ဥပဒေဘောင်ပြင်မှာ နေထိုင်မယ်ဆိုရင် ဘေးရန်များမယ်
CRPH NUG ဆိုတဲ့ လေထဲမှာတိုက်ဆောက်ကြသူ တွေဟာ ဟိုဟာပြောလိုက်၊ ဒီဟာပြောလိုက်၊ ဟိုအမိန့်ထုတ်လိုက်၊ ဒီအမိန့်ထုတ်လိုက်နဲ့ မရေရာ မသေချာတဲ့အလုပ်တွေ လုပ်နေကြတာဟာ အတော်ကြာလာပါပြီ။ အခုလည်း “ဆင်ကန်းတောတိုး” လုပ်နေကြတာကို တွေ့နေရပါတယ်။ ပြည်တွင်းမှာ အခြေမလှရင် ပြည်ပဘက်ကို လှော်လိုက်၊ ပြည်ပမှာ အခြေမလှရင် ပြည်တွင်းဘက် ကိုလှော်လိုက်နဲ့ မထူးဇာတ်ခင်းနေကြပါတယ်။
ရင်နာစရာကောင်း လောလောဆယ် ပြည်တွင်းမှာဖြစ်နေတာ ကတော့ နွေဦးတော်လှန်ရေး၊ ပြည်သူ့ကာကွယ် ရေးလို့ကြွေးကြော်ကြတဲ့PDF လေးတွေကိုလက်နက် တပ်ပေးလိုက်ပြီး ဘုမသိ၊ ဘမသိနဲ့ အသက်ပေး၊ စတေးနေကြရတဲ့အဖြစ်တွေကို တွေ့ရပါ လိမ့်မယ်။ PDF လေးတွေ အသက်တွေ၊ ဘဝတွေ စတေးနေတဲ့အချိန်မှာ မိုးမကျမီက အသံကောင်း ဟစ်ခဲ့တဲ့ နိုင်ငံရေး ပုရောဟိတ်ကြီးတွေ၊ ဆရာကြီး တွေ ကားလိပ်နောက်ကွယ်ကို တဖြည်းဖြည်းချင်း အလျှိုလျှို ရောက်နေကြပါတယ်။ နောက်ကွယ်က နေ ကြွေးကြော်နေကြတဲ့ ကိုယ်ရောင်ဖျောက် ဆရာကြီးတွေ၊ PDF လေးတွေရဲ့ အဖြစ်ဆိုးတွေကို မှန်မှန်ကန်ကန် သတိထားကြည့်သင့် ပါတယ်လို့ ပြောရင် မသိချင်ယောင်ဆောင်ပြီး မထူးဇာတ်ခင်း ဆက်လက်မိုက်တွင်းနက်ကြမှာ သေချာပါတယ်။
တော်လှန်တဲ့သူအချင်းချင်း၊ ဇိမ်ကျကျနေရတဲ့ သူတွေနဲ့ ဒုက္ခဆင်းရဲရောက်နေရတဲ့သူတွေရဲ့ အဖြစ်ဟာ ရင်နာစရာကောင်းလှပါတယ်။ တချို့ က ကျတော့လည်း ဒီလိုဆက်စပ်ပြတာကို သွေးခွဲ တယ်ဆိုတာ သူတို့ဆရာကြီးတွေအပေါ်ယုံပြီး ပုံအပ်ထားသူတွေရှိသလို ငွေရလို့ မိုက်တွင်းနက် နေကြသူတွေလည်း အများသားပါ။
အားမလိုအားမရ နိုင်ငံရေးသမားတွေဆိုတာ ဒီမိုကရေစီရေး
ပြည်သူလူထုကောင်းစားရေး၊ အာဏာရှင် ဆန့်ကျင်ရေးလို့သာတစာစာကြွေးကြော်ပြီး သူတို့ အာဏာရရေးကိုသာ တစိုက်မတ်မတ် လုပ်နေ ကြတဲ့သူတွေဖြစ်ပါတယ်။ အာဏာလိုချင်ပေမယ့် လည်း အသက်နဲ့ရင်းရတဲ့၊ စတေးရတဲ့ အလုပ် တွေကို မလုပ်ရဲကြတာကြောင့် နောက်ကွယ်ကပဲ သွေးထိုးပေး၊ ရှောင်ပုန်းပြေးနေကြတာကို အထင် အရှားတွေ့နေရပါတယ်။ ၈၈ မျိုးဆက်တွေ၊ နိုင်ငံ ရေးသမားတွေဘဝတုန်းက ထောင်အကျဉ်းကျခံရဲဖူးပေမယ့် အသက်အရွယ်လေး တွေရလာတော့ ထောင်ကျမခံလိုတော့ဘဲ နောက်ကွယ်ကနေ သွေးထိုးပေးတဲ့အလုပ်တွေသာ တစိုက်မတ်မတ် လုပ်နေကြတာဖြစ်ပါတယ်။ ကြာလာတော့လည်း GZ လေးတွေ၊ PDF လေးတွေ အားကိုးစရာ ပေါ်မလာဘဲ သူတို့ဘာသာသူတို့ ဘဝတွေရင်းနေရလို့ CRPHတို့၊ NUGတို့ကို အားမလိုအားမရဖြစ်နေကြတာ အတော်ကြာခဲ့ပါပြီ။ ။
ရှောင်လွှဲလို့မရ
GZ နဲ့ PDF လေးတွေဟာ လူငယ်ပီပီ စိတ်ဓာတ်ကလည်းပြင်းထန်၊ တက်ကြွစိတ်ကလည်း လွန်ကဲ၊ နိုင်ငံရေးမှိုင်းတွေလည်း ဝနေတာကြောင့် လက်နက် ကိုင်ထောင်ချောက်ထဲကို ရောက်မှန်းမသိဘဲ လွယ်လွယ်ကူကူ ရောက်သွားကြပါတယ်။ ခုဆိုရင် နွေဦးတော်လှန်ရေးကနေ မိုးဦးတော်လှန်ရေးတောင်
ကျော်လာခဲ့ပါပြီ။ EAOsတွေကို ဆရာတင်ပြီး တော်လှန်ရေးလုပ်တော့ အကျိုးရလဒ်က ပါဂျောင်လိုပဲ ဖြစ်သွားမှာ တစ်စတစ်စ မြင်နေရပါတယ်။ EAOs တွေရဲ့ လမ်းကိုသွားရင် ဒီစခန်းသွားရမယ်ဆိုတာ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ၈၈ တုန်းက လူငယ်တွေ တောထဲသွားပြီး လက်နက်ကိုင် ABSDF အဖွဲ့ ဖြစ်သွားတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူဖို့ သင့်ပါတယ်။ ABSDF ကို ဘယ်သူတွေက ထိန်းချုပ်ခဲ့ပါသလဲ။ နောက်ဆုံး ဘာတွေဖြစ်ကြပါသလဲ။ လေ့လာကြည့်နိုင်ပါတယ်။
သက်ဆိုးမရှည် ၂၀၂၁ ခုနှစ်ဟာ ၈၈ နဲ့မတူပါဘူးလို့ အလွယ် ပြောကြပါတယ်။ ဒါပေမယ့် သဘောတရားနဲ့ လုပ်ပုံ လုပ်နည်းတွေက အတူတူပါပဲ။ နည်းနည်းထူးခြား တာက ABSDF က တောထဲမှာနေပြီး PDF က မြို့ပြ တိုက်ပွဲပုံစံ ဖော်လာတာ သာပါတယ်။ ပြီးခဲ့တဲ့ မန္တလေးက အဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့ထဲက ပါဝင်အားပေးလာတာတွေ့ ရပါတယ်။ လက်နက်တွေ ပံ့ပိုးရုံတင်မကပါဘူး၊
လူပါလိုက်လာပါတယ်။ အဲဒီတော့ PDF ကို NUG မထိန်းချုပ်နိုင်ဘဲ လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်တယ်လို့ တွေ့ရပါတယ်။ လက်နက်ကိုင်အဖွဲ့မှာလည်း ထိန်းချုပ်သူရှိတာကို သတိပြုမိဖို့လိုပါတယ်။ NUG ကိုလည်း ဘယ်သူတွေထိန်းချုပ်နေတယ်ဆိုတာကို ခန့်မှန်းကြည့် နိုင်ပါတယ်။ ပြည်ပြေးဇာတ်လမ်း၊ တော်လှန်ရေးဇာတ်လမ်း သဘောတရား အတူတူပဲဖြစ်လို့ NUG ဟာ NCGUB လောက် ကြာကြာခံမယ် မထင်ပါဘူး။ PDF ဟာလည်း ABSDF လောက်တောင် သက်ဆိုးရှည်မယ်မထင်ပါဘူး။
အာဏာရရေး NUG ဟာ လောလောဆယ်မှာ အနူတောမှာ လူချောဖြစ်နေပေမယ့် NUG ကို နိုင်တဲ့ အဖွဲ့ အစည်းရောက်လာရင် မြောင်းထဲရောက်မှာတော့ သေချာပါတယ်။ အဲဒီအခါမှာ PDF လည်း အမိမဲ့သား ရေနည်းငါးလို ဖြစ်သွားမှာသေချာပါတယ်။ ပွဲလန့်တုန်း ဖျာခင်းလို့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ မထင် လိုက်ပါနဲ့။ ဖျာနေရာကို အစောကတည်းက ကြိုတင် ပေးထားတဲ့ အသုံးချခံဖြစ်နေပါတယ်။ ပွဲပြီးရင်အောင်ဖျာလိပ် အိမ်ပြန်ရလိမ့်မယ်လို့လည်း မထင် လိုက်ပါနဲ့။ မြောင်းထဲအပြီးရောက်သွားမယ့် လက္ခဏာ တွေ မြင်နေရပါတယ်။
မြန်မာပြည်မှာ “အိမ်ကြက်ချင်းအိုးမဲသုတ်”တာ ခံနေရတဲ့အဖြစ်ကို သိသိကြီးနဲ့ ဇွတ်တိုးနေကြ တဲ့ မိုက်လုံးကြီးသူတွေလို့ ဆိုချင်ပါတယ်။ နိုင်ငံရေး သမားအစွန်းရောက်တွေကို ဆရာကြီးတွေက အသုံးချပြီး လူငယ်တွေကို နိုင်ငံရေးသမားတွေက အသုံးချကြပါတယ်။ ရည်ရွယ်ချက်က နိုင်ငံရေးသမားတွေက အာဏာရရေး၊ ဆရာကြီးတွေက မြန်မာပြည်ကြီး ပျက်စီးရေးဖြစ်ပါတယ်။
ဘဝတွေရင်းရ
ယနေ့လူငယ်တွေဟာ နိုင်ငံရေးမလုပ်ခဲ့ဖူးတဲ့ အဖြူရောင်သက်သက်တွေဖြစ်ပါတယ်။ သန့်ရှင်း ကြည်လင်တဲ့ရေတွေကို နိုင်ငံရေးအရောင်ဆိုးခဲ့ကြပါ တယ်။ အရောင်ဆိုးခံထားတဲ့ရေဟာ ဘယ်တော့မှ အဖြူရောင်ရေ ဖြစ်မလာတော့ပါဘူး။ ဆိုးတဲ့အရောင် အတိုင်း စွဲမြဲသွားပါတယ်။ တိုင်းပြည်အတွက် စိတ်မကောင်းစရာပါပဲ။
တိုင်းပြည်တည်ဆောက်ရေး အင်အားဖြစ်ရမယ့် လူငယ်တွေဟာ တိုင်းပြည်ပျက်စီးရေး လုပ်နေကြ တာဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေ အမြန်ဆုံးလျှော်ဖွပ် ဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။ အခြားလူငယ်တွေကို မကူးစက်ဖို့၊ မထိခိုက်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ယနေ့အဖြစ်တွေမှာ နောက်ကွယ်ကနေ အသံနဲ့တိုက်နေကြတဲ့သူတွေ များပါတယ်။ တကယ်တမ်း ဘဝတွေ ရင်းလိုက်ရတဲ့ လူငယ်တွေက နည်းနည်းပဲရှိပါတယ်။
အချိန်တွေကျန်သေး
ယနေ့မြန်မာပြည်မှာ လမ်းပေါ်ထွက် ဆူပူကြတဲ့၊ လက်နက်ကိုင် အကြမ်းဖက်ကြတဲ့ လူငယ်အရေအတွက်ဟာ အနည်းငယ်မျှသာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူငယ် လူရွယ် ၁၅ သန်း ထက်မနည်း ရှိပါတယ်။ ဆူပူအကြမ်းဖက်တဲ့ လူငယ်တွေ စုစုပေါင်းက ထောင်ဂဏန်း၊ သောင်းဂဏန်းမျှသာရှိပါတယ်။
လူငယ်တွေ အားလုံးကို အသိပေးလိုပါတယ်။ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ကြပါ။ အသုံးချ မခံပါနဲ့။ အရောင်အဆိုးမခံပါနဲ့လို့ အကြံပြုလိုပါတယ်။ ယခုမှခြေလှမ်းမှားတဲ့ လူငယ်တွေ အနေနဲ့ ဘယ်တော့မှ ပြန်မရတဲ့၊ ပြင်မရတဲ့၊ မိုက်လုံးကြီးတဲ့၊ မိုက်တွင်း နက်တဲ့လူကြီး တွေလိုအမိုက်ဇာတ်သိမ်းမယ့်နောက်ကို မလိုက်ကြဖို့ အသိပေးလိုပါတယ်။ လူငယ်တွေမှာ ပြန်လည်ပြင်ဆင်နိုင်တဲ့အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ မိမိတို့ဘဝ၊ အနာဂတ်ဘဝကို အကောင်းဆုံးထုဆစ်ကြဖို့ တိုက်တွန်းလိုပါတယ်။
တလွဲထင်နေကြ
ကနေ့ အစွန်းရောက်နိုင်ငံရေးသမားတွေ၊ GZ လို၊ PDF လို လူငယ်တွေဟာ သူတို့စိတ်နဲ့သူတို့ ( အခုလိုဘဝကို ရောက်လာကြတာလို့ မထင်ပါဘူး။ GZ လေးတွေက “ကျွန်တော်၊ ကျွန်မတို့ မဟုတ်တာ၊ မတရားလုပ်တာ၊ အနိုင်ကျင့်တာကို မခံနိုင်လို့ ကိုယ့်စိတ်နဲ့ကိုယ် လုပ်တာပါ”လို့ ပြောကြတာကို ကြားရပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဘယ် အရာမှတွန်းအားမပါဘဲ ဖြစ်မလာပါဘူး။ တိုင်းပြည် နဲ့ချီတဲ့ကိစ္စတွေကို စိတ်ကူးပေါက်တိုင်း ထလုပ် လို့မရပါဘူး။ ယနေ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကြီးကို ကြည့်မယ်ဆိုရင် ယခုမှ ဟုန်းခနဲ ထတောက်လာတဲ့မီး မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်များစွာကတည်းက တငွေ့ငွေ့ မီးလောင်စေဖို့ လောင်စာတွေ စုဆောင်း ပေးခဲ့တာတွေ အများကြီးရှိပါတယ်။ ယနေ့ တိုင်းပြည်ဖြစ်စဉ်မှာ လမ်းမှားမှာ ပါဝင်နေတဲ့သူတွေဟာ ကိုယ့်ကိုလည်း ဘာမှန်းမသိ၊ ယခုနိုင်ငံရေးပွဲမှာ အဓိကထိန်းချုပ် ကိုင်တွယ်ကစားနေတာ ဘယ်သူမှန်းလဲမသိ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ကိုယ့်ဘာသာ လုပ်နေကြတာလို့ တလွဲထင်နေ ကြတာဟာ ကျဆုံးခြင်းပဲဖြစ်ပါတယ်။
စစ်မီးမွှေးပေးခဲ့
ယနေ့မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်ဟာ နိုင်ငံရေး ကစားပွဲ မဟုတ်တော့ပါဘူး။ စစ်ရေးကစားပွဲပုံစံ | ဖန်တီးနေတဲ့သဘောရှိပါတယ်။ ဒါပေမယ့် စစ်ပွဲ မဟုတ်ပါဘူး။ ဒေသတချို့ မှာ လူတစ်စုရဲ့ အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ထောက်ခံတဲ့ ပြည်သူတွေပါပါတယ်။ ပြည်သူတွေ ပါဝင်မှုအပေါ် မူတည်ပြီး နိုင်လား၊ ရှုံးလား ဆုံးဖြတ်ကြပါတယ်။ စစ်ရေး ကစားပွဲဆိုတာ ပြည်သူလူထု မပါတော့ဘူးဆိုတာ သတိပြုဖို့လိုပါတယ်။ စစ်ရေး ကစားပွဲမှာ နိုင်ငံတစ်နိုင်ငံ၊ တစ်နိုင်ငံမက ပါဝင်ဖို့လိုပါတယ်။ အထောက်အပံ့ပေးဖို့ လိုပါတယ်။ ဘယ်နိုင်ငံမှမပါဘဲနဲ့ တိုက်ပွဲခေါ်ရင် ကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်နေမှာဖြစ်ပါတယ်။ စစ်ကိုခေါ်ရင် စစ်ကလာမှာဖြစ်ပါတယ်။ ပြည်ပပါတယ်ပဲထားဦး စနစ်တကျဖွဲ့စည်းထားတဲ့ တပ်မတော်ကိုယှဉ်လို့ မရပါဘူး။ ယနေ့ကမ္ဘာပေါ်မှာ စစ်မီးမွှေးပေးခဲ့တဲ့နိုင်ငံတွေ ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာကို မြင်နိုင်ပါတယ်။
ပြည်ပြေးအစိုးရကနေ တပ်မတော်ဖွဲ့လို့ မရနိုင်ပါဘူး။ ကမ္ဘာပေါ်မှာ ပြည်ပြေးအစိုးရကဖွဲ့တဲ့ တပ်မတော်ဆိုတာ မကြားဖူးပါဘူး။ တောတွင်း လက်နက်ကိုင်အဖွဲ့သာ ရှိပါတယ်။ မြို့တွင်းမှာ လက်နက်ကိုင်ရင် ချက်ချင်းအရေးယူခံရမှာဖြစ်ပါတယ်။ မြို့တွင်းမှာ လက်နက်ကိုင် တော်လှန်မယ်လို့ ဟန်ရေးပြရုံနဲ့ အမှုန့်ကြိတ်ခံရမှာ သေချာပါတယ်။ ဥပဒေဘောင်အတွင်း နေထိုင်လျှင် ဘေးကင်း ရန်ကွာမှာဖြစ်ပါတယ်။ ဥပဒေဘောင်ပြင်ပမှာ နေထိုင်မယ်ဆိုရင် ဘေးရန်များမယ်ဆိုတာ သတိပြုစေချင် ပါတယ်။
မောင်ရေချမ်း