Skip to main content

သမဝါယမစနစ်ကို အခြေတည်၊ တွဲလက်ညီညီ ရှေ့သို့ချီ၊ ပို၍ကောင်းအောင် တည်ဆောက်မည်

မြတ်စွာဘုရားရှင်က “ န ပုပ္ပဂန္ဓာ ပဋိဝါတမေတိ၊ နစန္ဒနံ တဂရ မလ္လိကာ ဝါ၊ သတဉ္စဂန္ဓာ ပဋိဝါတမေတိ ၊ သတ္ထာဒိသာ သမ္ဗုရိသော ပဝါယတိ ”ဟု ဟောကြားတော်မူခဲ့ပါသည်။ အဓိပ္ပါယ်မှာ “ပန်းတို့၏ ရနံ့သည် လေညာသို့ မရောက်နိုင်။ စန္ဒကူး၊ တောင်ဇလပ်၊ စံပယ်၊ ကြက်ရုံး စသော ပန်းတို့၏ အမြစ်၊ အနှစ်နှင့် အပွင့်ဟူသော ရနံ့သည်လည်း လေညာအရပ်သို့ မပျံ့စေနိုင်။ သူတော်ကောင်းတို့၏ သီလတည်းဟူသော ရနံ့နှင့် ဂုဏ်သတင်းသည်သာ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့မွှေးကြိုင်စေနိုင်သည် ဟု ဖြစ်ပေသည်။

နိုင်ငံတော်၏ ဂုဏ်သတင်းရနံ့ ဆိုလိုရင်းမှာ ယနေ့ နိုင်ငံတော်က စီးပွားရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများ ကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဈေးကွက် စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးနှင့် ပြည်တွင်းစီးပွား ရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး ဆိုသည့် စီးပွားရေးဦးတည်ချက်(၃)ရပ်ကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကကဏ္ဍ၊ သမ ဝါယမကဏ္ဍနှင့် နိုင်ငံပိုင်ကဏ္ဍ အသီးသီးတို့တွင် ပြည်တွင်းကသာမက ပြည်ပနိုင်ငံများကပါ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင် ဆောင် ရွက်လျက်ရှိသည်။

ထိုကဲ့သို့ ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီး မြှုပ်နှံရခြင်းမှာ “သူတော်ချင်းချင်း သတင်းကွေ့ကွေ့ ဆိုသည့် စကား အတိုင်း ကျွန်တော်တို့နိုင်ငံ၏ ဖော်ရွေသော ဆက်ဆံမှု၊ ကောင်းမွန် သော လုပ်ရပ်၊ မှန်ကန်သော မူဝါဒ၊ ခိုင်မာသော ရပ်တည်မှု၊ တိကျ သော ဆုံးဖြတ်ချက် အစရှိသည့် သီလ(ကျင့်ကြံ အားထုတ်မှု)တည်း ဟူသော ဂုဏ်သတင်းရနံ့၊ တစ်နည်းဆိုရလျှင် သူတော်ကောင်းတို့၏ သတင်းသည် နိုင်ငံတကာစီးပွားရေးအသိုက်အဝန်းကြား ပျံ့နှံ့ကြိုင် လှိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်ပေသည်။ ထိုသို့ ဂုဏ်သတင်းရနံ့ မွှေးပျံ့မှု များအနက် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည့် သမဝါယမ စီးပွားရေး လုပ်ငန်းများသည်လည်း အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ရပ်တည် လျက်ရှိပေသည်။

ကိုဗစ်-၁၉ နှင့် မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု

ယခုအချိန်ကာလသည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ အရှေ့ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ သက် ရောက်မှု၊ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ကန့်သတ်တားဆီးမှု များကြောင့် နိုင်ငံ့စီးပွားရေးအပေါ် သက်ရောက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ ဆိုးရွားစွာ ကျရောက်လျက်ရှိပေသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာအရ မြန်မာ့ စီးပွားရေးသည် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ထိခိုက်မှုကို ဆက်လက် ရင်ဆိုင်နေရပြီး ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၂ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်ကြောင်း၊ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်မည့် အစောဆုံးကာလကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ဟု ခန့် မှန်းကြောင်း၊ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု ခန့်မှန်းခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ၂ ရာခိုင်နှုန်းတွင် ဆက်လက်၍ ထိန်းထားနိုင်မည်ဟု ခန့်မှန်းကြောင်း လေ့လာတွေ့ရှိရပေသည်။

ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် လူအများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်နေသည့် အရပ်ဒေသများ၌ ကိုဗစ်-၁၉ ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများဖြစ်သည့် နေအိမ်တွင်သာ နေထိုင်ရခြင်း၊ ခရီးသွားလာမှုများ ကန့်သတ်ထားခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားရခြင်း စသည့် ကန့်သတ်ထိန်းချုပ်မှုများကြောင့် ကုန်ထုတ်လုပ်မှုများ ကျဆင်းခြင်း၊ ကုန်စည်စီးဆင်းမှုများ  နှေးကွေးခြင်း၊ ရောင်းဝယ်ဖောက်ကားမှုများ အရှိန်အဟုန်တန့်သွားခြင်းနှင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း စသည့် စီးပွားရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပေသည်။ အဆိုပါ စီးပွားရေး စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး၊ စီးပွားရေး အကျပ် အတည်းများကို ဖြေလျှော့ပေးနိုင်ရေးနှင့် အလုံးစုံ ပပျောက်ရေးတို့ အတွက် နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များ၊ သက်ဆိုင်ရာ ပညာရှင်များက နည်းလမ်းမျိုးစုံဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပေသည်။

တုံ့ပြန်မှုဆိုင်ရာအစီအမံများ

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးကို အထောက်အကူပြုရန်နှင့် ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်တက်လာခြင်းကို လျှော့ချနိုင်ရန်အတွက် ကိုဗစ်-၁၉ကပ်ရောဂါတုံ့ပြန်မှုဆိုင်ရာ စီမံချက်များကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လတ်တလောအခြေ အနေတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုကို လျှော့ချရေး၊ လက်လုပ် လက်စားပြည်သူများ သက်သာချောင်ချိစေရေးနှင့် အစားအစာများ လုံလောက်စွာရရှိစေရေး၊ စီးပွားရေးလုပ်ငန်း ဆောင်တာများအတွက် ပံ့ပို့ကူညီမှုပေးနိုင်ရေးတို့ကိုအလေးထားလုပ်ဆောင်ပေးလျက်ရှိသည်။

စီးပွားရေးပညာရှင်များ၏အဆိုအရ ရေရှည်တွင် ပြည်သူ့အခြေခံ အဆောက်အအုံများနှင့် ဒစ်ဂျစ်တယ်နည်းပညာများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ပြည်တွင်းဝယ်လိုအား၊ အလုပ်အကိုင်များ တိုးပွားလာစေပြီး စီးပွားရေးကုန်ထုတ်လုပ်အားကိုလည်း တိုးမြင့်အောင် ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်ရှိတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေမည့် မူဝါဒများအပါအဝင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာခဲ့ရသည့် စီးပွားရေးလုပ်ငန်းများကို ကုစားပေးနိုင်ရေးနှင့် ပြန်လည် ထူထောင်ရေးတို့တွင် အထောက်အကူပေးခြင်း အစရှိသည့် လုပ်ဆောင်ရမည့်နည်းလမ်းများ ချမှတ်ပြီးတုံ့ပြန်ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နိုင်ငံသားတိုင်း ပညာတတ်မြောက်စေရေး၊ ကျန်းမာ ကြံ့ခိုင်စွာ အသက်ရှင်နေထိုင်နိုင်ရေး၊ အလုပ်အကိုင်များ ရရှိစေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အထောက် အကူဖြစ်စေရန် ရည်ရွယ်ပြီး ဘေးကင်းသောသောက်သုံးရေ ရရှိရေး၊ စာသင်ကျောင်းများ ဆောက်လုပ်ရေးနှင့် ဆရာ၊ ဆရာမများအား လေ့ကျင့်သင်ကြားပေးရေး၊ လယ်ယာထွက်ကုန်သီးနှံများ အထွက်တိုး ရေး၊ သစ်တောနှင့် အခြား သဘာဝအရင်းအမြစ်များအား စီမံခန့်ခွဲရေး၊ ကားလမ်းများ၊ ရထားလမ်းများဖောက်လုပ်ရေးနှင့် ပြုပြင်ထိန်းသိမ်း ရေး၊ ဆိပ်ကမ်းများဆောက်လုပ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး၊ ဆက် သွယ်ရေးလုပ်ငန်းကွန်ရက်များ တိုးချဲ့ရေး၊ စွမ်းအင်များ တိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ တိုးချဲ့ရေး၊ အားကစားကဏ္ဍ အဆင့်မြှင့်တင်ရေး အစရှိသည့် စီမံကိန်းလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ချေးငွေများထုတ်ချေးပေးခြင်းနှင့် ပံ့ပိုးကူညီပေးခြင်းများဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ ဖြိုးတိုးတက်သောနိုင်ငံဖြစ်အောင် တည်ဆောက်လျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။

မကောင်းမှုကိုဖယ်ရှား၊ ကောင်းမှုကိုဖြစ်ပွားစေ

ထိုကဲ့သို့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် သမဝါယမကဏ္ဍသည်လည်း တစ်ဖက်တစ်လမ်းမှအထောက်အကူပြုလျက် ရှိရာ သမဝါယမဆိုသည့် မူလအဓိပ္ပာယ်အရ "သမ" မျှတသော၊ “ဝါယမ (ဝါယာမ)” ကြိုးစားအားထုတ်ခြင်း ဆိုသည့်အတိုင်း ပြည်သူ  လူထု၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို မျှမျှတတဖြင့် ကြိုးစားအားထုတ် ဆောင်ရွက်ပေး လျက်ရှိပေသည်။

ထိုသို့ ဆောင်ရွက်ရာတွင် “မျှတသော ဆိုသည့် စကားရပ်နှင့်အညီ  ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျကျဖြင့် မှန်ကန်သည့်လုပ်ရပ်ကို လုပ်ဆောင်ရပြီး “ကြိုးစားအားထုတ်ခြင်း ဆိုသည့်စကားရပ်အရ “ဥပ္ပန္နပါပက ဖြစ်ပြီးသောမကောင်းမှု(အကုသိုလ်တရား)တို့ကို ဖယ် ရှားရန်အားထုတ်ခြင်း၊ “အနုပ္ပန္နပါပက မဖြစ်သေးသော မကောင်းမှု (အကုသိုလ်တရားတို့ကို မဖြစ်အောင်အားထုတ်ခြင်း၊ “ဥပ္ပန္နကုသလ ဖြစ်ပြီးသောကောင်းမှု (ကုသိုလ်တရား)တို့ကို တိုးပွားအောင်အားထုတ်ခြင်း၊ “ အနုပ္ပန္နကုသလ မဖြစ်သေးသောကောင်းမှုကုသိုလ်တရား တို့ကို ဖြစ်ပွားအောင် အားထုတ်ခြင်း စသဖြင့် တရားတော်တွင်  ပါရှိသည့်အတိုင်း မကောင်းမှုတွေကိုဖယ်ရှားရန် အားထုတ်ခြင်းနှင့် ကောင်းမှုတွေဖြစ်ပွားအောင် ကြိုးစားအားထုတ်ခြင်းဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

သမဝါယမစနစ်ဖြင့် ပြန်လည်တည်ဆောက်

ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယိမ်းယိုင်ခဲ့ကြရသည့် စီးပွားရေးလုပ်ငန်းများအနက် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု သမဝါယမအသင်းများအား စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး ကျေးလက်နှင့် မြို့ပြနေ အသင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝကိုလည်း မြင့်မားလာစေမည်ဖြစ်သည်။ အလားတူ ဈေးကွက်စီးပွားရေးကို ပီပြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် စိတ်ဆန္ဒတူသူများဖြင့် ဖွဲ့စည်းထားသော ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုသမဝါယမအသင်းများက အချင်းချင်းချိတ် ဆက်ပြီး အသင်း၏ စီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။

ထို့ပြင် လုပ်ကွက်ငယ် တောင်သူလယ်သမားများ၊ တစ်ပိုင်တစ်နိုင် မွေးမြူသူများ၊ ရေလုပ်သားများ၊ ကျေးလက်နှင့် မြို့ပြနေ အခြေခံ ပြည်သူများကို အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ထိုမှတဆင့် သမဝါယမ အသင်းနယ်မှုနှင့် ဝန်စေရေးအတွက် ပါမည်။

ယမအသင်းများ မြင်သစ်များဖြင့် သမအသင်းများ

အသင်းများအဖြစ် ဖွဲ့စည်းကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ကုန်ထုတ် လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သည့် သမဝါယမအသင်းများ ဖြစ်ပေါ်လာစေရေးအတွက် ခေတ်စနစ်နှင့် လျော်ညီသည့် အတွေးသစ်၊အမြင်သစ်များဖြင့် ဆောင်ရွက်ကြရပါမည်။

ခေတ်မီပြီး လူမှုစီးပွားဘဝမြင့်မားသည့် သမဝါယမအသင်းများ ၊ ဖြစ်စေရေးအတွက် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော သတင်း အချက်အလက်နှင့် နည်းပညာများ၊ အတတ်ပညာများကိုလည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူးကာ သမဝါယမအသင်းနှင့် အသင်းသားများ၏ အကျိုးစီးပွားအတွက် လက်တွေ့ အသုံးချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် ငွေကြေး၊ နည်းပညာ၊ ဈေးကွက်အစရှိသည့် အရင်းအနှီးများကို ပြည်တွင်း ပြည်ပအဖွဲ့အစည်းများထံမှ အကူအညီဖြစ်စေ၊ အထောက်အပံ့ဖြစ်စေ၊ ချေးငွေဖြစ်စေ ရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ထုတ်ပြန်ပြဋ္ဌာန်း ထားသည့် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ သမဝါယမ၏ အခြေခံသဘောတရားများ၊ အခြေခံမူများ၊ အနှစ်သာရများနှင့် ကျင့်ဝတ်များကို ယခုထက်ပိုမို၍ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည် သဘောပေါက် လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ထိရောက်သည့်သမဝါယမ ပညာပေးရေးလုပ်ငန်းကို အလေး ထားဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။

အကျိုးကျေးဇူးနှင့် အခွင့်အလမ်းများ

“သမဂ္ဂါနံ တပ္ပါ သုခေါ - အဆွေခင်ပွန်းဖွဲ့၍ စုပေါင်းလုပ်ကိုင် ဆောင်ရွက်ခြင်းသည် ချမ်းသာသုခကို ရစေသည်ဖြစ်စေသည် ဆို သည့် တရားတော်သည် တစ်နည်းအားဖြင့်ဆိုရသော် သမဝါယမ စနစ်ကို ဖော်ညွှန်းပြဆိုခြင်းပင်ဖြစ်ပါသည်။ ပြည်သူတစ်ဦးချင်းစီ၏ အောင်မြင်တိုးတက်ချင်သည့်စိတ်၊ လုပ်ချင်ကိုင်ချင်စိတ်ရှိပြီး တကယ် ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုသည့်စိတ်၊ ကောင်းမွန်မှန် ကန်သောအလုပ်ကို အမှန်တကယ် ကြိုးစားဆောင်ရွက်လုပ်ကိုင်လို သည့်စိတ်များကို စုစည်းပြီး အတူတကွ စုပေါင်းဆောင်ရွက်ခြင်း ဖြင့် စနစ်ကျသည့်အဖွဲ့ အစည်းများ ဖြစ်ပေါ်လာမည့်အပြင် စနစ်ကျသည့် စီးပွားရေးဖော်ဆောင်မှုပုံစံကိုလည်း ရရှိလာနိုင်မည်ဖြစ်ပေသည်။

ထိုကဲ့သို့ စုပေါင်းအားနှင့် လုပ်ကိုင်ဆောင်ရွက်သည့် သမဝါယမအသင်းများ ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေမည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အသေးစား အရင်းအနှီး ချေးငွေများ ချေးယူရရှိနိုင်ခြင်း၊ ထာဝရ အသက်မွေးဝမ်းကျောင်းနိုင်မည့် နည်းပညာများကို သင်ယူရရှိနိုင်ခြင်း၊ မိမိတို့၏ ထုတ်ကုန်တွေကို မိမိတို့စိတ်ကြိုက် ရောင်းဝယ် ဖောက် ကားနိုင်မည့်ဈေးကွက်များသို့ ချိတ်ဆက်ထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ မိရိုးဖလာနည်းဖြင့် စိုက်ပျိုးလာခဲ့သည့်စနစ်မှ ခေတ်မီနည်းစနစ်တွေကို အသုံးပြုပြီး စိုက်ပျိုးလာနိုင်အောင် လယ်ယာသုံးစက်ကိရိယာပစ္စည်း များကို အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူရရှိနိုင်ခြင်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများကဲ့သို့ စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများကို သီးနှံ ပေါ်ပေး စာရင်းမှတ်စနစ်ဖြင့် ဝယ်ယူရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူး နှင့် အခွင့်အလမ်းများ ရရှိခံစားနိုင်မည်ဖြစ်သည်။

လူမှုစီးပွား ပိုမိုတိုးတက်ကောင်းမွန်ဖို့ ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ဖို့

ရှေးယခင်ကပင် ကမ္ဘာပေါ်ရှိ စီးပွားရေးအောင်မြင်သည့် နိုင်ငံများ တွင် သမဝါယမစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိခဲ့ရာ ၁၈၉၅ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (International Co-operative Alliance- ICA) ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယခုအခါ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့တွင်ရုံးစိုက်ကာသမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံအသီးသီးရှိ သမဝါယမအသင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်တွင် နိုင်ငံပေါင်း ၁၁၂ နိုင်ငံမှ သမဝါယမအသင်းပေါင်း ၃၁၈ သင်းက အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး မြန်မာနိုင်ငံမှ ဗဟိုသမဝါယမ အသင်းသည် ၁၉၉၃ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ အပြည်ပြည် ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်က ကမ္ဘာပေါ်ရှိ သမဝါယမစနစ်ကျင့်သုံးသော နိုင်ငံများရှိ သမဝါယမအသင်းများကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ် ဇူလိုင်လ၏ ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ဆောင်ပုဒ်များသတ်မှတ်၍ ဂုဏ်ပြုလျက်ရှိပေသည်။

ယခု ၂၀၂၁ ခုနှစ် ဇူလိုင် ၃ ရက်(စနေနေ့)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို “လူမှုစီးပွား ပိုမိုတိုးတက်ကောင်းမွန်ဖို့ ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်စို့ (Rebuild Better  Together)” ဆိုသည့် ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ သမဝါယမ အဖွဲ့ချုပ်က ဂုဏ်ပြုထားရာ စိတ်တူကိုယ်တူ၊ ဆန္ဒတူသူများက စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကို ၊ ဖြည့်ဆည်းနိုင်ရန် ပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနှင့်အညီ ကိုယ်တိုင် စီမံခန့်ခွဲဆောင်ရွက်သည့်သမဝါယမစနစ်ကို အခြေတည်၍ တွဲလက် ညီညီဖြင့် အနာဂတ်တွင် အောင်မြင်သည့် စီပွားရေးပန်းတိုင်ဆီသို့  အရောက်လှမ်းချီကာ ပိုမိုကောင်းမွန်သည့် စီးပွားရေးအသိုက်အဝန်း ကြီးကို တည်ဆောက်သွားကြရမည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် ပြည်သူလူထု၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမ၏ မူလအဓိပ္ပာယ်ဖြစ်သည့် မှန်ကန်သည့်လုပ်ရပ်ကို ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာဖြင့် မကောင်းမှုတွေကိုဖယ်ရှားပြီး ကောင်းမှုတွေကို ဖြစ်ပွားအောင် ကြိုးစားအားထုတ်ကာ “သမဝါယမစနစ်ကို အခြေ တည်၊ တွဲလက်ညီညီရှေ့သို့ချီ၊ ပို၍ကောင်းအောင် တည်ဆောက် မည်ဆိုသည့် သန္နိဋ္ဌာန်စိတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက် သွားကြပါစို့ဟု တိုက်တွန်းရင်း ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြု လိုက်ရပေသည်။ ။

စစ်လွမ်းနောင် (မန်းမြေသား)