သွေးလွန်တုပ်ကွေးအန္တရာယ် အထူးသတိရှိကြစေချင်
သွေးလွန်တုပ်ကွေးရောဂါသည် ရာသီမရွေးဖြစ်ပွားတတ်ပြီး မိုးဦးကျကာလမှစတင်၍ မိုးရာသီတွင် အဖြစ်အများဆုံးရောဂါ ဖြစ်သည်။ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး တစ်နှစ်လျှင် ရောဂါကူးစက်ခံရသူ သန်း ၄၀၀ နီးပါး ရှိကြောင်း၊ ၎င်းတို့အနက် လူကြီး ၁၀ ရာခိုင် နှုန်းနှင့် ကလေး ၃ဝ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါကို ကပ်ရောဂါအဖြစ် ၁၆၃၅ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံတွင် ၁၉၇၀ ပြည့်နှစ်တွင် ကပ်ရောဂါအဖြစ် ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ မေလ ၁၆ ရက်နေ့ အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သွေးလွန် တုပ်ကွေးဖြစ်ပွားသူ ၁၂၀၀ ကျော်ရှိကာ ရှစ်ဦး သေဆုံးခဲ့ကြောင်း၊ ရောဂါဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ လူဦးရေထူထပ်သော ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် မွန်ပြည်နယ်တို့ဖြစ်သည်။ ယင်းပြည်နယ်ငါးခုအနက် ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံး ဖြစ်ခဲ့သည်။ ယခုနှစ် ၂၀၂၁ ခုနှစ်တွင် လည်း မြန်မာပြည်တွင် ကိုဗစ်- ၁၉ ရောဂါသည် တတိယလှိုင်းအသွင် ကူးစက်ပျံ့နှံ့နေ၍ ပြည်သူ ပြည်သားများ အတတ်နိုင်ဆုံး လူစုလူဝေးရှောင်ကာ အိမ်ထဲတွင် အနေများရခြင်းက အိမ်တွင်းခြင်ကိုက်ခံ ရမှု ပိုများနိုင်သည့်အတွက် သွေးလွန်တုပ်ကွေး ကူးစက်မှု ပိုများနိုင်ဖွယ်ရှိသည်။ ထို့ကြောင့်သွေးလွန်တုပ်ကွေးဖြစ်ပွား စေသည့် ခြင်ကျားနှင့် ပိုးလောက်လမ်းများ နှိမ်နင်းရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းစဉ်များကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် အစဉ်သတိပြု လုပ်ဆောင်သင့်ပေသည်။
ကြိုတင်ကာကွယ် သွေးလွန်တုပ်ကွေးရောဂါ၏ အဓိကတရားခံ က အေးဒီးစ်ခြင်ကျားများဖြစ်ပြီး ရေကြည်ရေသန့် မှာ ပေါက်ပွားလေ့ရှိသည်။ မိုးရွာပြီးနောက် ရေအိုင် များ၊ အိုးခြမ်းပဲ့များ၊ ဘက်ထရီအိုးဟောင်းများတွင် မိုးရေတင်ကျန်ခဲ့ပြီးနောက် နေထွက်လာသောအခါ ပိုးလောက်လမ်းများ ပေါက်ပွားလာကာ ၎င်းမှ ( တစ်ဆင့် ခြင်ကျား(ခေါ်) ခြင်ပုန်းများဖြစ်လာ သည်။ ခြင်ပုန်းများက ပေါက်ပွားမှု မြန်ဆန်ပြီး ကိုက် ၁၀၀ အထိ ပျံသန်းနိုင်ကြသည်။ နေ့ဘက် အချိန်များမှာ ခြင်ကိုက်လေ့ရှိသည်။ မိုးဦးစကျောင်းဖွင့်ချိန် လူဦးရေထူထပ်သော စာသင် ကျောင်းများတွင် သွေးစုပ်ရန် ကျက်စားလာကြ သည်။ ခြင်ဆိုးများသည် လူတစ်ဦးဆီမှ နောက် ( တစ်ဦးဆီသို့ မတူညီသောသွေးများကို သယ်ဆောင်သွေးစုပ်ခံခြင်းဖြင့် သွေးလွန်တုပ်ကွေး အစပျိုး ဖြစ်ပေါ်လာရသည်။ ရှေးကာလများမှာ အသက် သုံးနှစ်နှင့် ၁၅ နှစ်အရွယ်ကလေးများ အဖြစ်များ ကြပြီး ယခုနောက်ပိုင်းတွင် တစ်နှစ်အောက်ကလေး များသာမက အသက် ၁၅ နှစ်အထက် (၂၅ နှစ် မှ ၃၀ နှစ်) အရွယ်များလည်း သွေးလွန်တုပ်ကွေးဖြစ်လာ ကြသည်။ ယခုလို မိုးဦး ဇွန်လမှစ၍ ဇူလိုင်၊ သြဂုတ်။ စက်တင်ဘာလတို့တွင် အဖြစ်များ၍ သတိနှင့် ကြိုတင်ကာကွယ်တတ်ကြရန် အရေးကြီးပါသည်။
ရောဂါလက္ခဏာများမှာ အပူချိန် ၁၀၀ နှင့် အထက် အဖျားကြီးခြင်း၊ ကိုယ်အပူချိန် ၁၀၅ ဒီဂရီ ဖာရင်ဟိုက်ခန့်အထိ ရုတ်တရက် ဆောင့်တက်လာခြင်း၊ ခေါင်းလွန်စွာကိုက်ခဲခြင်း၊ နားထင်များနာကျင် ကိုက်ခဲခြင်း၊ အရိုး၊ ကြွက်သား၊ အရိုးဆစ် စသည့်ကိုယ်လက်ကိုက်ခဲခြင်း၊ ဗိုက်နာဗိုက်အောင့်ပြီး ဗိုက်ကိုအထိမခံနိုင်ခြင်း၊ ခိုက်ခိုက်တုန်၍ ခြေဖျား လက်ဖျား အေးစက်ခြင်း၊ အရေပြားပေါ် အနီရောင် အစင်းကြောင်းများပေါ်လာခြင်း၊ မျက်နှာနီအမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ကာ အချိန်ပြည့်မှိန်းနေတတ် ပြီး အစာစားချင်စိတ်မရှိခြင်း၊ အစားအသောက်အရည်ဝင်ပြီး သည်နှင့်တစ်ပြိုင်နက် အန်ထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ လက်မောင်းကို သွေးပေါင် ချိန်တိုင်းကိရိယာနှင့် တိုင်းကြည့်ပါက Hess Test Positive ဖြစ်နေခြင်း စသည်တို့ဖြစ်သည်။ အချို့သူ များမှာ ချောင်းဆိုး၊ နှာစေး၊ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်တတ်သည်။
ထိရောက်စွာ ကုသမှုခံယူ အထက်ပါလက္ခဏာများသည် သာမန် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီး ဆေးဝါးကုသမှု ခံယူပါက ပျမ်းမျှ ရက်သတ္တပတ်အတွင်း နေကောင်း သွားပါလိမ့်မည်။ သို့သော်သုံးရက်မှ ငါးရက်အတွင်း အဖျားတက်ရာမှ ရုတ်တရက် အဖျားကျလာပြီးတော်တော်နှင့် မလန်းဆန်းဘဲ လေးလံထိုင်းမှိုင်းပြီး မှိန်းနေခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ ခြေလက် များ အေးစက်ခြင်း စသည်တို့သည်သွေးလန့်ခြင်း လက္ခဏာများဖြစ်ကြသည်။ အထူးသဖြင့် ကလေး များတွင် သွေးလန့်လေ့ရှိကြသည်။ “သွေးလန့်ခြင်း” ဆိုသည်မှာ ခန္ဓာကိုယ်အနှံ့အပြားကို သွေးသွားလာ မှုလျော့သွားခြင်းကို ဆိုလိုပါသည်။ သွေးရည်ကြည်များ ပြင်ပကို ခဏထွက်သွားသည်ဟု ဆေးသိပ္ပံ ပညာအရ ပြောလေ့ရှိပြီး အသက်အန္တရာယ်စိုးရိမ် ရသဖြင့် “အဖျားကျစဉ် မလန်းလျှင် အစဉ် သတိ ချပ်”ဟု ပြောစမှတ်ပြုကြသည်။ သွေးလန့်သော အခြား လက္ခဏာများမှာ မတ်တတ်ရပ်စဉ် မူးယိုင် ခြင်း၊ မကြာခဏ အဖျားတက်လိုက် ကျလိုက်ဖြစ် ခြင်း၊ မောပန်းခြင်း၊ သွေးခုန်နှုန်း သိသိသာသာ ကျဆင်းသွားခြင်း၊ အာခံတွင်းခြောက်သွေ့ခြင်း၊ အသက်ရှူနှုန်းမြန်ဆန်လာခြင်း၊ အသည်းရောင် ကိုင်းခြင်း၊ ကော်ဖီရောင်ပျို့အန်ခြင်း၊ သွားဖုံးသွေး ထွက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွေးဖြူဥနည်း သွားခြင်း၊ ဆီးနည်းလာပြီး ဆီးထဲသွေးပါခြင်း၊ ကတ္တရာစေးအရောင် ဝမ်းအမည်းများသွားခြင်း စသည်တို့ဖြစ်ကြသည်။ ထိုအခြေအနေမျိုးတွင် ဆရာဝန်၏ လက်ဦးမှုကို အရယူနိုင်ဖို့ လွန်စွာ အရေးကြီးပါသည်။ ထိုအခါ လူနာ၏ရောဂါအခြေ အနေနှင့် ကိုယ်ခံစွမ်းအားပေါ်မူတည်ပြီး တစ်နာရီ ခြားတစ်ခါ စောင့်ကြည့်ကာ ဆရာဝန်က လိုအပ် သလို ရိုးရိုးဆားရည်သွင်းခြင်း (သို့မဟုတ်)သွေးရည်ကြည်သွင်းခြင်း (သို့မဟုတ်) ဆေးကော် ရည်သွင်းခြင်းတို့ကို သွေးခုန်နှုန်းပမာဏ၊ ဆီး ပမာဏနှင့် သွေးပျစ်ကျဲ နှုန်း စသည်တို့ပေါ်မူတည်၍ ထိရောက်စွာ ကုသမှုခံယူရပါမည်။ ။
မြန်မာအခေါ်အဝေါ်ဒေါင်းငါး၊ အင်္ဂလိပ်ဘာသာ ဖြင့် သိပ္ပံအမည်မှာ Precila reticulate ဖြစ်ပြီး မူရင်းဒေသမှာ ဘရာဇီး၊ ဗင်နီဇွဲလား၊ နယ်သာလန် နှင့် ဂျမေကာတို့ဖြစ်သည်။ ခြင်လောင်း ( ပိုးလောက်လမ်းများကို စားသုံးသည့် အလေ့အထကြောင့် ခြင်နှိမ်နင်းရန်၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် ဆင်ခြေထောက်ရောဂါတို့ကို ကာကွယ်ရန်အတွက် အရပ်ရပ်သို့သယ်ယူကြရာမှ ကမ္ဘာအနှံ့အပြားသို့ ဒေါင်းငါးများ ရောက်ရှိပျံ့နှံ့သွား ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသို့လည်း ကိုလိုနီခေတ် အတွင်းကပင် ငှက်ဖျားရောဂါကာကွယ်ရေးအတွက် အင်္ဂလိပ်တို့က သယ်ဆောင်လာရာမှတစ်ဆင့် ဒေါင်းငါးများ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရ သည်။ ၎င်းမျိုးစိတ်တွင် ငါးအထီး၏အမြီးသည် ဒေါင်းမြီးသဖွယ် အရောင်စုံ၍ လှပသည့်အတွက် ဒေါင်းငါးဟူ၍ မြန်မာအမည်ပေးခြင်း ဖြစ်ပေသည်။ ၎င်းအလှမွေးငါးများသည် ရေချိုငါးမျိုးစိတ်ဖြစ်သော် လည်း ဆားငန်နှုန်းကို အတော်အတန်ခံ နိုင်ရည်ရှိ၍ ရေငန်အတက်အကျရှိသော မြစ်ဝကျွန်းပေါ်ဒေသတို့ ၌လည်း ရှင်သန်နိုင်သည်။ ။
ဒေါင်းငါးများ၏ အစာစားသည့်အလေ့အထ သည် အစုံစားငါးမျိုးဖြစ်ရာ သဘာဝတွင် ရေပိုးမွှား များ၊ ရေပင်ပေါက်လေးများကို စားသည်။ အထူး သဖြင့် ခြင်သားလောင်း၊ ပိုးလောက်လမ်းတို့ကို အဓိကထားစားကြသောကြောင့် ခြင်နှိမ်နင်းရေး ငါးမျိုးအဖြစ် ကျော်ကြားသည်။ ခြင်များဥချသော ခြင်ဥများမှတစ်ဆင့် ပိုးလောက်လမ်းများဖြစ်နေသော ရေပြင်ထဲသို့ ဒေါင်းငါးမျိုးများကို တစ်ကြိမ် ထည့်ပေးထားရုံဖြင့် ၎င်းငါးလေးများက ခြင်နှိမ်နင်း ရေးကို သားစဉ်မြေးဆက်အလိုက် စဉ်ဆက်မပြတ် ပြုလုပ်ပေးသွားကြမည် ဖြစ်သည်။ ဤနည်းလမ်း သည် သက်ရှိကို သက်ရှိဖြင့် ပြန်လည်ထိန်းချုပ် သည့် ဇီဝနည်း (Biological Control) ဖြစ်သည်။
စမ်းသပ်ချက်များအရ တစ်လက်မခွဲအရွယ် ဒေါင်းငါးအထီးတစ်ကောင်သည် တစ်ရက်လျှင် ခြင်လောက်လမ်းကောင်ရေ ၃၀ ခန့်ကိုစားနိုင်ပြီး နှစ်လက်မခွဲအရွယ် ဒေါင်းငါးအမတစ်ကောင်လျှင် ခြင်လောက်လမ်းကောင်ရေ ၆၀ ခန့်ကို စားသည်။ ထို့ကြောင့် မိမိတို့ရပ်ရွာရှိ နေအိမ်များနှင့် စာသင် ခန်း၊ စာသင်ကျောင်းများအနီးတစ်ဝိုက်ရှိသောက်သုံး ရေကန်များ၊ ရေနုတ်မြောင်းများ၊ ရေသိုလှောင်ရာ တိုင်ကီ၊ အိုးခွက်များ၊ အုတ်ကန်ကြီးများအတွင်း ဒေါင်းငါးလေးများကို ထည့်သွင်းထားသင့်သည်။ ရေကန်များအတွင်း ဒေါင်းငါး မျိုးထည့်သွင်းမွေးမြူ ခြင်းဖြင့် ခြင်အန္တရာယ်ကာကွယ်သည့်လုပ်ငန်းစဉ် တွင် Mosquito Control အနေဖြင့် ဆောင်ရွက် နိုင်ပါကြောင်း အကြံပြု တိုက်တွန်းလိုပါသည်။
ရောဂါကျဆင်းလာမည် ။ သွေးလွန်တုပ်ကွေးရောဂါကို ပျောက်ကင်း အောင်ကုသနိုင်သောဆေးဝါး ယနေ့အထိမပေါ်သေး ပါ။ ရောဂါဖြစ်လာမှ ကုသခြင်းထက်မဖြစ်အောင် ကြိုတင်ကာကွယ်ထားတတ်ဖို့ လိုပါသည်။ ထို့ကြောင့် “ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက် တယ် @ Precaution is better than Cure”ဟု ဆိုကြခြင်း ဖြစ်သည်။ အရေးအကြီးဆုံးမှာ ခြင်ကိုက် မခံရစေရန်ဖြစ်ပါသည်။ နေ့လယ်နေ့ခင်း တွင်လည်း အင်္ကျီလက်ရှည်၊ ပုဆိုးရှည်ရှည်ဝတ်ဆင်ခြင်း ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ ရေစီးရေလာကောင် ပြီး ခြင်မပေါက်ပွားစေရန်ရေဆိုးမြောင်းများ ရှင်းလင်း ခြင်း၊ လေဝင်လေထွက်ကောင်းပြီး ခြင်မခိုအောင်းနိုင်အောင် အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြံတွင်း ခြံပြင် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း။ ကိုယ်ထူကိုယ်ထ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း။ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းတို့အပြင် အစားအစာသန့်ရှင်းခြင်း၊ ရေသန့်ရှင်းခြင်း၊ လက် သန့်ရှင်းခြင်း၊ အိမ်သာ(မိလ္လာသန့်ရှင်းခြင်း၊ ပတ်ဝန်း ကျင်သန့်ရှင်းခြင်း စသည့် သန့်(၅)သန့်နှင့်အညီ မိမိအသိစိတ်ဓာတ်ဖြင့် အိမ်ထောင်စု တစ်စုချင်းစီ တိုင်း တာဝန်ယူကြမည်ဆိုပါလျှင် သန့်ရှင်းကျန်းမာသော စံပြရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှသည် တစ်နိုင်ငံလုံး အတိုင်းအတာထိ သွေးလွန်တုပ်ကွေး ရောဂါကျဆင်းလာမည်ဟု သုံးသပ်မိပါသည်။
အချုပ်အားဖြင့်ဆိုသော် ကူးစက်ရောဂါဆိုင်ရာ (Epidemiology)39 3:8&q&orz:cp သည် လေးနှစ်လျှင်တစ်ကြိမ် အပြင်းအထန် (Outbreak) ဖြစ်ပွားတတ်သည်။ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ စာရင်းဇယားများအရ မြန်မာ နိုင်ငံတွင် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် သွေးလွန်တုပ်ကွေးရောဂါ အပြင်းအထန်ဖြစ်ပွားခဲ့ သည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ်မှာလည်း သွေးလွန် တုပ်ကွေးရောဂါပြင်းပြင်းထန်ထန် ဖြစ်ပွားနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ကိုဗစ်- ၁၉ ကာလ လူစု လူဝေး ရှောင်သည့်အနေဖြင့် မိမိအိမ်တွင်း အနေ များကြရခြင်းက အေးဒီးစ်ခြင်ကျားအကိုက်ခံရ နိုင်ခြေ အခွင့်အလမ်းသာနေသဖြင့် ယခုနှစ် ကိုဗစ် ( ၁၉ ကာလမှာလည်း သွေးလွန်တုပ်ကွေးအန္တရာယ် အထူးသတိရှိကြစေချင်ပါကြောင်း။ ။
တင်ထက်ထက်ဇော်