လူမူစီးပွား ပိုမိုတိုးတက်ကောင်းမွန်ဖို့ ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်စို့
ကိုဗစ်-၁၉ ကာလလွန် စီးပွားရေးနာလန်ထူကာ ပုံမှန်အနေအထား ပြန်လည်ရောက်ရှိနိုင်ရေးနှင့် ယင်းမှတစ်ဆင့် ခေတ်နှင့်အညီ လူမှုစီးပွားနယ်ပယ် အစဉ်ဖွံ့ဖြိုးတိုးတက်နေစေရန် ကြိုးပမ်းကြရဦး မည်ဖြစ်ပါသည်။ နိုင်ငံအစိုးရ အဖွဲ့အစည်းများနှင့် လူသားတစ်ဦးချင်းစီတွင် အသီးသီးတာဝန်ရှိနေ သည်ဟု မှတ်ယူကြရမည်လည်းဖြစ်ပေသည်။
ပြောင်းလဲနေသည့် ကမ္ဘာကြီးက ရပ်တန့်၍မနေဘဲ အခက်အခဲများကို ပူးပေါင်း ဆောင်ရွက်ခြင်း ဖြင့် ဖြေရှင်းသည့်နည်းလမ်းက ပိုမိုထိရောက်သည်ဟု မှတ်ချက်ပြုလိုပါသည်။ လူမှုစီးပွားဘဝ ပိုမိုတိုးတက်ကောင်းမွန်ရန် ဘုံရည်မှန်းချက်များချမှတ်ကာ အားလုံးပူးပေါင်းပါဝင် ကြိုးပမ်းတည်ဆောက် ခြင်းဖြင့် လောကကောင်းကျိုး ဆောင်ရွက်ကြရမည်မှာ လွန်စွာမှ အရေးကြီးလှပေသည်။ စုပေါင်းဆောင် ရွက်ခြင်း၏ ကောင်းမွန်သော ရလဒ်ကောင်းကို ကမ္ဘာ့သမဝါယမ မိသားစုကြီးက ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ကျရောက်သော အချိန်ကာလတွင် ပြုံးပျော်ရန် ရုန်းထနေသော ကမ္ဘာကြီးနှင့် စိုးရိမ်မှုများကြားက ရှင်သန်နိုးကြားနေသော ကမ္ဘာ့လူသားထုကြီးတစ်ရပ်လုံးအား ဝိုင်းဝန်းကြိုးပမ်း တည်ဆောက် ခြင်းဖြင့် ပုံမှန်အနေအထား ရောက်ရှိလာနိုင်အောင် မီးမောင်းထိုးပြနေသည်ဟု ထင်မှတ်မိပါ သည်။
(၉၉)ကြိမ်မြောက်တိုင်ခဲ့
၁၈၉၆ ခုနှစ်တွင် ဖွဲ့စည်းထူထောင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (International Cooperative Alliance- ICA) ၁၉၂၃ ခုနှစ်မှစတင်၍ နှစ်စဉ် အပြည်ပြည် ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကို ကျင်းပဆောင်ရွက်လာခဲ့ရာ ယခုနှစ်ဆိုလျှင် (၉၉)ကြိမ် မြောက်တိုင်ခဲ့ ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံ ဗဟိုသမဝါယမအသင်း သည် ၇-၉-၁၉၉၃ တွင် ICA သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ICA၏လှုပ်ရှားဆောင်ရွက်မှုများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ၁၉၉၄ ခုနှစ်တွင် ကျင်းပခဲ့သည့် (၄၉)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ နှစ်စဉ် ဇူလိုင်လပထမပတ် စနေနေ့ကို အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ ICA Day အဖြစ် သတ်မှတ်ခဲ့ ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ၁၉၉၅ ခုနှစ်မှ စတင်ကာ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ (ICA Day)ကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်ဆိုလျှင် (၂၇)ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ကျရောက်တိုင်း ကမ္ဘာ့သမဝါယမ များသို့ ICA မှဆောင်ပုဒ်များဖြင့် နှိုးဆော်တိုက်တွန်း လျက်ရှိရာ ယခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမ နေ့အတွက် ဆောင်ပုဒ်ကို "Rebuild Better Together" “လူမှုစီးပွား ပိုမိုတိုးတက်ကောင်းမွန်ဖို့ ဝိုင်းဝန်းကြိုး ပမ်းတည်ဆောက်စို့” ဟု ချမှတ်ပေးခဲ့ပါသည်။
ကမ္ဘာ့ပြည်သူ သန်း ၁၀၀၀ ကျော် ပါဝင်သည့် သမဝါယမအသင်းအဖွဲ့ ၃၁၀ တို့က အပြည်ပြည် ဆိုင်ရာသမဝါယမအဖွဲ့ချုပ်တွင် အဖွဲ့ဝင်အဖြစ် ရှိနေကြကာ ကောင်းမွန်မျှတပြီး ပိုမိုစည်းလုံး ညီညွတ်သော စီးပွားရေးတည်ဆောက်ရာတွင် ကမ္ဘာ့သမဝါယမ အဖွဲ့ အစည်းများသည် စည်းရုံး ပူးပေါင်းဆောင်ရွက် လျက်ရှိကြပါသည်။ သမဝါယမ လှုပ်ရှားမှုများသည် အလွန်တရာ ခက်ခဲသော အခြေအနေသို့ ရောက်ရှိနေသည့်တိုင် ရှိသမျှ စွမ်းအားဖြင့် လူမှုအသိုင်းအဝိုင်း အဖွဲ့ အစည်းများကို ကဏ္ဍစုံမှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပြီး ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများအပြင် အရေးပေါ်အခြေအနေများကို ကျော်လွှားနိုင်အောင် ထောက်ပံ့ ပေးနေမှုမှာ ကမ္ဘာအဝှမ်း တည်ရှိနေပေသည်။
ငွေကြေးဝန်ဆောင်မှု၊ အိမ်ရာဆောက်လုပ်ရေး၊ စိုက်ပျိုးထုတ်လုပ်ရေး၊ လက်လီ၊ လက်ကား ရောင်းဝယ် ရေးလုပ်ငန်းများကိုအလေးထားလုပ်ကိုင်နေကြသည့် ကမ္ဘာ့သမဝါယမများ၏ အောင်မြင်မှုထိပ်တန်း လှမ်းကိုင်နေမှုများကို အတုယူကာ မြန်မာ့သမဝါယမအဖွဲ့ အစည်းများအနေဖြင့်လည်း ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစားလုပ်ကိုင်နေကြရန်နှင့် အောင်မြင်မှုများကို ရေရှည်တည်တံ့အောင် ကြိုးစား အားထုတ်ကြရန် လိုအပ်နေသေးသည်ဟု ရှုမြင်မိပါ သည်။ ၃၁-၅-၂၀၂၁ ရက်နေ့အထိ အသင်းသား ပြည်သူ ၄ ဒသမ ၂ သန်းတို့က ၎င်းတို့၏ဆန္ဒနှင့်အညီ ပါဝင်ဖွဲ့စည်းထားသည့် သမဝါယမအသင်း ၃၉၃၉၉ သင်းရှိပြီး ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြပါ သည်။ အများ၏ဆန္ဒနှင့်အညီ ပူးပေါင်းဆောင်ရွက် နေကြသည့် သမဝါယမလုပ်ငန်းများဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ရဲရဲဝံ့ဝံ့ ကူညီလုပ်ဆောင် ပေးရန်နှင့် အခြေခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းကြရန် ICA Day ကျရောက်သည့် အချိန်အခါသမယတွင် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။
ချေးငွေများ ပံ့ပိုးပေး
၇၀ ရာခိုင်နှုန်းသောပြည်သူများ နေထိုင်ကြ သည့် ကျေးလက်ဒေသရှိ စိုက်ပျိုးရေး + မွေးမြူရေး လုပ်ကိုင်သူများကို ၎င်းတို့၏ အလုပ်အကိုင် အခွင့် အလမ်းရရှိရေးနှင့် ဝင်ငွေတိုးတက်ရေး အတွက် အသေးစားငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာ့သမဝါယမအသင်းများက ချေးငွေများ ပံ့ပိုးပေးလျက်ရှိရာ အသင်းသားတောင်သူ ၁ ဒသမ ၇ သန်းသို့ စိုက်ပျိုးစရိတ် ချေးငွေကျပ် ၃၃၁ ဒသမ ၉၇၂ ဘီလီယံ ထုတ်ချေးထားခြင်း၊ အရစ်ကျ ငွေချေစနစ် ဖြင့် လယ်ယာသုံးစက်ကိရိယာ အစီး ၆၄၂၃၀ ဝယ်ယူ နိုင်ရေး ကျပ် ဘီလီယံ ၁၁၀ ပံ့ပိုးပေးထားခြင်း၊ မျိုးစေ့ထုတ် သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးရေး၊ လယ်ယာဝန်ဆောင်မှုပေးခြင်းနှင့် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းတို့အတွက် ကျပ် ၃၂ ဒသမ ၀၆၄ ဘီလီယံ ပံ့ပိုးထုတ်ချေး ထားပြီး မွေးမြူရေးကုန်ထုတ် သမဝါယမအသင်းများအနေဖြင့် ငါးကန် ၁၇၉၃ ကန်၊ အင်းလေးအင်းတွင် ငါးမျိုးစုံ မွေးမြူလျက်ရှိပြီး ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ နွားအကောင်ရေ ၁၃ သိန်းကျော်ကို မွေးမြူလုပ်ကိုင်လျက်ရှိနေကြသူများအတွက် မွေးမြူရေးချေးငွေထောက်ပံ့မှုမှာ ကျပ် ၄၁ ဒသမ ၈၅၃ ဘီလီယံ ရှိကြောင်း လေ့လာသိရှိရပါ သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ငွေကြေး အရင်းအနှီး ထောက်ပံ့ပေးမှုကို သမဝါယမအသင်း များက ကူညီထောက်ပံ့ပေးလျက် ရှိကြသလိုတောင်သူ လယ်သမားများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ ဈေးကွက်ရရှိနိုင်မှုကိုလည်း ကြိုးပမ်းဆောင် ရွက်ပေးလျက်ရှိသည့် အတွက် ကျေးဇူးတင်ဂုဏ်ယူ နေမိပါသည်။ အသင်းအဖွဲ့စိတ်ဓာတ်ကို အခြေခံပြီး စုပေါင်းစိုက်ပျိုး ထုတ်လုပ်ရောင်းချခြင်းဖြင့် ရောင်းသူဈေးကွက် (Bargaining Power) ရရှိစေမည် အမှန်ပင်ဖြစ်ပါသည်။ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရန် သမဝါယမကဏ္ဍမှ အမြတ်မယူ အရှုံးမရှိ (No Profit No Loss) ဟူသည့် ကျင့်စဉ်ဖြင့် လယ်ယာ ထွက်ကုန်၊ မွေးမြူရေးထွက်ကုန်များကို တိုင်းဒေသ ကြီး/ပြည်နယ် ၁၁ ခုတို့ရှိ မြို့နယ်အသီးသီးသို့ စားသုံး သူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲ နိုင်ရေးအတွက် ဖော်ပြပါဇယားအတိုင်း ဆောင်ရွက် ပေးလျက်ရှိသည်ဟု သိရပါသည်-
သမဝါယမကဏ္ဍအနေဖြင့် လယ်ယာထွက် ကုန်သီးနှံများကို သက်ဆိုင်ရာအသင်းစုချုပ်များ နှင့် ချိတ်ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကုန်စည် ဖလှယ်ရောင်းချပေးမှုများကို စားသုံးသူပြည်သူများ အား အိမ်တိုင်ရာရောက် Door to Door စနစ်ဖြင့် ဆောင်ရွက်နေမှုများသည် တစ်ဖက် တစ်လမ်းမှ ဈေးကွက်ဖော်ဆောင်ပေးမှုကို အထောက်အကူပြု နေသည့်အတွက် ကျေးလက်နေ ပြည်သူများ၏လူမှု စီးပွားဘဝ မြင့်မားရေးကို ပုံဖော်လုပ်ဆောင်ပေးနေ ခြင်းလည်း ဖြစ်ပေသည်။ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ဆင်းရဲချမ်းသာမှု ကွာဟချက်နည်းပါး လာအောင်၊ စားနပ်ရိက္ခာ ဖူလုံမှုကွာဟချက် အနည်းဆုံးဖြစ်အောင်၊ ဒေသထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာ မှာလည်း ဈေးကွက်ရှေးရှု ထုတ်လုပ်မှု (Market Led Production) ဖြစ်စေရေး ဈေးကွယ်ဝယ်လိုအားနှင့် လိုအပ်ချက်များ (Demand Driven) ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်း ပေးနိုင်အောင် သမဝါယမကဏ္ဍက တတ်စွမ်းသည့်ဘက်မှဆောင်ကြဉ်း ပေးနေခြင်းသည် ပြည်သူများ၏ လူမှုစီးပွားပိုမို ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းလုပ်ဆောင်ပေးနေခြင်းဟု မှတ်ယူ၍ ရမည်ဖြစ်ပေသည်။ သမဝါယမစီးပွားရေး လုပ်ငန်းများကို Private Sector Driven ဖြစ်လာအောင် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် ထိန်းကျောင်းတည့်မတ် ဆောင်ရွက်ကြရန် လည်း လိုအပ်မည်ဖြစ်ပါသည်။
ကမ္ဘာတစ်ဝန်း စီးပွားတုံ့ဆိုင်းမှုများ ဖြစ်ပေါ် နေချိန်တွင် မြန်မာ့သမဝါယမအသင်းများအနေဖြင့် မြို့ပြ၊ ကျေးလက်မခွဲခြားဘဲ ပြည်သူအားလုံး၏ လူမှုစီးပွား ပိုမိုတိုးတက်ရေးအတွက် အစဉ်ကြိုးပမ်း ဆောင်ရွက် ပေးနေရမည်လည်း ဖြစ်ပေသည်။ ဖွဲ့စည်းပြီး သမဝါယမအသင်း များကို ကြည့်လျှင်လည်း သမဝါယမ အသင်းများကရရှိသည့် အကျိုးအမြတ်များသည် ယင်းအသင်းတွင် ပါဝင်သောအသင်းသားနှင့် အသင်းသားမိသားစုများ၏ ကျန်းမာရေး၊ ပညာ ရေး၊ လူမှုရေးကိစ္စများ ထောက်ပံ့ပေးနိုင်ခြင်းဖြင့် အသင်းအပေါ်ယုံကြည်မှုရရှိစေပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီလုပ်ကိုင် ဆောင်ရွက်လျက်ရှိနေသည်ဟု သိရပါသည်။ သို့ဆိုရာ နိုင်ငံအတွင်းရှိ အောင်မြင်လျက်ရှိသော သမဝါယမ အသင်းများ၏ စုပေါင်းဆောင်ရွက်ခြင်းဖြင့် စည်းလုံးညီညွတ်မှုနှင့်အညီ အကျိုးအမြတ်ကောင်းများ ရရှိနေသည်ကို အတုယူနိုင်ရန် အားနည်းသော အသင်းများနှင့် သမဝါယအသင်းသို့ ဝင်ရောက်လိုသူ ပြည်သူများအနေဖြင့် Exchange Visitပြုလုပ်ပြီး စုပေါင်းဆောင်ရွက်ခြင်းကြောင့် အသင်းသားတစ်ဦးချင်းစီ အကျိုးခံစားနေရမှု၊ အသင်း၏ အကျိုးစီးပွားဖြစ်ထွန်းမှု၊ အသင်းကဆောင်ရွက်နေသည့် ဒေသအကျိုးပြုမှုနှင့် လူထုစည်ပင် ဖွံ့ဖြိုးမှုတို့ကို ကိုယ်တိုင်တွေ့ထိသိမြင်ရပြီး မိမိတို့နေထိုင်ရာဒေသများတွင် နည်းစနစ်ကျပြီး ခိုင်မာအားကောင်းသော လူမှုစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဘဝ ပိုမိုတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမည့် အချိန်အခါကောင်းလည်း ရောက်ရှိနေပြီဟု ဆိုချင်ပါသည်။
အချုပ်အားဖြင့် ဆိုရလျှင်၂၀၂၁ခုနှစ် ဇူလိုင်လ ၃ ရက် စနေနေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သည့် “Rebuild Better Together” “လူမှုစီးပွား ပိုမိုတိုးတက်ကောင်းမွန်ဖို့ ဝိုင်းဝန်းကြိုးပမ်းတည်ဆောက် စို့” ဟူသည်နှင့်အညီ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာအောင် ကမ္ဘာ့သမဝါယမများနည်းတူ မြန်မာ့သမဝါယမအသင်းများအနေဖြင့် စည်းလုံးမှု အင်အား၊ ကွန်ရက်ချိတ်ဆက်မှုစွမ်းအင်၊ ဒီမိုကရေစီကျင့်စဉ်၊ ပူးပေါင်းပါဝင်မှု အရှိန်အဟုန်ကောင်းတို့ဖြင့် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက် ကာ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး၊ လောကကောင်းကျိုးများကို စုပေါင်းကြိုးပမ်း ဆောင်ရွက် ကြပါစို့ဟု တိုက်တွန်းရင်း ဇူလိုင် ၃ ရက် စနေနေ့တွင် ကျရောက်သည့် (၉၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ရပါသည်။ ။
K ဇင်သစ်
(မန်းတက္ကသိုလ်)