ဒုတိယပါဂျောင် မဖြစ်စေလိုပြီ
ပြီးခဲ့တဲ့တစ်ပတ်က လူမှုကွန်ရက်စာမျက်နှာမှာ တောခိုသွားတဲ့ အနုပညာရှင်တစ်ဦးက တောတွင်းစခန်း (သူတို့အခေါ်တော့ တော်လှန်ရေး နယ်မြေ)တစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လုံခြုံစွာရှိနေတယ်ဆိုတဲ့ အကြောင်းကို တင်လာတာတွေ့ရပါတယ်။ စခန်းမှာ အားလုံးဟာ ဖြူစင်တဲ့မေတ္တာနဲ့သာ ဆက်ဆံကြပြီး ထိကပါးရိကပါး ပြောဆိုတာတောင် မရှိဘူးလို့လည်း ရေးသားထားတဲ့အတွက် တောခို သွားတဲ့ သားငယ်၊ သမီးငယ်၊ ညီ၊ ညီမ အရွယ်လေးတွေအတွက် စိတ်ပူပန်မှု အနည်းငယ်တော့ လျော့ပါးရပါတယ်။ ဒါပေမယ့် အခြားသတင်းတွေ အရတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ တောခိုသွားတဲ့သူတွေကို နေရာလုံခြုံရေးအတွက် တင်းကျပ်တာတွေ၊ စားရေးသောက်ရေး ခက်ခဲတာတွေ၊ စိတ်ကူးယဉ်ပြီး တောခိုသူတွေ ထင်ထားသလို၊ ရုပ်ရှင်ထဲကလို၊ စာအုပ်ထဲကလို ဖြစ်မလာတဲ့အတွက် ဒုက္ခရောက်ရတာတွေ စတဲ့ သတင်းအချို့လည်း ခိုင်လုံစွာ ကြားသိရတာတွေ ရှိပါတယ်။
သူတို့တွေကို အကြောင်းမဲ့ စိတ်ပူပန်နေခြင်းတော့ မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုမှုတွေ အရေးနိမ့်ပြီးနောက်ပိုင်းမှာ ထောင်ပေါင်း များစွာသော ကျောင်းသားတွေ၊ လူငယ်တွေဟာ ဆူပူ ဆန္ဒပြမှုတွေကြောင့် ဖမ်းဆီးခံရမှာကိုကြောက်ရွံ့မှု နိုင်ငံရေးသမား တွေရဲ့ တောထုတ်ခြောက်လှန့်ပြောစကားတွေကို နားယောင်မှုနဲ့ နိုင်ငံရေးအတွက် မျှော်လင့်ချက်၊ ယုံကြည်ချက်တွေကြောင့် တောခိုခဲ့ ကြပါတယ်။
မတရားမှု၊ အနိုင်အထက်ပြုကျင့်မှု၊ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် တည်ထောင်နိုင်ဖို့စတဲ့ ယုံကြည်ချက်တွေ၊ စိတ်ကူးယဉ်အိပ်မက်တွေ တစ်ပုံတစ်ပင်၊ ဦးတည် ချက်၊ ရည်မှန်းချက်တွေနဲ့ မြို့ပြဘဝတွေကို စွန့်လွှတ်၊ မိဘဆွေမျိုး မိသားစုတွေကို စွန့်ခွာပြီး ရည်မှန်းချက်တူရာ လူငယ်တွေစုစည်းလို့ တော်လှန်ရေး လုပ်မယ်ဆိုပြီး တောခိုသွားကြတာ ဖြစ်ပါတယ်။ အဲဒီလို တောခိုကြရာမှာ ရန်ကုန်၊ မန္တလေးနဲ့ ကချင်ပြည်နယ်က ကျောင်းသားအများစုကတော့ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဘက်စွန်း ဝေးလံသီခေါင်တဲ့ ကချင်ပြည်နယ်နဲ့ တရုတ်ပြည်နယ်စပ် ပန်းဝါတောင်ကြား၊ ကန်ပိုက်တီး တောင်ကြား၊ ဆဒုံး၊ ဆမား အစရှိတဲ့ နယ်မြေတွေရဲ့ တောင်ဘက်၊ မြန်မာနိုင်ငံဘက်ကသွားရင် ဘိုရွန်းလို့ ခေါ်တဲ့ တောင်ထွတ်ကြီးနဲ့ သွားလာရခက်ခဲတဲ့ ပါဂျောင်လို့ခေါ်တဲ့ ဒေသမှာရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF စခန်းကို ရောက်ရှိ သွားခဲ့ကြပါတယ်။ တချို့ကတော့ ထိုင်းနယ်စပ်၊ တချို့က အိန္ဒိယနိုင်ငံ နယ်စပ်ရောက်သွားတာ တွေလည်း ရှိပါတယ်။
လူငယ်အချင်းချင်း ညှဉ်းပန်းနှိပ်စက် ကချင်ပြည်နယ်မှာရှိတဲ့ ပါရှောင်စခန်းမှာ လူမဆန်တဲ့ ငရဲခန်း တမျှ ကြောက်မက်ဖွယ် စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ကျောင်းသား လူငယ်အချင်းချင်း ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေ အကြောင်း ရေးဖွဲ့ထားတဲ့ စာအုပ်စာစောင်တွေကို ဖတ်မှတ်ဖူးတဲ့ အတွက် စိုးရိမ်ရခြင်းဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပွား ပြီးနောက်မှာ ကျောင်းသားလူငယ်အချို့ဟာ လက်နက်ကိုင်တော်လှန် ရေးဆင်နွှဲဖို့ ရည်ရွယ်ချက်တွေနဲ့ အချို့ကတော့ ဖမ်းဆီးခံရမှာ ကြောက်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်ကြရင်း နီးစပ်ရာ KIA စခန်းတွေကို ရောက်ရှိသွားကြပါတယ်။ နောက်ပိုင်းမှာ KIA နယ်မြေကို တောခိုတဲ့သူ များပြားလာတဲ့အတွက် ABSDF တို့၊ အခြားအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့ ကချင်ပြည်နယ် ABSDF ဆိုပြီး သီးသန့် အဖွဲ့ တစ်ဖွဲ့ အဖြစ် ထားပေးခဲ့ပါတယ်။
အဲဒီအဖွဲ့က ABSDF ဗဟိုနဲ့ ဆက်သွယ်ပြီး မြန်မာတစ်နိုင်ငံလုံးက ကျောင်းသား အခြေခံအဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်၊ UG တွေနဲ့ ဆက်သွယ်၊ အချိန်ကြာတာနဲ့အမျှ မြို့ပေါ်က ကျောင်းသားတွေ၊ မြို့အစုံ နယ်အစုံက တဖွဲဖွဲနဲ့ ရောက်လာကြတယ်။ အဲဒီတော့ ABSDF (KS) ဆိုတဲ့ ကချင်ပြည်နယ် တစ်ခုတည်း ကိုယ်စားပြုတာ မဖြစ်သင့်ဘူး။ မြောက်ပိုင်းဆိုတဲ့ နာမည်နဲ့ ABSDF (NB) ပြန်ဖွဲ့မယ်ဆိုပြီး ဖွဲ့စည်းပုံပြန်ဆွဲ၊ ရွေးချယ်ပွဲတွေလုပ်တော့လည်း အရည်အချင်း ရှိတဲ့ နိုင်ငံရေးစကားပြောတတ်တဲ့ မြေပေါ်အတွေ့အကြုံရှိတဲ့ မြို့ပေါ်က လူတွေကပဲ ကော်မတီဝင်တွေအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
တောထဲကို အရင်ရောက်၊ အရင်သေနတ်ကိုင်ပြီး အရင် ခေါင်းဆောင်လုပ်တဲ့သူတွေထဲကတော့ တချို့က ကော်မတီမှာ ရွေးချယ်ခံရပါတယ်။ သူတို့ကိုလည်း ပစ်ပယ်လို့မရတော့ စစ်ရေးကော်မတီမှာ နေရာပေးထားပါတယ်။ စစ်ရေးကော်မတီက ဗဟို ကော်မတီရဲ့ လက်အောက်မှာဆိုတော့ အရင်ရောက်ခဲ့တဲ့သူတွေက လက်အောက်ခံ ဖြစ်နေရတာကို မကျေနပ်ကြတော့ဘူး။ အရင်တုန်းက လို သူတို့ချည်း ခေါင်းဆောင်လုပ်မရတော့တဲ့အတွက် စစ်ရေး ခေါင်းဆောင်တွေက နောက်တက်လာတဲ့ ကော်မတီဝင်တွေကို အစိုးရရဲ့ ထောက်လှမ်းရေးလို့ အညှိုးအတေးကြီးစွာနဲ့ အမှုဆင်ပြီး အာဏာလု၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ကြပါတယ်။
အဲဒီမှာ ကျောင်းသားအချင်းချင်း ပြဿနာတွေတက်ကြပါတယ်။ လူ ၃၀၀ လောက်ရှိတဲ့ စခန်းတစ်ခုမှာ လူတစ်ရာကျော်ကို စပိုင်၊ တပ်မတော် ထောက်လှမ်းရေးစသဖြင့် စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်ကြပါ တယ်။ ဝန်မခံမချင်း လူမဆန်တဲ့ နှိပ်စက်မှုနဲ့ နှိပ်စက်ကြ၊ သတ်ဖြတ် ကြပါတယ်။
၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ နေ့ထူး နေ့မြတ်အဖြစ် သတ်မှတ်ပြီး ပွဲတော်ကြီးတစ်ခုကို ကျင်းပဖို့ ပြင်ဆင်ခဲ့ ကြတယ်လို့ ဆိုပါတယ်။ အဲဒီမှာ အစာအဆိပ်ခပ်ဖို့ အစိုးရသူလျှိုတွေက လုပ်ဖို့ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယုံကြည်ချက်နဲ့ တောခိုလာတဲ့ ကျောင်းသားတွေထဲက အတူနေ၊ အတူစား လုပ်ဖော်ကိုင်ဖက်ဟောင်း ၁၅ ယောက်ကို တပ်မတော်ရဲ့ ထောက်လှမ်းရေးတွေဆိုပြီး သွေးအေးအေးနဲ့ ဓားနဲ့ ခုတ်သတ်ခဲ့ကြပါတယ်။ နေထူးနေ့မြတ်ဟာ စက်ဆုပ်ဖွယ် သမိုင်းဝင်နေ့တစ်နေ့ ဖြစ်သွားခဲ့ပါတယ်။
အပြစ်မရှိဘဲ သေဒဏ်ချမှတ် ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်၊ ချိုကြီးတို့အပါအဝင် တစ်နေ့တည်းမှာ ၁၅ ယောက်ကို အဆိပ်လက်နက်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ဝင်လာကြတယ်ဆိုတဲ့ စွဲချက်နဲ့ အပြစ်မရှိဘဲ သေဒဏ်ချမှတ် ကွပ်မျက်လိုက်တာဖြစ်ပါတယ်။ မသတ်ရသေးဘဲ ကျန်နေတဲ့လူတွေ ကိုတော့ အကျဉ်းသားတွေအဖြစ် ခြေထောက်နဲ့ လက်တွေမှာ သံကြိုး
တွေခတ်ထားကြပြီး စခန်းမှာ အမှိုက်ရှင်း၊ မြက်ပေါက်၊ လမ်းပြင်၊ ကတုတ်ကျင်းပြင်၊ ထင်းထမ်းလုပ်ကြရပါတယ်။ အာဟာရပြတ်လို့ ဖောရောင်နေပြီး အင်အားမရှိ၊ ကျန်းမာရေး မကောင်းပေမယ့်မနားရဲကြဘူး။ နားလိုက်ရင် မြေကျင်းထောင်ထဲမှာ ရာသီဥတု အေးအေးနဲ့ လှုပ်မရတဲ့၊ ထုံတဲ့ရောဂါ ဖြစ်တတ်ကြလို့ ဆိုပါတယ်။
အဲဒီလို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်နေတဲ့ စခန်းကနေ ထွက်ပြေးဖို့အခွင့်အလမ်းရှိပါတယ်။ ဒါပေမယ့် လူငယ်တွေဟာ မျှော်လင့်ချက်မဲ့နေပြီး ထွက်ပြေးဖို့ မကြိုးစားကြတော့ပါဘူး။ အကြောင်းကတော့ ထွက်ပြေးလာတဲ့၊ အလင်းဝင်လာတဲ့ ကျောင်းသားတွေကို တပ်မတော် အစိုးရက လက်မခံဘဲ သတ်ပစ်နေတယ်လို့ မဟုတ်မမှန်သတင်းလွှင့် ထားတဲ့အတွက် ထွက်ပြေးပြီး အိမ်ပြန်သွားရင်လည်း သေရမယ့် အတူတူဆိုပြီး မကြိုးစားကြတော့ဘဲ သေရမယ့်နေ့ကို စောင့်နေကြပါတော့တယ်။ အဲဒီဒေသမှာ တော်လှန်ရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ မူဝါဒက တော်လှန်ရေးလုပ်တယ်ဆိုတာ လူသတ်တာ။ ကျွဲတို့၊ ဝက်တို့ သတ်မိရင် ပြန်ပြီး အလျော်ပေးရတယ်။ လူသတ်မိရင် နောက်ထပ် ထပ်သတ်ရုံပဲဆိုတဲ့ စကားဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အသက်ကို ကြက်ကလေး၊ ငှက်ကလေးသတ်သလို လွယ်လွယ်ကူကူ သတ်ဖြတ်နေတဲ့ တရားဖြစ်စဉ်ဖြင့် ခေါင်းဆောင်ဖက် အမြော်အမြင်နည်းတဲ့လူတွေရဲ့ ဦးဆောင်မှုမှာ မြန်မာလူငယ်တွေ၊ ကျောင်းသား ကျောင်းသူတွေရဲ့ ဘဝတွေ၊ ယုံကြည်ချက် တွေဟာ ပျောက်ဆုံးခဲ့ကြရပါတယ်။
ပုံပြင်မဟုတ်တဲ့ တကယ့်အဖြစ်အပျက် ဒီလိုတရားဥပဒေ စိုးမိုးမှုမရှိတဲ့ အရပ်ဒေသတွေမှာ ကျောင်းသူ လေးတွေဆိုရင် လိင်အကြမ်းဖက်ခံရ၊ အနိုင်ကျင့်ခံရ၊ ညှဉ်းပန်းနှိပ်စက်ခံရပြီး ဘဝတွေပျက်ကြရပါတယ်။ ရင်နာစရာ၊ ရင်နင့်စရာအဖြစ်အပျက်တွေနဲ့ ကြုံကြရပြီး သတ်ဖြတ်ခံရတာရှိသလို အရှက်ကို အသက်နဲ့လဲ သွားခဲ့ကြတာတွေလည်း ရှိပါတယ်။ အချို့ဆိုရင် မိဘဆွေမျိုးတွေ မျက်နှာမပြရဲတဲ့ ဘဝတွေနဲ့ နောက်ဆုံးမှာ ဇာတ်သိမ်းမလှ ဖြစ်ခဲ့ရတာတွေက ပုံပြင်မဟုတ် တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်၊ အမှန် တရားတွေပဲ ဖြစ်ပါတယ်။
ဒီလို ဖြစ်စဉ်ဖြစ်ရပ်တွေက သမိုင်းမှာ သက်သေရှိခဲ့တော့ တစ်ချိန်မှာ အနာဂတ်ရဲ့ ခေါင်းဆောင် ဖြစ်လာကြမယ့် လူငယ်လေး တွေအတွက် ရတက်မအေးခဲ့တာ အမှန်ပါ။ ဖက်ဒရယ်၊ လစ်ဘရယ်စတဲ့ လေထဲမှာ တိုက်အိမ်ဆောက်ပြီး အိပ်မက်အလွဲတွေနဲ့ တစ်ခုပြီးတစ်ခု မှိုင်းတိုက်နေတဲ့ အလိမ်အညာစကားတွေကြောင့် လူငယ်လေးတွေ အသိမဲ့စွာ လိုက်ပါနေကြတာ ကိုလည်း မျက်မှောက်ကာလမှာ စိုးရိမ်ဖွယ်တွေ့မြင်နေရပါတယ်။
သမိုင်းထဲက အချို့အဖြစ်အပျက်တွေကို သင်ခန်းစာအဖြစ် ရယူပြီး ဒီအမှားမျိုး နောက်တစ်ကြိမ် မမှားရအောင် ကျင့်ကြံနေထိုင်တတ်ဖို့ လိုပါတယ်။ သမိုင်းကို နားမလည်ရင် အမှားဖြစ်ပြီး အ, ရင်တော့ ခံရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နုနယ်ပြီး အသိမကြွယ်သေးတဲ့အရွယ် လူငယ်လေးတွေ ကို နိုင်ငံရေး မှိုင်းလုံးတွေကြောင့် ဘဝတွေပျက်စီးနစ်မွန်းသွားမှာကို မလိုလားပါ။ တော်လှန်ရေး နယ်မြေဆိုပြီး မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ၊ အသက်တွေ၊ အရှက်တွေ အကျိုးမရှိ စတေးခဲ့ရတဲ့ ဒုတိယ ပါဂျောင်လိုတော့ မဖြစ်စေလိုတော့ပြီ။ ကျောင်းသားကျောင်းသူ လူငယ်တွေကို ဒီလို အဖြစ်ဆိုးမျိုးတွေ မကြုံစေချင်ပြီမို့ အချိန်မီ အမှားကိုသိမြင် အမှန်ပြင်ပြီး အိမ်ပြန်ကြပါလို့ တိုက်တွန်းလို ပါတယ်။ ။
ကိုးကား- ကျွန်တော်သိသော ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်
ထွန်းထွန်း(ခရေရိပ်)