နှလုံးသားကို ဖြူစင်အောင်ထားပါ ဘဝဆိုတာ ကျွန်တော်တို့ရဲ့ဆရာပါပဲ
အထိနာဖို့လိုအပ်ပါတယ်
ကျွန်တော်တို့ဟာ အမြဲလိုလို အထိနာတဲ့အခါကျမှ သင်ခန်းစာ ရလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ လုပ်နေကျ အလုပ်တစ်ခုကို မကောင်းမှန်းသိလည်း လွယ်လွယ်ကူကူပဲ ဆက်လုပ်နေပါတယ်။ ပြောင်းလဲဖို့ဝန်လေးကြပါတယ်။ စီးကရက်သောက်တာကို မကောင်းမှန်းသိပေမယ့်လည်း စီးကရက်ကြိုက်သူ ကတော့ ဆက်သောက်နေတာပါပဲ။ “ဓာတ်မှန်ပေါ်က မြင်ရတဲ့ အဆုတ်မှာ ကင်ဆာလို့ထင်ရတဲ့ အစက်တွေရှိတယ်။ ခင်ဗျား ဆေးလိပ်ဆက်သောက်နေရင်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သလိုဖြစ် မှာပဲ”လို့ ဆရာဝန်က ပြောလိုက်မှပဲသိပ်ကြောက်သွားပြီး ဆေးလိပ် ကိုဖြတ်ဖို့ စဉ်းစားကြပါတယ်။ ။
- လင်မယားတွေ၊ ချစ်သူတွေ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက် ချစ်ကြောင်း၊ ကြင်နာကြောင်း၊ ဂရုစိုက်ကြောင်း ပြောလေ့ရှိပါသလဲ။
- အိမ်ထောင်ရေးတစ်ခု ပြို ကွဲတော့မယ့်အခါ၊ ချစ်သူက စွန့်သွား တော့မယ့်အခါကျမှ ဖြစ်ပါတယ်။
- ကျောင်းမှာလည်း ဘယ်အခါကျမှ စာကိုကျက်ရကောင်းမှန်း သိတာလဲ။
- လစဉ်စာမေးပွဲတွေမှာ ကျတဲ့ဘာသာတွေများလာပြီး အတန်း တင်စာမေးပွဲမှာ ကျမလိုဖြစ်လာတဲ့အခါကျမှ စာကျက် ပါတယ်။
- စီးပွားရေးမှာလည်း အကြံသစ်ဉာဏ်သစ်တွေ စွန့်စားတဲ့ဆုံးဖြတ် ချက်တွေ ဘယ်တော့မှ ထွက်လာတာလဲ။
- ကိုယ့်ရဲ့ ဖောက်သည်တွေ ပြိုင်ဘက်တွေဆီ ပါသွားတဲ့အခါ၊ ဝင်ငွေတွေကျလာတဲ့ အခါကျမှ ဖြစ်လေ့ရှိပါတယ်။
- ဘယ်အချိန်မှာ ဘုရားရှိခိုးလေ့ရှိပါသလဲ။
- ဒုက္ခနဲ့ တွေ့ရတဲ့အခါပါ။
ကျွန်တော်တို့ဟာ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ကြုံတွေ့ရတိုင်း သင်ခန်းစာရပါတယ်။ ဘဝမှာ ဒုက္ခရောက်တဲ့အခါ၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချရတာ များပါတယ်။ အထိနာတဲ့အခါတိုင်း “ငါဒီလိုအဖြစ်မခံတော့ဘူး။ နောက်တစ်ခါ မဖြစ်စေ ရဘူး။ အရင်လို ပေါ့ပေါ့မနေတော့ဘူး။ ကြိုးစားမယ်။ ဖြစ်အောင်ပြန်လုပ်မယ်” ဆိုတာတွေ ဖြစ်လာပါတယ်။
အောင်မြင်မှုကိုရတဲ့အခါတိုင်း ကျွန်တော်တို့ပျော်ပါတယ်။ အောင်မြင် တဲ့အထိမ်းအမှတ်ပွဲတွေ လုပ်ပါတယ်။ သင်ခန်းစာတော့ မရပါဘူး။ ဒုက္ခရောက်ရတဲ့အခါ၊ ပြဿနာဖြစ်တဲ့အခါ၊ ဆုံးရှုံးရတဲ့အခါ၊ အထိ နာတဲ့အခါ ကျွန်တော် သင်ခန်းစာတွေရပါတယ်။ တစ်နည်းပြော ရရင် အထိနာတဲ့အခါတိုင်း ကျွန်တော်တို့ကို အလှည့်အပြောင်းတွေ ဖြစ်စေပါတယ်။
ဒီလိုပြောလို့ စွမ်းရည်ထက်မြက်တဲ့သူတွေက အထိနာစေမယ့် ပြဿနာတွေ၊ ဒုက္ခတွေကို ရှာနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံရတဲ့အခါ “ငါလုပ်နေ တာတွေ၊ ငါ စဉ်းစားနေတာတွေကိုဘယ်လိုပြောင်းပစ်ရင် ဒီအခြေအနေပြောင်းလဲ သွားမလဲ” လို့ မေးလေ့ရှိပါတယ်။ ဘဝမှာ အောင်မြင်မှုမရရှိသူတွေက တော့ သတိပေးတဲ့ အချက် အလက်တွေကို ဂရုမစိုက်တဲ့အပြင် လောကကြီးကိုလည်း အကောင်းမြင်လေ့မရှိပါဘူး။ ဒုက္ခ ရောက်တဲ့ အခါ “ဘာကြောင့် ငါဒီလောက်ကံဆိုးရတာလဲ” လို့ မေးပါလိမ့်မယ်။
ကျွန်တော်တို့ဟာ အလေ့အကျင့်ကို ဆုပ်ကိုင်ထားတတ်ကြတဲ့ လူသားတွေပါ။ အထူးသဖြင့် မကောင်းတဲ့အလေ့အကျင့်ကို ပိုပြီးတော့
ပြောင်းဖို့ဝန်လေးကြပါတယ်။ မကောင်းမှန်းသိပေမယ့်လည်း လုပ်နေကျ အလေ့အကျင့်ကိုတော့ ပြောင်းဖို့ခက်ပါတယ်။ မဖြစ်မနေ ပြောင်းလဲရ မယ့်အခြေအနေနဲ့ကြုံမှ ပြောင်းလဲတတ်ကြပါတယ်။
ကျွန်တော်သိတဲ့ ရတနာဆိုတဲ့ မိန်းကလေးတစ်ယောက် သူသိပ် ချစ်တဲ့ ချစ်သူက စွန့်ပစ်သွားပါတယ်။ အခန်းထဲက တစ်ပတ်လောက် မထွက်ဘဲ ဝမ်းနည်းပူဆွေးမှုများစွာနဲ့ နေ့ စဉ်ငိုခဲ့ရပါတယ်။ တဖြည်း ဖြည်းနဲ့ သူငယ်ချင်းတွေကို ပြန်ဆက်သွယ်ပြီး အပြင်သွားဖြစ် ကြပါတယ်။ အရင်က အချိန်များစွာကို ချစ်သူအတွက်ပဲပေးထားလို့ သူငယ်ချင်းတွေနဲ့တွေ့ရချိန် နည်းခဲ့ပါတယ်။ သူငယ်ချင်းအသစ်တွေလည်း ရလာပါ တယ်။ သင်တန်းအသစ်တွေ တက်ဖြစ် တဲ့အပြင် လစာကောင်းတဲ့ အလုပ်သစ်တစ်ခုကိုလည်း သူငယ်ချင်းအသစ်တစ်ယောက်ရဲ့ ဆက်သွယ် ပေးမှုနဲ့ရခဲ့ပါတယ်။ ခြောက်လအတွင်းမှာ ရတနာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်လာပါတယ်။ရတနာ့ဘဝမှာ တစ်ခါမှမရ ဖူးတဲ့သူငယ်ချင်းတွေနဲ့ လွတ်လပ်ပျော်ပါးတဲ့အရသာတွေကို ရလာပါတယ်။ ချစ်သူက စွန့်ပစ်သွားတာ ရတနာအတွက်တော့ အကောင်းဆုံးဘဝကို ပိုင်ဆိုင်နိုင်ဖို့ဖြစ်လာတာပါပဲ။
ရတနာလိုပါပဲ။ ကိုရဲသီဟဟာ လူလျှော့တဲ့စာရင်းမှာပါသွားပြီး အလုပ်က ထွက်ခဲ့ရပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့ အင်္ဂလိပ်စာကို အခြေခံပြီး အင်္ဂလိပ်စကားပြောသင်တန်းလေးဖွင့်ခဲ့ပါတယ်။ ကိုရဲသီဟစိတ်ဝင်စားတဲ့ ဝါသနာပါတဲ့ စာသင်ရတဲ့အလုပ်ကို လုပ်ရတာဖြစ်ပြီး ဘယ်သူ့ကိုမှ ကြောက်စရာမလိုတဲ့ ကိုယ်ပိုင်အလုပ်တစ်ခုဖြစ်လို့ပျော်ပါတယ်။ အရင်လစာကို မမီသေးပေမယ့် လုပ်နေရတဲ့အလုပ်ကို စိတ်ဝင်စားပါတယ်။ ကျောင်းသားဦးရေကလည်း တဖြည်းဖြည်း တိုးနေပါတယ်။ အလုပ်ကထွက်ခဲ့ရတာဟာ ကိုရဲသီဟကို ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်ဖို့ တွန်းအားပေးလိုက်တာပါပဲ။ ဘဝဆိုတာပြဿနာတွေ၊ ဒုက္ခတွေ ဆင့်ကဲဆင့်ကဲဖြစ်ပေါ် နေတာလား?
ဒီလိုတော့လည်း မဟုတ်ပါဘူး။ လောကသဘာဝတရားကြီးက ကျွန်တော်တို့ကို ပြောင်းလဲ ဖို့လိုတဲ့အခါ မသိမသာအချက်ပြလေ့ရှိပါ တယ်။ မသိမသာအချက်ပြနေတာကို သတိမထား မိရင်တော့ သိသိ သာသာဖြစ်အောင် တူကြီးကြီးနဲ့ထုပါလိမ့်မယ်။ ။
ပြောင်းလဲခြင်းဟာ လိုအပ်တဲ့အချိန်မှာမလုပ်ရင်ပိုအထိနာပါတယ်။ သင်ခန်းစာ
တစ်ခါတလေ လောကကြီးမှာ ကျွန်တော်တို့ နားမလည်နိုင်တာ၊ ရှင်းပြဖို့ခက်တာတွေ အများကြီး ရှိပါတယ်။ ဥပမာ - မွေးကင်းစကလေးက မွေးလာကတည်းက AIDS
ရောဂါပါလာတယ်။ မုန်တိုင်းဝင်လို့ ရွာတစ်ရွာလုံး ရေအောက်ရောက်သွားတယ်။ လူတွေအသက်များစွာ ဆုံးရှုံးရတယ်။ ခြံထဲမှာ စာဖတ်နေတဲ့ ကိုယ်ဝန်သည် လမ်းပေါ်မှ ကားက ခြံစည်းရိုးကိုဝင်တိုက်လို့ အသက် ဆုံးရှုံးရတယ်။ ဘာကြောင့်လဲ။ ဘာလို့ သူတို့မှဖြစ်ရ တာလဲ။ အဖြေကတော့ ခက်ပါတယ်။ နေ့စဉ်တွေ့ကြုံ နေရတဲ့ မိမိပတ်ဝန်းကျင်မှာလည်း အလားတူအဖြစ် အပျက်တွေ ဖြစ်နေပါတယ်။ တချို့တွေမှာဖြစ်တဲ့ ပြဿနာတွေက တခြားသူတွေမှာ မဖြစ်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ တွေ့ကြုံလာတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းသလဲဆိုတာ မူတည်ပြီး လူသုံးမျိုးသုံးစားကွဲသွားပါတယ်။
၁။ အောက်ပါအတွေးအခေါ်ရှိတဲ့လူမျိုးကတော့ စိတ်ချမ်းသာခြင်းကိုရပြီး အောင်မြင်မှုတွေ ရနိုင်ပါတယ်။ ။ “ကျွန်တော့်ဘဝက ကျွန်တော်လိုအပ်တဲ့ဘဝသင်ခန်းစာ တွေကို တစ်ခုပြီးတစ်ခု အချိန်ကိုက်ပေးနေတယ်”
၂။ သာမန်လူတစ်ယောက်အဖြစ် အောင်မြင်မှု အနည်းငယ် ရမယ့်လူမျိုးကတော့ -
“ဘဝဆိုတာ ထီလိုပါပဲ။ ကံကောင်းရင် ဖြစ်လာမှာပေါ့”
၃။ စိတ်ဓာတ်ကျပြီး အောင်မြင်မှုမရရှိသူများကတော့ -
“ဘာဖြစ်လို့ ငါအမြဲကံဆိုးနေရတာလဲ။ ဘာကြောင့် ငါပဲ ဖြစ်နေရတာလဲ”လို့ ပြောပါလိမ့်မယ်။
ကျွန်တော်တို့ဟာ သင်ခန်းစာယူလို့ရတဲ့အမှားတွေ တစ်ခုပြီး တစ်ခု ကြုံနေမှာပါပဲ။ သင်ခန်းစာမယူရင်တော့ အမှားတွေ ထပ်ထပ် ကြုံနေရမှာပါ။
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြဿနာတွေကတော့ နေ့စဉ် ရင်ဆိုင်နေရမှာပါပဲ။ ပြဿနာကို ဖြေရှင်းမလား၊ လျစ်လျူရှု မလား။ ပြဿနာကတော့ရှိနေမှာပဲ။ “အိမ်နီးနားချင်းက ရန်စတဲ့အခါ”၊ “ကားပွဲစားက ကားကို လိမ်ရောင်းသွားတဲ့အခါ”၊ “ချစ်သူက စွန့်ပစ်သွားတဲ့ အခါ” စသည်တို့ဟာ ကျွန်တော်တို့ရဲ့ ဘဝပတ်ဝန်းကျင် မှာ အမြဲရှိနေပါတယ်။
ကျွန်တော်တို့ဟာ သင်ခန်းစာမယူတတ်ရင်တော့ စိတ်ဆင်းရဲစရာ တွေနဲ့ပဲ ကြုံနေပါလိမ့်မယ်။ ပြောင်းလဲပါတစ်ခါတစ်ရံ ကျွန်တော်တို့ဘဝမှာ တစ်အူထုံဆင်း မောင်နှမရင်း တွေဖြစ်ပေမယ့် စိတ်အခန့်မသင့်ဖြစ်တဲ့အခါတစ်ယောက်နဲ့တစ်ယောက် ပြောမိဆိုမိကြပါတယ်။ ငါ့ညီမက ငါ့ကို ပြောလိုက်ဆိုလိုက်တာဆိုပြီး စိတ်ဆိုးလို့ရပါတယ်။ နှစ်နာအောင် တစ်ခုခုပြန်လုပ်လို့လည်း ရပါ တယ်။ ဒါပေမဲ့ ညီမလေးပဲ ခွင့်လွှတ်လိုက်မယ်ဆိုပြီး ချစ်တဲ့စိတ် မွေးလိုက်တာနဲ့ စိတ်ထဲ မှာ ရှင်းသွားပြီး ပျော်ရွှင်မှုကိုရပါတယ်။
“ ဒီကောင့်ကိုတော့ လုံးဝမကျေနပ်ဘူး”
စီးပွားရေးစပ်တူ အကျိုးတူလုပ်ကြတဲ့ မိတ်ဆွေတွေဖြစ်ပေမယ့် စိတ်အခန့်မသင့်လို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် လမ်းခွဲကြတဲ့အခါ သင်ခန်းစာပြီးသွားပြီလို့ ပြောလို့မရပါဘူး။ အကယ် ၍ စိတ်ထဲက တစ်ဖက်သားကို မကျေမနပ်ဖြစ်နေမယ်။ သူ့အကြောင်း ပဲတွေးပြီး စိတ်တိုနေမယ်။ သူပျက်စီးရာပျက်စီးကြောင်းပဲ တွေးနေ ရင်တော့ ဘဝသင်ခန်းစာမရသေးဘူးလို့ဆိုရပါမယ်။ခွင့်လွှတ်လိုက်ပါ။ ခွင့်လွှတ်တယ်ဆိုတာ အလျှော့ပေးတာ မဟုတ်ပါဘူး။ ခွင့်လွှတ် တယ်ဆိုတာ သတ္တိရှိတဲ့သူတွေမှ လုပ်နိုင်ပါတယ်။ ခွင့်လွှတ်ဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့ လုပ်ဖို့ ခက်ခဲပါတယ်။ သင်လေ့ကျင့်ဖို့လိုပါလိမ့်မယ်။ သင့်ရဲ့ အခွင့်အရေးပါပဲ။ ကိုယ်လုပ်နေကျ မဟုတ်တာကို လေ့ကျင့်ခွင့်ရလို့ပါ။ “ ဒီကောင့်ကိုတော့ လုံးဝမကျေ နပ်ဘူး။ ဒီကောင့်ကြောင့် စိတ်ဆင်းရဲရတယ်” လို့ သင်ထင်နေရင် သင်မှားပါလိမ့်မယ်။ ဘယ်သူကမှ ကိုယ့်ကိုလာပြီး စိတ်ဆင်းရဲအောင် လုပ်လို့မရပါဘူး။ မိမိကိုယ်မိမိပဲ လုပ်တာပါ။ မိမိရဲ့ ရွေးချယ်မှုပါပဲ။ ကျွန်တော့်အထက်ကလူကြီးက လူကြီးမပီသဘူး။ ကျွန်တော့်ကို အမြဲအပြစ်ရှာတယ်။ သင်ခန်းစာကဘာလဲ ?
အလုပ်မှာ အမြဲလိုလိုကြားရတဲ့ စကားတစ်ခုပါ။ ကိုယ့်အထက်က လူကြီးက ကိုယ့်ကို အပြစ်ရှာ တယ်လို့ထင်နေရင်၊ ကိုယ့်အထက်က လူကြီးကို လူကြီးမပီသဘူးလို့ထင်နေရင် ဘာအကျိုး ကျေးဇူးမှ မရပါဘူး။ တကယ်ဟုတ်နေတယ်ပဲထားဦး။ သူ့ရဲ့ အမူအကျင့်ကို ကိုယ်ကပြောင်း လို့မရပါဘူး။ပြောင်းလို့ရတာကကိုယ့်ရဲ့အတွေးအခေါ် ပါ။ ပြောင်းလဲကြည့်ပါ။ ကိုယ့်လူကြီးရဲ့ အပြစ်တွေကို ရှာနေမယ့်အစား သူကောင်းတဲ့အချက်တွေကို ရှာကြည့်ပါ။ ကိုယ်ချင်း စာကြည့်ပါ။ သူ့နေရာကနေဝင်ပြီး သူတာဝန်ယူထားရတာတွေကို စဉ်းစားကြည့်ပါ။ ပြဿနာ တော်တော် များများ ပျောက်သွားပါလိမ့်မယ်။ သင့်ဘက်က စိတ်ဓာတ်ပြောင်းလဲလာတဲ့အတွက် သူ့ဘက်ကလည်း ပိုမိုပွင့်လင်း လာပြီး ဆက်ဆံရေးတွေ ကောင်းလာပါလိမ့်မယ်။ ကောင်းကွက် တွေ ကိုပဲ စဉ်းစားရင်းနဲ့ ကိုယ်ကလည်း သူ့အပေါ် သဘောကျလာနိုင်ပါ တယ်။ ။
သင်ပြောင်းလဲလိုက်တာနဲ့ အခြေအနေတွေက ပြောင်းလဲလာပါ လိမ့်မယ်။ ဒါလောကကြီးရဲ့ ဥပဒေသပါပဲ။ ဘယ်လိုဖြစ်မှာလဲ။ ဘယ်တော့ဖြစ်မှာလဲလို့ စဉ်းစားမနေပါနဲ့။ သင့်ရဲ့ စိတ်ဓာတ်ကို
ပြောင်းလဲဖို့က အဓိကပါ။ ပြောင်းလဲတဲ့အခါမှာလည်း တကယ်ကို ရိုးရိုးသားသားနဲ့ စိတ်ပါလက်ပါ ပြောင်းလဲဖို့လိုပါတယ်။ အပေါ်ယံ ဟန်ဆောင်ရုံနဲ့ မရပါဘူး။
အလုပ်ပြောင်းလိုက်ရင်ဖြစ်တာပဲလို့ သင် စောဒကတက်နိုင်ပါ တယ်။ ယုံလိုက်ပါ။ သင်အလုပ်ပြောင်းလည်းပဲ သင့်ရဲ့ စိတ်ဓာတ်ကို မပြောင်းသရွေ့ နောက်ထပ်လူကြီးမဆန်တဲ့လူအတွက် အလုပ် လုပ်ရတာနဲ့ ကြုံရပါဦးမယ်။ “တစ်ရွာမပြောင်း သူကောင်းမဖြစ်”
စကားပုံရှိနေတာပဲ။ ဒီမြို့မှာ အဆင်မပြေရင် တခြားမြို့ပြောင်း မယ်။ ဒီတိုင်းပြည်မှာ အဆင်မပြေရင် နိုင်ငံခြားသွားမယ်။ ဘဝသစ် ပြန်စမယ်။ မှားပါလိမ့်မယ်။ သင့်ရဲ့ ဘဝသစ်ကိုစဖို့ အကောင်းဆုံးက အခုပါပဲ။ ဒီနေရာပါပဲ။ မြို့ပဲပြောင်းပြောင်း၊ နိုင်ငံပဲပြောင်းပြောင်း သင့်ရဲ့ မကောင်းတဲ့အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို ယူသွားရင် ဘာပြောင်းလဲမှုမှ ဖြစ်လာမှာမဟုတ်ပါဘူး။ သင့်ဘဝကို ကောင်း လာစေဖို့၊ တိုးတက်လာစေဖို့ သင်နေတဲ့နေရာကို ပြောင်းဖို့ထက် သင့်ရဲ့ အမူအကျင့်တွေ၊ အလေ့အထတွေ၊ စိတ်ဓာတ်တွေကိုပြောင်းဖို့ က အရေးကြီးပါတယ်။ ။ သင်ခန်းစာကတော့ ကိုယ့်နောက်အမြဲလိုက်တယ် ။
နေလင်းအောင်က အပျော်အပါးကြိုက်တယ်။ ညဘက်ဆိုရင် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်မယ်။ ကာရာအိုကေ သွားမယ်။ မိဘတွေက စည်းကမ်းကြီးတယ်။ ညဘက်အပြင်ထွက်တာ မကြိုက်ဘူး။ နေလင်းအောင် ခိုးထွက်ရတယ်။ ဘွဲ့ရပြီးတော့ မိဘက စီစဉ်တာနဲ့ အိမ်ထောင်ပြုဖို့ သဘောတူလိုက်တယ်။ ကိုယ့်အိမ်ထောင် နဲ့ ကိုယ်နေရင် လွတ်လွတ်လပ်လပ် ညဘက်ထွက်လည်မယ်။ သူငယ် ချင်းတွေနဲ့ ပျော်မယ်ဆိုတဲ့အစီအစဉ်အပြည့်နဲ့ပေါ့။ လက်ထပ်ပြီးတော့ ညဘက်မပြောနဲ့ နေ့ဘက်တောင် အပြင်ကို တစ်ယောက်တည်းထွက် လို့မရဘူး။ သွားလေရာ မိန်းမကလိုက်တယ်။ အိမ်ကနေထွက်တာနဲ့ သင်ခန်းစာတွေကို လောကကြီးကပေးဖို့ အဆင်သင့်စောင့်နေတယ်။ တိဗက်ကိုသွားနိုင်ရင် ဘဝရဲ့ အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်မယ် ။
တချို့လူတွေက ဘဝရဲ့ အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်ဖို့ တိဗက်က ဘုန်းကြီးတွေနဲ့တွေ့ရင် ကောင်းမယ်။ အိန္ဒိယက ဆာဒူးကြီးတွေနဲ့ တွေ့ရင်ကောင်းမယ်။ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ထူးတွေနဲ့တွေ့ရင် ကောင်းမယ်လို့ ထင်ကြပါတယ်။
အမေရိကန်နိုင်ငံသား ဂျင်မီဟာ ဘဝရဲ့ အဓိပ္ပာယ်ကိုရှာဖို့ နီပေါနိုင်ငံ ခေတ္တမန္ဒူမြို့ကို သွားခဲ့ပါတယ်။ ခေတ္တမန္ဒူမှာ ဂျင်မီအစား မှားလို့ ဝမ်းသွားပြီး နေမကောင်းဖြစ်ပါတယ်။ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖို့ထက် အမေရိကန်နိုင်ငံပြန်ဖို့ပဲ စဉ်းစားရင်းနဲ့ “အခုနေအိမ်မှာ ရေနွေးနဲ့စိမ်ပြီး ရေချိုးရရင် ဘဝအဓိပ္ပာယ်ကို ပိုရှာနိုင်မယ်” လို့ တွေးမိပါတယ်။ ။
ဟုတ်ပါတယ်။ တိဗက်လူမျိုးတွေအတွက်ကတော့ တိဗက်မှာ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာနိုင်ပါ လိမ့်မယ်။ ကျွန်တော်တို့အတွက် ဘဝ သင်ခန်းစာ ဘဝအဓိပ္ပာယ်ကို ကျွန်တော်တို ပတ်ဝန်း ကျင်မှာပဲ ရှာလို့ ရပါတယ်။ ဘယ်ကိုမှသွားဖို့မလိုပါဘူး။ ကျွန်တော်တို့ကြောက်သော ဘဝသင်ခန်းစာကြောက်နေရုံနဲ့မပြီးပါဘူး။ ကြောက်တာကို ရင်ဆိုင်လိုက်မှ ကြောက်တာကို ကျော်လွှားနိုင်ပါမယ်။ ကျွန်တော်တို့ဘဝမှာလည်း ကျွန်တော်တို့ကြောက်တဲ့အရာတွေက ကျွန်တော်တို့ဆီ ရောက်လာ တတ်ပါတယ်။ ကျွန်တော်ဆိုရင် မီးလောင်မှာ အလွန်ကြောက် ပါတယ်။ မီးမလောင်အောင် ကြိုတင်ကာကွယ်မှုတွေ အများကြီးလုပ်ပါတယ်။ ဒီကြားထဲက ကျွန်တော်အိပ်တဲ့အခန်းမီးလောင်ပါတယ်။ နေပြည်တော် ကိုသွားတဲ့ လမ်းသစ်ကြီးက ကောင်းလွန်းလို့ ကားတွေ အမြန်မောင်း ကြပါတယ်။ အထူးသဖြင့် ကားကောင်းတွေ ကားသစ်တွေ မြန်မြန် မောင်းလွန်းတဲ့အတွက် အရှိန်လွန်ပြီး ကားမှောက်မှုတွေ အဖြစ်များပါ တယ်။ ကျွန်တော် တစ်နေ့ နေပြည်တော်ကို ကျွန်တော့်ယာဉ်မောင်းနဲ့ နှစ်ယောက်တည်း သွားပါတယ်။ ရန်ကုန်ရုံးက ထွက်ကတည်းက လမ်းသစ်ကြီးပေါ်မှာ မြန်မြန်မောင်းရင် ကားမှောက်မှာစိုးရိမ်လို့ ယာဉ်မောင်းကို လမ်းသစ်ပေါ်ရောက်တဲ့အခါ အိပ်ပျော်နေရင် နှိုးဖို့ မှာထားပါတယ်။ ထောက်ကြန့်ကအထွက် ယာဉ်ဖြတ်သန်းခွင့်ကောက်ခံတဲ့ ဂိတ်မှာပဲ ယာဉ်တိုက်မှုဖြစ်ပြီး ကျွန်တော့်ဘယ်ဘက် လက်ဖျံရိုးကျိုးခဲ့ပါတယ်။
ကျွန်တော်တို့ကြောက်တဲ့အရာတွေက ကျွန်တော်တို့ဆီ ရောက် လာတတ်ပါတယ်။ ဒါ လောကရဲ့နိယာမပါပဲ။ ဆွဲဆောင်မှုနိယာမလို့ လည်း ပြောလို့ရပါတယ်။
ဒါကြောင့် ကြောက်တာတွေကို မတွေးဖို့၊ ကြောက်စိတ်ကို ဖျောက်နိုင်ဖို့ အရေးကြီးပါတယ်။ ဘဝသင်ခန်းစာနှင့်အသိအမြင်“အသူရာနက်တဲ့ချောက်ထဲကိုရောက်လိုက်မှဘဝအတွက်တန်ဖိုး မဖြတ်နိုင်တဲ့ သင်ခန်းစာတွေကိုရမယ်။ လဲကျတိုင်း ပြန်ထပါ။ ပြန်ထနိုင်တိုင်း လောကရဲ့ အမှန်ဆုံးအသိအမြင်တွေ့ရမယ်။ သင်ကြောက်ကြောက်နဲ့ဝင်ခဲ့တဲ့ဂူတိုင်းမှာ သင်လိုချင်နေတဲ့ ရတနာတွေကို တွေ့လိမ့်မယ်”
ဘဝဆိုတာ အမြဲတမ်း နာကြည်းစရာတွေချည်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နာကြည်းလောက်တဲ့ သင်ခန်းစာရမှ ကျွန်တော်တို့က
ပြောင်းလဲကြတာပါ။ နာကြည်းစရာကောင်းတဲ့ အခြေအနေမရောက် မချင်း ကျွန်တော်တို့ ဟန်ဆောင်ကြပါတယ်။ ထိပြီဆိုတာကိုပြောဖို့ မာနက ခွင့်မပြုပါဘူး။ “ဘာမှမဖြစ်ပါဘူး” လို့ပဲ မာနလေးနဲ့ ဟန်ဆောင် ကြပါတယ်။ ကိုယ့်ဘက်မှာ ဘယ်သူမှမရှိတော့ဘူး။ တစ်ယောက်တည်း ဖြစ်နေပြီဆိုတာသိရမှကြောက်လာမှမာနကိုလျှော့ပြီးပြုပြင်ပြောင်းလဲဖို့ စဉ်းစားကြပါတယ်။
တခြားလူတွေနာကြည်းစရာကောင်းတဲ့အခက်အခဲတွေနဲ့တွေ့တာ ကို မြင်ရတဲ့အခါ သင်ခန်းစာယူဖို့လွယ်ပါတယ်။ လူတစ်ယောက်စီးပွား ပျက်ပြီး ဆင်းရဲသွားတာကို မြင်ရတဲ့အခါ “သင်ခန်းစာရသွားရင်တော့
ကောင်းတာပေါ့”လို့ကျွန်တော်တို့မှတ်ချက်ချကြပါတယ်။ ယောက်ျားက ပစ်သွားတာကို မြင်ရတဲ့အခါ “ကောင်းပါတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သွားတာပေါ့”လို့ သင်ခန်းစာထုတ်ကြပါတယ်။ သူများတွေ ရဲ့ အဖြစ်အပျက်တွေကိုကြည့်ပြီး အခက်အခဲတွေက အားအင်အသစ်တွေ ကိုမွေးဖွားပေးတယ်လို့ဆိုကြပေမယ့် ကိုယ်တိုင်အခက်အခဲနဲ့ ရင်ဆိုင်ရ တဲ့အခါကျရင်တော့ “ငါအမြဲကံဆိုးနေတာပဲ။ ဘယ်တော့များမှ ကံကောင်းမှာလဲ”လို့ ညည်းတတ်ကြပါတယ်။ တကယ်တော့ ကံကောင်း လို့ အခက်အခဲတွေနဲ့ တွေ့ရတာပဲလို့ တွေးတတ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အခက်အခဲဆိုတာ အခွင့်အရေးပါပဲ။ မိမိပတ်ဝန်းကျင်က လူတွေသာကောင်းရင်
တစ်ခါတလေကျရင် အိမ်ရှင်မတွေက အိမ်ထောင်ပြုပြီးကတည်း ကယောက်ျားဝတ္တရား၊ ကလေးတာဝန်တွေနဲ့ ကိုယ်ပိုင်အချိန်ကိုမရှိဘူး။ အလုပ်ကလည်း ထွက်လိုက်ရတယ်၊ ကိုယ့်ဘဝအတွက် ဘာတိုးတက်မှု မှမရှိတော့ဘူး” လို့ တွေးမိကြပါတယ်။
အဲဒီလိုတွေးမိရင်တော့ အတွေးမှားပြီလို့ ဆိုချင်ပါတယ်။ သူတို့ တွေဟာ ကိုယ့်ဘဝကို တိုးတက်မှုဖြစ်အောင်လုပ်ပေးမယ့် လူတွေဖြစ်ပါ တယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေဟာ ကျွန်တော်တို့ကို ဘဝသင်ခန်းစာပေးမယ့်သူတွေလို့ မြင်ပါ။
သင့်ရဲ့ မိန်းမက သင့်ကို ဒေါသဖြစ်အောင်လုပ်တိုင်း ဒေါသကို ထိန်းနိုင်ဖို့၊ မိမိစိတ်ကို လေ့ကျင့်ဖို့ အခွင့်အရေးရတာပါပဲ။ တစ်ဆင့်ပြီးတစ်ဆင့်တက်မယ် ။
ဘဝဆိုတာ လှေကားတက်နေရသလိုပါပဲ။ တစ်ဆင့်ပြီးတစ်ဆင့် အပေါ်ကိုတက်နိုင်ဖို့ မိမိရောက်နေတဲ့အဆင့်ကို ကောင်းအောင်လုပ်ရပါ မယ်။ ဒါမှ နောက်အဆင့်ကိုတက်တဲ့အခါ အောက်အဆင့်ကခိုင်မှာပါ။ လှေကားတက်တဲ့ လူအမျိုးမျိုးရှိပါတယ်။ ။ “ ဒီအဆင့်ကို မုန်းတယ်။ နောက်တစ်ခုကို ဘယ်လိုသွားရင်
ကောင်းမလဲ " ဒီလူကတော့ ဒီအခြေအနေမှာပဲ တန့်နေပြီး ရှေ့ကိုတက်ဖို့ ခက်ပါလိမ့်မယ်။ “တခြားလူလှေကားနဲ့ တက်ရရင်ကောင်းမယ် " ဒီလိုလူတွေက တခြားလူကိုကြည့်ပြီး မနာလို မစ္ဆရိယစိတ် များနေသူတွေပါ။ “တော်ပြီကွာ၊ ဆက်မတက်ချင်တော့ဘူး။ ခုန်ချတာပဲ ကောင်း မယ် ” ၊ ဒီလိုလူတွေကတော့ ဘဝမှာ အောင်မြင်မှုနဲ့ဝေးမယ့်သူတွေ ဖြစ်ပါ တယ်။
ကျွန်တော်တို့တွေ ရှေ့ကိုမတိုးနိုင်ဘဲ လှေကားအဆင့်တစ်ခုမှာ ရပ်နေပြီဆိုရင်တော့ - “ဘာဖြစ်ဖို့၊ ဘာပြောင်းလဲဖို့ လိုနေလဲ” ဆိုတဲ့ မေးခွန်းကိုမေးကြည့်သင့်ပါတယ်။ ဘယ်တော့မှ ဘဝဆိုတာလွယ်ကူမှာလဲလွယ်ကူဖို့ မမျှော်လင့်ပါနဲ့။ ဒါပေမဲ့ ဘဝကို အောင်မြင်စွာ ဖြတ်သန်း နိုင်အောင် လေ့ကျင့်သင်ကြားလို့ရပါတယ်။ လူဆိုတာ မွေးဖွား လာကတည်းက အသက်ရှင် နေသရွေ့ ဘဝသင်ခန်းစာတွေကို တစ်ခုပြီး တစ်ခု သင်ယူနေရမှာပါ။ ။
ကျွန်တော်တို့ဟာ ကလေးဘဝကတည်းက အထက်တန်း ကျောင်းသားဘဝရောက်ရင် အားလုံး အဆင်ပြေသွားမယ်လို့ မျှော်လင့် ခဲ့ပါတယ်။ အထက်တန်းကျောင်းသားဘဝရောက်တော့လည်း တက္ကသိုလ်ကျောင်းသားဘဝရောက်ရင် လူဖြစ်ရကျိုးနပ်ပြီလို့ မျှော်လင့်ခဲ့ပါတယ်။ တက္ကသိုလ် ကျောင်းသားဘဝရောက်တော့လည်း ကျောင်းကဘွဲ့ရလို့ အလုပ်ရရင် အားလုံးပြီးပြည့်စုံပြီလို့ ထင်ခဲ့ပါတယ်။ ဘဝဆိုတာ ထင်သလိုမလွယ်ကူပါလား။ ဘယ်သူကမှလည်း သတိမပေးခဲ့ ကြဘူး။
ကျွန်တော်တို့က တခြားလူတွေကို အပေါ်ယံကြည့်ပြီး အားလုံး အဆင်ပြေချောမွေ့နေတယ်လို့ ထင်လေ့ရှိပါတယ်။ တကယ်တော့ သူတို့မှာလည်း နေ့စဉ်ပြဿနာ တစ်ခုမဟုတ်တစ်ခုနဲ့ ရင်ဆိုင်နေကြ ရပါတယ်။ လူတိုင်းဟာ အချိန်နဲ့အမျှ လောကကြီးရဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရတယ်ဆိုတာ အမှန်တရားပါပဲ။ ဘဝကြီးမလွယ်ကူရတဲ့ တခြားအကြောင်းတစ်ခုကတော့
ကျွန်တော်တို့ဟာ ဘဝမှာ လွယ်ကူလာရင်လည်း မကြိုက်ကြပြန် ဘူး၊ “ဒီအလုပ်က ငါမျက်စိမှိတ်လုပ်တောင်လုပ်လို့ရတယ်။ ငါအလုပ် မှာ မပျော်တော့ဘူး။ ငါက ခက်ခက်ခဲခဲလုပ်ရမှ ပျော်တာ”
တစ်ယောက်တည်းနေရတာ လွယ်ကူလာရင် ပျင်းလာပြီး အိမ်ထောင်တည်ထောင်ဖို့ ကြိုးစားကြပါတယ်။ ဝယ်ထားတဲ့ အိမ် အကြွေးကျေရင် ဒီထက်ကြီးတဲ့ အိမ်ဝယ်ဖို့ ကြိုးစားပြန်တယ်။ တကယ်တော့ လောကကြီးကကျွန်တော်တို့ဘဝကိုခက်ခဲအောင်လုပ် တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘာသာကျွန်တော်တို့ ခက်ခဲအောင် လုပ်နေတာပါ။ ကျွန်တော်တို့မာနတွေ၊ လောဘတွေက ကျွန်တော်တို့ ဘဝတွေကို ခက်ခဲအောင်လုပ်နေတာပါ။ ဒါဆိုရင် အခက်အခဲမရှိ ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ဖို့ ကိုယ်ကဘယ်လိုစိတ်ထား လဲ။ ပြဿနာကို ဘယ်လိုဖြေရှင်းလဲဆိုတာ အဓိကကျပါတယ်။
“ကျွန်တော် ဒီအလုပ်ပြီးရင်တော့ စိတ်အေးလက်အေးနဲ့ ကိုယ်လုပ်ချင်တာလေးတွေလုပ်မယ်” လို့ဆိုရင် ဘယ်တော့မှ မဖြစ် နိုင်ပါဘူး။ ဒီအလုပ်ပြီးရင် နောက်အလုပ်တစ်ခုလာမှာပဲ။ ဒီနေ့ ဒီအချိန်က အကောင်းဆုံးပါပဲ။ အလုပ်ကို မြန်မြန်နဲ့အမှားမရှိအောင် လုပ်နိုင်အောင်လေ့ကျင့်ပါ။ အလုပ်ကို မြန်မြန်ပြီးအောင်လုပ်နိုင်ရင် ကိုယ်လုပ်ချင်တဲ့ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ဖို့အချိန်ရှိလာပါ မယ်။ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဝါသနာပါတာကို လုပ်နေရရင် စိတ်အေးလက်အေးနဲ့ ပျော်ရွှင်မှုကို ရပါလိမ့်မယ်။
ကျွန်တော် ဘွဲ့ရပြီးရင် ကျွန်တော်မန်နေဂျာဖြစ်ရင် ကျွန်တော် မန်နေဂျင်းဒါရိုက်တာဖြစ်ရင်၊ ကျွန်တော် အငြိမ်းစားယူပြီးရင် ကျွန်တော်လုပ်ချင်တာလေးတွေလုပ်ပြီး ပျော်ပျော်နေမယ်လို့ ဆိုကြပါ တယ်။ ပျော်ရွှင်မှုကိုရဖို့ ရာထူးမလိုပါဘူး။ ပျော်ရွှင်မှုဆိုတာ နေရာ တစ်ခုရောက်မှ၊ အချိန်တစ်ခုကိုရောက်မှ ရမယ်လို့ထင်ရင် မှားပါ လိမ့်မယ်၊ ပျော်ရွှင်မှုကို ယနေ့ပင်ရအောင်ယူပါ။ တခြားသူတွေကိုသင်ပေးဖို့ဆိုတာ
တစ်ခါတလေကျရင် ကိုယ်က စာအုပ်ကောင်းတစ်အုပ်ကို ဖတ်မိတဲ့အခါ အလွန်သဘောကျ တဲ့အတွက် ကိုယ်ရင်းနှီးတဲ့မိတ်ဆွေ သူငယ်ချင်းကို ဖတ်စေချင်လို့ စာအုပ်ဝယ်ပြီး လက်ဆောင် ပေးလိုက်ပါ တယ်။ စာအုပ်အကြောင်း ဖုန်းဆက်မလားလို့စောင့်နေတာ သုံးလသာ ကြာသွား တယ်။ သူငယ်ချင်းက ဖုန်းမဆက်ပါဘူး။ ကိုယ်က ဖုန်းဆက် တဲ့အခါ မဖတ်ရသေးကြောင်း၊ စာအုပ်ကို အထားမှားလို့ ရှာမတွေ့ကြောင်း ပြောပါတယ်။ ကိုယ့်အတွက် အသုံးဝင်တဲ့စာအုပ်က တခြားသူအတွက် “အဆင်သင့်မဖြစ်သေးပါ”ဆိုတဲ့ သင်ခန်းစာပဲ ရလိုက်ပါတယ်။ ဘာသင်ခန်းစာရသလဲ ၊လူတိုင်းက ကိုယ့်လိုမဟုတ်ဘူးဆိုတာ သိလာရတယ်။ ငါဘာလို့ ဒီနေ့ ဒီလမ်းကြောင်းပေါ် ရောက်နေသလဲ၊ ဒီစာကို ဘာလို့ ဖတ်ဖြစ် နေသလဲဆိုတာ မြင်လာပါလိမ့်မယ်။ ကိုယ့်ကို လမ်းမှန်ကို ညွှန်ပြ ပေးခဲ့တဲ့ ဆရာသမားတွေ၊ သူငယ်ချင်းကောင်းတွေ၊ ချစ်တဲ့ခင်တဲ့သူတွေ၊ ခရီးသွားရင်း အမှတ်မထင်ဆုံရသူတွေကို သတိရလာပါလိမ့် မယ်။ ကိုယ့်အတွေးအခေါ်ကိုပြောင်းလဲစေခဲ့တဲ့ စာအုပ်ကလေးတွေ ကို အမှတ်ရလာပါလိမ့်မယ်။ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေ၊ အမှားတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုမိုရရှိလာတဲ့ အကြောင်းကို စဉ်းစားမိပါလိမ့်မယ်။ ဘဝမှာ အထိနာခဲ့တဲ့အဖြစ် အပျက်တွေက ဘဝကို အလှည့်အပြောင်းတွေ ဖြစ်စေခဲ့တာကို သတိပြုမိပါလိမ့်မယ်။ ဘဝသင်ခန်းစာတွေ တစ်ခုပြီးတစ်ခုကို အစီအစဉ်အတိုင်း လုပ်ထားသလားထင်ရအောင် သင်ယူလေ့ကျင့် ခဲ့ရတာ ကိုခံစား မိပါလိမ့်မယ်။ တစ်ခုပြီးတိုင်း နောက်တစ်ခုကိုဆက်ဖို့ အကြောင်းဖန်လာတာ ကိုလည်း အံ့သြစွာတွေ့ရပါလိမ့်မယ်။ ။
အစပထမမှာတော့ အားလုံးကို ရုပ်လုံးပေါ်အောင်ကြည့်ဖို့ ခက်ပါလိမ့်မယ်။ သဘာဝ လောကကြီးက စိတ်ရှည်ရှည်နဲ့ ဇွဲရှိရှိ သင်ပေးတဲ့ ဆရာတစ်ယောက်ပါပဲ။ သဘာဝလောက ကြီးကပေးတဲ့ အချက်ပေးသံတွေကို သတိထားမိရင် ဘဝကြီးက ချောချောမွေ့မွေ့ ဖြစ်နေမှာ ပါပဲ။ အချက်ပေးသံတွေကို ဂရုမစိုက်ဘဲ နေလိုက်တာနဲ့ ဘဝသင်ခန်းစာတစ်ခုကို ရပြီသာမှတ် လိုက်ပေတော့။ ဒါဆိုရင် နောက်သင်ခန်းစာက ဘယ်မှာလဲ ။
များသောအားဖြင့် ကျွန်တော်တို့ကို အချက်ပေးနေပါပြီ။ သတိထားမိပြီး လိုအပ်တဲ့ပြောင်းလဲ ခြင်း တွေလုပ်ရင် သင်ခန်းစာနဲ့ ခဏတော့ ဝေးသွားဦးမှာပါ။ ။ ။
ကျော်ကျော်လှိုင်
(ဆရာကျော်ကျော်လှိုင်၏ “နှလုံးသားကို ဖြူစင်အောင်ထားပါ” စာအုပ်မှ “ဘဝဆိုတာ ကျွန်တော်တို့ရဲ့ ဆရာပါပဲ” ဆောင်းပါးကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ စာတည်း)