Skip to main content

သဘာဝထိန်းသိမ်းရေး တောထဲကနေ ဆင်တွေ ဘာလို့ မြို့ရွာတွေအထိ ထွက်လာကြသလဲ

တရုတ် - မြန်မာ နယ်စပ်အနီး ဆစ်ဆောင်ပနား အာရှဆင်ထိန်းသိမ်းရေးဇုန်ကနေ ထွက်လာကြတဲ့ တောဆင်ရိုင်းတွေဟာ ဧပြီလ ၁၆ ရက်နေ့ကစပြီး ဇာတိမြေ ဆစ်ဆောင်ပနား မုန့်ယန်ဇီ သဘာဝထိန်းသိမ်းရေးဇုန်ကနေ ထွက်ပြေးပြီးနောက် ကူမင်းမြို့ ဆင်ခြေဖုံးရပ်ကွက် အနီးတစ်ဝိုက်အထိ ချဉ်းကပ်ခဲ့ကြပါတယ်။

အဆိုပါဆင်အုပ်စုဟာ လမ်းတစ်လျှောက် စားလိုက်သွားလိုက်နဲ့ မြို့ရွာတွေဆီ သွားလာနေကြတာ အခုဆို လနဲ့ချီ ကြာခဲ့ပါပြီ။ အခုအချိန် နှစ်လကျော်ကြာတဲ့အထိ အဆိုပါ ဆင်တွေဟာ သူတို့ မူလနေရပ်ဆီ ပြန်မရောက်သေးပါဘူး။ ဆင် ၁၅ ကောင်အုပ်ဟာ ကီလိုမီတာ ၅၀၀ ကျော် ခရီးနှင် ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါဆင်တွေဟာ ခရီး စထွက်စဉ်က ၁၅ ကောင်အုပ်စုဖြစ်ပြီး လမ်းမှာ တစ်ကောင်က အုပ်စုခွဲထွက်သွားပါတယ်။ လူတွေကို ပိုပြီး စိတ်ဝင်စားမှုမြင့်စေတာက အဲဒီ ကျန်တဲ့ ဆင် ၁၄ ကောင်မှာ တစ်ကောင်က လမ်းမှာပဲ ဆင်ပေါက်လေးတစ်ကောင်ကို မွေးဖွားခဲ့တဲ့အတွက် ဆင် ၁၅ ကောင် ဖြစ်လာပါတယ်။ ဆင်အုပ်စုရဲ့ လမ်းတစ်လျှောက် ဆင်ပေါက်လေးကိုကာရံပြီး သွားလာပုံ၊ စားသောက်နေထိုင်ပုံ၊ အုပ်စုဖွဲ့ အိပ်စက်ပုံများကို စောင့်ကြည့်ပြီး လူအများက ဆင်အုပ်စုကို အချစ်ပိုနေကြပါတယ်။

ဆစ်ဆောင်ပနားမှ အာရှဆင်ထိန်းသိမ်းရေးစခန်း

စာရေးသူလည်း အဲဒီ ဆင်သတင်းဖတ်ပြီး ယူနန်ပြည်နယ် ဆစ်ဆောင်ပနားဒေသကို သွား လည်တုန်းက ရောက်ခဲ့ဖူးတဲ့ အာရှဆင်ထိန်းသိမ်းရေးဇုန်ကို အမှတ်ရမိပါသေးတယ်။ စာရေးသူတို့ အဲဒီကိုသွားတုန်းက သဘာဝ ထိန်းသိမ်းရေးဇုန်ထဲမှာ သစ်သားတံတားလျှောက်လမ်းကနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို တောထဲလျှောက်ကြည့်ခွင့်ရသလို ကေဘယ်ကားစီးပြီး ကောင်းကင် ကနေ ဆင်တွေ ထဲမှာ လှည့်လည်နေထိုင် ကျက်စားပုံတွေကို အနီးကပ် ကြည့်ခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ဆေးကုသရေး စခန်းမှာ ရောက်နေတဲ့ မွေးခါစ ဆင်ပေါက်လေးတွေ၊ ဒဏ်ရာအနာတရ ဖြစ်နေတဲ့ ဆင်တွေကိုလည်း တွေ့ခွင့်ရခဲ့ပါသေးတယ်။

အဲဒီကုသရေးစခန်းမှာ ဒဏ်ရာရတဲ့ဆင်တွေကို ဆေးကုသပေးဖို့ ခဏခေါ်ထားပြီး ဆေးကုပေး၊ ပြုစုပေး၊ အချိန်တန်လို့ ဒဏ်ရာပြန်ကောင်းရင် ထိန်းသိမ်းကာကွယ်ရေးဇုန်ရှိတဲ့ တောထဲကို ဒီတိုင်းပြန်လွှတ်ပေး တယ်လို့ သိခွင့်ရခဲ့ပါတယ်။ အဲဒီနေ့ကတော့ စာရေးသူတို့ သတင်းသမားတွေ ယန်လျှို ဆိုတဲ့ ဆင်ပေါက်လေးနဲ့ တခြား ဒဏ်ရာရထားတဲ့ ဆင်သုံးလေးကောင်ကို အနီးကပ်အစာကျွေးခွင့်ရခဲ့ပါတယ်။ စာရေးသူဟာ မြန်မာနိုင်ငံမှာ တိုက်ကြီးဥက္ကံဘက်ကို ဆင်တွေလာပြီးရွာတွေထဲ ဝင်ရောက် ဖျက်ဆီးတဲ့ လူနဲ့ဆင်သတင်းမျိုး အမြဲလိုက်နေကြမို့ အာရှဆင်ထိန်းသိမ်းရေးဇုန်မှာ ဆင်အကြောင်းကို နီးနီးကပ်ကပ် လေ့လာခွင့်ရတဲ့အခါ ဗဟုသုတတွေလည်း ပိုတိုး ရရှိခဲ့ပါတယ်။

တကယ်တော့ ဆင်တွေဆိုတာ လူတွေလိုပါပဲ။ လူ့သက်တမ်းနီးပါးလောက် အသက် ၆၀၊ ၇၀ လောက်အထိ သက်တမ်းရှည်ကြာစွာနေနိုင်တဲ့ နို့တိုက်တိရစ္ဆာန်တွေ ဖြစ်ပါတယ်။ လူတွေကို အကျိုးပြုတဲ့၊ လူတွေနဲ့အနီးဆုံးရှိတဲ့ တိရစ္ဆာန်လိုတောင် ပြောလို့ရပါတယ်။ ဟိုးရှေးခေတ်တုန်းက ဆိုရင် စစ်ပွဲတွေမှာ ဆင်တွေကိုအသုံးပြုပြီး စစ်တိုက်ခဲ့ကြပါတယ်။ ပြီးတော့ နှစ်နိုင်ငံချစ်ကြည်ရေး ဖော်ဆောင်ချင်ရင် ဆင်ကို လက်ဆောင်ပဏ္ဍာအဖြစ် ဆက်သပြီး စစ်ပွဲရပ်ဆိုင်းတာပဲဖြစ်ဖြစ်၊ မိတ်သဟာပြုတာပဲဖြစ်ဖြစ် ဆင်ကို ချစ်ကြည် ရေးအနေနဲ့ လက်ဆောင်အဖြစ် လဲလှယ်တတ် ကြပါတယ်။ ဒါ့အပြင် စက်ယန္တရားတွေ မပေါ်ခင် တုန်းကဆိုရင် ဆင်တွေကိုအသုံးပြုပြီး သစ်ထုတ် လုပ်ရေးတွေမှာ အားကိုးခဲ့ရပါတယ်။ အခုခေတ်လို တိုးတက်လာတဲ့အခါမှသာ ဆင်ကိုသတ် ဆင်စွယ် ယူပြီး တရားမဝင်ကုန်သွယ်မှုတွေ ပြုလုပ်နေတာ တွေကြောင့် ဆင်တွေ မျိုးသုဉ်းလုနီးပါး ဖြစ်နေကြ တာဆိုတော့ အခုလိုမျိုး နိုင်ငံတော်အဆင့် ဆင်ဥယျာဉ်ထိန်းသိမ်းရေးစခန်းတွေ ထားရှိဖော်ဆောင်နေ တာက ကြိုဆိုရမယ့်အနေအထားလို့ ဆိုရမှာပါ။ ပြီးတော့ အဲဒီ ဆင်ထိန်းသိမ်းရေးဇုန်က ခရီးသွား လုပ်ငန်းနဲ့ပါ ချိတ်ဆက်ထားတော့ တစ်ဖက်တစ်လမ်းကလည်း ဝင်ငွေရှာဖွေပေးနိုင်သေးတယ်လေ။ အထူးသဖြင့် မတ်လကနေ မေလ အထိနဲ့ အောက်တိုဘာလကနေ နိုဝင်ဘာလအထိမှာ ခရီးသွား အလွန်များတယ်လို့ ဆိုကြပါတယ်။

အဲဒီ ဆင်ထိန်းသိမ်းရေးဇုန်က ဥယျာဉ်ဟာ နိုင်ငံတော်အဆင့် (A)လေးလုံးရတဲ့ အဆင့်မြင့် ဥယျာဉ်ဖြစ်ပြီး သဘာဝထိန်းသိမ်းရေးဇုန်နဲ့ အာရှတောဆင်ထိန်းသိမ်းရေးဇုန်အဖြစ် ယူနက်စကိုမှာ စာရင်းဝင်ထားတဲ့ နေရာ ဖြစ်ပါတယ်။ ယူနက်စကို စာရင်းဝင်နေရာ ဖြစ်တာနဲ့အညီ ဒီဥယျာဉ်ထဲမှာ အာရှဆင်သုတေသန စင်တာ၊ တောမွေးလိပ်ပြာ စင်တာ၊ တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေး သုတေသနစခန်းတွေ ထားရှိထား တာကိုလည်း တွေ့ရပါ တယ်။ ဒါ့အပြင် ဒီဆင်ဥယျာဉ်ထဲမှာ တောဆင်၊ တောကျွဲ၊ ဒေါင်း၊ မျောက်တွေ ရှိပါတယ်တဲ့။

ဆင်ဥယျာဉ်ကို ၁၉၉၀ ပြည့်နှစ်က ရှုခင်းကြည့် တောဥယျာဉ်အနေနဲ့ စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ခရီးသည်တွေကို လာရောက် ကြည့်ရှုဖို့ ဖိတ်ခေါ်ခဲ့ရာကနေ ၂၀၀၈ ခုနှစ်မှာ အာရှတောဆင် ထိန်းသိမ်းရေးနဲ့ မွေးမြူရေးစခန်းကို တည်ဆောက်ခဲ့တာမို့ အခုအချိန်မှာတော့ နာမည်ကျော်နေရာ တစ်ခုအဖြစ် လူအများ လာရောက် လည်ပတ်မှုအများဆုံး နေရာတစ်ခုဖြစ်လို့နေပါပြီ။ ဝင်ကြေးအနေနဲ့ ၆၅ ယွမ်ပေးရပြီး ဆင်အက၊ ဆင် အလှ၊ ဆင်လိမ္မာစွမ်းရည်ပြသပွဲတွေကို နေ့စဉ် ၁၁ နာရီကနေ ၁၂ နာရီ၊ နေ့လယ်ဆို ၂ နာရီကနေ ၃ နာရီအထိ ကြည့်ရှုလို့ရသလို တောဆင်ဥယျာဉ်ထဲမှာလည်း မှန်တံတားလိုနေရာမျိုး၊ သစ်ပင်ပေါ် ဟိုတယ်လိုနေရာမျိုး၊ တောထဲလမ်းလျှောက်နိုင်တဲ့ သစ်သား တံတားလို နေရာမျိုး၊ ကေဘယ်လ်ကားစီးလို့ရတဲ့ နေရာမျိုးတွေကို လည်ပတ်ကြည့်ရှုနိုင်ပါ တယ်။ ဒါ့အပြင် ဆင်ပြတိုက်ကိုလည်း သွားပြီး လေ့လာလို့ရပါသေးတယ်။

ဆင်ပြတိုက်ထဲက မှတ်တမ်းများအရ အိန္ဒိယ နိုင်ငံမှာ ဆင်အကောင်ရေ ၂၂၁၂၀၊ သီရိလင်္ကာ နိုင်ငံမှာ ဆင်အကောင်ရေ ၃၂၀၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆင်အကောင်ရေ ၃၅၀၊ ဘူတန်နိုင်ငံမှာ ဆင်အကောင်ရေ ၁၅ဝ၊ မြန်မာနိုင်ငံမှာ ဆင် အကောင်ရေ ၁၀၀၀၀၊ နီပေါနိုင်ငံမှာ ဆင်အကောင်ရေ ၉၀၊ ဗီယက်နမ်နိုင်ငံမှာ ဆင်အကောင်ရေ ၃၀၀၀၊ ကမ္ဘောဒီးယားနိုင်ငံမှာ ဆင်အကောင်ရေ ၂၀၀၀၊ ထိုင်းနိုင်ငံမှာ ဆင်အကောင်ရေ ၂၀၀၀၊ မလေးရှားနိုင်ငံမှာ ဆင်အကောင်ရေ ၃၀၀၀ စသည်ဖြင့် ဆင်မွေးမြူထားတဲ့ စာရင်းတွေကို နိုင်ငံ အလိုက် လေ့လာခွင့်ရခဲ့ပါတယ်။

ဆင်ပြတိုက်မှာတော့ လူတွေရဲ့ မညှာမတာ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဆင် သားအမိရဲ့ အရိုးတွေကို ဆင်ပုံစံပေါ်အောင် ပုံဖော် ထားတဲ့ ရုပ်လုံးကြွပုံကိုကြည့်ရင်း လူ့ပယောဂကြောင့် အသတ်ခံလိုက်ရတဲ့ ဆင်လေးတွေကို အသနားပိုခဲ့မိပါသေးတယ်။ ဆစ်ဆောင်ပနား အာရှဆင် ထိန်းသိမ်းရေး စခန်းမှာ ၁၉၆၄ ခုနှစ်လောက်က ဆင်အကောင်ရေ ၁၄၆ ကောင် ရှိခဲ့ပေမယ့် အခုအချိန်မှာ အကောင် ၃၀၀ ကျော်အထိ များလာပြီလို့ မှတ်တမ်းများမှာ ဖတ်ခဲ့ရပါတယ်။

ဆင်တွေ ထိန်းသိမ်းရေးဇုန်ထဲကနေ ဘယ်တွေ သွားခဲ့ကြသလဲ

အခုလည်း အဲဒီ အကောင် ၃၀၀ ထဲက ဆင် ၁၅ကောင်ဟာ ထိန်းသိမ်းကာကွယ်ရေးဇုန်ထဲကနေ ထွက်လာတာ အချိန်အားဖြင့် နှစ်လကျော်ရှိခဲ့ပါပြီ။ ပထမတော့ သူတို့တွေကို ထိန်းသိမ်းကာကွယ် ရေးဇုန်ထဲကနေ အုပ်စုလိုက်ပျောက်သွားတာ ဘယ်သူမှ သတိမထားမိကြပါဘူး။ အရင်တုန်းကဆိုရင်လည်း ဒီထိန်းသိမ်းရေးဇုန်ထဲ သူတို့ဘာသာ ဝင်ပေါက် ထွက်ပေါက်တွေကနေ ဝင်ထွက်သွားလာနေကြမို့ ဇုန်ထဲကို ပြန်လာတတ်ကြမယ်လို့ပဲ လူတိုင်းက ထင်ထားကြပါတယ်။ ဒါပေမယ့် အခုတော့ သူတို့က ထိန်းသိမ်းကာကွယ်ရေးဇုန်ကို ပြန်မလာကြဘဲ သဘာဝထိန်းသိမ်းရေးဇုန်ကနေ ထွက်ပြေးပြီးနောက် ဖူးအော်မြို့ကိုဖြတ်ကျော်ကျော်၊ ရွှီရှီးမြို့သို့ ဝင်ရောက်၊ ယူနန်ပြည်နယ် ကူမင်းမြို့ဆင်ခြေ ဖုံးရပ်ကွက် အနီးတစ်ဝိုက်အထိ မြောက်ပိုင်းကနေ တောင်ပိုင်းကို အုပ်စုလိုက်ကြီး ခရီးနှင်နေတာ လူတွေအတွက် တွေးစရာဖြစ်လာပါတယ်။ ယူနန် ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ကူမင်းမြို့ဟာဆိုရင် တောဆင်ရိုင်းတွေ မရောက်ရှိခဲ့တာ နှစ်ပေါင်းရာကျော် သက်တမ်းရှိပြီလည်းဖြစ်ပါတယ်။ အခုတော့ တောဆင်ရိုင်းတွေဟာ ကူမင်းမြို့နဲ့ ကီလိုမီတာ ၁၀၀ အကွာအထိရောက်ရှိလာလို့ အားလုံး စိတ်ဝင်စားစရာ ဖြစ်လာကြပါတယ်။

အခုတော့ ဒေသခံပြည်သူလူထုတွေရဲ့ လုံခြုံရေးနဲ့ တောဆင်ရိုင်းတွေရဲ့ လုံခြုံရေးကို ကာကွယ်နိုင်ဖို့ အတွက် ရဲအပါအဝင် ဝန်ထမ်း ၅၀၀ ကျော် အသုံးပြုပြီး ထိန်းသိမ်းရေးတောထဲကထွက်လာတဲ့ အဲဒီ ဆင် ၁၅ ကောင်ရဲ့ သွားရရာနေရာတွေကို ဒရုန်း ၁၄ ခုနဲ့ အနီအောက်ရောင်ခြည်နည်းပညာသုံးပြီး ၂၄ နာရီမပြတ်စောင့်ကြည့်မှုတွေ လုပ်နေပါတယ်။

အဲဒါနဲ့တစ်ပြိုင်နက် အဲဒီဆင်တွေ သူတို့ဇာတိမြေ ဆစ်ဆောင်ပနား ထိန်းသိမ်းကာကွယ်ရေးဇုန်ကို ပြန်ရောက်နိုင်ဖို့နဲ့ လူနဲ့ဆင် တိုက်ခိုက်မှုများ မဖြစ်ပွားစေဖို့ သစ်တောဝန်ထမ်းအဖွဲ့ဟာ “ဆင်နောက် လိုက်သူ”အုပ်စုအတွင်း ပါဝင်ပူးပေါင်းခဲ့ကြပြီး ဆင်များသွားလာတဲ့ လမ်းကြောင်းကို ခြေရာခံခြင်းနဲ့ စောင့်ကြည့် လေ့လာခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

ပြည်နယ်အစိုးရကတော့ တောဆင်ရိုင်းတွေ ထိန်းသိမ်းကာကွယ်ရေးတောထဲကနေ လူနေမြို့ရွာ တွေဆီ တဖြည်းဖြည်း ရောက်လာတဲ့အတွက် ဆင်ဖြတ်သန်းရာလမ်းတစ်လျှောက်က လူနေထူထပ်တဲ့ မြို့ရွာတွေကို အရေးပေါ်အခြေအနေ ကြေညာပေးခဲ့ပြီး ဆင်ဖြတ်သန်းရာ ဒေသတစ်လျှောက်က ပြည်သူတွေရဲ့ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့မှု၊ ကာကွယ်မှုတွေ ချက်ချင်းဆိုသလို ပြုလုပ်ပေးခဲ့ပါ တယ်။

ယူနန်ပြည်နယ်ဖူးအော်မြို့ စစ်မောက်ရပ်ကွက် ရီရှန်းမြို့နယ်က နာကျီမူလတန်းကျောင်းကတော့ သူတို့ရွာကို ဆင်တွေ အမြဲလာလေ့ရှိတဲ့အတွက် ဆင်လာရင်သိဖို့ ကျောင်းပတ်လည်မှာ အကာအရံ များချထားပြီး ကလေးတွေကို ဆင်ပညာရေး ဗဟုသုတများကို ကျောင်းစာနဲ့အတူသင်ကြားပေးလေ့ ရှိတယ်လို့ သိရပါတယ်။ တောဆင်ရိုင်းတွေဟာ ကျောင်းဝင်းထဲက စွန်ပလွန်ပင်ကို လာစားလေ့ ရှိတာကြောင့် ကျောင်းအတွင်းက စွန်ပလွန်ပင် အားလုံးကို အပြင်ကိုပြောင်းစိုက်ပြီး ကျောင်း ပေါက်ဝမှာ အကာအရံများ ထပ်တိုးထားရှိခဲ့ပါတယ်။ နာကျီမူလတန်းကျောင်းက ကျောင်းသားများကတော့ “ဆင်တွေ့ရင် အနီးစပ်ဆုံး အဆောက်အအုံ အတွင်း ဝင်ရောက်ပြီး အပေါ်သို့တက်သွားပါ"ဆိုတဲ့ စကားကို အမြဲမှတ်ထားကြပြီး ရွာသူရွာသားများ ကလည်း အပြင်ထွက်တဲ့အခါတိုင်း ဆင်များရှိတဲ့ နေရာကိုရှောင်ပြီး သွားလာကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖူးအော်မြို့မှာ ၁၉၉၂ ကစပြီး အခုထိ တောဆင်ရိုင်းများဝင်ထွက်လေ့ရှိတဲ့အတွက် သူတို့ စားသောက်ဖို့ “ကန်တင်းစားသောက်ဆိုင်”တစ်ခုကို ဖွင့်ပေးပြီး အချိန်အခါအလိုက်၊ ရာသီအလိုက်ခွဲပြီး သူတို့ကြိုက်နှစ်သက်တဲ့ ငှက်ပျော၊ ပြောင်းဖူး၊ စွန် ပလွန် စတဲ့ သီးနှံပင် ၆၅၉ ဧကခန့်ကို စိုက်ပျိုးထား ရှိပေးထားရပါတယ်။ ။ စိတ်ဝင်စားမှု မြင့်တက်နေကြ အခုလည်း တောဆင်ရိုင်း ၁၅ ကောင်ဟာ မြောက်ပိုင်း ဆစ်ဆောင်ပနားကနေ တောင်ပိုင်းအထိ ဦးတည်ရာမဲ့ ရွေ့ လျားသွားလာနေကြတဲ့ အတွက် လူအများရဲ့ စိတ်ဝင်စားမှုကို ပိုပြီး ခံလာရပါတယ်။ ကျွမ်းကျင်ပညာရှင်များကတော့ ဆင်ခေါင်းဆောင်ရဲ့ အတွေ့အကြုံနည်းပါးမှုကြောင့် ဆင်များ လမ်းပျောက်နေတယ်လို့ ယူဆနေကြပါတယ်။ အခုအချိန်ထိ ဆင်များ ထိန်းသိမ်းရေးတော ထဲကနေ အပြင်ကို ထွက်ခွာသွားရတဲ့ အကြောင်းရင်းကိုဘယ်သူမှ မသိကြသေးပါဘူး။ တချို့ကတော့ သူတို့တစ်တွေ ထိန်းသိမ်း ကာကွယ်ရေးဇုန်ရှိရာ တောထဲကို ဘာလို့များ ပြန်မလာကြသလဲ။ သူတို့ ဘယ်အရပ်အထိ ဆက်သွားနေကြမလဲ။ ဆင်တွေ ခရီးလမ်းမှန် ရှာမတွေ့သေးဘူးလား။ ဒါမှမဟုတ် ဆင်တွေဟာ အပြင်ထွက်ပြီး ဇာတိရပ်ရွာထက် ပိုမိုကျယ်ပြန့်တဲ့ ရှုခင်းသာနေရာတွေကို ကြည့်ချင်လို့ လျှောက်သွားနေတာလားဆိုပြီး စိတ်ဝင်စားမှု  မြင့်တက်နေကြပါတယ်။

ပညာရှင်များကတော့ ယူနန်ပြည်နယ်အတွင်း တောဆင်ရိုင်းများ သွားလာလျက်ရှိတဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေ ၁၁ ခုမှာ ထိန်း သိမ်းမှုစွမ်းအား တိုးမြှင့်လာမှုနဲ့အတူ သစ်တော မိုးရေသိပ်သည်းဆ များပြားလာပြီးဆင်များစားသုံး နိုင်တဲ့အပင် လျော့နည်းလာခြင်းကြောင့် သဘာဝ တောထဲကနေ လူနေမြို့ရွာ ရပ်ကွက်တွေဆီ ဆင်တွေရောက်လာတာ ဖြစ်နိုင်ခြေအကြောင်းအရင်း တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ကြိုးပမ်းဆောင်ရွက်ပေး

လက်ရှိမှာ ဦးတည်ရာမဲ့သွားနေတဲ့ တောဆင် ရိုင်းများကို တာဝန်ရှိသူများက အစာကျွေးတဲ့နည်း လမ်း၊ ဆင်အုပ်စုရဲ့ အစားအသောက် အရင်းအမြစ် များကို ထိန်းသိမ်းခြင်း နည်းလမ်းများအပြင် အာရှ ဆင်ထိန်းသိမ်းရေး နည်းလမ်းများနဲ့ ဒေသခံများရဲ့ လုံခြုံရေးအပါအဝင် ပြည်သူလူထုများရဲ့ ပိုင်ဆိုင်မှု များ မဆုံးရှုံးရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။ ။

စုသက်မှူး(မရမ်းကုန်း)