Skip to main content

မူးယစ်ဆေးဝါးပြဿနာနှင့် ပရီကာဆာ ဓာတုပစ္စည်းများအန္တရာယ်

 

ကိုကိုချွန်(မော်လမြိုင်)

မူးယစ်ဆေးဝါးပြဿနာကို မြန်မာနိုင်ငံတစ်ခုတည်းတွင်သာ ကြုံတွေ့နေရသည်မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအများစုလည်း ကြုံတွေ့နေရသည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှု ပြဿနာသည် နယ်မြေအေးချမ်းမှု မရှိသော၊ တရားဥပဒေစိုးမိုးမှု အားနည်းသော၊ သွားလာရခက်ခဲသော၊ လုံခြုံမှု အားနည်းသော ဒေသများတွင် အများဆုံးဖြစ်ပေါ်နေပြီး ဖွံ့ဖြိုးပြီးနိုင်ငံအချို့တို့တွင်လည်း ထုတ်လုပ်နေလျက်ရှိသည်။ မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာ ကြုံတွေ့နေရသောနိုင်ငံအများစုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ဖြစ်သော်လည်း နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ပြဿနာများတွင် ဆင်းရဲသောနိုင်ငံများမှာ ပိုမိုခံစားနေရသည်။ ထို့ပြင် ကျေးလက်နေပြည်သူများထက် မြို့နေလူတန်းစား များတွင် မူးယစ်ဆေးဝါးသုံး စွဲသူပိုမိုများပြားသော်လည်း ကျေးလက်နေပြည်သူများမှာမူးယစ်ဆေးဝါး ပြဿနာနှင့်နောက်ဆက်တွဲ ဆိုးကျိုးများကို ပိုမိုခံစားနေရပါသည်။

 

မူးယစ်ဆေးဝါးပြဿနာကို သတ်မှတ်ရာတွင် မူးယစ်ဆေးဝါးပင် စိုက်ပျိုးထုတ်လုပ်ခြင်း၊ အခြားသော မူးယစ်ဆေးဝါးများ ထုတ်လုပ် ခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်းများဟု သတ်မှတ်နိုင် သော်လည်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်လာသော ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးပြဿနာများသည် တစ်ဆက်တည်း ပေါ်ပေါက်လာ ခဲ့သည်။ မူးယစ်ဆေးဝါးပြဿနာ၏ နောက်ဆက်တွဲပြဿနာများဖြစ် သော ငွေကြေးခဝါချမှု၊ အကျင့်ပျက်ခြစားမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု များဖြစ်သော လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တရားမဝင် ငွေကြေး စီးဆင်းမှု၊ လက်နက်ကိုင် သောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အကြမ်း ဖက် အဖွဲ့ အစည်းများအား ငွေကြေးထောက်ပံ့မှုနှင့် တရားဝင် စီးပွား ရေးလုပ်ငန်းများသို့ငွေကြေးစီးဆင်းမှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။

မူးယစ်ဆေးဝါးပြဿနာ ခံစားရမှု အတိမ်အနက်အပေါ်မူတည်ပြီး နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချို့နိုင်ငံများတွင် နိုင်ငံတော် ၏ အချုပ်အခြာအာဏာကိုပင် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရသည်။

မြန်မာနိုင်ငံသည်လည်း မူးယစ်ဆေးဝါးပြဿနာကို ဆိုးရွားစွာ ခံစားနေရသော နိုင်ငံတစ်ခုဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲ ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသော ဒေသအချို့တွင် ဘိန်းစိုက် ပျိုးခြင်း၊ ဘိန်းဖြူထုတ်လုပ်ခြင်း၊ ဓာတုပစ္စည်းများကိုအခြေခံပြီး ထုတ် လုပ်သော လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်း၊ တစ်ဆင့်ခံနိုင်ငံအဖြစ် အသုံးချခံရခြင်းများ ရှိနေသည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့် ဝိသမလောဘကို အခြေခံသော ပြည်သူအချို့၏ ပါဝင်ပတ်သက်နေမှုများသည် မူးယစ် ဆေးဝါးကို သက်ဆိုးရှည်ပြီး ပိုမိုဆိုးရွားစေလျက်ရှိသည်။

 

ဝိသမလောဘသားများ၏ အသုံးချခံအဖြစ် ကြုံတွေ့နေရ

အေးချမ်းစွာနေထိုင်တတ်သော ဒေသခံပြည်သူအများစုမှာ ဝိသမ လောဘသားများ၏ အသုံးချခံအဖြစ် ကြုံတွေ့နေရသည်။ မူးယစ် ဆေးဝါးအန္တရာယ်နှင့်ပတ်သတ်ပြီး အသိပညာ ဗဟုသုတနည်းပါးခြင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အယူအဆအမှားများနှင့် စူးစမ်းလိုစိတ် ရှိခြင်းများကြောင့် လူငယ်ထု၊ အထူးသဖြင့် ကျောင်းသားလူငယ်ထု အတွင်း မူးယစ်ဆေးဝါးအန္တရာယ်သည် လက်တစ်ကမ်းသို့ ချဉ်းကပ် လာပြီဖြစ်သည်။

မူးယစ်ဆေးဝါးကို အလွယ်တကူ လက်လှမ်းမီခြင်း၊ ဒေသတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု တိုးတက်လာ၍ ဈေးနှုန်းကျဆင်းခြင်း၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်မှုကြောင့် အရည် အသွေး ပိုမိုပြင်းထန်လာခြင်းနှင့် အသစ်အသစ်သော မူးယစ်ဆေးဝါး များနှင့် Designer Drugs များ ပေါ်ပေါက်လာခဲ့သည်။ ထိုပြဿနာကို နိုင်ငံတစ်နိုင်ငံတည်း ဖြေရှင်းနိုင်မည်မဟုတ်ဘဲ နိုင်ငံတကာ အသိုက် အဝန်းတစ်ခုလုံး၊ လူသားအားလုံး ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းရမည် ဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာသည် လူသားတိုင်း အပေါ်တစ်နည်း မဟုတ်တစ်နည်း သက်ရောက်နေမှုများ ရှိသည်ဖြစ်ရာ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းရာတွင် နိုင်ငံသားတိုင်းမှာ တာဝန်ရှိသည်ဟု ခံယူကြရမည်ဖြစ်သည်။

ဘိန်းဖြူနှင့်ကိုကင်းအပါအဝင် အပင်မှထွက်သောမူးယစ်ဆေးဝါး များကို ထုတ်လုပ်ရန်နှင့် စိတ်ကြွစိတ်ပြောင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အစပျိုး ဓာတုပစ္စည်းများ လိုအပ်လာမည်ဖြစ်သည်။ ပရီကာဆာ ဓာတုပစ္စည်းများမရှိဘဲ မည်သည့်မူးယစ်ဆေးဝါး အမျိုး အစားများကိုမှ ထုတ်လုပ်ရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပြဿနာ၏ အရင်းခံအကြောင်းတရားမှာ ပရီကာဆာ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်နေမှုများပင် ဖြစ်သည်။ ပရီ ကာဆာ ဓာတုပစ္စည်းများကို ထိန်းချုပ်နိုင်ပါက မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပြဿနာကို ဟန့်တားနိုင်မည်ဖြစ်သည်။ ဤနေရာတွင် ပရီကာဆာ ဓာတုပစ္စည်းများကိုမည်သည့်အတွက် မထိန်းချုပ်နိုင်သလဲ ဆိုသည့် မေးခွန်းမှာ မေးမြန်းသင့်သည့်မေးခွန်းတစ်ခု ဖြစ်သည်။

 

ဓာတုပစ္စည်းအများစုမှာ စက်မှုလုပ်ငန်းများတွင် အသုံးပြုနေသည့် အပြင် ဆေးကုသရန်အတွက် အသုံးပြုမည့် အိမ်သုံးဆေးဝါးများကို  လည်း ထုတ်လုပ်လျက်ရှိသည်။ လူ့အသုံးအဆောင်ပစ္စည်းများ၊ အစား  အသောက်များ၊ ဆေးဝါးထုတ်လုပ်မှုနှင့် သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများတွင် ဓာတုပစ္စည်းများကို မရှိမဖြစ်အသုံးပြုနေရပြီး ကဏ္ဍ အလိုက် သုံးစွဲမှုပမာဏနှင့် အမျိုးအစားသာ ကွာခြားမှုရှိသည်။ ဓာတု ပစ္စည်းအားလုံးကို ထိန်းချုပ်ရန်မှာ မဖြစ်နိုင်သော ကိစ္စရပ်တစ်ခု ဖြစ်နေသည်။

 

မြန်မာနိုင်ငံတွင် ဓာတုပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုနေသော ဓာတုပစ္စည်းများအားလုံးကို အခြားနိုင်ငံများမှ တင်သွင်းနေရသည်။ မူးယစ်ဆေးဝါးချက်လုပ်ရာ တွင် အသုံးပြုနေသော ဓာတုပစ္စည်းအများစုမှာ နယ်စပ်ဒေသ လုံခြုံ ရေးအားနည်းသော နေရာများမှ အများဆုံးဝင်ရောက်ပြီး အချို့သော  ဓာတုပစ္စည်းများမှာ တရားဝင်တင်သွင်းခြင်းမှ လမ်းလွဲရောက်ရှိမှုများ  လည်း ကြုံတွေ့နေရသည်။ အိမ်နီးချင်းနိုင်ငံ နယ်စပ်ဒေသများတွင် ထိန်းချုပ်မှုများ ဆောင်ရွက်နေသော်လည်း ထိရောက်သော ဟန့်တား မှုမျိုးကို ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် မူးယစ်ဆေးဝါး တရားမဝင်  ချက်လုပ်ရာ နေရာများသို့ ပရီကာဆာ ဓာတုပစ္စည်းများ ဝင်ရောက် နေဆဲဖြစ်သည်။

တစ်ဆင့်ခံဓာတုပစ္စည်းများ အသုံးပြုလာ

 ကုလသမဂ္ဂ၏မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များ တရားမဝင် ကူးသန်းရောင်း ဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာ ကွန် ဗင်းရှင်း(၁၉၈၈ ခုနှစ်)တွင် မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ တရားမဝင်ထုတ်လုပ်မှုကို တားဆီးနိုင်ရန် မူးယစ်ဆေးဝါးချက်လုပ် ရာတွင် မရှိမဖြစ်လိုအပ်သော ပရီကာဆာဓာတုပစ္စည်းများကို ထိန်းချုပ် ထားခဲ့သည်။ ကွန်ဗင်းရှင်းပါ ဇယားများအရ မူးယစ်ဆေးဝါးချက်လုပ် ရာတွင် အဓိကလိုအပ်သော ပရီကာဆာ ဓာတုပစ္စည်း အမျိုး ၃၀ ကို နိုင်ငံတကာမှ ထိန်းချုပ်ထားသည်။ သို့သော် မူးယစ်ဆေးဝါး ချက်လုပ် သူများသည် ထိန်းချုပ်ထားသော ပရီကာဆာ ဓာတုပစ္စည်းများအစား ထိန်းချုပ်ထားခြင်းမရှိသော တစ်ဆင့်ခံ ဓာတုပစ္စည်းများကို အသုံးပြု  လာကြသည်။ ထို့ပြင် မူးယစ်ဆေးဝါးချက်လုပ်သည့် နည်းလမ်းများကို ပြောင်းလဲအသုံးပြုလာသဖြင့် ပရီကာဆာဓာတုပစ္စည်းများ လိုအပ်မှု မှာလည်း ပြောင်းလဲလာလျက်ရှိသည်။ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် ထိန်းချုပ် ပရီကာဆာ ဓာတုပစ္စည်းများကိုသာ လိုအပ်မည်မဟုတ်ဘဲ အခြားသော ပရီကာဆာ ဓာတုပစ္စည်းများလည်း လိုအပ်မည်ဖြစ်သည်။

ဒေသတွင်း တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လာမှုကြောင့် မူးယစ်ဆေးဝါးချက် လုပ်သူများသည် ထိန်းချုပ်ထား သော ပရီကာဆာ ဓာတုပစ္စည်းများအစား ထိန်းချုပ်ထားခြင်းမရှိသည့် တစ်ဆင့်ခံ ဓာတုပစ္စည်းများကို အသုံးပြုလာကြသည်။  ထိုဓာတုပစ္စည်း များသည် စက်မှုလုပ်ငန်းများတွင်လည်း အသုံးများနေသည်ဖြစ်ရာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနိုင်သည့် အဓိကကျသော ဓာတုပစ္စည်း ၅၅ မျိုးကို နိုင်ငံတကာမှ အထူးစောင့်ကြည့်ရမည့် ဓာတု ပစ္စည်းအဖြစ် ထုတ်ပြန်ပြီး စောင့်ကြည့်ထိန်းချုပ် လျက်ရှိသည်။

 

နိုင်ငံတကာအနေဖြင့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အထူးစောင့် ကြည့်ရမည့် ဓာတုပစ္စည်းများကို လက်ရှိအချိန်တွင် စောင့်ကြည့် ထိန်းချုပ်ထားနိုင်သော်လည်း မူးယစ်ဆေးဝါးချက်လုပ်ရန် ရည်ရွယ်ပြီး သီးသန့်ဓာတုပစ္စည်းများကို ထုတ်လုပ်ကာ တရားဝင် သယ်ဆောင်  ရောင်းချနေမှု ပြဿနာများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွား လာသည်။

 ပရီကာဆာဓာတုပစ္စည်းများ ထိန်းချုပ်ရေးအရေးကြီး

 မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု ပပျောက်ရေးတွင် ပရီကာဆာ ဓာတုပစ္စည်းများ ထိန်းချုပ်ရေးသည် အရေးကြီးသော ကဏ္ဍရပ်တစ်ခု ဖြစ်သည်နှင့်အညီ နိုင်ငံတကာမှ ထိန်းချုပ်ထားသော ပရီကာဆာများနှင့် နိုင်ငံအတွင်း လိုအပ်ချက်အရ နောက်ထပ် ပရီ ကာဆာ ဓာတုပစ္စည်း ၁၀ မျိုးကိုလည်း ထပ်တိုးထိန်းချုပ်ထားသည်။ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများ နိုင်ငံ အတွင်းသို့ နယ်စပ်ဒေသများကို ဖြတ်ကျော်ကာ နည်းလမ်းမျိုးစုံဖြင့် တရားမဝင် ဝင်ရောက်လျက်ရှိသည်။ ထို့ပြင် ပြည်တွင်းစက်မှုလုပ်ငန်း များအတွက် တရားဝင်တင်သွင်းမှုများမှ လမ်းလွဲရောက်မှုများလည်း ကြုံတွေ့ နေရသည်။

 

နိုင်ငံအတွင်း ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက် မှုနှင့် လမ်းလွဲရောက်ရှိမှုများကို နိုင်ငံတော်က အထူးစီမံချက်များ  ချမှတ်ပြီး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ဒေသတွင်းနိုင်ငံများ အနေဖြင့်လည်း မူးယစ်ဆေးဝါးနှင့် ပရီကာဆာ ဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုနှင့် လမ်းလွဲ  ရောက်မှုများကို တိုးမြှင့်တားဆီးခဲ့သည်။ သို့သော် ဒေသတွင်း မူးယစ် ဆေးဝါးသုံးစွဲမှု မြင့်တက်လာခြင်းနှင့် ဈေးကွက်ချဲ့ထွင်လာမှုများသည် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် လိုအပ်သော ဓာတုပစ္စည်းများ တရား မဝင် သယ်ဆောင်ရောင်းဝယ်မှုများကို တိုးမြင့်စေလျက်ရှိသည်။

ဒေသတွင်းနိုင်ငံများ၏တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လာမှုများကြောင့် ဒေသတွင်း၌ မူးယစ်ဆေးဝါး နှင့် ပရီ ကာဆာ ဓာတုပစ္စည်းများကို နှစ်စဉ် တိုးတက်ဖမ်းဆီးရမိလျက်ရှိ သည်။ သို့သော် ဖမ်းဆီးရမိသော ပရီကာဆာ ဓာတုပစ္စည်းများသည် လွန်စွာနည်းပါးသောပမာဏဖြစ်ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး  ပမာဏကိုပင် ထုတ်လုပ်နိုင်ခြင်းမရှိအောင် လွန်စွာနည်းပါးကြောင်း  ဒေသတွင်းထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ သိရသည်။ ထို့ ကြောင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနိုင်သည့် ပရီကာဆာ  ဓာတုပစ္စည်းများကို နိုင်ငံတွင်း၌သာမကဘဲ ဒေသတွင်း၌ပါ တိုးမြှင့် ဖမ်းဆီးနိုင်ရန် လိုအပ်လာသည်။

ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာခြင်းနှင့် ဈေးကွက် ချဲ့ထွင်လာမှုသည် ဒေသတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုကို မြင့် တက်လာစေခဲ့သည်။ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်လာမှုကြောင့် ဈေးနှုန်းများမြင့်တက်လာရမည်ဖြစ်သော်လည်း ဒေသတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုများသည် ဈေးကွက်လိုအပ်ချက်ထက် ပိုမိုထုတ်လုပ်လာ နိုင်မှုကြောင့် ဒေသတွင်း မူးယစ်ဆေးဝါး ဈေးနှုန်းများ ကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ တရားဥပဒေစိုးမိုးမှု အားနည်းသော ဒေသများတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်မှု မြင့်တက်လာသဖြင့် မူးယစ်ဆေးဝါး သုံးစွဲမှုအန္တရာယ်သည် လူငယ်ထု၏လက်တစ်ကမ်း အကွာသို့ရောက်ရှိ လာခဲ့သည်။ ရာဇဝတ်ဂိုဏ်းများအနေဖြင့် တားဆီးထိန်းချုပ်မှုများကို ရှောင်ရှားရန် မူးယစ်ဆေးဝါးချက်လုပ်သည့် နည်းလမ်းများ ပြောင်းလဲ အသုံးပြုလာခြင်း၊ ထိန်းချုပ်ထားခြင်းမရှိသော ဓာတုပစ္စည်းများ၊ တစ်ဆင့်ခံ ဓာတုပစ္စည်းများနှင့် ပုံစံပြောင်းလဲ ထုတ်လုပ်ထားသော ဓာတုပစ္စည်းအသစ်များကို ထုတ်လုပ်ခြင်းနှင့် သယ်ဆောင်ရောင်း ဝယ်ခြင်းများကို ဆောင်ရွက်လာကြသည်။

တရားဝင် သယ်ဆောင်ရောင်းဝယ်မှုများတွင် မည်သည့်စက်မှု လုပ်ငန်းများမှာမှ အသုံးပြုခြင်းမရှိသည့် ဓာတုပစ္စည်းများကို ထုတ် လုပ် သယ်ဆောင်ခြင်း၊ အခြားကုန်အမှတ်တံဆိပ်အမှားများ၊ ဓာတုပစ္စည်း အမည်အလွဲများ ကပ်နှိပ်ကာ ပို့ဆောင်ခြင်းများ ပိုမိုတွေ့ရှိလာရ သည်။ နိုင်ငံတစ်ခုနှင့်တစ်ခု မတူညီသော ဥပဒေ၊ လုပ်ထုံး လုပ်နည်း များ၊ ခေတ်မီပစ္စည်းကိရိယာ တပ်ဆင်ပေးမှု မပြည့်စုံခြင်းများကို  အခွင့်ကောင်းရယူကာ ပရီကာဆာ ဓာတုပစ္စည်းများ သယ်ဆောင် ရောင်းချမှုများ မြင့်တက်လာပြီး တားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင် အကန့်အသတ်များ ဖြစ်ပေါ်လာသည်။

ခေတ်မီဓာတုပစ္စည်း စစ်ဆေးနိုင်သည့်စက်ကိရိယာများတပ်ဆင်ရန် လိုအပ်

ဓာတုပစ္စည်းများ တင်ပို့မှုတွင် အရည်၊ အမှုန့်၊ အခဲ စသည့် ပုံစံ  အမျိုးမျိုးကို တံဆိပ်အလွဲများ၊ တံဆိပ်အတုများကပ်ကာ တင်သွင်း နေမှုများသည် တားဆီးနှိမ်နင်းရေး အရာရှိများအတွက် အန္တရာယ် ကြီးမားသည့်အပြင် မမျှော်လင့်သော ကပ်ဘေးများကို ဖြစ်ပေါ်စေနိုင် သည်။ လက်ဘနွန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ဓာတုပစ္စည်းများ ပေါက် ကွဲမှုသည် နိုင်ငံ၏ စီးပွားရေးအပေါ် ကြီးစွာသော သက်ရောက်မှုများ ဖြစ်စေခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာဝင်ပေါက်များ၊ နယ်စပ် ကုန် သွယ်ရေးစခန်းများနှင့် ပြည်တွင်းစစ်ဆေးရေးဂိတ်များတွင် ခေတ်မီဓာတုပစ္စည်း စမ်းသပ်စစ်ဆေးနိုင်သည့် စက်ကိရိယာများကို မဖြစ်မနေ တပ်ဆင်သွားရန်နှင့် စောင့်ကြည့်စစ်ဆေးသွားရန် လိုအပ်နေသည်။

ဓာတုပစ္စည်းများသည် မူးယစ်ဆေးဝါးအန္တရာယ်ကို ဖြစ်ပေါ်စေ သကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကို ဖြစ်ပေါ်စေလျက် ရှိသည်။ ဓာတုပစ္စည်းများကို အကာအကွယ်ပစ္စည်းများဖြင့် ကိုင် တွယ်မှု မရှိခြင်းသည် တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များအတွက် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာဆိုးကျိုးများကို ပေါ်ပေါက်စေမည် ဖြစ်သည်။ ဖမ်းဆီးရမိသော ဓာတုပစ္စည်းများကို စွန့်ပစ်ခြင်းအစား တရားဝင်အသုံးပြုနိုင်သည့် လုပ်ငန်းများသို့ ရောင်းချ ဖြန့်ဖြူးပေးခြင်း၊ အခြားလုပ်ငန်းများတွင် အသုံးပြုနိုင်မှုကို ရှာဖွေခြင်းနှင့် စွန့်ပစ်ရမည့် ဓာတုပစ္စည်းများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် သက်မဲ့ ပြုလုပ်ပြီးမှသာ စနစ်တကျ စွန့်ပစ်သွားရန်လည်း လိုအပ်သည်။ ရေရှည် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာနိုင်သဖြင့် တားဆီးနှိမ်နင်း ရေးတပ်ဖွဲ့ဝင်များအတွက် လိုအပ်သော အကာအကွယ် ပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် လုပ်ငန်းစွမ်းရည်များ မြှင့်တင်ပေး သွားရန်လည်း လိုအပ်သည်။

(ဆက်လက်ဖော်ပြပါမည်)

======================