Skip to main content

ရည်မှန်းချက်တာဝန်

ကျွန်တော်တို့လူသားတွေဟာ လောကကြီးထဲမှာ အကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက်အဖုံဖုံ၊ အခြေအနေအမျိုးမျိုးနဲ့ ဖြတ်သန်းနေကြပါတယ်။ ဒီလိုဖြတ်သန်းနေကြတာဟာ အဓိပ္ပာယ် ရှိသလား၊ မရှိဘူးလားဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က တေးရေး မောင်သစ်မင်း ရေးစပ်ပြီး ကွယ်လွန်သူမင်းသားကြီး ကျော်ဟိန်းအပါအဝင် တေးသံရှင်အများအပြား သီဆိုခဲ့တဲ့ “အဓိပ္ပာယ်ရှိသောလူသား” တေးသီချင်းလေးကို သတိရမိပါတယ်။

 

“ အချိန်ရေစီးကြောင်းတသွင်သွင်စီးနေ

ငါတို့အားလုံး အမှတ်တမဲ့ လွန်မြောက်ခဲ့

အိပ်မက်နိုးထ တို့ဘဝ အရွယ်ရောက်ခဲ့

ဆင်ခြင်စဉ်းစား သတိရလာခဲ့ပြီ

ဒီကမ္ဘာလောကတို့အတွက်

မိတ်ဆွေဘဝအဓိပ္ပာယ် ရှိရမယ်လေ

မိတ်ဆွေ လူ့ဘဝကိုအကျိုးရှိဖို့

မိတ်ဆွေ တစ်ခုခုကို ဆုံးဖြတ်ပါလေ .....

“တာဝန်တစ်ခုခုယူရန် ဆုံးဖြတ်ကြ

ကိုယ်လွတ်ရုန်းတဲ့စိတ်ဓာတ်ဖယ်ရှားပစ်

လူတွေကြားက လောကလိုအပ်ချက်

ရှာဖွေဖြည့်စွက် လောကလူသားအတွက်

ဒီကမ္ဘာလောကတို့အတွက် မိတ်ဆွေဘဝ

အဓိပ္ပာယ်ရှိရမယ်လေ......................

“မိတ်ဆွေ တစ်ခုခုကိုဆုံးဖြတ်လိုက်

မိတ်ဆွေ တစ်ခုခုကိုဆုံးဖြတ်လိုက် ...............”

 

ဒီသီချင်းလေးကို သေသေချာချာ နားထောင်ကြည့်ရင် ကျွန်တော်တို့အားလုံးအတွက်၊ ကျွန်တော် တို့ လူသားအားလုံးအတွက် အလွန်ပဲအဓိပ္ပာယ်ရှိလှပါတယ်။ စေ့စေ့တွေးကြည့်ရင် လက်ရှိဘဝ အတွက် တရေးရေး သဘောပေါက်လာနိုင်ပါတယ်။ သီချင်းရဲ့ စေတနာက လူ့ဘဝကို အချည်းနှီး အဓိပ္ပာယ်မရှိ မကုန်ဆုံးစေချင်ဘဲ လူ့ဘဝကို အကျိုးရှိအောင် အသုံးချနိုင်မယ့် အဓိပ္ပာယ်ရှိတဲ့ လူသားတွေ ဖြစ်စေချင်တာပါပဲ။ ရည်ရွယ်ချက်ကောင်းမွန်လှတဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။ တိရစ္ဆာန်ထက် အဆင့်အတန်းမြင့်မား၊ အတွေးအခေါ်မြင့်မားတဲ့ လူသားတွေဟာ လက်ရှိဘဝမှာ မိမိတို့ကိုယ်ကို မိမိတို့ ပြန်လည်ဆင်ခြင်သုံးသပ်ပြီး အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေကို အချိန်မီ လုပ်ကြဖို့ ဖြစ်ပါတယ်။

 

ဘဝတွေဖြတ်သန်း

 

ကျွန်တော်တို့တစ်တွေဟာ နေ့စဉ်နဲ့အမျှ စားနေ၊ အိပ်နေ၊ နားနေ၊ အလုပ်လုပ်နေကြတာတွေဟာ ဘဝရှင်သန်ရေးနဲ့ တဒင်္ဂဘဝတစ်ခု ဖြစ်တည်ရေးအတွက် သတိနဲ့ဖြစ်စေ၊ အမှုမဲ့အမှတ်မဲ့ဖြစ်စေ ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။ ဒီလို ဖြတ်သန်းနေကြရာမှာ ရည်ရွယ်ချက်မဲ့၊ အဓိပ္ပာယ်မဲ့ ပေါ့ပေါ့ဆဆ ဖြတ်သန်းနေကြတဲ့သူတွေရှိသလို၊ ရည်ရွယ်ချက်တစ်ခုခုနဲ့ ဖြတ်သန်းနေကြသူတွေ လည်း ရှိကြပါတယ်။

 

များသောအားဖြင့် စားဝတ်နေရေးပြေလည်ဖို့ ရည်ရွယ်ချက်နဲ့ ရပ်တည်နေကြသူတွေ များပါ တယ်။ တချို့က ကိုယ်လုပ်နေတဲ့ အလုပ်မှာ အောင်မြင်ချင်လို့၊ တချို့က လူအများနဲ့သက်ဆိုင်တဲ့ နယ်ပယ် တစ်ခုခုမှာ ထင်ရှားချင်လို့၊ ကျော်ကြားချင်လို့၊ တချို့ကျတော့လည်း သူများလုပ်လို့ လိုက်လုပ်ကြတာ၊ တချို့ကျတော့ ပေါ်ပြူလာဖြစ်ချင်လို့၊ လူသိများစေချင်လို့၊ တချို့ကျတော့ လည်း စိတ်ကြည်နူးချင် လို့၊ ပျော်ပါးချင်လို့၊ သာယာချင်လို့လုပ်ကြတာ စတဲ့ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဘဝတွေကို ဖြတ်သန်းနေကြတာတွေ့ရမှာ ဖြစ်ပါတယ်။

 

မှားယွင်းနေတဲ့သူ

 

ဒီတော့ ကျွန်တော်တို့တစ်တွေ ဘဝကိုဒီလိုဖြတ်သန်း နေကြတာတွေဟာ ရည်ရွယ်ချက် မှန်ကန် ရဲ့လား၊ ကျွန်တော်တို့ဘဝတွေမှာ နေ့စဉ်နဲ့အမျှ လုပ်နေကြတဲ့ အလုပ်တွေအတွက် အဓိပ္ပာယ်ရှိရဲ့ လားဆိုတာကို မိမိကိုယ်မိမိ မေးခွန်းထုတ်ကြည့်ရမှာဖြစ်ပါတယ်။ အဓိပ္ပာယ်ရှိတဲ့အလုပ်၊ အဓိပ္ပာယ်ရှိတဲ့ဘဝဆိုတာဟာ မိမိဘဝအတွက်သာမက နောင်လာနောက်သားတွေအတွက် ကောင်းမွန်တဲ့ အမွေအနှစ်တွေ ချန်ထားရစ် နိုင်အောင် လုပ်ဆောင်တာမျိုး၊ ကောင်းကျိုးတွေ ဖြစ်ထွန်းအောင် လုပ်ဆောင်တာမျိုးဖြစ်ပါတယ်၊ ဒီလိုလုပ်ဆောင်မှ တန်ဖိုးရှိတဲ့အလုပ်၊ တာဝန် ကျေတဲ့အလုပ်၊ အဓိပ္ပာယ်ရှိတဲ့အလုပ်ဖြစ်ပါတယ်။

 

လူ့ဘောင်လောက၊ လူသားလောကဟာ အချိန်တိုတောင်းလွန်းလှပါတယ်။ ရရှိထားတဲ့ အချိန်လေးအတွင်းမှာပဲ အဓိပ္ပာယ်ရှိတဲ့အလုပ်တွေ ကိုလုပ်နိုင်မှသာ မိမိတို့ဘဝလည်း တန်ဖိုးရှိ၊ လောကအတွက်လည်း ကောင်းကျိုးဖြစ်စေမှာ အမှန်ဖြစ်ပါတယ်။ ဘဝကို ကောင်းကျိုးဖြစ် အောင် တန်ဖိုးရှိအောင် ဘဝအတွက် မှန်ကန်တဲ့ရည်ရွယ်ချက်တွေရှိမှ အဓိပ္ပာယ်ရှိမှာ ဖြစ်ပါ တယ်။ လူဟာ ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်လုပ်နေကြတာ မှန်ပေမယ့် ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ ရည်ရွယ်ချက်ဟာ မှန်လား၊ မှားလားဆိုတာကို ဆင်ခြင်တတ်ဖို့ လိုပါတယ်။ ကိုယ်လုပ် နေတဲ့ အလုပ်အပေါ်မှာ တွေဝေနေတဲ့သူတွေ၊ လက်တွေ့မဆန်တဲ့သူတွေ၊ စိတ်ကူးယဉ်တဲ့သူတွေ၊ မှားယွင်းနေတဲ့သူတွေ ရှိကြပါတယ်။

 

အမြန်ဆုံးရုန်းထ

 

ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်နိုင်မှ၊ ပြတ်ပြတ် သားသား ဝေဖန်ပိုင်းခြားနိုင်မှ အမှန်အမှားကို ကွဲကွဲပြားပြားသိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ မှားနေတယ်ဆိုရင် အချိန်မီပြင် ဖို့ လိုအပ်ပါတယ်။ အဲဒီသီချင်းထဲကလိုပဲ ကျွန်တော်တို့ ဘာတွေ ဆက်လုပ်ကြမှာလဲ။ ကျွန်တော်တို့ လုပ်နေတဲ့ ရည်မှန်းချက်တွေ၊ အလုပ်တွေဟာ စိတ်ကူးယဉ်သလိုဖြစ်နေရင် စိတ်ကူးယဉ်အိပ်မက်ထဲက မြန်မြန်နိုးထကြဖို့ လိုပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်တွေ၊ အလုပ်တွေဟာ အမှောင်ဝိုးတဝါးထဲရောက်နေရင်လည်း မှန်ကန်တဲ့ အလင်းရောင်အောက်ကို ရောက်ဖို့ အမြန်ဆုံးရုန်းထကြဖို့ လိုပါတယ်။

အဲဒီတော့ ကျွန်တော်တို့ဘဝတွေကို မှန်ကန်တဲ့ဖြတ်သန်းမှု၊ မှန်ကန်တဲ့ ဖြစ်တည်မှုတွေရဖို့ အတွက် ကျွန်တော်တို့တစ်တွေ ထားရှိရမယ့် ရည်မှန်းချက်တာဝန်တွေက -

(၁) လောက ကောင်းကျိုးကို ဆောင်ကြဉ်းနိုင်မယ့် ရည်မှန်းချက်တွေထားရမယ်။

(၂) မိဘဆွေမျိုး၊ အသိုင်းအဝိုင်းတွေ ကောင်းကျိုး၊ နိုင်ငံကောင်းကျိုးကို ရည်ရွယ်ပြီး မိမိ ပတ်ဝန်းကျင်နဲ့ နိုင်ငံအကျိုးကို သယ်ပိုးထမ်းဆောင်ကြကာ ကျေးဇူးသိတတ်တဲ့သူတွေ၊ ကျေးဇူး ဆပ်တဲ့သူတွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုပါတယ်။

(၃) အဲဒီတာဝန်နှစ်ရပ်ကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့အတွက် မိမိကိုယ်ကိုယ်မိမိ ပျိုးထောင် မြှင့်တင်ပေးမယ့် ရည်မှန်းချက် တာဝန်ကို သိမြင်ခံယူကြဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ငယ်ငယ်တုန်းက အခြေခံပညာကျောင်းမှာ ဆိုခဲ့ကြသလိုပါပဲ။ မိမိကိုယ်ကိုယ် ကောင်းအောင် ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်ကို ကောင်းအောင်ကြိုးစားမည်ဆိုတဲ့ သန္နိဋ္ဌာန်မျိုးနဲ့ အားထုတ်ကြပါမှ အဓိပ္ပာယ်ရှိတဲ့ လူသားတွေ ဖြစ်ကြမှာ အမှန်ပါပဲ။ ။

 

ကိုရေချမ်း