ဆင်းရဲစိတ်ကိုဖျောက် တန်ခိုးကြီးသောအတွင်းစိတ်ကို ပြုပြင်ပါ
လူသတ္တဝါတို့သည် အတွင်းစိတ်တွင် စွဲနေသော အထင်အမြင်အတိုင်း ဖြစ်၍နေကြရ၏။
နှစ်ပေါင်းများစွာ ဆင်းရဲသူများသည်လည်းကောင်း၊ ကိုယ်ပိုင်ငွေကြေးအမြောက်အမြား ကိုင်တွယ်သုံးစွဲ ခြင်း မပြုရသူများသည်လည်းကောင်း၊ မိမိကိုယ်ကို ကြွယ်ဝချမ်းသာခြင်းအဖြစ်နှင့် မသက်ဆိုင်သူများ ဟူ၍ မသိမသာမှတ်ထင်၍နေတတ်ကြလေသည်။
မိမိကိုယ်ကို အမြဲဆင်းရဲ၍ နေမည်မဟုတ်။ တစ်နေ့သ၌ ချမ်းသာဦးမှာပဲဟူ၍ပင်နှုတ်မှပြောစေ ကာမူ မိမိတို့ပြောသောစကားကို မိမိတို့ကိုယ်တိုင် လျှင် စိတ်ချလက်ချ မယုံကြည်ကြပေ။
ထိုမယုံကြည်သော စိတ်၏သက်သေသည်ကား အခြားမဟုတ်။ ကြီးပွားဖြစ်ထွန်းအောင် ထိထိရောက်ရောက် မလုပ်ခြင်းပင် ဖြစ်လေသည်။ မိမိတို့တစ်နေ့သ၌ အမှန်ကြီးပွားနိုင်ဦးမည်ဟု အဟုတ်တကယ် ယုံကြည်သောစိတ် ရှိကြချေက ကြီးပွားရန်နည်းလမ်းကို မတွေ့ မနေရအောင် ထိထိရောက်ရောက်ရှာကြံကြမည်ကား အမှန်ပင် ဖြစ်လေသည်။ ရှာကြံတွေ့ရှိရသောအခါ၌လည်း ထိထိရောက်ရောက် မိမိရရဖြစ်မြောက်အောင် လုပ်ကြမည်သာပင်။
ချောတိုင်ကို ကြိုးကြိုးစားစားတက်သူများ သည် တိုင်ထိပ်၌ ဝတ္ထုပစ္စည်းတစ်ခုခုရှိသည်ကို ဒိဋ္ဌအမှန် သိမြင်ကြ၏။ တိုင်ထိပ်သို့ရောက်လျှင် ထိုအရာဝတ္ထုကို ဧကန်ရမည်ဟု ယုံကြည်စိတ်ချကြ ၏။ သို့ဖြစ်သောကြောင့် သဲသဲမဲမဲဇွဲသန်သန်ဖြင့် တက်ကြလေသည်။ တိုင်ထိပ်၌ ရစရာဝတ္ထုပစ္စည်း တစ်စုံတစ်ရာရှိသည်မရှိသည်ကို သေချာစွာ မသိမမြင်ရချေက ကြိုးကြိုးစားစား တက်ကြမည် မဟုတ်ပေ။
ထို့အတူ မိမိကိုယ်ကိုကြီးပွားချမ်းသားနိုင်မည့် လူစားမျိုးဟူ၍ စိတ်ချလက်ချမယုံကြည်ဖြစ်၍ နေကြသူများသည် ကြီးပွားဖြစ်ထွန်းအောင် ထိထိ ရောက်ရောက် ကြိုးစားကြမည် မဟုတ်ပေ။
ထိုသူမျိုး၏စိတ်၌ သူဌေးသူကြွယ်ဆိုသည်မှာ သူဌေးသူကြွယ်ဖြစ်ဖို့ မွေးလာသည့်လူတစ်မျိုး ဖြစ်သည်။ ငါတို့လိုလူမျိုးတွေမဟုတ်ဟူသော အစွဲ တစ်မျိုးသည် မသိမသာ ရှိနေတတ်ကြလေသည်။ အထူးသဖြင့် တာရှည်လေးမြင့်စွာ ဆင်းရဲ၍လာခဲ့ သူများမှာ ထိုစိတ်မျိုးရှိတတ်လေသည်။
ထိုစိတ်သည် ဆင်းရဲစိတ်ဖြစ်၏။ ထိုစိတ်ပင်လျှင် ဆင်းရဲခြင်း၏အကြောင်းဖြစ်၏။ ကြီးပွား ချမ်းသာရန်လမ်းတို့ကို ၎င်းစိတ်သည် အမြဲပိတ်ပင် တားဆီး၍နေ၏။ ထိုလူမျိုးသည် အဘယ်မျှပင် ထီထိုးစေကာမူ ထီပေါက်နိုင်ကြမည်မဟုတ်ပေ။ ဆင်းရဲစိတ်ကြီးသည် ဆင်းရဲအောင်ပြုခြင်း၊ လာဘ် လာဘ တိတ်ဆိတ်စေခြင်း လွန်စွာအစွမ်းကောင်း သောစိတ်ဖြစ်သည်။
ကြီးပွားချမ်းသာမည့်လူများမှာကား ကြီးပွား ၍နေသူများကို ကြည့်ကာ သင်းတို့က ဘာမို့ငါတို့ ထက် ပိုမိုကြီးကျယ်၍နေကြပါသလဲ။ ငါကား အဘယ်အတွက်သင်းတို့လောက် မကြီးပွားသလဲ ဟူသောစိတ်မျိုးကို အမြဲထားရှိကြသဖြင့် တက်လမ်းကို အမျိုးမျိုးအဖုံဖုံ တွေ့မြင်တတ်ကြ လေသည်။ တွေ့သောအခါ၌လည်း ငါချမ်းသာပြီဟု သောစိတ်ကို ဒုန်းဒုန်းချကာ တစ်သမတ်တည်း ထိုလမ်းကို လိုက်ကြသဖြင့် ကြီးမြင့်ကြလေသည်။
ဆင်းရဲစိတ်ရှိသူများသည်ကား ကြီးပွား ချမ်းသာသောလမ်းကို ကျိန်းသေပင်တွေ့မြင်သိရှိ ကြစေကာမူ စိတ်အားထက်သန်ကြပေ။ ၎င်းတို့၏ အတွင်းစိတ်၌ စွဲ၍နေသော အစွဲသည်ကား ဤလမ်းကား ဟုတ်မှန်ပေ၏။ ကန်အမှန် ကြီးပွားချမ်းသာ မည့်လမ်းပေပဲ။ သို့သော်လည်း ငါကား ကြီးပွား ချမ်းသာမည့် လူစားမျိုးမဟုတ်။ နေရာမကျပါဘူး။ ဟန်မယ်မထင်ပါဟူသောအစွဲ ဖြစ်လေသည်။ ထိုစကားသည် ရယ်ရွှင်ဖွယ်ရာကဲ့သို့ ဖြစ်၍နေ၏။ သို့သော်လည်း ဆင်းရဲသူများစွာတို့၏စိတ်၌ ထိုအစွဲမျိုး မကင်းကြပေ။ ထိုအစွဲမျိုးရှိကြောင်းကို မိမိတို့ ကိုယ်တိုင်လည်း မသိကြပေ။
အကြောင်းမူကား လူတို့စိတ်မှာ နှစ်မျိုးရှိ၏။ မနိုးမကြား သိသိရရမဟုတ်၊ တိမ်မြုပ်သော အတွင်းစိတ်က တစ်မျိုး၊ နိုးနိုးကြားကြား သိသိရရဖြစ်သော အပြင်စိတ်က တစ်မျိုး။ ဤနှစ်မျိုးဖြစ်လေရာ မနိုးကြားသော အတွင်းစိတ်သည် လွန်စွာတန်ခိုးကြီး၏။ လောကဓာတ်ကြီးတစ်ခုလုံးကိုဖန်တီးတည်ထောင်၍ နေသောတန်ခိုးတော်အနန္တဖြစ်သည့် နိယာမသဘော တရားကြီးနှင့် ဆက်၍နေသောစိတ် ဖြစ်လေသည်။
လူသတ္တဝါတို့သည် ထိုအတွင်းစိတ်စွဲ၍နေသော အထင်အမြင်အတိုင်း ဖြစ်ကြရလေသည်။ သို့သော် လည်း ထိုအတွင်းစိတ်၌ရှိသော အထင်အမြင်အစွဲများ သည် မထင်မရှား မသိမသာမြုပ်ကွယ်၍ နေမြဲဖြစ် လေသည်။ အတွင်းစိတ်၌ရှိသော ထိုအစွဲများကို အပြင်စိတ်သည်မသိမမြင်ဘဲ နေသည်သာ များလေသည်။
လူတစ်ယောက်သည် ခရီးသွားရာ၌ အဘယ်သို့ သွားမည်ဟူသောရည်ရွယ်ချက်သည်သိသိရရ နိုးနိုး ကြားကြားဖြစ်သော အပြင်စိတ်နှင့်ဆိုင်၏။ လမ်းကွေ့ လမ်းကောက်လမ်းခွဲများကိုလည်းကောင်း၊ လမ်း မမှားအောင် သွားဖို့ကိုလည်းကောင်း မနိုးကြားသော အတွင်းစိတ်က ထိန်းကြပ်ရလေသည်။
စာရေးရာ၌ နိုးကြားသောစိတ်သည် အကြောင်း အရာကိုသိ၏။ ရေးခြင်းအလုပ်ကိုကား မနိုးကြား သောစိတ်ကလက်ကိုမှန်ကန်စွာရေးအောင် လှုံ့ဆော် ၍ပေးလေသည်။ စာတစ်လုံးပြီးတစ်လုံး နိုးနိုး ကြားကြား စဉ်းစဉ်းစားစားရေးသည် မဟုတ်ပေ။ နိုးကြားသောစိတ်သည်သိ၏။ မြင်၏။ သို့သော်လည်း တန်ဖိုးမကြီးပေ။ သို့အတွက် မှားတတ်လေသည်။
ဥပမာ .. စာရေးရာ၌ စာလုံးများကိုသော် လည်းကောင်း၊ သတ်ပုံများကိုသော် လည်းကောင်း၊ နိုးနိုးကြားကြားသတိပြုရေးသည့်အခါမှားတတ်လေ သည်။ အကြောင်းအရာကိုသာ စဉ်းစားပြီး စာလုံး များနှင့် သတ်ပုံများကို ဂရုမစိုက်ဘဲ မနိုးကြားသော စိတ်သို့ လုံးလုံးတာဝန်လွှဲအပ်ကာ အမှတ်တမဲ့ရေးချေ က မှားမည်မဟုတ်ပေ။ ဤကား မနိုးကြားသော စိတ်တန်ခိုးကြီးကြောင်း သက်သေဖြစ်လေသည်။ ထိုမနိုးကြားသောစိတ်၌ မသိမသာရှိနေသော အထင် အမြင်အတိုင်း လူသတ္တဝါတို့မှာ ဖြစ်ရလေသည်။
ဘေးတွေ့မှာကို အမြဲကြောက်၍နေသူတို့မှာ တစ်နေ့သ၌ ထိုကြောက်စိတ်သည် မနိုးကြားသော စိတ်သို့ကူးစက်၍သွားရ၏။ ထိုကဲ့သို့ ကူးစက်သော အခါ ထိုမနိုးကြားသောစိတ်ကပင် အန္တရာယ်ကို ဖြစ်ပေါ်အောင် တစ်နည်းနည်းနှင့် ဖန်တီး၍ ပေးရ လေသည်။ ထို့အတူ ထိုမနိုးကြားသောစိတ်၌ ငါ လူဆင်းရဲမျိုးဟူသော အစွဲကြီးငြိ၍ နေသူမှန်က ထီထိုး၍လည်း မပေါက်နိုင်။ မြင်းလောင်း၍လည်း အကြီးအကျယ်မရ။ကြံစည်လုပ်ကိုင်သမျှတို့မှာလည်း ချော်တောငေါ့ကြမည်သာတည်း။
သို့ဖြစ်လေရာ ထိုကြောက်မက်ဖွယ်ရာ တန်ခိုး ကြီးသောအတွင်းစိတ်၌ အနိဋ္ဌာရုံအစွဲတစ်ခုခု ရှိ၊ မရှိ ကို သေချာစွာစစ်ဆေးကြရမည်။ တွေ့ရှိကြရချေက စဉ်းစားဆင်ခြင်သောဉာဏ်ဖြင့် ဖျောက်ဖျက်၍သော် လည်းကောင်း၊ အနိဋ္ဌာရုံအစွဲအစား ဣဋ္ဌာရုံအစွဲ တစ်ခုခုကိုသော်လည်းကောင်း ပြောင်းလဲ၍ပေးမှသာလျှင် ကြီးပွားချမ်းသာနိုင်ကြမည်ကား မလွဲမှားနိုင်သော ဆိုင်ကော်လော်ဂျီသဘောတရားဖြစ်ပေသတည်း။
အဘယ်ပုံ စစ်ဆေးရမည်နည်းဆိုသော် အတွင်း စိတ်သည် အိပ်မက်ကို ဖန်တီးသောစိတ်ဖြစ်၏။ ထိုစိတ်၌ရှိသောအစွဲများသည် အိပ်မက်၌ ပေါ်ပေါက်ရလေသည်။ အိပ်မက်ဆိုသည်မှာ အခြားမဟုတ်၊ နိုးကြားကြံစည်သောစိတ်သည် ငြိမ်သက်၍ သွားမည့်ဆဲဆဲအခါ၌ မနိုးကြားသောစိတ်သည် နိုးကြားသော စိတ်၏နေရာအနီးသို့ ချဉ်းကပ်၍လာခြင်းပင် ဖြစ်လေသည်။ သို့ချဉ်းကပ်၍လာသောအခါ၌ ၎င်းမှာ မသိမသာ စွဲ၍နေသောအစွဲတို့သည်လည်း လိုက်ပါ၍ လာကြလေသည်။
ထိုအခါ လုံးလုံးကြီး မဆိတ်မငြိမ်မကွယ် မပျောက်သေးသော နိုးကြားသော စိတ်သည် မနိုး ကြားသောစိတ်၌ပါလာသော အစွဲများကို တွေ့မြင်လေသည်။ ထိုတွေ့မြင်ခြင်းပင်လျှင် အိပ်မက်ဖြစ်လေသည်။ အကယ်၍ နိုးကြားသောစိတ်သည် လုံးလုံးလျားလျား ဆိတ်ငြိမ်ကွယ်ပျောက်၍ သွားချေကမနိုးကြားသောစိတ်၌ ပါလာသည့် အစွဲများကို မြင်မည် မဟုတ်ပေ။ ထိုကဲ့သို့ မြင်သောအခါမျိုးသည် အိပ်မော ကြီးကျ၍ နေသောအခါမျိုး ဖြစ်လေသည်။
ဥပမာ လူတစ်ယောက်သည်ကြီးပွားချမ်းသာ ၍လာသောမိတ်ဆွေတစ်ယောက်အပေါ်၌ ပျက်စီး စေလိုသောစိတ်ရှိအံ့။ ထိုစိတ်သည်ထင်ထင်ရှားရှား သိသိရရမဟုတ်။ ချစ်ဟန်ခင်ဟန် လိုလားဟန် လုပ်၍နေသော နိုးကြားသောစိတ်ကိုရှက်ကြောက် သဖြင့် မနိုးကြားသောအတွင်းစိတ်မှာ ကပ်တွယ် ခိုအောင်း၍ နေတတ်၏။ ထိုအခါ မိမိ၏အတွင်း စိတ်၌ ထိုမကောင်းသာ ဣဿစိတ်ရှိသည်ကို သေချာစွာမသိ၊ မသိလည်း မသိချင်။ မိမိကိုယ်ကို မိမိလှည့်စားလျက် ငါ့မိတ်ဆွေကြီး ကြီးပွား ချမ်းသာနေပြီ။ ငါလွန်စွာဝမ်းမြောက်သည်ဟု မိမိ ကိုယ်မိမိ လိမ်လည်၍နေ၏။ သို့လိမ်လည်၍ နေခြင်းကြောင့် မိမိမိတ်ဆွေအပေါ်၌ ပျက်စီးစေ လိုသောစိတ်ထားရှိသည်ကို မိမိကိုယ်တိုင် မသိဘဲ ရှိလေသည်။ ထိုစိတ်မရှိကြောင်းကို ဘုရားကို တိုင်တည်၍လည်းကောင်း၊ ကျမ်းကျိန်၍လည်း ကောင်း ပြောရဲကြလေသည်။
ထိုကဲ့သို့သောသူများအား အိပ်မက်သည် မှန်ရာကို ပြောလာ၏။ ဘယ်ပုံပြောပါသနည်း။ ထိုမိတ်ဆွေသည် ၎င်း၏အိမ်ကိုမီးလောင်နေသည်။ ဆင်းဆင်းရဲရဲ ဖြစ်နေသည်။ ဘေးဒုက္ခတစ်ခုခုနှင့် တွေ့၍နေသည်။ ပြေးလွှားနေရသည်။ လူးလှိမ့် နာကျင်၍ နေရသည်။ ငိုကြွေး၍ပင် နေရသည် ဟူသော အိပ်မက်မျိုးကိုမက်စေခြင်းဖြင့် အမှန်ကို ပြောတတ်လေသည်။ သို့ဖြစ်လေရာ မိတ်ဆွေ တစ်ယောက်က အသင့်အား အသင်သေသည်ဟု အိပ်မက်၌ မက်မြင်ကြောင်း အသင့်အား လာပြောချေက ထိုမိတ်ဆွေသည် မိတ်ဆွေစစ်မဟုတ်ဟု ပုံသေမှတ်ယူရမည်။ ကိုယ်တိုင်နှင့်ပတ်သက်ရာ၌လည်း ထိုအစွဲမျိုးရှိသည်ကို မှန်ကန်စွာ မသိက အိပ်မက်ကိုစစ်ဆေးခြင်းဖြင့် သိနိုင်ကြလေသည်။ ပျက်စီးမှာကို ကြောက်၍နေသောသူသည် ပျက်စီးတတ်၏။ ထိုကြောက်စိတ်ရှိသည်ကိုလည်း မသိဘဲ နေမိချေအံ့။ အိပ်မက်ဖြင့်သိရ၏။ အကြောင်းမူကား ပျက်စီးဆင်းရဲခြင်းပင်လျှင် အနက်အဓိပ္ပာယ်ရှိသော အိပ်မက်မျိုးမက်တတ် လေသည်။ ထိုအိပ်မက်မျိုးကို မက်မြင်သည့်အခါ ထိုအိပ်မက်သည် ဆင်းရဲဒုက္ခရောက်ခြင်းလျှင် အဓိပ္ပာယ်ရှိ၏။ ငါ၌ ဆင်းရဲဒုက္ခတစ်ခုခုဖြစ်မှာကို ကြောက်ရွံ့ နေသော အစွဲစိတ်ရှိလေသလားဟု သေချာစွာ စစ်မေးရမည်။ သို့စစ်ဆေး၍ တွေ့ရှိရသည့်အခါ မကြာမကြာ ထိုအစွဲကို စဉ်းစားပြီးလျှင် ဉာဏ်ဖြင့် ဖျောက်ဖျက်ရမည်။ မဖျောက်ဖျက်ဘဲထားက ထိုအစွဲရှိကြောင်းကို မေ့လျော့၍ သွားလိမ့်မည်။ မေ့လျော့၍သွားသောအခါ၌ ထိုအစွဲအတိုင်း မဖြစ်မနေရအောင် တန်ခိုးကြီးသော အတွင်းစိတ်သည် နည်းလမ်းတွေကို ဖန်တီး၍နေရလေသည်။
ဖျောက်ဖျက်ခြင်းဆိုသည့်စကားသည် များစွာ မသေချာသောစကားဖြစ်၏။ အမှန်မှာကား ထိုအစွဲ ကို မမေ့အောင် အဖန်ဖန်စဉ်းစားခြင်းပင်ဖြစ်လေသည်။ အတွင်းစိတ်၌ရှိသည့် မကောင်းသောအစွဲ များသည် မေ့လျော့ပျောက်ပျက်သည့်အခါ ဖမ်းစား တတ်လေသည်။
ထိုအကြောင်းနှင့်ပတ်သက်၍ အထက်ထက် က အတော်ပင်ရေးခဲ့ဖူး၏။ သို့သော်လည်း ထိုအချက်ကို ပိုင်နိုင်စွာမသိကြသည့်အတွက် ဆင်းရဲဒုက္ခအမျိုးမျိုး၊ အန္တရာယ်အမျိုးမျိုး တွေ့ကြုံရသူတွေ မြောက်မြားစွာရှိသည်ကို သိရသဖြင့် ထပ်လောင်းရေးသားရခြင်းဖြစ်လေရာ များလွန်းသည်ဟု မဆိုအပ်ပေ။
တိုးတက်ရေး၊ နံပါတ် ၅၀၊ နိုဝင်ဘာ၊ ၁၉၃၇။
ပီမိုးနင်း