သာတူညီမျှ မြန်မာ့သမဝါယမ
ဝင်းနိုင်ထွန်း
အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ပြက္ခဒိန်နှစ်၏ ဇူလိုင်လ ပထမပတ် စနေနေ့ဟု သတ်မှတ်ထားရှိပါသည်။ သို့ဖြစ်ပါ၍ ၂၀၂၁ခုနှစ် ဇူလိုင်လ ၃ရက် (စနေနေ့) သည် ယခုပြက္ခဒိန်နှစ် အတွက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဖြစ်ပါသည်။ အဆိုပါ နေ့ရက်တွင် ကမ္ဘာနှင့်အဝန်း သမဝါယမအသင်းအဖွဲ့များဆိုင်ရာ ဌာနများနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် အမှတ်တရ အခမ်းအနားများ၊ လှုပ်ရှားမှုများ ဆောင်ရွက်ကြပါသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အတွက် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်မှ ထုတ်ပြန်ပေးသော Theme, အဓိကဆောင်ပုဒ်မှာ “Rebuild Better Together”, “လူမှုစီးပွား ပိုမို တိုးတက်ကောင်းမွန်ဖို့ ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်စို့” ဟူ၍ ဖြစ်ပါသည်။
၁၈၀၀ ပြည့်နှစ်ကျော်ကာလတွင် ဥရောပနိုင်ငံ များ၌ စက်မှုတော်လှန်ရေး လှိုင်းဂယက်ဒဏ်ကို ပထမဆုံးနှင့် အပြင်းထန်ဆုံး ခံလိုက်ရသည့် အိမ် တွင်းစက်မှုအလုပ်သမားများနှင့် ရက်ကန်းသမား များက စုပေါင်းအဖြေရှာကြခြင်းကြောင့် သမဝါယမ အသင်းများ စတင်ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။
သမဝါယမဆိုသည့်စကားရပ် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာသည်မှာ ၁၉၀၄ခုနှစ် “သမဝါယမ ငွေစုငွေချေးအသင်းများဆိုင်ရာ အက်ဥပဒေ” အရ စစ်ကိုင်းခရိုင် မြင်းမူမြို့တွင် ၁၉၀၅ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့က ပထမဦးဆုံး သမဝါယမငွေစုငွေချေး အသင်းကို ဖွဲ့စည်းတည်ထောင်ခဲ့သည်မှ စတင်ခဲ့ ခြင်းဖြစ်၍ နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီ ဖြစ်ပါသည်။
သမဝါယမအသင်းများ ဖွဲ့စည်း
သာမန် လက်လုပ်လက်စားများ ကိုယ်တိုင် စုပေါင်းပါဝင်ပြီး စီးပွားရေး လုပ်ငန်းများကို သမဝါယမအသင်းများ Cooperatives Society အဖြစ် ဖွဲ့စည်းလုပ်ကိုင်နိုင်သည့် နည်းလမ်းကို သိရှိသွားကြသဖြင့် အထက်မြန်မာပြည် ကျေးလက်နှင့် မြို့ပြရပ်ကွက်များတွင် သမဝါယမ အသင်းများ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။
စတင်ဖွဲ့စည်းစဉ်က ကျေးလက်နေ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသော တောင်သူလယ်သမား များ၏ စိုက်ပျိုးစရိတ်အခက်အခဲကို ဖြေရှင်းပေးရန် ဦးတည်ဆောင်ရွက်ခဲ့ကြသော်လည်း မြို့ပေါ်ရှိ အသေးစား၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်ကြသူများနှင့် ဈေးသည်လေးများ၏ ကုန်ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု အရင်းအနှီးလိုအပ်ချက်များကိုပါ သက်သာသော အတိုးနှုန်းဖြင့် ဖြည့်ဆည်းပေးနိုင်ကြောင်း တွေ့ရှိလာသောကြောင့် မပြည့်စုံသူများ အချင်းချင်း စုပေါင်းပြီး သမဝါယမအသင်းများ ဖွဲ့စည်း၍ ယနေ့တိုင် “သမဝါယမ”လုပ်ငန်းများကို ပြည်သူလူထုက လက်ခံကျင့်သုံးနေခြင်း ဖြစ်သည်။
သင်ခန်းစာယူစရာ
ကိုလိုနီခေတ်စနစ်အောက် ဒိုင်အာခီအုပ်ချုပ်ရေးကာလ၊ ၉၁ ဌာနအုပ်ချုပ်ရေး ကာလမှသည် ပါလီမန်ခေတ်နှင့် ဆိုရှယ်လစ်ခေတ်၊ ထိုမှတစ်ဆင့် ခေတ်အဆက်ဆက်ကို ဖြတ်သန်းကာ ယနေ့ခေတ် အထိ မြန်မာနိုင်ငံ၌ သမဝါယမအခန်းကဏ္ဍရှင်သန် လာခဲ့သည်။ သမဝါယမအခန်း ကဏ္ဍသည် ကျေးလက်နေပြည်သူ များစွာရှိသော၊ ဖွံ့ဖြိုး တိုးတက်မှု လိုအပ်ချက်များစွာရှိသော မြန်မာနိုင်ငံနှင့် များစွာသဟဇာတ ဖြစ်လျက်ရှိသည်။ ခေတ်အဆက်ဆက်တွင် ရည်ရွယ်ချက်နှင့် မူဝါဒများ ကောင်းမွန်ခဲ့သော်လည်း တာဝန်ရှိသူများ၏ စွမ်းဆောင်ရည်နှင့် လုပ်ပိုင်ခွင့်အလွဲသုံးမှုများ ရှိခဲ့သောကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်သည်များ၊ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရ သည်များလည်း သင်ခန်းစာယူစရာ များစွာကျန် ရှိခဲ့သည်။
တည်ဆဲအစိုးရများ၏ အားပေးကူညီမှုရရှိပါက သမဝါယမလုပ်ငန်းများ တိုးတက်ကောင်းမွန်မည် ဖြစ်သည်။ နိုင်ငံတော်အစိုးရများသည် သမဝါယမအခန်းကဏ္ဍ လှုပ်ရှားမှုများအပေါ် အထူးအာရုံ စိုက်ပြီး လိုအပ်သောချေးငွေများ ပံ့ပိုးပေးခြင်း၊ ဥပဒေများပြဋ္ဌာန်းပေးခြင်း၊ မူဝါဒချမှတ် လမ်းညွှန် ပေးခြင်း စသည်ဖြင့်ကူညီပံ့ပိုးထိန်းကျောင်းပေးခဲ့ ကြသည်များလည်း များစွာရှိခဲ့သည်။ တည်ဆဲအစိုးရ ၏ သမဝါယမအခန်းကဏ္ဍအပေါ် ထားရှိသည့် မူဝါဒသည် သမဝါယမလုပ်ငန်းများအပေါ် များစွာ အကျိုးသက်ရောက်မှုရှိနေမည် ဖြစ်ပါသည်။
သမဝါယမ၏ အနှစ်သာရ
သမဝါယမ၏ သဘောသဘာဝသည် ဆန္ဒတူသူများ လွတ်လပ်စွာ ပူးပေါင်း ဆောင်ရွက်သည့် အသင်းအဖွဲ့ဖြစ်ပြီး လူမှုစီးပွားတိုးတက်မြင့်မားစေရေးအတွက် စုပေါင်းအားဖြင့် စွမ်းဆောင်ကာ သာတူညီမျှ ခံစားစံစားခွင့် ရယူကြခြင်းသည် သမဝါယမ၏အနှစ်သာရပင် ဖြစ်သည်။ သမဝါယမ အသင်းများ ရေရှည်တည်တံ့နိုင်ရေးအတွက် အခြေခံမူများ၊ စည်းကမ်းများ၊ ဥပဒေများ သတ်မှတ်ပြဋ္ဌာန်း ထားရှိချက်များကို ဦးဆောင်စီမံ ခန့်ခွဲသူများ၊ အသင်းသားများအားလုံး လိုက်နာ စောင့်ထိန်းကြရန် အထူးလိုအပ်ပါသည်။ သို့မှသာ အသင်းများ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပေါက်မြောက် အောင်မြင်မှုရှိမည်ဖြစ်ပြီး ရေရှည် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ ။
ဖဆပလအစိုးရလက်ထက်က ပထမအကြိမ် သမဝါယမပြည်လုံးကျွတ်ညီလာခံကို ၁၉၅၁ ခုနှစ် တွင် ကျင်းပခဲ့ပြီး ငါးနှစ်စီမံကိန်း ရေးဆွဲနိုင်ခဲ့သည်။ နိုင်ငံတော် သမဝါယမသင်တန်းကျောင်းကို ၁၉၅၁ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သမဝါယမပညာရပ်ကို မူလတန်းကျောင်းများ၌ သင်ကြားနိုင်ရန် ရန်ကုန်၊ မန္တလေးနှင့် ရေနံချောင်း မြို့များတွင် သင်တန်း စတင်ပေးခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် စီးပွားရေးသမဝါယမပညာကို အထက် တန်းအဆင့်တွင် စတင်သင်ကြားနိုင်ရန် ကျောင်းသုံး စာအုပ်များ ထုတ်ဝေခဲ့ပါသည်။ ခရိုင်အဆင့်တွင် သမဝါယမသင်တန်းကျောင်းများ ဖွင့်လှစ်ခဲ့ပါသည်။
ထိုသို့ သမဝါယမ သင်တန်းကျောင်းများ ဖွင့်လှစ်ခဲ့သည်မှစ၍ အစိုးရအဆက်ဆက် ဦးစီးဌာန၊ ဝန်ကြီးဌာနအဆင့် ဖွဲ့စည်းကာ သမဝါယမ ကဏ္ဍ တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြပါ သည်။ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပို့ချပေးခဲ့သည့် သင်တန်းကျောင်းများမှ သည် ကောလိပ်ကျောင်းများကို ၁၉၉၄ ခုနှစ်မှစ၍ ဖွင့်လှစ်ကာ အဆင့်မြင့်ပညာရပ်များ ထပ်မံပို့ချ သင်ကြားနိုင်ခဲ့ပါသည်။ ထိုမှတစ်ဆင့် သမဝါယမ တက္ကသိုလ် (စစ်ကိုင်း)နှင့် သမဝါယမတက္ကသိုလ် (သန်လျင်)တို့ကို ပါတီစုံဒီမိုကရေစီခေတ် ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခုအခါ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် သမဝါယမ သင်တန်းကျောင်းများ၊ မန္တလေးနှင့် ဖောင်ကြီးတွင် သမဝါယမကောလိပ်နှစ်ခုနှင့် သန်လျင်နှင့်စစ်ကိုင်း တို့တွင် သမဝါယမတက္ကသိုလ်နှစ်ခု ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ။ - သမဝါယမတက္ကသိုလ်များတွင် သင်ကြားပို့ချ လျက်ရှိသော ဘာသာရပ်များမှာ အထူးပြုဘာသာ ရပ်များအဖြစ် သမဝါယမပညာ၊ ဘောဂဗေဒ၊ စာရင်း အင်းပညာ၊ ဘဏ္ဍာရေးနှင့် စာရင်းကိုင်ပညာ၊ စီမံ ခန့်ခွဲမှုပညာရပ်များဖြစ်ပြီး အထောက်အကူပြု ဘာသာရပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ICT စီးပွားရေးပထဝီဝင်နှင့် ဥပဒေပညာဘာသာ ရပ်များ သင်ကြားပို့ချလျက် ရှိပါသည်။
ပေးအပ်ချီးမြှင့်လျက်ရှိသည့် ဘွဲ့များမှာ အထူးပြုဘာသာရပ်များအလိုက် သမဝါယမပညာ ဘာသာရပ်မှ စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးစီ မံခန့်ခွဲမှုပညာ) B.BSc (Social Enterprise Management)၊ ဘောဂဗေဒဘာသာရပ်မှ စီးပွားရေး သိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ) B.BSc (Regional Development) စာရင်းအင်းပညာ ဘာသာရပ်မှ စီးပွားရေးသိပ္ပံဘွဲ့ (အသုံးချ စာရင်းအင်းပညာ) B.BSC (Applied Statistics) ဘဏ္ဍာရေးနှင့် စာရင်းကိုင်ပညာဘာသာရပ်မှ စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ) B.BSc (Accounting and Finance)၊ စီမံခန့်ခွဲမှု ပညာဘာသာရပ်မှ စီးပွားရေးသိပ္ပံဘွဲ့ (ဈေးကွက်
ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ) B.BSc (Marketing Management) များ ပေးအပ်ချီးမြှင့်လျက် ရှိပါသည်။ ထို့အပြင် သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် မဟာဘွဲ့သင်တန်းများကိုလည်း ဖွင့်လှစ်ပြီး မဟာဘွဲ့များကိုလည်း ပေးအပ်ချီးမြှင့်လျက်ရှိပါသည်။
သမဝါယမတက္ကသိုလ်၊ ကောလိပ်များသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေး ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးကို မျှော်မှန်းကာ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး၊ လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲရေး၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေး၊ ဈေးကွက်ဖော်ဆောင် နိုင်ရေး၊ အသုံးချ စာရင်းအင်းပညာရပ်များ တတ်မြောက်စေရေးနှင့် စီမံခန့်ခွဲရေးပညာရပ် အစီအစဉ်များ ဖွံ့ဖြိုးတိုးတက် လာစေရန်တို့ကို အဓိကထား သင်ကြားပို့ချလျက် ရှိပါသည်။ ထို့အပြင် ဒေသ အကျိုးပြုနှင့် ဘာသာရပ်အကျိုးပြု သုတေသနစာတမ်းများ၊ သမဝါယမကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သုတေသနစာတမ်းများကိုလည်း စာသင်နှစ်အလိုက် ဆောင်ရွက်လျက်ရှိပြီး သုတေသနဂျာနယ်များ နှစ်စဉ်ထုတ်ဝေလျက် ရှိပါသည်။ ။
ကောင်းမွန်တည့်မတ်သော အခြေခံမူ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမကဏ္ဍသည် များစွာအထောက်အကူ ပြုလျက်ရှိပါသည်။ အသင်းများဖွဲ့စည်းရာတွင် မိမိသဘောဆန္ဒအလျောက် ပါဝင်ရခြင်း၊ ဆန္ဒတူညီသူ များနှင့်သာ ဖွဲ့စည်းခြင်း၊ လူတစ်ကိုယ်ဆန္ဒမဲတစ် မဲစနစ် ဖြစ်သည့်အတွက် ညီမျှသော အခွင့်အရေး ရရှိခြင်းနှင့် အသင်း၏လုပ်ငန်းအရပ်ရပ်ကို အများ၏ ဆန္ဒသဘောထားဖြင့်သာ စီမံခန့်ခွဲသည့် ဒီမိုကရေစီ စနစ် ပီပြင်စွာ ကျင့်သုံးခြင်း၊ အများဆုံးဖြတ်ချက် ဖြင့်သာ စီမံခန့်ခွဲခြင်း၊ အသင်းသည် အသင်း၏ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများကိုသာ လုပ်ဆောင်သည့် အဖွဲ့အစည်း ဖြစ်ခြင်း၊ အသင်းသားများ၏ အကျိုးစီးပွားအတွက် အများဆန္ဒနှင့်အညီ ဆောင်ရွက်ခြင်းစသည်တို့သည် မြန်မာ့ သမဝါယမ၏ကောင်းမွန်တည့်မတ်သော အခြေခံမူများပင် ဖြစ်ပါသည်။ ။
ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သည့် မြန်မာနိုင်ငံ၏ သမဝါယမကဏ္ဍသည် ယနေ့ခေတ် ကာလတွင် နိုင်ငံတော်အစိုးရ၏ အားပေးကူညီမှုကို ရရှိထားပြီး ခိုင်မာအားကောင်းသော အဖွဲ့အစည်း များဖြင့် ရပ်တည်နေနိုင်ပြီဖြစ်သကဲ့သို့ အတတ်ပညာ၊ အသိပညာများစွာ ပံ့ပိုးပေးနိုင်သည့် သင်တန်းကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ ဖွင့်လှစ်ကာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးလျက် ရှိပါသည်။
စုပေါင်းညီညာ ဆောင်ရွက်ကြရမည်
ထိုသို့လိုအပ်သည့် အခြေခံကောင်းများစွာ ရရှိပိုင်ဆိုင်ထားပြီး ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ သမဝါယမကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးဆောင်သူများ၊ ပါဝင်ဆောင်ရွက်ကြသူ အသင်းသားများအားလုံးသည် သတ်မှတ်စည်းမျဉ်း စည်းကမ်း၊ မူဝါဒများနှင့်အညီ ဥပဒေဘောင် အတွင်းမှ စုပေါင်းညီညာ ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ ။