Skip to main content

ရိုးသားဖြောင့်မတ်ခြင်းသည် အကောင်းဆုံးလမ်းစဉ်ဖြစ်သည်

ရိုးသားဖြောင့်မတ်ခြင်းသည် ကြီးပွားတိုးတက် လိုသူတိုင်း ကျင့်သုံးအပ်သည့် အကောင်းဆုံး လမ်းစဉ်ပင် ဖြစ်ပေသည်။ ကမ္ဘာ့နိုင်ငံတချို့မှ နိုင်ငံ့ခေါင်းဆောင် များ မရိုးသားမဖြောင့်မတ် သောအခါ ထိုပုဂ္ဂိုလ်လည်း အတိဒုက္ခရောက်ရသကဲ့သို့ တိုင်းနိုင်ငံလည်း ကြီးမားစွာ ဆုံးရှုံးရသည်ကို လေ့လာတွေ့ရှိရသည်။ ထို့အတူ ကုမ္ပဏီတစ်ခု သို့မဟုတ် ကုမ္ပဏီ ဒါရိုက်တာ တစ်ဦး မရိုးမသားလုပ်သောအခါ ထိုကုမ္ပဏီလည်း ရေရှည်မရပ်တည်နိုင် ပျက်စီး ရသည်။ ထိုကုမ္ပဏီတွင် ရှယ်ယာဝယ်ယူထားသူများလည်း နှစ်နာရတော့သည်လည်း တွေ့ကြုံရ သည်။ ထိုနည်းတူစွာပင် လူတစ်ယောက်မရိုး ဖြောင့်သောအခါ “ဒီလူကလူလိမ်ပဲ”ဟု ကင်ပွန်း တပ်ခံရသည်။ သူ့ကို ဖဲကြဉ်ကြသည်။ သူ့ကိုယ်သူလည်း အရှက်ရကာအဖွဲ့မှ နုတ်ထွက်သွား ပေတော့သည်။ သို့ဖြင့် ကိုယ့်ဂုဏ်သိက္ခာ ကိုယ်ဖျက်၊ ကိုယ့်ဒုက္ခကိုယ်တိုင်ရှာသူ ဖြစ်သွားရ ပေတော့သည်။

ရိုးသားဖြောင့်မတ်သော နိုင်ငံ့ခေါင်းဆောင် ဦးစီးဦးဆောင်သောအခါ ထိုပုဂ္ဂိုလ်နှင့် သူဦးဆောင်သော နိုင်ငံ၏ သမိုင်းကြောင်းသည် ကောင်းရသည်။ နောင်လာနောက်သားများ စံထားကြရသည်။ သာဓကအနေဖြင့် အမေရိကန်၏ပထမသမ္မတ ဂျော့ခ်ျဝါရှင်တန်၊ ဗီယက်နမ်နိုင်ငံခေါင်းဆောင် ဟိုချီမင်းနှင့် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်အောင်ဆန်း တို့ကို သူတို့၏ နိုင်ငံနှင့် လူမျိုးများကသာမဟုတ် ကမ္ဘာ့လူထုကပါ ခေါင်းဆောင်ကောင်းအဖြစ် အသိအမှတ် ပြုကြသည်။ ရိုးသားဖြောင့်မတ်သူအဖြစ် အမွှမ်းတင်ဂုဏ်ပြုကြသည်။

အဖွဲ့အစည်း ခေါင်းဆောင်ရိုးသားလျှင် ထိုအဖွဲ့အစည်းသည် နှစ်ရာချီပြီးတည်မြဲရသည်။ လူပုဂ္ဂိုလ်ဆိုလျှင်လည်း လူကောင်းသူကောင်း ထူးခြားသူအဖြစ် အသိအမှတ်ပြုကြသည်။ ဂုဏ်ပြုကြသည်။ လေးစားကြသည်။ သူတို့လုပ်သမျှလည်း အောင်မြင်ရသည်။ သာဓက အနေဖြင့် မာသာထရီဇာ၊ ရသေ့ကြီးဦးခန္တီနှင့် ဘိုးဘွားရိပ်သာများ ၏မိခင်ကြီးဒေါ်ဦးဇွန်းတို့ကို လေ့လာတွေ့ရှိရသည်။

ထိုပုဂ္ဂိုလ်နှင့် သူတို့၏ နိုင်ငံများလည်း ဂုဏ်တက်ရ ပေတော့သည်။ ဤမျှ ရိုးသားဖြောင့်မတ်ခြင်း နှင့် လိမ်ညာ ကောက်ကျစ်ခြင်းက ကွာခြားသွားသည်။

ရိုးသားဖြောင့်မတ်ခြင်းဟူသည်

အနက်အဓိပ္ပာယ်မှာ ကျယ်ဝန်းလှပေသည်။ ရိုးသားဖြောင့်မတ်သောစိတ်သည် ဖြူစင်သော၊ သန့်ရှင်းသော၊ ရိုးဖြောင့်စင်းသောစိတ်ပင် ဖြစ်ပေသည်။ အများကောင်းကျိုး လိုလားသော၊ မေတ္တာ၊ စေတနာ၊ ကရုဏာတရားပြည့်ဝသော စိတ်ပင်ဖြစ်ပေသည်။ ဤစိတ်တွင် အောက်ပါ စိတ်ညစ်စိတ်ယုတ်များ ကင်းစင်သည်။ (အဖန်တစ်ရာ - လှော်ထားသော ရွှေစင်ရွှေသားကဲ့သို့ တန်ဖိုးအနဂ္ဃ | ထိုက်တန်သောစိတ်ဖြစ်သည်။)

- အမျက်ဒေါသစိတ်၊

- သူတစ်ပါးကျေးဇူးကို မသိတတ်သောစိတ်၊

- သူတစ်ပါးကို လှည့်ပတ်ဖြားယောင်းစိတ်။

- စဉ်းလဲကောက်ကျစ်စိတ်၊

- လိမ်ညာစိတ်၊

- သူတစ်ပါးပစ္စည်း မတရားလိုချင်စိတ်၊

- မှားယွင်းသောအယူဝါဒကိုလက်ခံကျင့်သုံးစိတ်၊

ထို့ပြင် မရိုးသား မဖြောင့်မတ်သောစိတ်သည် ကံငါးပါးကို မစောင့်ထိန်းသူတို့တွင်လည်း တွေ့ရပေသည်။ ထို့ကြောင့် ရိုးသားဖြောင့်မတ်သောကျင့်စဉ်ကို ပြုကျင့်မည်ဆိုပါလျှင် ကံငါးပါးကိုလည်း လုံခြုံအောင်ထိန်းသိမ်းရပါမည်။

တိုင်းပြည်ကြွယ်ဝချမ်းသာစေရန် အစိုးရများက ရိုးသားဖြောင့်မတ်ရမည်ဖြစ်သကဲ့သို့ တစ်ဦးချင်း ကြွယ်ဝစေရန်မှာလည်း ရိုးသားဖြောင့်မတ်မှုကိုပင် အရင်းခံကြရပါမည်။

ယနေ့ကမ္ဘာတွင် ရိုးသားဖြူစင်သောအစိုးရများ နှင့်ပြည်သူများ ကြီးပွားချမ်းသာနေကြသည်။ နေချင့် စဖွယ်နိုင်ငံများ ဖြစ်နေကြပါပြီ။ ကျွန်တော်တို့အတုယူ ကြရပါမည်။

မရိုးသားမဖြောင့်မတ်မှု

“တစ်ကြိမ်ခိုးသူသည် သူခိုးအမြဲဖြစ်သွား သည်”ဟု ဒတ်ချ်စကားပုံက ဆိုသည်။ ထို့ကြောင့် ခိုးမှုဖြင့် ထောင်ကျ၊ ထောင်ကထွက်လာပြီး ပြန်ခိုး၊ ပြန်ထောင်ကျ ဖြစ်စဉ်များရှိခဲ့သည်။ ထောင်ကျသည့် အဆင့်မရောက်ဘဲ ခိုးမှုများ ကျူးလွန်နေသည်ကို လည်း တွေ့ရသည်။ အမြတ်ကြီးစားမှုသည် ခိုးမှုပင်။ တစ်ကြိမ်လိမ်လည်ပြောလျှင် နောက်ထပ်လည်း လိမ်လည်ပြောမည်ပင်။

မရိုးသားမဖြောင့်မတ်မှုသည် မျိုးရိုးလိုက်တတ်သည်။ ဤသည်ကို ဟိဘရူးစကားပုံက ဤသို့ဆိုထားသည်။ “ခွေးဆိုးတစ်ကောင်မှ ပေါက်ဖွားလာမည့် ခွေးလိမ္မာပေါက်စလေး တစ်ကောင်ကို ကျွန်ုပ်တို့ မမျှော်မှန်းနိုင်”။ မြန်မာဆိုရိုးစကားတစ်ခုကလည်း ဤသဘောအတိုင်း ဆိုထားသည်။ “ကြက်မှာအရိုး၊ လူမှာအမျိုး”။ ကြက်မှာလည်း မျိုးရိုးအလိုက်ဖြစ်တတ် သည်။ လူမှာလည်း ထိုနည်းအတူ မျိုးရိုးလိုက် တတ်ပေသည်။

စာဖတ်သူဝေးဝေးသွားမကြည့်ပါနှင့်။ မိမိပတ် ဝန်းကျင်ရှိ မိသားစုတစ်စုမျှကို လေ့လာဝေဖန် သည့် အကြည့်ဖြင့်ကြည့်ပါ။ ရိုးသားဖြောင့်မတ်သောမိသား စုများသည် ရိုးသားဖြောင့်မတ် ကြသည်။ ကောက်ကျစ်ဆန်းပြားသော မိသားစုများလည်း စဉ်လာအရ ပင်ကောက်ကျစ်စဉ်း လဲကြသည်။ ထို့အတူ ဝီရိယ ရှိကြသောမိသားစု၊ ပေးကမ်းစွန့်ကြဲလေ့ရှိကြသော မိသားစု၊ စကားကောင်းပြောကြသော မိသားစုများသည် ဘမျိုးဘိုးတူဆိုသကဲ့သို့ မျိုးရိုးအလိုက် ဖြစ်ကြသည်။

ထို့ကြောင့် ဆင်းရဲသော မိသားစုများကလည်းဆင်းရဲတွင်း ဝဲဂယက်မှ လွတ်မထွက်နိုင်၊ ချမ်းသာ သည့် မိသားစုများကလည်း ချမ်းသာပြီး ဤထက်ချမ်းသာ ဖြစ်နေကြသည်ကို တွေ့ရပါမည်။ အမှုအကျင့်က လူ၏အဆင့်ကို ပြဋ္ဌာန်းပေးသည်။ အဓိက အကြောင်းရင်းမှာ အကောင်းဆုံး လမ်းစဉ်ဖြစ်သော ရိုးသားဖြောင့်မတ်မှု ကျင့်စဉ်ကို ကျင့်သုံးမှု၊ မကျင့်သုံးမှုအပေါ်တွင် မူတည်ဖြစ်ပွားခြင်းဖြစ်ပေသည်။

မရိုးဖြောင့်မှုပြစ်ဒဏ်

လူ့အသိုက်အဝန်းတွင် မရိုးသားမှုပြုကျင့်သူကို လူလိမ်လူညာဟု သတ်မှတ်ကြသည်။ ဤသည်ကား ခဏပန်းမဟုတ်၊ တစ်သက်တာ။ ဘယ်သူ့သားလဲ ဟိုကို အငှါသားပေါ့။ သူလည်း လူလိမ်ပဲဖြစ်မှာပေါ့။ ဤသို့ မျိုးရိုးဂုဏ်ပါပျက်ရသည်။ ။

ယနေ့ခေတ်ကာလတွင် တာဝန်ရှိသော၊ လုပ်ပိုင်ခွင့်ရှိသောသူတို့ ကျူးလွန်နေကြသည်မှာ အဂတိလိုက်စားမှုများပင်။ အချို့ သိန်းဂဏန်းအနည်းငယ်၊ အချို့ သိန်းဂဏန်းထောင်ချီပြီး၊ တိုင်းပြည် နိုင်ငံဆုံး ရှုံးရပြီး နိုင်ငံသူ၊ နိုင်ငံသားများ နစ်နာကြရသည်။ ကျူးလွန်သူလည်း ဒုက္ခပင်လယ်ဝေရသည်။ လူမှုရေး နယ်ပယ်တွင်လည်း “ငွေနှင့်မိန်းမစပ်လျဉ်းက ရိုးကြသူပင် ဆန်း” ဟူသော ဆိုရိုးအတိုင်း ဖြစ်နေသည်။ ဆိုရိုးတစ်ခုထပ်တိုးရမည်မှာ “ငွေနှယောက်ျား စပ်လျဉ်းက ရိုးကြသူပင်ဆန်း” ဖြစ်သည်။ မိန်းမ၊ ယောက်ျားကိစ္စဖြင့် ပစ္စည်းဆုံး၊ လူအရှက်ရမှု မှအစ သေဆုံးသည်အထိ ဖြစ်ကြရသည်။ ယနေ့လည်း ဖြစ်နေသည်။ ရှေးကလည်း ဖြစ်ခဲ့သည်။ ပုဂံပြည့်ရှင်မင်းယဉ်နရသိင်္ခသည် ညီတော် အိမ်ရှေ့စံနရပတိ စည်သူ၏မိဖုရားဝေဠုဝတီကို မရိုးမဖြောင့်အကြံဖြင့် သိမ်းပိုက်ရာမှ ညီတော်၏လုပ်ကြံမှုဖြင့် အနိစ္စ ရောက်ရသည်။ ဤကိစ္စမျိုး များကို မဆင်ခြင်လျှင် နောင်လည်း ဖြစ်နေဦးမည်ပင်။ ဤမျှမရိုးဖြောင့် မတ်မှုဒဏ်က ပြင်းထန် လှသည်။

မရိုးဖြောင့်မှုသဘောသဘာဝ

“လိမ်ညာမှုတစ်ခု၏နောက်မှ လိမ်ညာမှုဆယ်ခု လိုက်သည်” ဟု အီတာလျံရှေးလူကြီးများက ဆိုဆုံး မခဲ့သည်။ ဤကား အမှန်တရားပင်။ စာဖတ်သူများ တွေးကြည့်ရုံဖြင့် သဘောပေါက် သွားပေပြီ။

မြန်မာစကားပုံကလည်း ဤသို့ဆိုထားသည်။ “ရသာလျှင် ဘနဖူးသိုက်တူး”။ မိမိအကျိုးရှိမည် ဆိုလျှင် မည်သူ့မျက်နှာမှမထောက်ထားဘဲရက်စက် စွာပြုမူပေတော့သည်။ ထို့ကြောင့် လူသတ်သူ၊ လူသတ်ပစ္စည်းယူ၊ မတရားရမည့်ငွေများ မောင်ပိုင်စီး ပြုတော့သည်။ သို့သော် မချမ်းသာ၊ ငွေပစ္စည်းမရ၊ ထောင်နှစ်ရှည် ခံရဖြစ်တော့သည်။

ရိုးသားဖြောင့်မတ်ခြင်းကို ငွေဖြင့်ဝယ်မရပါ။ သို့သော် ငွေလုံးငွေရင်းရရှိခြင်း၊ ရိုးသားခြင်းဂုဏ် တို့ကို ရိုးသားဖြောင့်မတ်ခြင်းက ဆောင်ကြဉ်းပေးသည်။ ဤကား ရိုးဖြောင့်ခြင်း၏ သဘော သဘာဝ၊ မရိုးဖြောင့်ခြင်းသည် ဆင်းရဲခြင်းဒုက္ခကို တစ်ထမ်းတစ်ပိုး သယ်ဆောင် လာသည်ကလည်း သူ့သဘော သဘာဝပင်။

မိမိကရိုးသားသော်လည်း မရိုးသားမဖြောင့်မတ်သူနှင့် ပေါင်းဖော်ရသောအခါ ငါးကိုထုပ်သော ဖက်ရွက်သည် ငါးညှီနံ့နံသကဲ့သို့ဖြစ်ပြီး ဆုံးရှုံးနစ်နာရမှုနှင့် ရင်ဆိုင်ရသည်လည်း ရှိခဲ့ကြသည်။ ဤသည်လည်း မရိုးဖြောင့်မှု၏သဘောတရားပင်။

ရိုးသားဖြောင့်မတ်ခြင်း၏ အကျိုးကျေးဇူးများ

“ကောက်သော်မစားလောက်၊ ဖြောင့်သော်စား မနိုင်” ဟု မြန်မာစကားပုံရှိသကဲ့သို့ “အမှန်တရား သည် အောင်မြင်သည်။ လိမ်ညာမှုသည် ကျရှုံးလိမ့်မည်” ဟု ဟိန္ဒူလူမျိုးတို့၏စကားပုံလည်း ရှိခဲ့သည်။

ထိုဆိုစကားကို လက်ကိုင်ထားပြီး ကုန်သွယ်ရာမှ ဟိန္ဒူများ စီးပွားတိုးတက်ချမ်းသာနေသည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်ခြင်း၏ ဂုဏ်ကျေးဇူးကို လူမျိုးတိုင်းကပင် အမွှမ်းတင်ကြ သည်။ အနောက်တိုင်း လက်တင်စကားပုံက ဤသို့တစ်မျိုးတစ်ဖုံ ဆိုထားပြန်သည်။ ““ရိုးသားခြင်းသည် အင်အားကို အတောင်တပ်ပေးသည်”။ ဆိုလိုသည်မှာ ရိုးသားစွာ ပညာရှာလျှင်၊ ဥစ္စာရှာလျှင်၊ ရာထူးဌာနန္တရ မြင့်မား လိုလျှင် ရိုးသားကြိုးစားပြီးလုပ်ပါ။ ထိုက်ထိုက် တန်တန်ရရှိပါလိမ့်မည်ဟု ဆိုလိုရင်းဖြစ်ပေသည်။

ထို့ကြောင့် လူတစ်ဦးချင်း၏ ဘဝမှစပြီး တိုင်းပြည်နိုင်ငံကြီးထိ တိုးတက်ကြွယ်ဝချမ်းသာလို | ပါလျှင် တိုင်းသူပြည်သားတိုင်း ဤနေရာတွင် သာမန်ပြည်သူမှအစ တာဝန်ရှိသူများအဆုံး အားလုံး ရိုးသားဖြောင့်မတ်စွာ တွေးကြံ၊ ပြောဆို၊ လုပ်ကိုင် ကြရမည်။ ထိုမှ အကျိုးကျေးဇူးများ ခံစားစံစားကြ ရပါမည်။ ရိုးရိုးကျင့်ပြီး မြင့်မြင့်ကြံကြပါကုန်။

ရိုးသားခြင်းသည် လူ၏ပင်ကို အရည်အသွေး များအနက်မှတစ်ခုဖြစ်ပြီး တာရှည်ခံသောသဘော၊ ကောင်းကျိုးပြုနိုင်သောသဘော၊ အများတကာ၏ ယုံကြည်မှုခံယူနိုင်သော သဘောတို့ ပါဝင်သည်။ ရိုးသားခြင်းသည် အံ့ဖွယ်ဂုဏ်သတ္တိနှင့်လည်း ပြည့်စုံ၏။ ဟန်ဆောင်တတ်သော အသိုင်းအဝိုင်း၊ လည်သလို၊ လျင်သလိုဖြတ်စား လျှပ်စားလုပ်သော အသိုင်းအဝိုင်းတွင် ရိုးသားခြင်းသည် ထူးခြားသော အဓိပ္ပာယ်တစ်ခုအဖြစ်သို့သူ့အလိုလိုရောက်ရှိသွား နိုင်သည်။ ရိုးသားသူကို ပညာရှိသူတော်ကောင်းတို့ က ချီးမွမ်းလေ့ရှိကြ၏။

နောက်ဆုံးအနေဖြင့် အာရပ်တို့၏စကားပုံကို ဖော်ပြပါမည်။ ဤစကားပုံက အလုပ်အကိုင်မမှား စေရန် သတိပြုသင့်သည်ကို ထောက်ပြထားသည်။

“လိမ်ညာမှုသည် အကျိုးရှိမည့်ပုံပေါ်သော်လည်း သင့်ကို ထိခိုက်နစ်နာစေလိမ့်မည်။ အမှန်တရား(ရိုးသားဖြောင့်မတ်ခြင်း)သည် သင့်ကို ထိခိုက်နစ်နာမည့် ပုံပေါ်သော်လည်း သင့်ကို အကျိုးရှိစေလိမ့်မည်။”

ဖော်ပြပါ စကားအရပ်ရပ် နိဂုံးကမ္ပတ်အဆုံး သတ်လိုက်သောအခါ ရိုးသားဖြောင့်မတ်ခြင်းသည်သာ ရေရှည်ကြီးပွားချမ်းသာခြင်း၏ အကောင်း ဆုံးလမ်းစဉ် ဖြစ်ပေတော့သည်ဟု အာမခံစကား ပြောကြားအပ်ပါသည်။ ။

 

မြင်းခြံကျော်အောင်