ထရံမှာနားရှိသည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်ငါးရပ်တွင် “တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်”နှင့် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်” ဟု ရှေ့လုပ်ငန်းစဉ်များ ချမှတ်ထားသည်။
နိုင်ငံတော်တာဝန်ကို လွှဲအပ်နိုင်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် ရှေ့လုပ်ငန်းစဉ်ငါးရပ် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် ဥပဒေကို ချိုးဖောက်သူ ခိုး၊ ဆိုး၊ လုယက်၊ လူသတ်မှုစသည့် ရာဇဝတ်ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးကာ တရားဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်ရပေမည်။ ဥပဒေကို မချိုးဖောက်၊ လေးစားလိုက်နာသူများကို ဖမ်းဆီး တရားစွဲဆိုရန် မလိုအပ်ပေ။ ဥပဒေကို လေးစား လိုက်နာကာ ဥပဒေနှင့်အညီ နေထိုင်ကြလျှင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ထာဝရ ငြိမ်းချမ်းရေးရရှိပေမည်။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်စရာ ကိစ္စရပ်များလည်း ဆောင်ရွက်ပြီးစီးနိုင်ပေမည်။ ပြည်သူလူထု မျှော်မှန်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီကို ဒီမို ကရေစီစံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်နိုင်ပေလိမ့်မည်။
ဆုံးမဩဝါဒပေး
ငယ်စဉ်ကာလ ပညာသင်ကျောင်းသား အရွယ်က သင်တန်းတစ်ခု တက်ရောက်ဖူးသည်။ ထိုသင်တန်းကို မြို့နယ်ပေါင်းများစွာမှ ကျောင်းသားများ တက်ရောက်ကြသည်။ သင်တန်းသား များသည် မတစ်ထောင်သားဖြစ်၍ အလွှာစုံသည်။ အရောင် အသွေးစုံသည်။ စိတ်နေစိတ်ထား အမျိုးမျိုးရှိသည်။ တစ်နေ့တွင် သင်တန်းသားတစ်ဦးသည် ပစ္စည်း တစ်ခုပျောက်ဆုံးသည်။ သင်တန်းသားအားလုံးကို စစ်ဆေးရာ ထိုပစ္စည်းယူသူ မရှိချေ။ မည်သူက ယူသည်ကို မသိရပေ။ သင်တန်း၏ သဘောတရားအရ တစ်ယောက်မကောင်းလျှင် အများအပြစ်ပေးခံရသည်။ သင်တန်းသားများထဲမှ ရိုးသားသောသင်တန်းသားများ၏ စိတ်ထဲတွင် အခဲမကျေဖြစ်ရသည်။ တစ်ဦးနှင့်တစ်ဦး နှစ်သိမ့်ကြရသည်။ မကြာပါသုံးရက်မြောက်သောနေ့တွင် သင်တန်းဆရာ တစ်ဦးက ပျောက်ဆုံးသွားသော ပစ္စည်းကို ပြန်လည်ရှာဖွေတွေ့ရှိသည်။ တွေ့ရှိပုံမှာ ထူးဆန်းခြင်းမရှိပါ။ ရိုးစင်းလှသည်။ ပျောက်ဆုံး သွားသောပစ္စည်းကို ပစ္စည်းအဟောင်း အရောင်း အဝယ်ဆိုင်မှ ပြန်လည်တွေ့ရှိကာ ပစ္စည်းကိုတန်ဖိုး သင့်၍ ပြန်လည်ဝယ်ယူ လာခြင်းဖြစ်သည်။ သင်တန်းဆရာက သင်တန်းသားများကို နောက်နောင်တွင် ယခုကဲ့သို့ သူတစ်ပါး၏ပစ္စည်းကို ပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲဖြစ်စေ၊ သဘောတူခြင်း မရှိဘဲဖြစ်စေ ခိုးယူခြင်းမပြုလုပ်ကြရန် ဆုံးမဩဝါဒပေးသည်။ ခိုးယူသည့်သင်တန်းသားကို ပစ္စည်းပျောက်ဆုံး ပြီး နောက်ရက်တွင် သိရှိကြောင်း။ သင်တန်းသား၏ဂုဏ်သိက္ခာကို ငဲ့ကွက်၍ အမည်မဖော် လိုကြောင်း၊ ခိုးယူသည့်သင်တန်းသားက လည်း နောက်နောင်တွင် ယခုကဲ့သို့ ခိုးယူခြင်း မပြုလုပ်ရန် ဆုံးမသည်။ သင်တန်းဆရာများက ထပ်မံဆုံးမသည်မှာ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိကြောင်း၊ မကောင်းမှုပြုလုပ်သူကို သင်တန်းဆရာများက သိရှိကြောင်း၊ ထိုသို့သိရှိရသည်မှာ ထရံမှာ နားရှိ၍ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းပြသည်။ သင်တန်းသားများ ကလည်း သင်တန်းဆရာများကို အံဩသောမျက်နှာဖြင့် ကြည့်နေမိသည်။ “မကောင်း မှုဟူသည် ဆိတ်ကွယ်ရာမရှိ”၊ “ထရံမှာ နားရှိသည်” | ဟူသောဆုံးမစကားကို ကောင်းစွာမှတ်သားမိခဲ့သော် လည်း အဓိပ္ပာယ်ကောင်းစွာနားမလည်ခဲ့ပေ။
ရာဇဝတ်ဘေး ပြေးမလွတ်
၁၉၇၄ ခုနှစ်ခန့်က ဖြစ်ပေသည်။ ကသာမြို့ရှိ နေအိမ်တစ်အိမ် ဖောက်ထွင်းခြင်းခံရသည်။ သက်သေခံပစ္စည်းအဖြစ် မောင်ဗမာစက်ဘီး ဝင်ရိုးတစ်ချောင်းနှင့် တစ်တောင်ခန့်ရှိအနီ၊ အနက်အကွက် ပုဆိုးစုတ်သာ တွေ့ရှိရသည်။ ထိုဖောက်ထွင်းမှုကို နယ်ထိန်းတပ်ကြပ် ဆရာအောင်ကြည်နှင့် တပ်ကြပ်ဆရာအောင်ဒင် တို့နှစ်ဦးက ဖော်ထုတ်ပေးမည်ဟု ဝန်ခံကတိပြုသည်။ နောက်နှစ်ရက်အကြာတွင် ဖောက်ထွင်းတရားခံကို ဖမ်းဆီးရမိသည်။ စာရေးသူမှာ အံ့ဩခြင်းများစွာဖြင့် နယ်ထိန်းဆရာ အောင်ကြည် (စာရေးသူ၏ အစ်ကိုဝမ်းကွဲ တော်စပ်သူ)ကို မေးရာ “ညီလေးကလည်း ထရံမှာ နားရှိတယ်ကွ” ဟု ရှင်းပြရာ ငယ်စဉ် သင်တန်းတက်ခဲ့စဉ်က သင်တန်းဆရာက “ထရံမှာ နားရှိသည်” ဟူသော ဆုံးမဩဝါဒစကားကို ပြန်လည်ကြားယောင်မိသည်။ ဆရာအောင်ကြည်က “ထရံမှာနားရှိသည်” ဆိုသည့် အကြောင်းကို နားလည်သဘောပေါက်သည် အထိကောင်းစွာရှင်းပြသည်။ ထို့နောက် ဆရာအောင်ကြည် က “မှတ်ထားညီလေး။ ရာဇဝတ်ဘေး ပြေးမလွတ် ဘူး” ဟုလည်း ဆုံးမဩဝါဒပေးသည်။
လက်ရှိ မြန်မာနိုင်ငံရေးတွင်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေသလောက် နိုင်ငံ တော်အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်အတွက် ဆောင်ရွက်နေသူများရှိသည်။ ထိုမှတစ်ဆင့် တက်ကာ နိုင်ငံတော်လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များကို လက်နက်ကိုင် တိုက်ခိုက်သည့် အဆင့်များထိ ရှိလာသည်။ CRPH NUG နှင့် PDF အဖွဲ့တို့က ဦးဆောင် ဖွဲ့စည်းထားသည့် GZ လူငယ်များသည် တိုင်းရင်းသား သောင်းကျန်းသူများထံမှ လက်လုပ် မိုင်းလုပ်နည်း၊ ထောင်နည်း၊ လက်နက် ကိုင်တွယ်ပစ်ခတ်နည်းတို့ သင်ကြားပြီး အပြန်လမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိသည့် သတင်း၊ သင်တန်းတက်ရောက်ရန်သွားစဉ် ဖမ်းဆီး ရမိသည့်သတင်း စသည်များကို နေ့စဉ်ထုတ်သတင်း စာများတွင် ဖတ်ရှုရသည်။
ဖော်ထုတ်ဖမ်းဆီး
ဆူပူအကြမ်းဖက် လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်၊ ထောက်ခံအားပေး သူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်ရည်ရွယ်၍ ဖောက်ခွဲရေးလုပ်ငန်း များကို စဉ်ဆက်မပြတ်လုပ်ဆောင်လာသည်ကို တွေ့ရှိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် သတင်းများကို လည်း ဖတ်ရှုရသည်။
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်ရန် လက်နက်ခဲယမ်းများနှင့်အတူ အကြမ်းဖက်သူများ ရောက်ရှိနေကြောင်း သတင်းအရ ဇွန် ၂၂ ရက် နံနက် ပိုင်းတွင် ၁၁၁ လမ်းနှင့် ၅၄ လမ်းထောင့်ရှိ နေအိမ်ကို သွားရောက်ရှာဖွေစစ်ဆေးရာ အကြမ်းဖက်သူများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သူများအဖွဲ့မှ သေဆုံးသူ ရှစ်ဦး၊ ဖမ်းဆီးရမိသူရှစ်ဦး နှင့်အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက်နက်ငယ်တချို့ သိမ်းဆည်းရမိကြောင်း၊ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ အဆိုပါသေဆုံးသူများတွင် KIA | အဖွဲ့မှ ဗိုလ်အဆင့်ရှိသူ တူးဖိုးနှင့် ကိုရိုင်းတို့ ပါဝင်ကြောင်းသတင်း ဖတ်ရှုရသည်။ မန္တလေးမြို့ အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်ရန်လင်းအောင်ခေါ် မိုးတိမ်နှင့် ဝေယံလင်းခေါ် ထွန်းတောက်နိုင်အပါအဝင် လေးဦးကို လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်း များနှင့် အတူ ဖမ်းဆီးရမိသည့်သတင်းကိုလည်း ဖတ်ရှုရသည်။
အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သူများကိုလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိသကဲ့သို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၃ ရက်တွင် မြစ်ကြီးနား၊ တာချီလိတ်နှင့် လွိုင်လင်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။ မူးယစ်ဆေးဝါးများကို ယခင်ရက် များကလည်း နေရာဒေသအသီးသီးတို့တွင် ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသူများကို လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိခြင်း၊ ရာဇဝတ်ပြစ်မှုများ ကျူးလွန်သူများ ကို ဖမ်းဆီးရမိခြင်းတို့သည် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှု ရယူနိုင်သောကြောင့် ဖြစ်ပေသည်။ သင်တန်းဆရာ ဆုံးမဩဝါဒပေးသည့် ထရံမှာနားရှိသောကြောင့် ဖြစ်ပေသည်။
မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ
ရှေးအခါက ဒိသာပါမောက္ခဆရာကြီးသည် တပည့်အပေါင်းကို ခေါ်ယူကာ “ထူးဆန်းသော အတတ်ပညာကို သင်ကြားပေးမည်။ တပည့် အပေါင်းတို့က မိမိတို့နေအိမ်သို့ပြန်ကာ နေအိမ်မှ ပစ္စည်းဥစ္စာတစ်စုံတစ်ရာကို မည်သူတစ်ဦး တစ်ယောက်မျှမသိအောင် ယူဆောင်ခဲ့ရမည်။ ပစ္စည်းဥစ္စာပါသူကိုထူးဆန်းသော အတတ်ပညာကို သင်ကြားပေးမည်။ အချိန်ကာလအားဖြင့် သုံးရက် ခွင့်ပြုမည်” ဟုပြောဆိုသည်။ တပည့်များသည် သုံးရက်အတွင်း မိမိတို့၏နေအိမ်မှ တန်ဖိုးကြီးမားသော ပစ္စည်းဥစ္စာများကို ယူဆောင်လာကာ ဒိသာပါမောက္ခ ဆရာကြီး ထံအပ်နှံကြလေသည်။ ထိုအထဲတွင် တပည့်တစ်ဦးမှာ မည်သည့်ပစ္စည်းဥစ္စာမျှ မပါသဖြင့် ဆရာကြီးက “မည်သည့်အတွက်ကြောင့် ပစ္စည်းဥစ္စာ မယူဆောင်လာခဲ့ပါသနည်း၊ အမောင် မိဘများနေအိမ်တွင် ပစ္စည်းဥစ္စာတစ်စုံတစ်ရာ မရှိပါလေသလော”ဟုမေးမြန်းရာ “ဆရာကြီး ကမှာသည်မှာ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကို မည်သူတစ်ဦး တစ်ယောက်မျှ မသိအောင် ယူဆောင်ခဲ့ရမည်ဟု မှာကြားပါသည်။ ကျွန်ုပ်သည် တန်ဖိုးကြီးမားသော ပစ္စည်းဥစ္စာကို ယူဆောင်စဉ် ကျွန်ုပ်ကိုယ်တိုင်သိရှိ ပါသည်။ မည်သူတစ်ဦးတစ်ယောက်မျှမသိအောင် ယူဆောင်ခြင်းငှာ မဖြစ်နိုင်ပါသောကြောင့် ယူဆောင်ခဲ့ခြင်းမရှိပါ” ဟု တပည့်ဖြစ်သူက ဖြေကြားသည်။ ဒိသာပါမောက္ခဆရာကြီးက သာဓုသုံးကြိမ်ခေါ်ပြီး ကျန်သည့်တပည့်များကို လည်း “မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိကြောင်း” သွန်သင်ဆုံးမလေသည်။ ။
မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိပါ။ ထို့အတူ ရာဇဝတ်ဘေးသည်လည်း ပြေး၍မလွတ် ပါ။ တစ်ဦးတစ်ယောက်မျှမရှိသော ဆိတ်ကွယ်ရာအရပ်တွင် ရာဇဝတ်ပြစ်မှုကျူးလွန်ပါက ထိုရာဇဝတ်မှုသည် ပျောက်ကွယ်၍ မသွားပေ။ ရာဇဝတ်မှုကျူးလွန်သူကိုယ်တိုင်ကလည်း မိမိ ကျူးလွန်ထားသည့် ပြစ်မှုအလျောက် ပူပင်သောက ဖြစ်နေသည်။ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရနှင့် စိုးရိမ်စိတ်များ ဖြစ်ပေါ်နေပေသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုရာဇဝတ်မှုသည် လည်း ပေါ်ပေါက်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး ရမိပေသည်။
စံပယ်ပန်းကိုထုပ်သော ငှက်ပျောဖက်သည် စံပယ်ပန်းရနံ့ သင်းပေမည်။ အမဲသား၊ ငါးထုပ်သော ငှက်ပျောဖက်သည် အမဲသား၊ ငါးတို့၏ အညှီနံ့တို့ သင်းနေပေမည်။ မိမိနှင့်ပေါင်းဖော်သော သူတို့သည် ပြစ်မှုကျူးလွန်ခြင်းမရှိသူနှင့် ပေါင်းသင်းဆက်ဆံ နေထိုင်ပါက အပြစ်ကင်းပေမည်။ ရာဇဝတ်ပြစ်မှု ကျူးလွန်သူနှင့် ပေါင်းသင်းဆက်ဆံနေထိုင်ပါက စုံစမ်းမေးမြန်း စစ်ဆေးခြင်း ခံရပေမည်။ ကံမကောင်း အကြောင်းမညီညွတ်ပါက ရာဇဝတ်ပြစ်မှုကို အတူတကွ ပူးပေါင်း ကျူးလွန်သူအဖြစ် ဖမ်းဆီးအရေးယူခြင်းခံရပေမည်။ ။
လက်ရှိမြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရာဇဝတ်ပြစ်မှုကျူးလွန်သူများ ရှိသည်။ ထိုရာဇဝတ်မှုကျူးလွန်သူများကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှု ရယူကာ ဖမ်းဆီးအရေးယူဆောင်ရွက်နေသည်။ ထိုရာဇဝတ်မှုကျူးလွန်သူများနှင့် ပေါင်းသင်း ဆက်ဆံခြင်း၊ လက်ခံအားပေးခြင်းများ မပြုလုပ်မိစေရန် အထူးသတိထားရှောင်ကြဉ်သင့်သည်။ ရာဇဝတ်ဘေးပြေးမလွတ်ပေ။ ဥပဒေဘောင်အတွင်း နေထိုင်ခြင်းဖြင့် ဘေးကင်းရန်ကွာ ပြည်ချမ်းသာ ပေလိမ့်မည်။ ရာဇဝတ်ပြစ်မှုကျူးလွန်သူများ အတွက် “ထရံမှာ နားရှိသည်” ကို အမြဲမပြတ် သတိချပ်သင့်ပေသည်။ ထရံမှာနားရှိသဖြင့် ရာဇဝတ်ပြစ်မှုကျူးလွန်ခြင်း ကင်းဝေးပါ စေကြောင်း စေတနာကောင်းဖြင့် ရေးသားတင်ပြအပ်ပါသည်။ ။
(၂၉-၆-၂၀၂၁) ရက်နေ့ထုတ် ရတနာပုံသတင်းစာတွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ရှေ့နေဦးဝင်းကြည် (စဉ့်ကိုင်) ၏ “ထရံမှာနားရှိသည်။
ဆောင်းပါးကို ရတနာပုံသတင်းစာအယ်ဒီတာအဖွဲ့ နှင့်ဆောင်းပါးရှင်တို့၏ ခွင့်ပြုချက်ဖြင့် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။ စာတည်း)
ရှေးနေ- ဦးဝင်းကြည်(စဉ့်ကိုင်)