ရွှေဉ သုတေသန
“ဒီမှာ မောင်အောင်ရ။ ဟိုတလောက ရေဒီယိုမှာ ကြားလိုက်တယ်။ ဝဥခြောက်ကို တရုတ်ကို ရောင်းတာတယ်ပြီးဈေးရတယ်ဆိုပဲ။ အဲဒီတော့ ငါတို့လည်း ပိုက်ဆံရတယ်ဆိုတော့ စိတ်ဝင်စားတာ ပေါ့ကွာ။ ဝဥ ဆိုတာဘယ်လိုမျိုးလဲ။ ဒို့ ကန်စွန်းဥတို့ ပိန်းဥတို့လိုမျိုးလား”
အမေ့ရွာသို့ မရောက်သည်မှာကြာ၍ အလည်သွားဖြစ်သည်။ ကျွန်တော့်တစ်ဝမ်းကွဲ အစ်ကိုကြီးက အသက်ရှစ်ဆယ်ကျော်ပြီ။ သို့ပေမယ့် ရေဒီယိုနားထောင်သည်။ တီဗွီကြည့်သည်။ နိုင်ငံတော် ပြည် အရေးနှင့် စိုက်ပျိုးမွေးမြူရေးဝါသနာပါသည်။ တစ်သက်လုံးကတောင်သူလုပ်ခဲ့သူမို့ စိုက်ပျိုးရေးနှင့် ပတ်သက်၍ အတော်လေး နှံ့စပ်သည်။ ကျွန်တော်ရွာရောက်တိုင်း အစ်ကိုနှင့်ဆွေးနွေးဖြစ်သည်။
“ဟုတ်တယ် အစ်ကိုရ။ ဝဥက ပိန်းဥလိုမျိုးပဲ။ ဒါပေမယ့် အရွယ် အစား ပိုပြီးကြီးတယ်။ တချို့ကဆို ဆင်ခြေထောက်ဥလို့တောင် ခေါ်တယ်။ ဝဥမှာ အယဉ်နဲ့ အရိုင်းဆိုပြီး နှစ်မျိုးရှိတယ်။ ဝဥအရိုင်း ကို ပါးပါးလှီး အခြောက်လုပ်ပြီး တရုတ်ပြည်တို့၊ ဂျပန်ပြည်တို့ကို ရောင်းလို့ရတယ်။ အယဉ်ကတော့ ချက်စား၊ ပြုတ်စား လို့ရတာပေါ့။”
“အေးတယ်ဟုတ်ပါလား။ နိုင်ငံခြားရောင်းစားတော့ ဘယ်ဈေးရသလဲ”
“၀ဥ အစိုကတော့ တစ်ပိဿာကို ငွေကျပ် ၅၀၀ ကနေ ၂၀၀၀ လောက်အထိ ဈေးရတယ်။ ဝဥခြောက်ကတော့ တစ်ပိဿာကို ငွေကျပ် ၇၀၀၀ ကနေ ၁၅၀၀၀ ကျပ်လောက်အထိ ဈေးရတယ်။”
ဈေးရတယ်ဆို၍ ကျွန်တော့်အစ်ကို စိတ်ဝင်စားသည်။
“နေပါဦး အဲဒီလောက် ဈေးရအောင် မင်းဝဥက ဘာကောင်း လို့လဲ” “ဘာတွေများ ထူးခြားလို့လဲ”
အစ်ကိုကဘယ်ကိစ္စမျိုးမဆို အကျိုးနှင့်အကြောင်း ဆင်ခြင်တတ်သည်။ သို့ဖြစ်၍ ဈေးကောင်းသည် ဆိုလျှင် ဘာကြောင့် ဈေးကောင်း သည်ကို သူသိချင်သည်။
“ဘာကြောင့် ဈေးကောင်းလဲဆိုတော့ ၀ဥကလူတွေမှာ အဝလွန် စေတဲ့ ကိုလက်စထရောလို့ ခေါ်တဲ့ အဆီဓာတ်ကို လျှော့ချပေးတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်၊ အစာချေမှုကို ကောင်းစေတယ်။ ဝမ်းသက်စေတယ်။ အဆီကျစေတယ်၊ ဆီးချိုရောဂါကို ထိန်းညှိပေး တယ်၊ အသားအရေကို ကောင်းမွန်စေတယ်၊ ထိခိုက်ဒဏ်ရာရရင် အကျက်မြန်စေတယ်။ ကိုယ်ခံအား ကောင်းစေတယ်။ ဒါကြောင့် နောက်ပိုင်းထုတ်တဲ့ စားသောက်ကုန်တွေမှာ ၀ဥနဲ့ထည့်ပြီးထုတ်တာ။”
“မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လား။ မင်းက အရေးထဲ ငါ့ကို ပဉ္စဝယ်မယ့်လူထင်လို့ လာပြီး ညွှန်းနေတာလား။ ဒို့မြန်မာဆေးကျမ်း တွေမှာရော ၀ဉ္စနဲ့ပတ်သက်ပြီး ညွှန်ထားတာရှိသလား။”
ကျွန်တော့်အစ်ကိုကြီးက အဲသည်လို စပ်စုသူဖြစ်သည်။ တော်ရုံလူ သူနဲ့ စကားပြော၍ မဖြစ်။
“အော် အစ်ကိုကြီးကလည်း အစ်ကိုကြီးက ၀ဥဝယ်မည့်သူ မဟုတ်သလို ကျွန်တော်ကလည်း ရောင်းမယ့်သူမှ မဟုတ်ဘဲ။ အခုက ကျွန်တော်သိသလောက် ပြောပြတာ။ ကျွန်တော်တို့ အရှင် နာဂသိန်ရဲ့ အခြေပြုဆေးအဘိဓာန်မှာကတော့ “၀ဥ(အယဉ်)သည် ခြောက်ထပ်စေ၏၊ ထက်မြက်၏။ အယားပျောက်စေ၏။ မြိန်စေ၏။ ဆာလောင်မွတ်သိပ်စေ၏၊ သလိပ်ကိုပယ်တတ်၏။ မြင်းသရိုက်။ အဖျဉ်း၊ ဂူလုံး၊ ပြေလန်ချောင်းပူ၊ အော့အန်၊ ဝမ်းဗိုက်နာ၊ သွေးရောဂါနှင့် ဆင်ခြေထောက် ရောဂါများကို ပျောက်ကင်းစေ၏။ ၀ဥ(အရိုင်း) ကတော့ အားအလွန်တိုးစေ၏။ ကာမကို အားပေး၏၊ ဝဖြိုးစေ၏”လို့ ဆိုထားတယ်။ အဲ... ယောအတွင်းဝန်မင်း ဦးဖိုးလှိုင်ရဲ့ ဥတုဘောဇန သင်္ဂဟကျမ်း မှာတော့ ၀ဥကို တိုက်ရိုက်တော့ ရေးမထားဘူး။ မျောက်ဥကိုတော့ မျောက်ဥ ဟူသမျှသည် ဆိမ့်၏။ အေး၏။ ကြေခဲ၏။ လေချုပ်၏၊ ကျင်ကြီး ကျင်ငယ်တို့ကို နိုင်စေတတ်၏၊ အဆီမရှိ၊ အား၊ သုတ်တို့ကို ပွားစေတတ်၏၊ ရတ္တပိတ်နာကိုနိုင်၏၊ လေသလိပ်တို့ကို ပျက်စေ တတ်၏။ စဉ်းငယ်ဝမ်းမီးကို တောက်စေတတ်၏လို့ ရေးထားတယ်။”
“အဲ ပိန်းဥနှင့်ပတ်သက်ပြီးလည်း ပိန်းဥသည် ကြေခဲ၏၊ ဆိမ့်၏။ စပ်၏၊ ဝမ်းကို ရွှင်စေတတ်၏။ ကျိချွဲ၏၊ ဖျား၍ ကိုယ်ရောင်သော အာမဝါတနာကို ဖြစ်စေတတ်၏။ သည်းခြေကို ပျက်စေတတ်၏။ ပိန်းမဟော်ရာဥသည်ဆိမ့်၏။ကြေ၏၊ စပ်၏၊ အေး၏ ကိုယ်ရောင်နာကို နိုင်၏၊ လို့ရေးထားတယ်။ အဲ ဝက်မြေဥနဲ့ ပတ်သက်ပြီး”..............
“ရပါပြီ တော်ပါတော့ကွာ။ မင်းကျက်လာတဲ့စာတွေ ငါ့ကိုလာပြီး ရွတ်ပြမနေနဲ့တော့။ မင်းပြောတဲ့ ၀ဥက ကိုးဆယ့်ခြောက်ပါးနိုင် တယ် ပြောရင်ရပါပြီ။ အဲဒီ ဝဥက ဒို့နိုင်ငံမှာ ဘယ်မှာ စိုက်ပျိုးလို့ အဖြစ်ဆုံးလဲ”
ကျွန်တော့် အစ်ကိုကြီးအကြောင်းကို ကျွန်တော်သိနေသည်။ ကျွန်တော်မသိဘူး ထင်လျှင် ခရေစေ့တွင်းကျ မေးတတ်သည်။ ကျွန်တော်ဖြေတာတွေ မှန်လျှင်တော့ စကားပြောင်းတတ်သည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အဓိက စိုက်ပျိုးပါတယ်။ တခြားနေရာတွေမှာလည်း ရေမြေရာသီဥတု ကိုက်ညီလျှင် စိုက်လို့ရပါတယ်။ အဓိက စီးပွားဖြစ်စိုက်တာတော့ ချင်းပြည်နယ် မှာပါ။”
“အဲဒါဆိုရင် ဝဥက ဘယ်လိုမြေမျိုးမှာ စိုက်လို့အဖြစ်ဆုံးလဲ။ ဘယ်လိုရာသီဥတုကို အကြိုက်ဆုံးလဲ”
“ပုံမှန်ကတော့ သစ်ရိပ်၊ ဝါးရိပ်ရှိပြီး အစိုဓာတ်ကောင်းတဲ့မြေ၊ သစ်တောမြေပွဲတွေမှာ စိုက်စရာ တောင်မလိုဘဲ သဘာဝအလျောက် ပေါက်တတ်ပါတယ်။ မြေဆွေးဓာတ် များများပါဝင်ပြီး အစိုဓာတ်ထိန်း အားကောင်းတဲ့ နုန်းမြေမှာလည်း ဖြစ်ထွန်းပါတယ်။ အပင်ကတော့ ဘယ်အပင်မဆို ရေဝပ်တဲ့နေရာ ရေစီးရေလာမကောင်းတဲ့ နေရာတွေမှာ မဖြစ်ထွန်းပါဘူး။ မိုးများပြီး မိုးကြာကြာရွာ တဲ့ ရာသီဥတုမျိုးကို ကြိုက်ပါတယ်။ ပျမ်းမျှအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကနေ ၃၅ ဒီဂရီ စင်တီဂရိတ် အပူနွေးစွတ်စိုတဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ အေးမြတဲ့ တောင်ပေါ်ဒေသ တွေမှာလည်း ပေါက်ရောက်ပါတယ်။ အပင်ကြီးထွားချိန်မှာ ပူနွေးစွတ်စိုတဲ့ ရာသီဥတုဖြစ်ပြီး ဥကြီးထွားချိန်မှာတော့ ခြောက်သွေ့အေးမြတဲ့ ရာသီဥတုဖြစ်ရင် အကောင်းဆုံးပါ။”
“မင်းဝဥကလည်း ရာသီဥတု တယ်ပြီးချေးများပါလား။ သူ့အကြိုက် လိုက်ပြီး မိုးရွာပေး၊ အေးပေးရမလိုဖြစ်နေပြီ။”
အစ်ကိုကြီးက ဝဥကို အပြစ်တင်နေသည်။ “အဲဒီလိုလည်း မဟုတ်ပါဘူး အစ်ကိုကြီးရ။ ကျွန်တော်တို့ နိုင်ငံမှာ နွေ၊ မိုး၊ ဆောင်းဆိုပြီး ရာသီဥတု သုံးမျိုးရှိတယ်လေ။ အဲဒီတော့ မိုးဦး ကျမှာစပြီး စိုက်မယ်၊ မေလလယ်၊ မေလကုန်မှာ စိုက်မယ်၊ မိုးရွာ အားကောင်းတဲ့အချိန်မှာ အပင်ဖြစ်မယ်၊ ဆောင်းတွင်းမှာ ဥဖြစ်မယ်။ အဲဒီတော့ ကွက်တိပဲလေ။”
“အေး ဟုတ်ပါပြီ။ စိုက်တော့ရော ဘယ်လိုစိုက်မလဲ။ မျိုးက ဘယ်ကရမလဲ”
“မျိုးကတော့ ၀ဥကို ပြန်ပြီး စိတ်ပြီး စိုက်လို့ရပါတယ်။ အဲပြီးသူ့အရွက်က သီးတဲ့ ရွက်သီးကိုလည်း စိုက်လို့ရတယ်။ အဲဒီဝဥပင်က ပန်းပွင့်ပြီး ပန်းခိုင်မျိုးစေ့ကလည်း စိုက်လို့ရတယ်။ သိပ္ပံနည်းကျ အပင်တစ်သျှူးမျိုးပွားနည်းနဲ့ လည်း စိုက်လို့ရတယ်။ သဘာဝနည်း နဲ့ကတော့ ၀ဥတူးချိန်မှာ ကျန်ခဲ့တဲ့ ၀ဥအစအနေနဲ့ အမြစ် အကြွင်းအကျန်တွေက ပေါက်တာရှိသလိုရွက်သီးတွေ ကြွေကျတာ၊ ဝဥပန်းခိုင်က ကြွေကျတာတွေကနေ ပေါက်တာလည်းရှိတယ်။ အဲဒါကြောင့် တစ်ခါ ဝဥစိုက်ပြီးတဲ့ နေရာမှာတော့ ၀ဥကဆက်ပြီး ပေါက်တာများပါတယ်။ မျိုးပြတ်သွားတယ်မရှိပါဘူး။”
“အေးဟုတ်ပြီ။ မင်း ဝဥစိုက်ရင် ဘယ်လိုစိုက်ရင် အကောင်းဆုံးလဲ။”
ကျွန်တော့်အစ်ကိုကြီး ဝဥစိုက်ပျိုးရေး စိတ်ပါလာပုံရပါသည်။ “စိုက်တာတော့ သိပ်ပြီးမဆန်းပါဘူး။ ကျန်တဲ့အပင်တွေ စိုက်သလိုပါပဲ။ ပထမဆုံး ဝဥစိုက်မည့်မြေမှာ ချုံပင်၊ သစ်ပင်၊ ပေါင်း မြက်တွေကို ရှင်းမယ်။ ပြီးတော့ သစ်ရွက်ဆွေးမြေဩဇာတို့၊ နွားချေး တို့၊ ဘိုကာရှီတို့ထည့်မယ်။ တကယ်လို့ အထွက်ကောင်းချင်တယ်။ အလွယ်တကူရမယ်ဆိုရင်လည်း နိုင်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက် စီယမ် ဓာတ်မြေသြဇာ ဆတူထည့်မယ်။ ပြီးတော့ ထယ်တစ်စပ်၊ ထွန်နှစ်စပ်ထိုးမယ်။ ပြီးမှ (၆) လက်မပတ်လည်(၆)လက်မ အနက်၊ ကျင်းလေးတွေ တူးမယ်။ အတန်းလိုက်စိုက်မှာဖြစ်တဲ့အတွက် အဲဒီ ကျင်းလေးတွေတူးတဲ့အခါ တစ်ပင်နဲ့ တစ်ပင် (၂)ပေကြားနဲ့ တစ်တန်း နဲ့တစ်တန်း(၄)ပေကြား တူးရမယ်။ ပြီးတော့ ၀ဥမျိုးရဲ့ အပေါ်မှာ အပေါ်ယံ မြေ(၂-၃)လက်မလောက်ဖုံးပြီး စိုက်ရုံပါပဲ။ မေလလယ်လောက် မိုးဦးကျချိန်မှာ စစိုက်ပြီး စက်တင်ဘာလကုန်လောက်မှာ အရွက်အသီးတွေ ကြွေကျတတ်ပါတယ်။ အဲဒီအရွက်အသီးကို မမီခူးပြီး မျိုးအနေနဲ့စုဆောင်းရပါတယ်။ အရွက်အသီး တစ်ပိဿာကို ပျမ်းမျှအလုံးရေ ၇၀၀ လောက် ရှိပါတယ်။ အဲဒါကို နေလှန်းပြီး သိမ်းထားရင် နောက်နှစ်ပြန်ပြီး စိုက်လို့ရပါတယ်။ ဝဥပင်ကတော့ တစ်လခွဲလောက်ကြာတဲ့အခါမှာ အညွန့်တွေ ထွက်လာပြီး အပင်ပိုင်းကြီးထွားလာပါတယ်။ အမြစ်တွေ ပေါ်လာတဲ့အခါ ပင်ခြေမှာ ပေါင်းသင် မြေဆွပြီး ပေါင်လုံးပေးရပါတယ်။ ပင်ခြေမှာ ရေမဝပ်ဖို့ ဂရုစိုက်ရပါမယ်။”
“၀ဥပင်မှာ ပိုးမွှားကျရောက်မှုနည်းပါတယ်။ တစ်ခါတလေတော့ ရွက်စားပိုးကျရောက်တတ်ပါတယ်။ ဝဥစိုက်ပြီးအပင်ဖြစ်ချိန်မှာ ၀ဥ ပင်စည်မှာ ထိခိုက်ဒဏ်ရာရပြီး ပုပ်တတ်၊ ရိတတ်ပါတယ်။ အဲဒီလို ဖြစ်လျှင် ပုပ်တဲ့နေရာ ရိတဲ့နေရာကို ဇွန်းနဲ့ခြစ်ထုတ်ပြီး မြေကြီး ဒါမှ မဟုတ် ပြာလိမ်းလိုက်လျှင် ရပါတယ်။ ဒီလိုမလုပ်လျှင် ထိခိုက် ဒဏ်ရာရတဲ့နေရာကနေ အစေးများထွက်ပြီး အပင်နာနိုင်ပါတယ်။ အဲဒါကြောင့် ဒဏ်ရာမရဖို့ ဂရုစိုက်ဖို့လိုပါတယ်။ မိုးကုန်ပြီး ဆောင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာလ လောက်မှာ မြေပေါ်ပင်ပိုင်းရှိုး ခြောက်သွားချိန်မှာ ၀ဥတူးဖော်လို့ရပါပြီ။ တူးတဲ့အခါမှာလည်း ၀ဥကို ဒဏ်ရာမရအောင် တူးဖို့လိုအပ်ပါတယ်။”
“မင်း ၀ဥကလည်း တယ်ပြီး အယုအယကြိုက်သကိုးကွ။ ဒါနဲ့ မင်းတို့ စိုက်ပျိုးရေးဌာနက ၀ဉ္စနဲ့ ပတ်သက်ပြီး သုတေသန လုပ်တာ တွေရော ရှိသလား။ ဘာတွေလုပ်ထားသလဲ။”
၀ဥ မျိုးအကြောင်း၊ စိုက်ပျိုးနည်းအကြောင်းတွေ မေးပြီးတော့ ကျွန်တော့် အစ်ကိုကြီးက သုတေသနဘက် လှည့်လာခြင်းဖြစ်သည်။
“လုပ်တာပေါ့အစ်ကိုရ။ ကျွန်တော်တို့ စိုက်ပျိုးရေးသုတေသန အပင်ဇီဝနည်းပညာဗဟိုဌာနက ပြီးခဲ့တဲ့နှစ်ကစပြီး မြန်မာပြည်အတွင်း ဒေသအလျောက်ပေါက်ရောက်နေတဲ့ ဝဥမျိုးတွေကို စုဆောင်းပြီး မျိုးဗီဇအခြေခံတွေကို မော်လီကျူလာမတ်ကာတွေ အသုံးပြုပြီး မျိုးသစ်တွေ ထွက်ပေါ်လာဖို့နဲ့၊ မျိုးသုဉ်းပျောက်ကွယ်မသွားဖို့ လုပ်နေပါတယ်။ ဒါ့ပြင် အပင်တစ်သျှူး နည်းပညာနဲ့ အရည်အသွေးကောင်းတဲ့ မျိုးသစ်တွေ ရောဂါပိုးမွှားတွေဒဏ်ခံနိုင်ပြီး ရောဂါပိုးမွှား ကင်းစင်တဲ့ အပင်တွေ အချိန်တိုအတွင်း အမြောက်အမြား ထုတ်လုပ်ပေးနေပါတယ်။ ဒါ့အပြင့် ဝဥအပင်၏အစိတ်အပိုင်း အမျိုးမျိုးကို အာဟာရပြင် (Media) အမျိုးမျိုးမှာ ဟိုမုန်းဆေးအမျိုးမျိုး ထည့်ပြီး စမ်းသပ်ခြင်းဖြင့်၊ အကောင်းဆုံးမျိုးရရှိရေးကို ရန်ကုန်အပင်ဇီဝနည်းပညာဗဟိုမှာ လုပ်နေ တာပါ။
“မွန်ပြည်နယ် အပင်ဇီဝနည်းပညာဌာနမှာတော့ ဝဥမျိုးတွေ ကို ဘယ်လို သိုလှောင်ထားရင် အကောင်းဆုံးဖြစ်မလဲဆိုတာကို သိရှိအောင် သိုလှောင်သိမ်းဆည်းနည်းအမျိုးမျိုးကို သုတေသနပြု လေ့လာနေပြီး ကရင်ပြည်နယ် ကော့ကရိတ်မှာတော့ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ လိုက်လျော ညီထွေမယ့် ရော်ဘာပင်ကြား၊ ဝဥကို ဘိလပ်မြေအိတ်ခွံမှာ မြေဆွေးထည့်စိုက်ပျိုးခြင်း စမ်းသပ် သုတေသန လုပ်နေပါတယ်။ ဝဥမျိုးတွေကိုသိုလှောင်ထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး ဘာကြောင့် သုတေသနလုပ်ရသလဲဆိုရင် ဝဥမျိုးဥဈေးက တစ်ပိဿာ ငွေကျပ် ၃၅၀၀ ရှိပြီး၊ မျိုးရွက်သီးက (၁) ပိဿာ ငွေကျပ် ၁၅၀၀၀ ဈေးရှိပါတယ်။ ဒါကြောင့် သိုလှောင်ထိန်းသိမ်းတာ အထူး အရေးကြီး ပါတယ်။ ဝဥကို မြေပေါ်မှာ ဖြန့်ထားမယ်၊ မြေမြှုပ်ပြီး သိမ်းမယ်၊ သဲဖုံးပြီးသိမ်းမယ်၊ မြေနဲ့ထရိုင်ကို ဒါးမားရောပြီးဖုံးမယ်။ တစ်လုံး ချင်းစီမြှုပ်မယ်။ ကျင်းတူးပြီးမြှုပ်မယ်။ စင်ပေါ်မှာ သိမ်းမယ်။ သမံတလင်းပေါ်မှာသိမ်းမယ်၊ ရော်ဘာစိုက်ခင်းအောက်မှာ သိမ်းမယ်စတဲ့သိမ်းမယ့်ပုံစံ ၁၀မျိုးနဲ့ စမ်းသပ်ထားပါတယ်။ ၅ လကြာ စမ်းသပ်ပြီး အဖြေဖော်ထုတ်တာ လောလောဆယ်အတိအကျတော့ မသိရသေးပါဘူး။”
“အဲဒီလိုပဲ ကရင်ပြည်နယ် ကော့ကရိတ် အပင်ဇီဝ သုတေသနမှာ လုပ်တဲ့ ရော်ဘာပင်ကြား ဘိလပ်မြေအိတ်ခွံမှာ မြေဆွေးထည့်ပြီး စိုက်တဲ့ သုတေသနလုပ်ငန်းကလည်း ကော့ကရိတ်မြို့နယ် မြောက်ကြားအင်းကျေးရွာအုပ်စု လှိုင်ကွယ်ကျေးရွာ ရော်ဘာစိုက်ခင်းမှာ ထုတ်လုပ်နေတာပါ။ ဒီသုတေသနလုပ်ငန်းကို ၂၀၁၈ ခုနှစ်ကစပြီး လုပ်တာကြောင့် သုံးနှစ်ရှိသွားပါပြီ။ မကြာခင်အဖြေကို သိရှိရပြီး ရော်ဘာစိုက်တောင်သူနဲ့ ဝဥစိုက်တောင်သူတွေကို မကြာမီရလာဒ်ကို ပြောနိုင်တော့မှာပါ။”
ကျွန်တော်က ဝဥသုတေသနနှင့်ပတ်သက်ပြီး အရှည်ကြီးရှင်းပြ လိုက်ရ၍ အေးနေသော ရေနွေးကြမ်းခွက်ကိုယူ၍ တစ်ကြိုက်တည်း မော့ချလိုက်သည်။
“အင်းမင်းဝဥကလည်း တယ်ပြီးလုပ်ရပါလား။ ကဲထားပါတော့ ဝဥစိုက်ရင် တစ်ဧကဘယ်လောက် ထွက်ပြီး ဝင်ငွေဘယ်လောက်ရမှာမို့ မင်းတို့သုတေသနတွေဘာတွေ လုပ်နေရတာလဲ။”
အစ်ကို၏ မေးခွန်းက တကယ့် အဓိကအချက် ဖြစ်နေသည်။
“ကျွန်တော်တို့ လက်ရှိ ချင်းပြည်နယ် ၁၃ မြို့မှာ ဝဥစိုက်ဧရိယာ ၁၆၉၂၁ ဧက စိုက်ပြီး စုစုပေါင်း ၁၈၂၉၁၄၄၆ ပိဿာထွက်တယ်။ ပျမ်းမျှအထွက်နှုန်း ၁၇၃၇ ဒသမ ၄၀ ပိဿာထွက်တဲ့အတွက် တစ်ပိဿာ ၁၀၀၀ ကျပ်ဈေးနှင့်တွက်ရင် (၁၇) သိန်း (၇) သောင်းကနေ တစ်ပိဿာ ငွေကျပ် ၂၀၀၀ ဈေးနဲ့ တွက်ရင် ၃၅ သိန်းလောက်ရမှာ။ ဒါတောင် ပျမ်းမျှအထွက်နှုန်းနဲ့တွက်တာ။ ဝဥအထွက် အများဆုံး မတူပီတို့၊ ဆမီးတို့၊ ပလက်ဝတို့မှာဆိုရင် တစ်ဧက ပိဿာချိန် ၃၀၀၀ ကျော် ထွက်တဲ့ အတွက် ဝဥစိုက်တဲ့ တောင်သူဟာ တစ်ဧကကို သိန်း ၃၀ ကနေ သိန်း ၆ဝ အထိရနိုင်ပါတယ်။ ဒါကြောင့် ကျေးလက်ဒေသနေ ပြည်သူတွေ ဝင်ငွေတိုးတက်ရရှိအောင် ဝဥကို တိုးချဲ့စိုက်ကြဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးက တိုက်တွန်း နေတာပါ။”
“အေးပေါ့ကွာ စိုက်ရမှာပေါ့။ မင်းတို့ဝဥက ရွှေဥပဲ။ မင်းတို့ စိုက်ပျိုးရေးဌာနက လုပ်နေတာ ရွှေဥသုတေသနပဲလေကွာ"
အသက်(၈၀)ကျော် ကျွန်တော်အစ်ကိုကြီး အားရဝမ်းသာ သူ့ပေါင်ကိုပုတ်၍ ပြောလာခြင်း ဖြစ်ပါသည်။
မောင်အောင်