အမျိုးသမီးဂုဏ်ရည်
မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးရေးကော်မတီကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့ပြီး မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးနေ့ကို နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၃ ရက်နေ့တွင် ကျင်းပကြခြင်း ဖြစ်ပါသည်။ အမျိုးသမီးများသည် အားနွဲ့သူများဖြစ်၍ အမျိုးသမီးများဘဝ ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီး များအား ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ သက်ဆိုင်ရာအသင်းအဖွဲ့များ ကလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ဘဝများကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးလျက်ရှိသလို ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမှအစ အမျိုးသမီး များ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝလုံခြုံရေး အတွက်ပါ သက်ဆိုင်ရာအဖွဲ့အစည်းများက ယခင် ကထက်ပို၍ ထင်သာမြင်သာ ကာကွယ်စောင့်ရှောက်ပေးသည်ကို တွေ့မြင်လာရပါသည်။
ထို့ကြောင့် အမျိုးသမီးများဘက်ကလည်း အမျိုးသမီးဂုဏ်ရည်ကို အသိ၊ သတိတရားဖြင့် ထိန်းသိမ်း မြှင့်တင်ရပါမည်။ မြန်မာအမျိုးသမီးများအတွက် အရေးကြီးသည့်အချက်မှာ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်များ၊ ပျိုပျိုအိုအို အမျိုးသမီးတို့၏ ဂုဏ်ရည် များ မပျက်မယွင်း မချို့တဲ့ရလေအောင် မိမိတို့၏ မိန်းမသားဘဝကို အစဉ်မြတ်နိုးတန်ဖိုးထားတတ်ရ ပါမည်။ တစ်ဦးတစ်ယောက်မှသည် အမျိုးသမီးထု တစ်ရပ်လုံး မြန်မာ့ဂုဏ်ဆောင်ခြင်းဖြင့် အနာဂတ် မြန်မာအမျိုးသမီးများဘဝ ပိုမိုတိုးတက်ကောင်းမွန်လာပါမည်။
တန်ဖိုးရှိလှ မိန်းမသားဘဝ
တန်ဖိုးရှိသော မြန်မာအမျိုးသမီးတစ်ယောက် ဆိုသည်မှာ ဘာသာတရားအဆုံးအမဖြင့် ကြီးပြင်း လာသူ၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသော အသိုင်းအဝိုင်းမှ ပေါက်ဖွားလာသူ၊ မိသားစုနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက တန်ဖိုးထားခံရသူ၊ အမျိုးသမီးတစ်ယောက်၏တန်ဖိုးကိုသိနားလည်ပြီး မိမိကိုယ်ကို တန်ဖိုးထားတတ်သူ ဖြစ်ရပါမည်။ မိမိသည် မြန်မာလူမျိုး ဖြစ်သည်။ မြန်မာတိုင်းရင်း သား ဖြစ်သည်။ မြန်မာအသိုင်းအဝိုင်းမှာ မွေးဖွား လာသည်။ ထို့ကြောင့် ကိုယ့်မြန်မာလူမျိုးကို တန်ဖိုး ထားတတ်ရပါမည်။ ။
ရှေးခေတ်ကျောက်စာများတွင် “ယောက်ယာ၊ မိမ”ဟူ၍တွေ့ရပြီး ယောက်ယာကို ယောကျာ်းဟု ခေါ်ဆို၍ မိမကို မိန်းမဟု ခေါ်ဆိုခြင်းဖြစ်သည်။ ပေါရာဏကျမ်းဆရာတို့က နူးညံ့သိမ်မွေ့စွာ သွား လာခြင်း၊ စားသောက်ခြင်း၊ နေထိုင်ခြင်းဆိုသည့် အမူအရာတို့ကို မြင်တွေ့ရသည့်အတွက် မိန်းမော နိုင်သည်ဖြစ်၍ “မိန်း” ဟုခေါ်ဆိုပြီး လင်သား စသည့်အဆွေအမျိုးတို့ကို စောင်မကြည့်ရှုတတ် သည့်အတွက် “မ”ဟု ခေါ်ဆိုပါသည်။ ထိုမိန်းနှင့် မကိုပေါင်း၍ မိန်းမဟူ၍ ခေါ်ဆိုညွှန်ပြ ကောက်ယူ ခဲ့ပါသည်။
ရှေးပညာရှိနီတိဆရာများက “ရဟန်းတို့သည် အကျင့်သီလနှင့်ပြည့်စုံရမည်၊ မင်းတို့သည် စစ်သည် အင်္ဂါနှင့် ပြည့်စုံရမည်၊ မိန်းမတို့သည် အဆင်းအင်္ဂါ နှင့်ပြည့်စုံရမည်”ဟု ဖွင့်ဆိုခဲ့ပါသည်။ မိန်းမ တစ်ယောက်မှာ ခန္ဓာကိုယ်ရုပ်ရည်လှပမှု အဆင်း သာမက စိတ်နေစိတ်ထားလှပမှုအဆင်းနှင့်ပါ ပြည့်စုံ နေပါမှ ထူးချွန်ပြည့်ဝသော မိန်းမကောင်းမိန်းမမြတ် ဖြစ်ပါမည်။ ရှေးပညာရှိကဝိအကျော်အမော်တို့က မိန်းမအမျိုးအစားနှင့် အဆင့်အတန်းတို့ကို
အောက်ပါအတိုင်း ခွဲခြားရေးသားထားကြပါသည်။
(က) ပဒုမ္မနီမိန်းမတို့၏ လက္ခဏာ
(၁) လဝန်းကဲ့သို့သော မျက်နှာရှိ၏။ (၂) ညက်ညောသည့် အသားအရေရှိ၏။ (၃) တောက်ပဖြူစင် သောသွားရှိ၏။ (၄) ခြေဖဝါး၊ လက်ဖဝါး ပြည့်ဖြိုး၏။ (၅) ဆံပင်နက်မှောင် ရှည်လျားကောင်းမွန်၏။ (၆) လည်ပင်းတွင် အရေးအရစ် သုံးခုရှိ၏။ (၇) သားမြတ် ကြီး၏။ (၈) ဟင်္သာကဲ့သို့ သွားလာတတ်ခြင်းမျိုး ရှိ၏။ (၉) အသံသြဇာ သာယာမှုရှိ၏။ (၁၀) မိဘ ဆရာတို့အား ရိုသေလေးစားမှုရှိ၏။ (၁၁) လင် ယောကျာ်းကို ချစ်ခင်ရိုသေ၏။ (၁၂) မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကိုပြုတတ်၏။ (၁၃) အရှက် တရားကြီးမား၏။ (၁၄) ကြောက်ရွံ့လေးစားထိုက်သူကို ကြောက်ရွံ့၏။ (၁၅) ပညာအရည်အချင်းနှင့် ရုပ်ရည်ချောမောလှပမှုတို့နှင့် ပြည့်စုံ၏။ (၁၆) ပဒုမ္မာကြာကဲ့သို့သော ကိုယ်နံ့ရှိ၏။ (၁၇) ကိုယ်အရသာ ချို၏။ (၁၈) မာတင်္ဂကဲ့သို့ ကြည့်ခြင်းမျိုးရှိ၏။ (၁၉) ကိုယ်သည် ချမ်းသောအခါတွင်နွေး၍ ပူသောအခါ တွင် အေး၏။
(ခ) စိတ္တရနီမိန်းမတို့၏ လက္ခဏာ
(၁) ရယ်ရွှင်မြူးထူးခြင်းများ ရှိ၏။ (၂) ခိုပေါက် ကဲ့သို့သော အသံရှိ၏။ (၃) လိပ်ကဲ့သို့သွားလာမှု မျိုးရှိ၏။ (၄) အသားအရေ ပျော့ပျောင်းမှုရှိ၏။ (၅) မိဘဆရာတို့အား ရိုသေလေးစားတတ်၏။ (၆) ကြာညိုနံ့ကဲ့သို့သော ကိုယ်နံ့ရှိ၏။ (၇) လင်ကို ရှိသေတတ်၏။
(ဂ) သင်္ခနီမိန်းမတို့၏ လက္ခဏာ။
(၁) ဆံပင်ရှည်လျားကောင်းမွန်၏။(၂) ပျားအနံ့ ကဲ့သို့သော ကိုယ်နံ့ရှိ၏။ (၃) သားမြတ်သည် သလဲသီးနှင့်တူ၏။ (၄) ခါးစင်း၍ ရင်ကော့၏။ (၅) ကိုယ်ဟန်သွင်ပြင် ပြေပြစ်၏။ (၆) ယစ်မငယ်၏ သွားလာပုံမျိုးရှိ၏။ (၇) အမွှေးအကြိုင် ပန်းနံ့သာ မက်မော၏။ (၈) မကောင်းသော အရသာကို စား၏။ (၉) ရာဂရမ္မက်ကြီး၏။ (၁၀) ယောက်ျားနှင့် ခဏတာ လေးတောင် ကင်းကွာနေလိုစိတ်မရှိခြင်းဖြစ်၏။ (၁၁) ရသေ့ ရဟန်းကို မြင်လျှင်ပင် မက်မော၏။
(ဃ) ဟတ္တနီမိန်းမတို့၏ လက္ခဏာ။
(၁) တင်ပါးဆုံကြီးပြီး တင်ပါးမြင့်၏။ (၂) နားရွက်တိုပြီး နှုတ်ခမ်းကြီး၏။ (၃) နှာခေါင်းပိပြား ၏။ (၄) မျက်စိသည် လောက်စာလုံးကဲ့သို့ ဝိုင်း၏။ (၅) ခါးတုတ်၏။ (၆) ပေါင်ရင်းတုတ်၏။ (၇) ခြေသလုံးကြီး ပြီး ခြေဖဝါးတို၏။ (၈) လက်ချောင်း ခြေချောင်းတို၏။ (၉) သားမြတ်သေး၍ ချက်ကြီး၏။ (၁၀) ကိုယ်အရ သာငန်၏။ (၁၁) ဆင်မကဲ့သို့သော သွားလာခြင်း မျိုးရှိ၏။ (၁၂) ဆင်မုန်နံ့ကဲ့သို့သော ကိုယ်နံ့ရှိ၏။ (၁၃) အမျက်ဒေါသကြီး၏။ (၁၄) လောဘရမ္မက် ကြီး၏။ (၁၅) ရာဂရမ္မက်ကြီး၏။ (၁၆) ယောက်ျား မြင်လျှင် တိမ်းညွတ်လွယ်၏။ မြန်မာမိန်းကလေးတို့သည် မိန်းမကောင်း မိန်းမမြတ်ဂုဏ်ရည်နှင့်ပြည့်ဝသော မိန်းမတစ်ယောက် ဖြစ်လာစေရန် အထက်ဖော်ပြပါ လေးမျိုးအနက် ပဒုမ္မနီ မိန်းမအမျိုးအစားနှင့် စိတ္တရနီ မိန်းမအမျိုး အစား စာရင်းမှာပါရှိအောင် မိမိကိုယ်ကို ပြုပြင် ထိန်းသိမ်းအပ်ပါသည်။ ဖော်ပြပါ ကြန်အင်လက္ခဏာ များအပြင် မိန်းမကောင်း မိန်းမမြတ်တို့၏ အရည် အချင်း (၁၂) ရပ်နှင့်အညီ ကျင့်ကြံအားထုတ်နိုင်ဖို့ လိုအပ်ပါသည်။ ၎င်းတို့မှာ -
• ရတနာသုံးပါးနှင့် မိဘဆရာသမားတို့အား ရိုသေ ၍ ကုသိုလ်ကံ အကုသိုလ်ကံတို့၏အကျိုး၊ အပြစ်ကို ယုံကြည်ပြီး သဒ္ဓါတရားရှိဖို့လိုပါသည်။
• မကောင်းမှုဟူသမျှတို့ကို ပြောဆိုပြုလုပ်ရမည်ကို အရှက်တရားရှိပြီး ရှောင်ကြဉ်တတ်ဖို့လိုပါသည်။
• မကောင်းမှုဟူသောကိစ္စရပ်များကို ကြောက်တတ်ပြီး ဝေးဝေးကရှောင်ရှားသင့်ပါသည်။ ။
• ကိစ္စဟူသမျှတို့တွင် ဆတ်ဆတ်ထိမခံ အမျက်ဒေါသကြီးခြင်းမရှိဘဲ စိတ်ရှည်ရှည်ထား၍ သည်းခံတတ်ရပါမည်။ ။ အသိပညာ၊ အတတ်ပညာတို့ကို ရင့်သန်မှုရှိအောင် ကြိုးစားရပါမည်။ ။
• လူ့ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းသည့်အနေဖြင့် သူတစ်ပါး၏ သိက္ခာဂုဏ်ကျေးဇူးတို့ကို မဖျက်ဆီးသင့်ပေ။
• သူတစ်ပါးအား မနာလိုဝန်တိုခြင်းမပြုရ၊ ငြူစူစောင်းမြောင်းခြင်းလည်း မပြုရပါ။ မိမိကဲ့သို့ လှလာမည်၊ မိမိကဲ့သို့ အခွင့်အလမ်း ကောင်းရလာမည်။ မိမိကဲ့သို့ ချမ်းသာလာမည်ကို မကြိုက်သော သဝန်တိုစိတ်ထားမျိုးမထားရ။
• ကိုယ်ကျင့်သီလကို ထိန်းသိမ်းစောင့်ရှောက်ရပါမည် (အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းရပါမည်) အကြားအမြင် ဗဟုသုတ အတွေ့အကြုံများရှိအောင် ဆည်းကပ်လေ့လာရပါမည်။ လောက စာပေများ ဖြစ်ကြသည့် သုတစာပေ၊ ရသစာပေ။ ဓမ္မစာပေတို့ကိုဖတ်ရှုလေ့လာမှတ်သားပြီး ကျင့်ကြံ ကြိုးကုတ် အားထုတ်တတ်ဖို့လည်း လိုပါသည်။ မိမိကိုယ်တွင် အပျင်းထူသောစိတ်များ မမွေးရ။ အရာရာတွင် သတိဝီရိယရှိနေရမည်ဖြစ်ပြီး မေ့မေ့ လျော့လျော့ ပေါ့ပေါ့တန်တန်နေထိုင်ပြောဆိုခြင်း မပြုသင့်ပေ။ မိမိကိုယ်ကို ယုံကြည်မှု ယခင်က “အမျိုးသမီးက အမျိုးသားကိုမှီခိုရ မယ်” ဟူသော အယူအဆတစ်ခုရှိခဲ့သည်။ သို့သော် ၂၁ ရာစု မျက်မှောက်ခေတ်တွင် ထိုအယူအဆ မမှန်တော့ပေ။ မျက်မှောက်ကာလတွင် မြန်မာအမျိုး သမီးများသည် မောင်တစ်ထမ်းမယ်တစ်ရွက်နှင့် အိမ်ထောင့် တာဝန်ကိုသာမက အမျိုးသားများနှင့် ရင်ပေါင်တန်း၍ မိမိအကျိုး၊ အများအကျိုးတို့ကို သယ်ပိုးထမ်းဆောင်နေကြပါသည်။ ယှဉ်ပြိုင်မှုများ၊ စိမ်ခေါ်မှုများနှင့် ပြည့်နှက်လာသောခေတ်ကြီးတွင် “မိမိကိုယ်ကို ယုံကြည်မှုရှိရှိဖြင့် မိမိကိုယ်မိမိကောင်းစွာ တည်ဆောက်နိုင်ရမည်” ဟူသော ယုံကြည်မှုရှိသင့်ပါသည်။
တချို့မိန်းကလေးများက အလှမာန်၊ ပညာမာန် စသည်ဖြင့် တလွဲမာန်တက်နေကြသည်။ အမှန်တကယ် ဖြစ်သင့်သည်မှာ ငါဘယ်လို မိန်းမ မျိုးလဲ၊ ဘယ်လိုအနေအထားမျိုးမှာ ရောက်နေပြီလဲ၊ ဘယ်လို ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်နေပြီလဲ ဆိုတာမျိုး ဖြစ်နေရမည်။ မိမိနှင့်ပတ်သက်သော ယောက်ျား တစ်ယောက်၏ဂုဏ်ကိုဖော်ကျူးပြီး ဂုဏ်ယူနေ မည့်အစား ကိုယ်ပိုင်အရည်အချင်းဖြင့် ကိုယ့်ဂုဏ်နဲ့ ကိုယ်ဝင့်ကြွားနေသင့်ပါသည်။ “မိန်းမတစ်ယောက်၏ မာနသည် သူ၏ ဂုဏ်သိက္ခာဖြစ်၏ (Woman's Pride is her Dignity)” ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားရင်း မြန်မာအမျိုးသမီးတိုင်း တန်ဖိုး ရှိရှိ ဂုဏ်တင့်စွာဖြင့် နေထိုင်တတ်ကြရပါမည်။ မိန်းမသည် ယဉ်ကျေးမှု၏ မိခင်ဖြစ်သလို မိန်းမကောင်း မိန်းမမြတ်၏ ဂုဏ်ရည်သည်လည်း တိုင်းပြည်နှင့်လူမျိုးဂုဏ်ရည်ကို မြင့်မားစေနိုင်မည် ဖြစ်ပါသည်။ သို့ပါ၍ မြန်မာအမျိုးသမီးထုတစ်ရပ်လုံး အမျိုးသမီးဂုဏ်ရည်နှင့်ညီညွတ်စွာ ကျင့်ကြံကြိုးစား အားထုတ်စေချင်ပါသည်။
တစ်ခေတ်တစ်ခါက နိုင်ငံ့ကိုအကျိုးပြုခဲ့ကြသည့် မြန်မာအမျိုးသမီး စွမ်းအားရှင်များလည်း အမြောက်အမြား ပေါ်ထွက်လာခဲ့ရာ အမျိုးသားရေး၊ ဘာသာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စာပေအနုပညာ စသည့်ကဏ္ဍအသီးသီးတွင် မြန်မာ အမျိုးသမီးများ ပါဝင်ခဲ့သည်ကိုတွေ့ရသည်။ စာပေ ပညာမှာလည်း မမြလေး၊ လှိုင်ထိပ်ခေါင်တင်၊ ဓာတု ကလျာ၊ မယ်ခွေ စသည့် မြန်မာအမျိုးသမီးများသည် သမိုင်းတွင်ထင်ရှားသော စာဆိုများဖြစ်ကြသလို ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးများသည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားစေရန် စွမ်းဆောင် နိုင်ခဲ့ကြပါသည်။ ထို့ကြောင့် သမိုင်းအဆက်ဆက် မြန်မာအမျိုးသမီးများသည် စွမ်းဆောင်ရည် မြင့်မား ကြပြီး လွတ်လပ်ရေးရရှိရေး တိုက်ပွဲဝင်ရာမှာလည်း အမျိုးသားများနှင့်တန်းတူ ပါဝင်ခဲ့ကြပေသည်။ သို့ပါ၍ မြန်မာအမျိုးသမီးတစ်ရပ်လုံး ပြည်ချစ် စိတ်မွေးမြူကာ အမျိုးသမီးဂုဏ်ရည်ကို အသိ၊ သတိ တရားဖြင့် ထိန်းသိမ်းမြှင့်တင်ရမည်ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
တင်ထက်ထက်ဇော်