါ် မလေးစားတဲ့သဘော၊ အတ္တရှေ့တန်းတင် တဲ့သဘောသက်ရောက်တတ်လို့လူမှုတရားမျှတမှုကို ထိခိုက်စေပါတယ်။ တကယ်လို့ အခြားသူ  တစ်ဦးရဲ့ တန်ဖိုးတွေကို လေးစားတတ်၊ နားလည်တတ်၊ အလေးထား  တတ်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ လူမှုဆက်ဆံရေးမှာ ပိုမိုနီးကပ်လာပြီး အပြုသဘော တိုးတက်လာမှာဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ သူ့ဖက်ကိုယ့်ဖက် ကိုယ်ပိုင်တန်ဖိုးတွေကိုသာ  ဆက်လက်ပြီး ရှေ့တန်းတင်နေကြမယ်ဆိုရင် ကြာလေဝေးလေဖြစ်ပြီးပဋိပက္ခအသွင်ဆောင်တဲ့ ဝန်းကျင်ဖြစ်လာမှာပါ။ ကိုယ်စီကိုယ်စီက ( သူ့ရဲ့ ကိုယ်ပိုင်တန်ဖိုး၊ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးတွေကို အပြန်အလှန် နားလည်ကြ၊ လေးစားကြမယ်ဆိုရင် တင်းမာမှုတွေ၊ မကျေလည်မှုတွေ၊ ပဋိပက္ခတွေကို လျှော့ချနိုင်ပါလိမ့်မယ်။ သူ့တန်ဖိုး၊ ကိုယ့်တန်ဖိုး တွေကို အပြန်အလှန်နားလည်ခြင်း၊ အပြန်အလှန်လေးစားခြင်း  ဆိုတာက ကိုယ်ပိုင်တန်ဖိုးတွေကို မြှင့်တင်ခြင်းလည်း ဖြစ်ပါတယ်။

ကန့်သတ်ဘောင်ထဲကရုန်းထွက်ဖို့

လူမှုတန်ဖိုးတွေမှာ တစ်ဦးချင်းလိုက်နာကြရတာတွေရှိသလို  အဖွဲ့အစည်း တန်ဖိုးအလိုက် လိုက်နာကျင့်ကြံ ကြရတာတွေ ရှိပါတယ်။ အခြေခံဖြစ်တဲ့ တစ်ဦးချင်း လိုက်နာကျင့်ကြံကြရတဲ့ ကိုယ်ပိုင် တန်ဖိုးတွေ တိုးတက်ရေးဟာ ပိုလို့အရေးပါပါတယ်။ တစ်ဦးချင်းရဲ့ တန်ဖိုးတွေမြင့်တက်လာမှ အဖွဲ့အစည်းရဲ့ တန်ဖိုးတွေလည်း မြင့်တက်လာမှာပါ။ ဒီတော့ တစ်ဦးချင်းစီက ကိုယ်ပိုင်တန်ဖိုးတွေ မြှင့်တင်ကြဖို့ဆိုရင် လူတစ်ချင်းစီရဲ့ တန်ဖိုးတွေနဲ့ ဆက်စပ်နေတဲ့ အတွေးအခေါ်တွေကို ကန့်သတ်ဘောင်ထဲ မထားမိဖို့ အရေးကြီးလှ ပါတယ်။ နွားခြေရာခွက်ထဲက ဖားသူငယ်လိုပဲ နွားခြေရာခွက်ထဲက ရေကို သမုဒ္ဒရာထင်မှတ်နေလို့ မရပါဘူး။

 

မိမိတို့ဟာ ဘယ်လိုအကြောင်းတရားကြောင့်ဖြစ်ဖြစ် လူက နွားခြေရာခွက်ထဲ ရောက်နေရင်တောင် အတွေးအခေါ်က နွားခြေရာ ခွက်ထဲ မရောက်ဖို့လိုပါတယ်။ ဆိုလိုတာက ဘောင်ကျဉ်းကျဉ်း လေးထဲမှာပဲ အတွေးအခေါ်တွေ ဘောင်ခတ်မထားမိဖို့ပါ။ဒီလိုမဟုတ်ဘဲလူရော၊ အတွေးအခေါ် နွားခြေရာခွက်ထဲရောက် နေရင်တော့ အဲဒီ နွားခြေရာခွက်မှာပဲဘဝနစ်မွန်းသွားနိုင်ပါတယ်။ အကယ်၍ လူကနွားခြေရာခွက်ထဲရောက်နေပြီး အတွေးအခေါ်က အဲဒီနွားခြေရာခွက်အပြင်ကို ရောက်နေရင် လူကို အတွေးအခေါ်က နွားခြေရာခွက်ရဲ့ အပြင်ကို ဆွဲထုတ်နိုင်မှာပါ။ အဲဒါရဲ့ ဆန့်ကျင်ဘက်ကတော့ လူက နွားခြေရာခွက်ထဲ ရောက်မနေပေမယ့်ကိုယ့်ရဲ့ အတွေးအခေါ်တွေကနွားခြေရာခွက်ထဲ မှာရှိနေရင် အဲဒီအတွေးအခေါ်တွေက လူကို နွားခြေရာခွက်ထဲ ဆွဲခေါ်သွားပါလိမ့်မယ်။ ဒါဟာ ဘောင်ကျဉ်းကျဉ်းလေးထဲမှာ အတွေးအခေါ်တွေ ကန့်သတ်ထားခြင်း၊ မထားခြင်းနဲ့ ဆိုင်ပါတယ်။ အတွေးအခေါ်တွေ လွတ်လပ်ပွင့်လင်းလာတာနဲ့အမျှ ကိုယ်ရဲ့ တန်ဖိုးထားမှုတွေလည်း မြင့်တက်လာပါလိမ့်မယ်။

ကိုယ်စီအခွင့်အရေးနဲ့မျှတတဲ့ ဝန်းကျင်ဆီ

လူတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးတွေ၊ သဘောထားတွေနဲ့ ယုံကြည်ချက်တွေကို လက်ခံယုံကြည်ပိုင်ခွင့် ရှိကြပါတယ်။ ဒီလိုပဲ အခြားသူတွေမှာ ကိုယ်နဲ့မတူတဲ့ သဘောထားတွေ၊ တန်ဖိုးတွေနဲ့ ယုံကြည်မှုတွေ လက်ခံခွင့်ရှိနေတာကို နားလည်နိုင်ဖို့နဲ့ လေးစားနိုင် ဖို့က များစွာအရေးကြီးပါတယ်။ အခြားသူတွေဟာ ကိုယ်နဲ့မတူညီ တာကြောင့် သူတို့ရဲ့တန်ဖိုးတွေ၊ ယုံကြည်ချက်တွေ၊ သဘောထား တွေကို ပြောင်းလဲလာလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။ အဲဒီတော့ ဒီမတူညီမှု တန်ဖိုးတွေအကြားမှာ မျှတတဲ့အဖြေ ရှာဖွေတတ်ခြင်း ဟာ ကိုယ့်ရဲ့ အရည်အသွေးပဲ ဖြစ်ပါတယ်။

ဒီလိုမဟုတ်ဘဲ မိမိရဲ့ ကိုယ်ပိုင်တန်ဖိုးတွေနဲ့ အခြားသူတွေအပေါ် ချမှတ်ဖို့ကြိုးစားမယ်ဆိုရင်တစ်ဖက်သားရဲ့ တန်ဖိုးနဲ့ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေတတ်တာမို့သူတို့ကလည်း ကိုယ်နဲ့ကိုယ့်ရဲ့တန်ဖိုးတွေကို ပစ်ပယ် သွားကြပါလိမ့်မယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဘယ်ကဏ္ဍမှာမဆို သူ့တန်ဖိုး၊ ကိုယ့်တန်ဖိုးတွေကို ဆန့်ကျင်ဘက် အသွင်၊ ရန်ဘက်အသွင်ရှုမြင်ပြီး တစ်ဖက်သတ် တန်ဖိုးတွေ ချမှတ် ကျင့်သုံးနေကြခြင်းဟာ ပဋိပက္ခဝန်းကျင်ကို ဖန်တီးနေခြင်းနဲ့ တူပါတယ်။ တစ်ဖက်သတ်တန်ဖိုးထားမှုတွေအစား ကိုယ်စီတန်ဖိုး တွေကို အပြန်အလှန်နားလည်မှုနဲ့ လေးစားကြမယ်ဆိုရင် မျှတတဲ့ လူမှုဝန်းကျင်ကောင်းကို မျှော်မှန်းနိုင်ပါလိမ့်မယ်။