Skip to main content

အသိတာကို မေးဖို့မရှက်ပါနဲ့

 

ကျော်ကျော်လှိုင်

 

ကျွန်တော် ကျောင်းကအောင်ပြီးတော့ မြန်မာ့ရေနံလုပ်ငန်းမှာ ဘူမိရူပဗေဒအရာရှိအဖြစ် စတင်အမှုထမ်းပါတယ်။ အလုပ်ဝင်ပြီး လပိုင်းအတွင်းမှာပဲ မြစ်ဝကျွန်းပေါ်၊ မအူပင်ဒေသကို ကွင်းဆင်း ဆောင်ရွက်ရပါတယ်။ အဲဒီအချိန်က မအူပင်ကို ကားလမ်းမပေါက် သေးပါဘူး။ သင်္ဘောနဲ့ပဲ သွားရပါတယ်။ ကျောင်းကလည်း အောင်စ၊ ဘဝင်ကလည်း ခပ်မြင့်မြင့်ဆိုတော့ အလုပ်ထဲမှာ မသိတာတွေကိုမေးဖို့ မာနကြီးနေပါတယ်။ ရေနံရှာဖွေရေးလုပ်ငန်းကလည်း ကျောင်းတုန်း က သင်ဖူးတာမဟုတ်တော့ မသိတာတွေကတော်တော်များပါတယ်။ မေးရမှာရှက် တော့ တတ်သလိုလိုနဲ့ လုပ်နေပေမယ့် ကိုယ်လုပ်နေတာ မှားလား မှန်လား မသိတဲ့အခြေ အနေပါ။ ဒီလိုဆက်ပြီး မမေးဘဲနေရင်

 

တော့ ဘာမှတတ်မှာမဟုတ်ဘူးဆိုတာ သတိပြုမိလာပါတယ်။ ဒီအချိန်မှာ -

 

“မေးခွန်းမေးတဲ့လူက ငါးမိနစ်ပဲ အရူးလို့ ပြောခံရမယ်၊ မမေး ရင်တော့ တစ်သက်လုံး အရူးဖြစ်လိမ့်မယ်” ဆိုတဲ့ တရုတ်စကားပုံကိုလည်း သတိရမိပါတယ်။

 

နောက်ဆုံးတော့ ငါးမိနစ် အရူးလို့ပြောခံရရင် ပြောခံရပါစေ၊ မသိတာကို မေးမှသိမှာပဲဆိုပြီး ကျွန်တော်မရှက်မကြောက် မေးခွန်း တွေ မေးပါတယ်။ မေးခွန်းတွေမေးတဲ့အခါ ကျွန်တော်မသိတာတွေ အကုန်သိလားဆိုတော့ မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ မေးခွန်း မှားမေးတာကတစ်ကြောင်း၊ မေးခွန်းမှန်ပြန်တော့လည်း လူမှားမေးမိ တာတို့ကြောင့် စစချင်းမှာတော့ ကျွန်တော်သိချင်တာတွေ အကုန် အမရပါဘူး။ ဒါပေမဲ့ ကျွန်တော်သတိထားမိတာက ဇွဲရှိရှိနဲ့ ကျွန်တော်ဆက်မေးတဲ့အခါ မေးခွန်းတွေကို မှန်အောင်မေးတတ်လာ ပါတယ်။ မေးခွန်းတွေ မှန်လာတဲ့အခါ လူမှားမေးတာတွေလည်း နည်းလာပါတယ်။ မှားမေးမိရင်တောင် မှန်တဲ့လူဆီရောက်အောင် လမ်းညွှန်ပေးကြပါတယ်။ မှန်တဲ့မေးခွန်းကို မေးတတ်အောင်၊ မှန်တဲ့ လူကို မေးတတ်အောင် ကျွန်တော့်အတွက် အချိန်နည်းနည်းတော့ ယူခဲ့ရပါတယ်။ သေချာတာတစ်ခုကတော့ မှန်တဲ့မေးခွန်းကို မေးတတ်မယ်၊ မှန်တဲ့လူကိုမေးမယ်ဆိုရင်တော့ သေချာပေါက် မှန်ကန်တဲ့အဖြေကိုရ မယ်ဆိုတာပါပဲ။ ဒါပေမဲ့လူတိုင်းက ဒီလျှို့ဝှက် ချက်ကို မသိကြပါဘူး။ မေးခွန်းမမေးဘဲ ကိုယ်ထင်တာကိုလုပ်မယ် ဆိုရင်တော့ အမှားနဲ့ရင်ဆိုင်ရမယ့် ရာခိုင်နှုန်းကများပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ကြုံကြိုက်လို့ ရယ်စရာလည်းကောင်းတဲ့ ပုံပြင်လေးတစ်ခု ပြောပြချင်ပါတယ်။

 

တစ်ခါတုန်းက ညီအစ်ကို သုံးယောက်က နိုင်ငံခြားကိုထွက်လာ ပြီး စီးပွားရှာကြပါတယ်။ အချိန်အတန်ကြာတော့ ညီအစ်ကို သုံးယောက်စလုံး စီးပွားရေးတွေ အောင်မြင်ကြပါတယ်။ ညီအစ်ကို သုံးယောက်က မိခင်ကြီးဆီကို အလုအယက် အပြိုင် အဆိုင် လက်ဆောင် တွေပို့ကြပါတယ်။ တစ်နေ့ကျတော့ ညီအစ်ကိုသုံးယောက် ဆုံမိကြတော့ အမေ့ဆီပို့လိုက်တဲ့ လက်ဆောင်တွေအကြောင်း ကြွားကြပါတယ်။ အစ်ကိုအကြီးဆုံး က အမေ့ကို အိမ်အကြီးကြီးတစ်လုံးဝယ်ပေးကြောင်း ပြောပါ တယ်။ အစ်ကိုလတ်က အမေစီးဖို့ မာစီးဒီးကား ဝယ်ပို့လိုက် ကြောင်း၊ ဒရိုင်ဘာလည်း စီစဉ်ပေးထားကြောင်း ပြောပါတယ်။

 

ဒီအခါမှာ ညီအငယ်ဆုံးက “အစ်ကိုကြီးတို့ထက် ကျွန်တော့် လက်ဆောင်က ပိုကောင်းတယ်။ ကျွန်တော်ပို့လိုက်တဲ့ ကြက်တူ ရွေးက ပရိတ်ကြီး ၁၁ သုတ် အကုန်ရွတ်တတ်တယ်။ အမေက ပရိတ်နာမည်ပြောလိုက်ရင် ကြက်တူရွေးကရွတ်တယ်။ အမေ့ အတွက်တော့ တကယ့်အကောင်းပဲ”လို့ ပြောပါတယ်။ မကြာမီပါပဲအမေ့ဆီကနေ သားတွေဆီကိုစာအသီးသီး ရောက်လာ ပါတယ်။ ပထမသား ကြီး ဆီကို “သားကြီး ဝယ် ပေးတဲ့ အိမ် က သိပ်ကောင်းတယ်။ အခန်းတွေက အလွန်များတယ်။ ငါလိုတာ တစ်ခန်းတည်းပဲ။ ဒါပေမဲ့ အခုတော့ တစ်အိမ်လုံးကိုငါသန့်ရှင်းရေး လုပ်ရတယ်” လို့ ရေးပါတယ်။ ။ ဒုတိယသားလတ်ဆီကိုတော့ “သားလတ်ဝယ်ပို့လိုက်တဲ့မာစီးဒီး နဲ့ ဒရိုင်ဘာအတွက် ကျေးဇူးတင်ပါတယ်။ ငါ့အတွက်တော့ သွားစရာမရှိလို့ သိပ်တော့ အသုံးမဝင်ဘူး။ ဒရိုင်ဘာကလည်း ဆက်ဆံရေး ရိုင်းတယ်” လို့ ရေးပါတယ်။ တတိယသားအငယ်ဆုံးကိုတော့ “သားငယ် မင်းကတော့ အမေ့အကြိုက်ကို အသိတတ်ဆုံးပဲ။အမေအစားအသောက်ပျက်နေ တာ ကြာပြီ။ ကြက်တူရွေးစားလိုက်မှခံ တွင်းပြန်တွေ့သွားတယ်” လို့ ရေးထားပါတယ်။ အမေဘာလိုချင်လဲမမေးဘဲနဲ့ သားတွေတစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်လုပ်ကြလို့ မှားရတာပါပဲ။ ပုံပြင်က ရယ်စရာဆိုပေမယ့် သင်ခန်းစာပေးထားပါတယ်။ “မေးပါ။ သေချာမှလုပ်ပါ” ဆိုတဲ့ သင်ခန်းစာကို ရပါတယ်။

 

မေးရမှာ ဝန်လေးရင်၊ မမေးဘဲလုပ်ရင် အမှားလုပ်မိဖို့ များပါတယ်။ လူတော်တော်များများက ဒီအချက်ကို နားလည်ဖို့ ပေးဆပ်မှုတွေ အများကြီးလုပ်ရပါတယ်။

 

ဒါကြောင့်မေးဖို့မရှက်ပါနဲ့လို့ပြောချင်ပါတယ်။ အောင်မြင်တဲ့လူနဲ့ မအောင်မြင်တဲ့လူကို ခြားနားစေတာလည်း မေးခွန်းမေးတာပါပဲ။ ပန်းသီးကြွေတာကို လူတော်တော်များများ မြင်ဖူးကြတာပါပဲ။ သိပ္ပံပညာရှင် နယူတန် (Newton) ကပဲ ဘာကြောင့်ကြွေရတာလဲဆို တဲ့မေးခွန်းကိုမေးရာကနေကမ္ဘာ့ဆွဲငင်အား အကြောင်းကို ဖော်ထုတ်နိုင်ခဲ့တာပါ။

 

ကျွန်တော် ကုမ္ပဏီထောင်ခဲ့တဲ့သက်တမ်း အနှစ် ၂၀ ကျော်မှာ ကမ္ဘာတစ်လွှားကလူအမျိုးမျိုးနဲ့ ကျွန်တော်ထိတွေ့ဆက်ဆံခဲ့ရပါတယ်။ CEO လို့ခေါ်တဲ့ အမှုဆောင်အရာရှိချုပ်တွေ၊ ဘာသာရပ်ကျွမ်းကျင် သူတွေ၊ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌတွေ၊ အများကြီး ကြုံတွေ့ဖူးပါတယ်။ သူတို့နဲ့ ကြုံတွေ့ရတဲ့အခါ ကျွန်တော်မေးခွန်းတွေ မေးပါတယ်။ မေးခွန်းအဖြေတွေ နားထောင်ရတဲ့အခါ ကျွန်တော့်အတွက် အလွန် ပျော်ရွှင်ပီတိ ဖြစ်ရပါတယ်။ သေသေချာချာလည်း ကျွန်တော်နားထောင် ပါတယ်။ နားထောင်တဲ့အတွက်လည်း မှတ်သား စရာတွေ၊ သင်ယူ စရာတွေ ကျွန်တော်အများကြီးရပါတယ်။ ယခုအချိန်အထိလည်း

အောင်မြင်တဲ့လူတွေနဲ့တွေ့ရင် မေးခွန်းမေးရတာကို ကျွန်တော် လုပ်ဆဲ ပါ။ ကြည်ညိုလေးစားတဲ့လူတွေနဲ့လည်း အချိန်ပေးပြီး ကျွန်တော်မကြာ ခဏ တွေ့ပါတယ်။ မတွေ့ခင်မှာလည်း မေးရမယ့်မေးခွန်းတွေကို ကျွန်တော် သေသေချာချာ ပြင်ဆင်ပါတယ်။ ဘာကြောင့်လဲဆိုတော့မေးခွန်းက မှန်ကန်တိကျမှသာ အ ကောင်းကိုရနိုင်မှာဖြစ်ပါတယ်။ အပြောအဟောကောင်းသူ အန်တာနီရော်ဘင် (Anthony Robin) m –

 

“တန်ဖိုးရှိတဲ့ မေးခွန်းကို မေးတဲ့လူက တန်ဖိုးရှိတဲ့ဘဝကို ပိုင်ဆိုင်ပါတယ်။ အောင်မြင်တဲ့လူတွေက မှန်ကန်တဲ့မေးခွန်းကို မေးတတ်လို့ အမှန်တွေ အမြဲရတာပါ” လို့ ပြောခဲ့ပါတယ်။

အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့၊ တိုးတက်မှုတွေ စဉ်ဆက် မပြတ်ရရှိဖို့ ဘယ်လိုလူတွေကို တွေ့ပါ၊ ဘယ်လိုမေးခွန်းတွေကို မေးပါလို့ အတိအကျ အကြံဉာဏ်ပေးဖို့ကတော့ ခက်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်လည်း ကွာခြားနိုင်ပါတယ်။ မိမိလုပ်တဲ့ အလုပ်၊ အောင်မြင်မှုခရီးမှာ မိမိရောက်ရှိနေတဲ့ အခြေအနေ၊ မိမိသွား ချင်တဲ့နေရာတွေပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ သေချာတာ တစ်ခုကတော့ လူတွေကို မေးခွန်းတွေမမေးခင် မိမိကိုယ်မိမိ မေးခွန်း မေးဖို့ပါပဲ။ မိမိက ကိုယ်ကျင့်တရားမကောင်းဘဲ၊ ကျင့်ဝတ်တွေ မစောင့်ထိန်းဘဲ၊ မှန်တဲ့အလုပ်ကို မလုပ်ဘဲ၊ လူတွေဆီကအကြံဉာဏ် တွေရလည်း မိမိအတွက် အကျိုးကျေးဇူး သိပ်မရှိနိုင်ပါဘူး။

 

ဒါကြောင့် မိမိကိုယ်မိမိ မေးခွန်းအရင်ထုတ်ဖို့လိုပါတယ်။ ကျွန်တော့်ဘဝ ( အတွေ့အကြုံပေါ်မူတည်ပြီး မိမိကိုယ်မိမိ မကြာခဏမေးသင့်တဲ့ မေးခွန်း ၁၀ ခုကို စာဖတ်သူကို ဝေမျှချင်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေကြည့်ပြီး လိုအပ်နေတာတွေကို ပြုမူကျင့်ကြံနေထိုင်ရင် အောင် မြင်တဲ့လူတစ်ယောက်ဖြစ်လာအောင်၊ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်လာအောင် လမ်းကြောင်းမှန်ပေါ်ကို တင်ပေးပါ လိမ့်မယ်။

 

ပထမမေးခွန်းကတော့

 

“မိမိရဲ့ တိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ရဲ့ လား” လို့ မိမိကိုယ်မိမိ မေးရပါလိမ့်မယ်။ မိမိဘဝတိုးတက်ရေးအတွက် နေ့စဉ်လေ့လာသင်ကြားနေဖို့ လိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး “နေ့စဉ်လေ့လာသင်ယူနေမှ အမြဲဦးဆောင်နိုင် မယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ အကျယ်တဝင့် ကျွန်တော်ရေးခဲ့ပြီးပါပြီ။ လက်တွေ့မှာ လူတွေက အောင်မြင်လာတဲ့အခါ လေ့လာ သင်ကြားမှု အားနည်းလာပါတယ်။ ခေါင်းဆောင်ဖြစ်လာတဲ့အခါ လေ့လာသင်ကြားဖို့ ပိုလိုပါတယ်။ မိမိမှာရှိတာပဲ သူများကို ပေးလို့ရပါတယ်။ ခေါင်းဆောင်က လေ့လာသင်ကြားမှု အားနည်းရင်၊ မိမိအဖွဲ့သားတွေရဲ့ အကျိုးကိုဆောင်ရွက်တဲ့အခါ ထိရောက်မှုနည်းပါလိမ့်မယ်။ ခေါင်းဆောင်ကောင်းတွေက မိမိရဲ့ တိုးတက်မှုအတွက် အမြဲအချိန်ပေးပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပါတယ်။ စဉ်ဆက်မပြတ် လေ့လာသင်ကြားမှ စဉ်ဆက် မပြတ် ဦးဆောင်မှုပေးနိုင်ပါလိမ့်မယ်။

 

ဒုတိယမေးခွန်းကတော့

 

“လူတွေကို ကူညီဖို့ စိတ်ဝင်စားရဲ့လား”လို့ မိမိကိုယ်မိမိ မေးရပါ လိမ့်မယ်။ ခေါင်းဆောင်ဖြစ်ချင် တဲ့လူတွေကို ဘာကြောင့် ခေါင်းဆောင်ဖြစ်ချင်တာလဲ မေးတဲ့အခါ တချို့ကပါဝါလိုချင်လို့၊ အာဏာလိုချင်လို့ ဖြေကြပါတယ်။ တချို့ကျတော့လည်း အောင်မြင်ကျော်ကြားချင်လို့၊ အလေးပေးခံချင်လို့၊ ရာထူးကြီး ကြီးလိုချင်လို့ စသဖြင့် အကြောင်းအမျိုးမျိုးရှိကြပါတယ်။ ကျွန်တော့်ရဲ့ ယုံကြည်ချက်ကတော့ ခေါင်းဆောင်ဖြစ်လာရင် အများအကျိုးကိုဆောင်ရွက်ရမယ်၊ အများကိုကူညီရမယ်ဆိုတာ အဓိကပါပဲ။ ကျွန်တော်ပြောပြမယ့် မေးခွန်း ၁၀ ခုထဲမှာ ဒီမေးခွန်းက အရေးကြီးတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခေါင်းဆောင်ဖြစ်လာရင် မိမိအရေးကိစ္စကို အရင် ဆောင်ရွက်ကြတဲ့လူက များပါတယ်။ ဒီလုပ်ဆောင်ချက်က မှားပါတယ်။ မိမိဦးဆောင်နေတဲ့ လူတွေရဲ့ အရေးကို ရှေ့တန်း တင်ရပါမယ်။ လူတွေကို စိတ်ဝင်စားမှ လူတွေနဲ့ ခင်မင်ရင်းနှီးမှု ကို တည်ဆောက်နိုင်ပါတယ်။ လူတွေနဲ့ရင်းနှီးမှ လူတွေရဲ့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေကို သိပါလိမ့်မယ်။ ဒါမှ မိမိ ဦးဆောင်နေရတဲ့ လူတွေရဲ့ တိုးတက်မှုကို အစွမ်းကုန် ကူညီနိုင် ပါလိမ့်မယ်။

 

“မိမိလုပ်နေတဲ့အလုပ်ကို ချစ်မြတ်နိုးရဲ့ လား၊ သို့မဟုတ် မိမိချစ်မြတ်နိုးတဲ့ အလုပ်ကို လုပ်နေရဲ့လား”လို့ ဖြစ်ပါတယ်။ ဒီမေးခွန်းကတော့အလုပ်ကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ဆိုင်ပါတယ်။ ကျွန်တော် ဒီအချက်ကို အမြဲဆွေးနွေးလေ့ရှိပါတယ်။ အောင်မြင် တဲ့လူတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အချက်တွေ အများကြီးရှိပါ တယ်။ ဒီအချက်တွေထဲမှာ အခြေခံအကျဆုံးကတော့ မိမိအလုပ် ကို ချစ်မြတ်နိုးတာဖြစ်ပါတယ်။ အလုပ်ကို ချစ်မြတ်နိုးတဲ့လူက အလုပ်လုပ်ရတာ မောတယ်ပန်းတယ်လို့ မရှိပါဘူး။ အလုပ်ကို ချစ်မြတ်နိုးတဲ့လူက ဇွဲရှိတဲ့အတွက် အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်ပါတယ်။ အလုပ်ကိုချစ်မြတ်နိုးတဲ့လူက အမြဲတမ်း အကြံကောင်း ဉာဏ်ကောင်းတွေ ထွက်ပါတယ်။ အလုပ်ကို ချစ်မြတ်နိုးတဲ့လူက စွန့်စားရမှာကိုလည်း ဝန်မလေးပါဘူး။ အလုပ်ကို ချစ်မြတ်နိုးတဲ့လူအတွက်ကတော့ နေ့စဉ် ပျော်ရွှင်နေ တဲ့အတွက် အလုပ်လုပ်နေရတယ်လို့တောင် မထင်ပါဘူး။ ဒါကြောင့် စာဖတ်သူလည်း မိမိအလုပ်ကိုမိမိ ချစ်မြတ်နိုးရဲ့လား လို့ မိမိကိုယ်မိမိ မေးကြည့်စေချင်ပါတယ်။

 

စတုတ္ထမေးခွန်းကတော့

 

“မိမိရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို တွေ့သင့်တဲ့လူတွေအတွက် အချိန်ပေးရဲ့လား” ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တချို့ လူတွေက ကျွန်တော်တို့ အချိန်တွေကို ကုန်စေတဲ့လူတွေ ဖြစ်ပါတယ်။ အချိန်တွေကို တန်ဖိုးရှိရှိအသုံးချနိုင်ဖို့ကတော့ တွေ့သင့်တဲ့ လူတွေနဲ့တွေ့ပြီး မေးသင့်တဲ့မေးခွန်းတွေကို မေးနိုင်ဖို့လိုပါ တယ်။ တွေ့သင့်တဲ့လူတွေနဲ့ တွေ့တဲ့အခါ မှန်ကန်တဲ့မေးခွန်း ကို မေးတတ်ဖို့လည်းလိုပါတယ်။ တွေ့သင့်တဲ့လူနဲ့တော့ တွေ့ပါရဲ့ မေးခွန်းတွေမှားနေရင် တစ်ဖက်သားရဲ့ အချိန်ကို လည်း ဖြုန်းတီးရာရောက်ပါတယ်။ တွေ့သင့်တဲ့လူတွေနဲ့တွေ့ဖို့ အခွင့်အရေးမရရင်လည်း သူတို့ရေးတဲ့စာအုပ်တွေ ဖတ်ပါ။ ဟောပြောပွဲတွေတက်ပါ။ဟောပြောပွဲအခွေတွေ နားထောင်ပါလို့ အကြံပေးချင်ပါတယ်။

ပဉ္စမမေးခွန်းကတော့

 

“မိမိကျွမ်းကျင်တဲ့နယ်မြေမှာ မိမိနေရဲ့လား” လို့ မေးခွန်း ထုတ်ဖို့ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးလည်း ကျွန်တော် အကျယ်တဝင့်ပြောပြီးပါပြီ။ မိမိကျွမ်းကျင်တဲ့ပညာကိုကျွမ်းကျင် သထက် ကျွမ်းကျင်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ အောင်မြင် တဲ့ ခေါင်းဆောင်တွေကမိမိရဲ့ အားသာချက်ကိုကောင်းသထက် ကောင်းအောင် တည်ဆောက်ကြပါတယ်။ မိမိရဲ့ အားသာချက် သာမက မိမိအဖွဲ့သားတွေရဲ့ အားသာချက်ကိုလည်း အားကောင်း သထက်ကောင်းအောင် ပြုစုပျိုးထောင်ပေးပါတယ်။ အားနည်း ချက်တွေကို အခြေခံပြီး တိုးတက်မှုကို ရှာလေ့မရှိပါဘူး။ မိမိရဲ့ အားနည်းချက်ကို အခြေခံအုတ်မြစ်အဖြစ် ဘယ်တော့မှ မသုံးပါ ဘူး။ မိမိရဲ့ အားသာချက်ကိုပဲ အခြေခံအုတ်မြစ်အဖြစ် အသုံးပြု ပါ။ မိမိကျွမ်းကျင်တဲ့ အလုပ်ကိုပဲကျွမ်းကျင်သထက် ကျွမ်းကျင် အောင်ကြိုးစားပါလို့ မှာချင်ပါတယ်။

 

ဆဋ္ဌမမေးခွန်းကတော့

 

“ခေါင်းဆောင်တစ်ယောက်အနေနဲ့ မိမိအဖွဲ့သားတွေရဲ့ အဆင့်ကို တိုးမြှင့်နိုင်ရဲ့လား”လို့ မေးဖို့ဖြစ်ပါတယ်။ ခေါင်းဆောင် တစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကိုသိချင်ရင် အဖွဲ့သားတွေကို ကြည့်ရပါလိမ့်မယ်။ အဖွဲ့ သားတွေရဲ့ စီးပွားရေး၊ စိတ်ဓာတ်၊ အသိပညာတွေက တိုးတက်နေရဲ့လားလို့ ကြည့်ပါ။ အနာဂတ်က လှပနေရဲ့ စားလို့ကြည့်ပါ။ ခေါင်းဆောင်နဲ့ သူ့အနီးအနားက လူနည်းစုက အစစအရာရာ အခြေအနေတွေကောင်းနေပြီး အဖွဲ့ သားအများစုကတော့ဆင်းရဲတွင်းက မထွက်နိုင်ဘူးဆိုရင်တော့ ခေါင်းဆောင်မှုက မှားနေပါပြီ။ ခေါင်းဆောင်ကောင်းတွေက မိမိအဖွဲ့သားတွေရဲ့ အဆင့်ကို မြှင့်တင်ပေးနိုင်ရပါမယ်။ သတ္တမမေးခွန်းကတော့ “ဒီနေ့က တန်ဖိုးအရှိဆုံးနေ့ဆိုတာ သိရဲ့လား” လို့ မိမိကိုယ်မိမိ မေးဖို့လိုပါတယ်။ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ကတော့ နေ့စဉ် ဘာလုပ်လဲဆိုတာပါပဲ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို စောစော စီးစီးချနိုင်ဖို့ လိုပါတယ်။ ဆုံးဖြတ်ချက်တွေ ချပြီးရင်လည်း နေ့စဉ် လိုက်နာဖို့လိုပါတယ်။ ဒီအကြောင်းကို “တန်ဖိုးရှိတဲ့နေ့” ခေါင်းစဉ် နဲ့ ကျွန်တော်စာအုပ်ထုတ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့က ဒီနေ့ကို အာရုံစိုက်ပြီး လုပ်သင့်လုပ်ထိုက်တာကို မပျက်မကွက်လုပ်ရင် မနက်ဖြန်အတွက် အကောင်းဆုံးပြင်ဆင် တာပါပဲ။ ဒီနေ့ကို အာရုံ မစိုက်ရင်တော့ အမှားတွေလုပ်မိပါလိမ့်မယ်။ အမှားလုပ်မိရင်တော့ မနက်ဖြန်ကျရင်ဒီနေ့အမှားကိုပြင်နေရတဲ့အချိန်ကများနေပါလိမ့် မယ်။ လူတိုင်းက အနာဂတ်ကို လှပချင်ကြပါတယ်။ အနာဂတ်ကိုပဲ အာရုံစိုက်နေရင်တော့ ဒီနေ့ လုပ်ရမယ့်အလုပ်တွေ လစ်ဟင်း ကုန်ပါလိမ့်မယ်။ ဒီနေ့ကို အာရုံစိုက်တဲ့လူရဲ့ အနာဂတ်က အမြဲ လှပပါတယ်။ တစ်ခါတလေကျရင် တချို့လူတွေက နေ့စဉ်လုပ်နေ ကျအလုပ်ကိုပဲလုပ်နေပြီး ထူးခြားတဲ့ အနာဂတ်ကို မျှော်လင့်နေကြ ပါတယ်။ နေ့စဉ်လုပ်နေကျအလုပ်ကိုပဲ လုပ်နေရင်တော့ ထူးခြား တဲ့ အနာဂတ်ကို မရနိုင်ပါဘူး။ ပြောင်းလဲခြင်းတွေ လုပ်ရပါလိမ့် မယ်။ ဒီနေ့ လုပ်နေကျအလုပ်ကိုပြောင်းမှ အနာဂတ်က ထူးခြား လာမှာပါ။ စိတ်ဓာတ်တွေ ပြောင်းပါ။ ဒီနေ့ပဲပြောင်းပါ။

ဒီနေ့က တန်ဖိုးအရှိဆုံးနေ့ပါပဲ။ အဋ္ဌမမေးခွန်းကတော့ “စဉ်းစားဖို့ အချိန်ရှိရဲ့ လား”လို့ မိမိကိုယ်မိမိ မေးဖို့ဖြစ်ပါတယ်။

 

အောင်မြင်တဲ့ခေါင်းဆောင်တွေက အလုပ်ပြီးတာကို မြင်ချင်ကြပါ တယ်။ အဖြေကို လိုချင်ကြပါတယ်။ မိမိကိုယ်တိုင်ကလည်း စွမ်းအင်အပြည့်နဲ့ ရှေ့သို့ရှေ့သို့ ဖြစ်နေသလို မိမိအဖွဲ့သားတွေ ကိုလည်း တွန်းနေတတ်ပါတယ်။ အဖွဲ့အစည်းကိုလည်း ရှေ့ကို ရောက်အောင် ဦးဆောင်တွန်းနေပါတယ်။ နားချိန်တောင် မရှိ သလောက်ပါပဲ။ ကြာတော့ စဉ်းစားတဲ့အချိန်တွေ နည်းလာပါတယ်။ ခေါင်းဆောင်ကောင်းတွေက အချိန်ခြားပြီး စဉ်းစားဖို့လိုပါတယ်။ စဉ်းစားမှ အကြံကောင်း ဉာဏ်ကောင်းတွေ ထွက်ပါတယ်။

အကြံ ကောင်း ဉာဏ်ကောင်းတွေရှိမှ မိမိအဖွဲ့အစည်းကိုအောင်မြင်အောင် ဦးဆောင်နိုင်ပါလိမ့် မယ်။ ကျွန်တော်ကလည်း အလုပ်အလုပ်အလုပ်နဲ့ တွန်းတတ်တဲ့သူဆိုတော့ ကျွန်တော့်အတွက် စဉ်းစားချိန်ရှိအောင်၊ စဉ်းစားနိုင်အောင် ကျွန်တော့်ကိုယ်ကျွန်တော် စည်းကမ်းလုပ်ရပါတယ်။ ကျွန်တော် အသုံးပြုတဲ့ စဉ်းစားနည်းကို စာဖတ်သူအတွက်ဝေမျှလိုက်ပါတယ်။ စဉ်းစားဖို့အတွက် နေရာသပ်သပ်ထားပါတယ်။

ကျွန်တော့်ရုံးမှာဇိမ်ကျကျထိုင်လို့ရတဲ့ကုလားထိုင်တစ်လုံးရှိပါတယ်။ ကျွန်တော် အနားယူဖို့၊ စဉ်းစားဖို့ပါ။ ကျွန်တော်စဉ်းစားတာကို ဝိုင်းစဉ်းစားပေးတဲ့ အဖွဲ့သားတွေရှိပါတယ်။ ဒီအဖွဲ့သား တွေက ကျွန်တော်စဉ်းစားတာကို ဝေဖန်ပါတယ်။ မှားတာကို ထောက်ပြပါတယ်။ လိုတာကိုဝိုင်းစဉ်းစားပေးပါတယ်။ ကျွန်တော် စဉ်းစားတာကို စမ်းသပ်ပေးမယ့်အဖွဲ့သားတွေ ကျွန်တော့်မှာ ရှိပါတယ်။ ဒီအဖွဲ့သားတွေက ကျွန်တော်စဉ်းစားတာတွေ လက်တွေ့ဖြစ်နိုင်၊ မဖြစ်နိုင် စမ်းသပ်ပေးကြပါတယ်။ ကျွန်တော် စဉ်းစားတာကို အကောင်အထည်ဖော်မယ့်အဖွဲ့ ကျွန်တော့်မှာ ရှိပါတယ်။ အကြံဉာဏ်ဆိုတာ လက်တွေ့အကောင်အထည် မဖော်နိုင်သရွေ့ တန်ဖိုးမရှိပါဘူး။ ကျွန်တော့်အဖွဲ့သားတွေကို စဉ်းစားထားတဲ့ အကြံဉာဏ်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ လိုအပ်တဲ့ အရင်းအနှီးတွေ ပေးလိုက်တဲ့အခါ အဖွဲ့သားတွေက အကောင် အထည်ဖော်ပေးပါတယ်။

 

နဝမမေးခွန်းကတော့

 

ခေါင်းဆောင်ကောင်းတွေ မွေးထုတ်နိုင်ရဲ့လားလို့ ခေါင်းဆောင် တွေက မိမိကိုယ်မိမိ မေးရမှာဖြစ်ပါတယ်။ ခေါင်းဆောင်က အဖွဲ့ သားတွေကို အောင်မြင်အောင်ဦးဆောင်နိုင်တာနဲ့ ခေါင်းဆောင်တာဝန်ကျေပြီလို့ပြောလို့မရပါဘူး။ ခေါင်းဆောင် ကောင်းဆိုတာ ခေါင်းဆောင်ကောင်း တွေမွေးထုတ်နိုင်ရပါမယ်။ ခေါင်းဆောင်အရည်အချင်းတွေ ပြည့်လာ အောင် မိမိအဖွဲ့ သား တွေကို ပြုစုပျိုးထောင်ရပါမယ်။ အဖွဲ့သားတွေကို ဦးဆောင်ရ တာ လွယ်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်တွေကို မွေးထုတ်ရ တာကတော့ ခက်ပါတယ်။ခက်ပေမယ့် ခေါင်းဆောင်ကောင်း တွေကို မွေးထုတ်နိုင်ရင်တော့ အကျိုးကျေးဇူးက အလွန်ကြီးပါ တယ်။ နောက်ဆုံးမေးခွန်းကတော့ လူသားချင်း စာနာထောက်ထားတဲ့စိတ်ရှိလားလို့ မိမိကိုယ်မိမိ မေးဖို့ဖြစ်ပါတယ်။ မိမိတိုင်းပြည်ကို ချစ်ရပါမယ်။ မိမိလူမျိုးကို ချစ်ရပါမယ်။ မိမိရဲ့ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက် ရပါမယ်။ ဒါပေမဲ့ တစ်ဖက်စွန်းမရောက်ဖို့ အရေးကြီးပါတယ်။ တိုင်းပြည်ကို ချစ်တဲ့စိတ်၊ လူမျိုးကိုချစ်တဲ့စိတ်ရဲ့ အပေါ်မှာ လူသားချင်းစာနာ ထောက်ထားတဲ့စိတ်က ရှိပါတယ်။ လူရယ် လို့ဖြစ်လာရင် လူသားချင်းစာနာထောက် ထားတဲ့စိတ်ရှိမှ၊ လူ သားကောင်းကျိုးကိုဆောင်ရွက်မှ လူဖြစ်ရကျိုးနပ်ပါ လိမ့်မယ်။ ။

 

မြန်မာစကားပုံမှာ “မသိရင်မေး မစင်ရင်ဆေး” ဆိုတဲ့အတိုင်းပဲ၊ ( မသိတာကို မေးမြန်းရပါမယ်။ မေးရမှာကို မရှက်မကြောက်မေးပါ။

အလုပ်တစ်ခုကို ထင်ကြေးနဲ့ လုပ်ရင် အမှားနဲ့ပဲ ရင်ဆိုင်ရမယ်။ သေချာအောင်သိအောင် မေးမြန်းပြီးမှ လုပ်ပါလို့ စာဖတ်သူကို မှာချင်ပါတယ်။ ။

 

(ဆရာကျော်ကျော်လှိုင်၏ “ရွှေလိုတန်ဖိုးရှိသောခေါင်းဆောင်မှု” စာအုပ်မှ “မသိတာကိုမေးဖို့ မရှက်ပါနဲ့” ဆောင်းပါးကိုစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာတည်း)