‘အမျိုးသားစာပေတစ်သက်တာဆု’ ကို ဗွေဆော်ဦး ဖွင့်လိုက်သူ ‘ဆရာပါရဂူ’
ဆရာနှင့် စတွေ့ရခြင်း
၁၉၇၀ ပြည့်လွန်နှစ်များအတွင်းက ဖြစ်ပါသည်။ ကျွန်တော်သည် အသက် ၂၀ ကျော်ပင် ရှိပါသေး သည်။ သတင်းစာတိုက်များ၊ မဂ္ဂဇင်းတိုက်များသို့ လှည့်လည်၍ စာမူပေး၊ စာမူခထုတ်နှင့် မိမိဘဝကိုမိမိ ကျေနပ်နေသောကာလဖြစ်သည်။
နေ့တစ်နေ့တွင် ရွှေဂုံတိုင်ရှိ ယခင် “မြန်မာ့အလင်း” သတင်း စာတိုက်သို့ ရောက်ခဲ့သည်။ ထုံးစံ အတိုင်း စာမူခထုတ်၍ စာမူအသစ် ပေးရန်ဖြစ်သည်။ စာမူအသစ်ပေးသည့်အခါတိုင်း အယ်ဒီတာ အခန်းသို့ ရောက်မြဲပင်။ ထိုနေ့က ဦးကျော်ညွန့်မရှိဘဲ ဆရာဦးကြည်ညွန့်(ချစ် ကြည်ရေး ကြည်ညွန့်) ရှိနေသည်။ သူ့ရှေ့တွင် အကြီးမဟုတ်သော်လည်း ခပ်ဖိုင့်ဖိုင့် ဆရာတစ်ဦး ထိုင်နေ သည်ကို တွေ့လိုက်ရသည်။ အသက် ၅၀ ကျော်ဟု ခန့်မှန်းရသည်။
ဆရာဦးကြည်ညွန့်က သောက်လက်စ ဆေးပြင်းလိပ်ကိုချကာ “ဒါ ဆရာပါရဂူပေါ့” ဟု မိတ်ဆက်ပေးလိုက်သည်။ ပြုံးပြုံးလေး နှုတ်ဆက်လိုက်သော ဆရာ့ကိုကြည့်ကာ ကောလိပ် ကျောင်းသားဘဝက စွဲမက်ခဲ့သော “စိတ္တရလေခါ'၊ 'အမ္ဗပါလီ' တို့၏ ဖန်တီးရှင် ဆရာကြီးကို တွေ့ရလိုက်ပေရာ စိတ်ထဲတွင် ဖော်မပြနိုင်အောင် ဝမ်းသာမိသည်။ ထိုစဉ်ကတည်းက ဆရာပါရဂူ၏ ရိုးစင်းတည်ငြိမ်သော ပုံရိပ်ကို သတိ ထားမိသည်။
၁၉၈၀ ပြည့်နှစ်တွင် ကျွန်တော် စာပေဗိမာန်ကို စာတည်းအဖြစ် ရောက်လာသည်။ ထိုစဉ်က အခေါ်မှာ လက်ထောက်စာတည်းဖြစ်သည်။ စာပေဗိမာန်သည် စာပေပညာရှင်ကြီးများ စုဝေးရာ ဟုလည်း ဆိုနိုင် သည်။ ဆရာဦးမျိုးသန့် (မောင်ဆုရှင်)ထံပုဂ္ဂိုလ်ရေးအရ ရောက်လာသူ များရှိသလို စာပေတာဝန်အရ ရောက်လာနေရသူများလည်းရှိသည်။
မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်
စာပေဗိမာန်သို့ ကျွန်တော်မရောက်မီကတည်းက 'မြန်မာ့စွယ်စုံ ကျမ်းနှစ်ချုပ်ကို နှစ်စဉ် ထုတ်ဝေလျက်ရှိသည်။ ယခင်ကထုတ်ဝေခဲ့သော 'မြန်မာ့စွယ်စုံကျမ်းကြီး အတွဲ(၁)မှ (၁၅)၏ နောက်ဆက်တွဲများ ဟုဆိုကရပါသည်။ “မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်ကို ထုတ်ဝေရာတွင် စာတည်းအင်အားနှင့် မရပါ။ ပြင်ပပညာရှင်များ၏ ‘ပညာအား”ကို လည်း ယူရသည်။ သို့သော် ကျမ်းကြီး၊ ကျမ်းခိုင်ဖြစ်စေရန် စာပေအတိုင်ပင်ခံအဖွဲ့ဟု ဆိုရလောက်သည့် ‘မြန်မာ့ရည်ညွှန်း ကျမ်းစီစဉ်ရေးအဖွဲ့’ ကို ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။ သမ္ဘာရင့်၊ ဝါရင့်ပညာရှင်ကြီးများ ပါဝင်ကြပေရာ ဆရာပါရဂူလည်း မပါမဖြစ် ပါရှိလာရပေတော့သည်။
စင်စစ် ဤပညာရှင်ကြီးများမှာ စာပေဗိမာန်မှ ကျွန်တော်တို့၏ နောင်တော် စာတည်းကြီးများ၏ မိတ်ရင်းဆွေရင်းများ ဖြစ်ကြပေရာ လူငယ်စာတည်းများ၏ စာပေမိဘသဖွယ်သာ ဖြစ်ကြပါ သည်။ သူတို့ထံမှ ကျွန်တော်တို့ စာပေရင်နို့ သောက်စို့ခဲ့ရသည်။ သူတို့ထံပါးမှ စာပေသုတ ကြားခဲ့ရသည်။ သူတို့နှင့် ဆွေးနွေးပွဲများတွင် ထိုင်ရတိုင်း စာပေအသိနယ်ပယ် ကျယ်ဝန်းခဲ့ရ သည်။ အတွေးအခေါ် အယူအဆ တစ်မျိုးပြီးတစ်မျိုး မရိုးအောင်တိုးခဲ့ရသည်။
ထိုမျှနှင့် မပြီးသေး။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ထွက်တော့မည် ဆိုလျှင် အဖွဲ့ဝင် စာပေပညာရှင်များထံပို့ရသည်။ ဝေါဟာရအသုံးအနှုန်း မှအစ အကျအပေါက်အမှားများအထိ ပြင်ဆင်ပေးကြသည်။ ညည်းညုဖို့ဝေးစွ။ အပြုံးပင် မပျက်ကြပေ။ တစ်ခါတစ်ရံ ပညာရှင်များ၏ ဆွေးနွေးပွဲများတွင် ရယ်မောသံများပင် လွှမ်းခြုံသွားတတ်လေသည်။
စာပေဆုများ
မှတ်မှတ်ရရ ၁၉၈၅ ခုနှစ်အတွက် အမျိုးသားစာပေဆုရသူများမှာ လေးဦးသာ ရှိခဲ့သည်။ ဘာသာပြန်ကဏ္ဍတွင် သုတနှင့် ရသအတွက် နှစ်မျိုးစလုံး ပါရှိခဲ့သည်။ ဘာသာပြန် (သုတ) အတွက် “အနာကဟန်” စာအုပ်ဖြင့် ဆရာစိန်ခင်မောင်ရီက ရခဲ့သည်။ ဘာသာပြန်(ရသ) အတွက်ကိုမူ 'ဂေါရီ”ဝတ္ထုဖြင့် ဆရာပါရဂူက အမျိုးသားစာပေဆု ရခဲ့သည်။ သူတို့ နှစ်ဦးစလုံးပင် ကွယ်လွန်ခဲ့ကြလေပြီ။
အမျိုးသားစာပေဆု ကြေညာပြီးသည်နှင့် စာပေဗိမာန်စာတည်း အဖွဲ့ အလုပ်ရှုပ်ပါတော့သည်။ ဆုရပုဂ္ဂိုလ်ကြီးများ၏ ကိုယ်ရေးအကျဉ်းကို ဆရာကြီးများထံ ကိုယ်တိုင်ကိုယ်ကျ သွားတောင်း ရသည်။ ဆရာကြီးများကလည်း ရံဖန်ရံခါ စာပေဗိမာန်ရုံးသို့ လာရသည်။ စာပေဆုပေးပွဲတွင် ဆရာပါရဂူက ကျေးဇူးတင်စကား ပြောကြားရမည်ဖြစ်ရာ သူရေးထားသော ကျေးဇူးတင်စကား ကို ဆရာဦးမျိုးသန့်ထံ လာပေးစဉ် ကျွန်တော်တို့နှင့် ဆုံခဲ့ကြသည်။ ထိုနေ့ ထိုရက်ကို အတိအကျ မမှတ်မိ။ နှစ်ပေါင်း ၃၆ နှစ် ကျော်ခဲ့ပြီ။ သို့သော် ဆရာ ဦးမျိုးသန့်ကို သူပြောခဲ့သော စကားမှာ ယနေ့တိုင် အမှတ်ရစရာ ဖြစ်ခဲ့ပါသည်။
“ကိုမျိုးသန့်ရေ...ဘာသာပြန်မှာ လူငယ်တွေအများကြီး မွေးပေးဖို့တော့ လိုပြီနော်။ ကျွန်တော် တောင် ၆၀ ကျော်နေပြီ။ အသက် ၁၀၀ နဲ့တွက်ရင်တောင် အနှစ် ၃၀ ကျော်လောက်ပဲ ကျန်တော့ တယ်။ ခင်ဗျားတို့မရှိရင် စာပေဗိမာန် မျိုးဆက်ပြတ်သွားလိမ့်မယ်ဗျ”
စာပေပညာရှင်တို့၏အတွေးသည် အနာဂတ်ကို ကြို၍မြင်နေသည်။ နှစ်ပေါင်း သုံးလေးဆယ် ကျော်အတွက်ကို ကြို၍ပူပန်စိုးရိမ်ခဲ့လေသည်။ ထိုစဉ်က ကျွန်တော်တို့လို လူငယ်အယ်ဒီတာများ ကိုပင် ကြည့်၍ ပြောနေသလားဟု ထင်ရလေသည်။
စင်စစ် ဆရာပါရဂူ အမျိုးသားစာပေဆုရခဲ့သည်မှာ ဤအကြိမ်သာ မဟုတ်။ ၁၉၆၃ ခုနှစ် (အတွက်)ကလည်း ရရှိခဲ့သည်။ ထိုစဉ်က အမျိုးသားစာပေဆုဟုမခေါ်။ “အနုပညာစာပေဆု”ဟု တွင်ခဲ့သည်။ ပထမ၊ ဒုတိယ၊ တတိယနှင့်စတုတ္ထဆုအထိဘာသာရပ်တစ်မျိုးအတွက် ခွဲဝေချီးမြှင့် သည်။ အမျိုးသားစာပေဆုပင် ဖြစ်ပါသည်။ ဆရာပါရဂူရသည့် ထိုနှစ်က ဘာသာပြန်ဆုကို သုံးဦး ရခဲ့သည်။ ဆရာကြီး ဒဂုန် ရွှေမျှားက “မြို့ဝန်မင်း၏ ဘ၀ခရီး” စာအုပ်ဖြင့် ဒုတိယ၊ ဆရာကြီး ဦးလှဒင်က 'မာကိုပိုလို” စာအုပ်ဖြင့် တတိယဆု ရခဲ့သည်။ ဆရာကြီး ပါရဂူကား “သုန္ဒရနန္ဒခေါ် ညီတော်မင်းနန်” စာအုပ်ဖြင့် ဘာသာပြန် ပထမဆု ရရှိခဲ့သည်။
ဆရာပါရဂူ ရရှိခဲ့သော စာပေဆိုင်ရာဆုများမှာ များလှပါသည်။ ထင်ရှားသော စာပေဆုများကို ပြောရပါမူ ၂၀၀၁ ခုနှစ် (အတွက်) အမျိုးသားစာပေ တစ်သက်တာဆု၊ ၂၀၀၂ ခုနှစ်အတွက်) ပခုက္ကူဦးအုံး ဖေတစ်သက်တာစာပေဆု၊ ၂၀၀၃ ခုနှစ်တွင် ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ပထမဆင့်)၊ ၂၀၀၅ ခုနှစ်တွင်သုတစွယ်စုံ တစ်သက်တာစာပေဆုတို့ကို ရရှိခဲ့သည်။
အမျိုးသားစာပေတစ်သက်တာဆုကြီး
၂၀၀၂ ခုနှစ်တွင် 'အရှေ့တောင်အာရှစာပေဆု' အတွက် ရွေးချယ်ခံခဲ့ရသေးသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်းဝင် ထိုင်းနိုင်ငံက ချီးမြှင့်သော ထိုဆုကြီးကို အရွေးခံရပြီးမှ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်မယူဖြစ်ခဲ့။ ဤသို့ သွားရောက်မယူဖြစ်ခြင်းသည်ပင် မြန်မာနိုင်ငံ၏ စာပေဆုသမိုင်းတွင် အထူးခြားဆုံး ပြောင်းလဲမှုကြီး တစ်ရပ် ဖြစ်ခဲ့သည်။
ဆရာပါရဂူအကြောင်းကို ရေးရ ပြောရလျှင် ဤအကြောင်းကို ချန်လှပ်ထား၍မရ။ ဖော်ပြမှ ပြည့်စုံပါမည်။ ယခင်က စာပေဆုများကို ဤသို့ ပုံဖော်ခဲ့ကြသည်။ စာပေဗိမာန်စာပေဆု(၁၉၄၈-၁၉၆၁)၊ အနုပညာစာပေဆု (၁၉၆၂-၁၉၆၄)နှင့် ၁၉၆၅ ခုနှစ်မှ ယနေ့အထိ "အမျိုးသား စာပေဆု' ဟု အမျိုးမျိုး ပုံဖော်ခဲ့ကြသည်။ မြန်မာ့စာပေဆု သမိုင်းတွင် ထိုစဉ်က “အမျိုးသား စာပေဆု' မှာ နိုင်ငံတော်မှချီးမြှင့်သည့် စာပေဆိုင်ရာ အမြင့်ဆုံးဆု ဖြစ်လေသည်။
၂၀၀၂ ခုနှစ်တွင် (၂၀၀၁ ခုနှစ်အတွက်) 'အမျိုးသားစာပေတစ်သက်တာ' ဆုကြီး ပေါ်ထွက် ခဲ့သည်။ နှစ်စဉ်ချီးမြှင့်နေကျ “အမျိုးသားစာပေဆု” ထက် မြင့်ပါသည်။ နိုင်ငံတော်မှချီးမြှင့်သည့် စာပေဆုများအနက် အမြင့်ဆုံးစာပေဆုလည်း ဖြစ်သည်။ ဤစာပေဆုကြီးသည်ကား 'ဆရာပါရဂူကို အကြောင်းပြု၍ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်လေသည်။
ဆရာပါရဂူကို အကြောင်းပြု၍ ထုဆစ်ပုံဖော်ပေးခဲ့သူကား ကြည်အောင်(ကေတုမတီ) ခေါ် ဗိုလ်ချုပ်ကြည်အောင်ပင်။ ထိုစဉ်က ဗိုလ်ချုပ်ကြည်အောင်သည် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်လေသည်။
၂၀၀၂ ခုနှစ်တွင် “အရှေ့တောင်အာရှ စာပေဆု” အတွက် ဆရာပါရဂူ ရွေးချယ်ခံရသည် မှန်သော်လည်း မယူဖြစ်ခဲ့။ အစစအရာရာ ပြင်ဆင်ဆောင်ရွက်ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်ရေး ပျက်ခဲ့သည်။ ဤသို့ ပျက်ခဲ့ရသည့်အတွက် ဆရာ ပါရဂူက အပြုံးမပျက်ခဲ့သော်လည်း ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်ခဲ့သူ ဗိုလ်ချုပ် ကြည်အောင်က အထူးစိတ်မကောင်းဖြစ်ခဲ့ရ သည်။
ဤဆုမျိုးကဲ့သို့အလားတူ စာပေဆု(သို့မဟုတ်) အမျိုးသားစာပေဆု ထက်မြင့်သော စာပေဆုကို မြန်မာနိုင်ငံတွင်းမှ မထွင်နိုင်ဘူးလားဟူသော အတွေးက ဗိုလ်ချုပ်ကြည်အောင်၏ အတွေးထဲသို့ ဝင်လာသည်။ ဤအတွေးကို အကောင်အထည်ဖော်ရန် ဆရာမောင်ဆုရှင်၊ ဆရာကြီး ဒေါက်တာ သော်ကောင်း၊ ဆရာကြီး ဒေါက်တာကျော်စိန်နှင့် ဆရာကြီး တက္ကသိုလ်တင်ခတို့ အပါအဝင် စာပေပညာရှင်များနှင့် တိုင်ပင်ပြီး အကောင်အထည်ဖော်နိုင်ခဲ့လေသည်။
၂၀၀၂ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ်ကြည်အောင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပြောင်းသွား ခဲ့ရသော်လည်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်လာသူ ဗိုလ်မှူးချုပ်ကျော်ကျော်ဆန်းက ဆက်လက် အကောင်အထည်ဖော်ခဲ့ရာ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီး၌ ကျင်းပသည့် ၂၀၀၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုနှင့် (၁၃) ကြိမ်မြောက် အမျိုးသားရေးဆောင်ပုဒ်၊ စာပေနှင့် ဓာတ်ပုံပြိုင်ပွဲဆု ဆုချီးမြှင့်ပွဲ အခမ်းအနားကြီး တွင် အမျိုးသားစာပေတစ်သက်တာဆုကို ပထမဆုံးအကြိမ်အဖြစ် ဆရာကြီးပါရဂူ (စည်သူဦးလှကြိုင်) အား ချီးမြှင့်ခဲ့လေသည်။
ဆရာ့ဘဝ အတ္ထုပ္ပတ္တိ
ဤသို့ ထူးခြားပြောင်မြောက်ခဲ့သော ဆရာကြီးပါရဂူခေါ် စည်သူဦးလှကြိုင်ကို ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ် သနွံသနာ့ကျေးရွာတွင် အဖ ဦးဘစော၊ အမိ ဒေါ်မေတုတ်တို့မှ ၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးလှကြိုင် ဖြစ်သည်။
သနွံသနာ့ကျေးရွာ မူလတန်းကျောင်း၌ ပညာသင်ယူခဲ့သည်။ ၁၁ နှစ်အရွယ်တွင် ရှင်သာမဏေ ဝတ်သည်။ ၁၅ နှစ်အရွယ်တွင် ပထမငယ်၊ ၁၆ နှစ်တွင် ပထမလတ်၊ ၁၇ နှစ်တွင် ပထမကြီး၊ အသက် ၁၉ နှစ်အရွယ်တွင် အစိုးရစာချတန်း(ဂုဏ်ထူးတန်း)ကို အောင်မြင်ခဲ့သည်။ အသက် ၂၀ တွင် ရဟန်းခံသည်။
၁၉၄၇ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ အိန္ဒိယနိုင်ငံ ဗာရာဏသီဟိန္ဒီ တက္ကသိုလ်တွင် ပညာသင်ယူ ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် လူဝတ်လဲခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး ပြန်ကြားရေးဌာန၌ ဘာသာပြန် အရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ တက္ကသိုလ်နှင့် ကောလိပ်များ၏ အရှေ့တိုင်းပညာ သင်ကြားရေးအဖွဲ့ အဖွဲ့ဝင်၊ မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြု ဗဟိုအဖွဲ့အမှုဆောင်၊ သီယိုဆိုဖီအသင်းနာယက၊ မြန်မာစာပေ ပြန့်ပွားရေး အသင်းတွင် ဒုတိယဥက္ကဋ္ဌ၊ မြန်မာပြည် တဂိုးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဟိန္ဒီစာပေအသင်း ဥက္ကဋ္ဌနှင့် စာရေးဆရာ အဖွဲ့ အစည်းများတွင်လည်း တာဝန်အသီးသီး ထမ်းဆောင်ခဲ့သည်။
ထင်ရှားသောစာအုပ်များ
၁၉၃၉ ခုနှစ်မှစ၍ 'မျိုးနွယ်ညွန့်'၊ 'သာမဏေရှင်ပါရဂူ'၊ 'ဘုန်းကြီးကျောင်းသား” ကလောင် အမည်များဖြင့် စာပေလောကတွင် အခြေချခဲ့သည်။ ၂၀၁၁ ခုနှစ် ဧပြီလ ၉ ရက်နေ့ ကွယ်လွန် သည်အထိ ပင်ကိုရေးနှင့် ဘာသာပြန်စာအုပ်ပေါင်း ၁၅၀ ကျော် ရေးသားပြုစုခဲ့သည်။
၎င်းတို့အနက် “ဗုဒ္ဓစကား၊ ဓမ္မစကား။ ဗုဒ္ဓဒိုင်ယာရီး နိဗ္ဗာန်၊ သုန္ဒရနယ် (ခေါ်) ညီတော်မင်းနန် (၁၉၆၃ ခုနှစ်အတွက် အနုပညာ ဆိုင်ရာ ဘာသာပြန်စာပေဆု)၊ သားတော် ရာဟုလာ၊ သိဒ္ဓတ္ထ၊ စိတ္တရလေခါ၊ အမ္ဗပါလီ၊ ပီယဒဿီ၊ ပရကထာ၊ ဘဝခရီးသည်၊ တမ္ဗပဏ္ဏာ၊ ပုဂံ ခရီးသည်၊ ယယာတိနှင့် ဂေါရီ (၁၉၈၅ ခုနှစ်အတွက် အမျိုးသား စာပေဆု - ဘာသာပြန်ရသ) စာအုပ်” တို့မှာ အထူးထင်ရှားသည်။
ထို့ပြင် “ဘုန်းကြီးကျောင်းက ပုဏ္ဏရိက၊ ဝိဇ္ဇာ၊ H.K. လှကြိုင် ကလောင်ခွဲများဖြင့်လည်း ရေးခဲ့သေးသည်။
ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက်
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ဗဟန်းမြို့နယ် ငါးထပ်ကြီး ဘုရားလမ်းမှ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်၊ (၁၉) ရပ်ကွက် ဦးပုညလမ်း အမှတ်(၉၈၈-၉၉၁) သို့ ပြောင်းရွှေ့နေထိုင် ခဲ့သည်။ ဘဝအဆက်ဆက် စာပေပါရမီဖြည့်ဆည်းလိုသော ဆရာပါရဂူ သည် သူ့နေအိမ်ကိုပင် “ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက် (Paragu Shantiniketan Library) အဖြစ် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး စာပေအကျိုးကို သယ်ပိုးခဲ့သည်။
ဆရာပါရဂူ သက်ရှိထင်ရှား ရှိနေခဲ့လျှင် ယခုနှစ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်တွင် နှစ်၁၀၀ ပြည့်ပါပြီ။ ဆရာကြီး၏ အတ္ထုပ္ပတ္တိ (အကျယ်ကို ၂၀၁၂ ခုနှစ်ထုတ် “မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်” နှင့် ၁၂-၆၂၀၂၁ ရက်ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတွင် ကြည့်နိုင်ပါသည်။
ဆရာပါရဂူရေးသားခဲ့သည့် စာအုပ်များထဲမှ ကျွန်တော်အစွဲမက်ဆုံးမှာ ဗုဒ္ဓဒိုင်ယာရီ စာအုပ် ဖြစ်သည်။ ဤစာအုပ်မှ ယနေ့တိုင် ခေတ်အဆက်ဆက် မှန်ကန်နေသောစကားကို အနည်းငယ် ကိုးကား ဖော်ပြလိုပါသည်။
“အဆင်ခြင် အစဉ်းစားဉာဏ်မရှိဘဲ မလိုအပ်သည့် ဒုက္ခမျိုးကို ခံစားခြင်းဖြင့် သုခကို မရရှိနိုင်။ သုခအတွက် ချုပ်တည်းမှုသာ လိုအပ် သည်။ ဒုက္ခခံဖို့မလိုဟုငါနားလည်သဘောပေါက်ခဲ့သည်။ ကောင်းသော အကျင့်၏ လမ်းမ၌ အကယ်၍ ဒုက္ခပေါ်ပေါက်လာလျှင် ထိုဒုက္ခမျိုးကို ရင်ဆိုင်သင့်သော်လည်း အကျိုးမရှိသည့် ဒုက္ခမျိုးကို ခံခြင်းအားဖြင့် ကောင်းကျိုးမဖြစ်ထွန်း နိုင်ပေ။”
“အဆင်ခြင် အစဉ်းစားကင်းမဲ့သည့် ဒုက္ခမျိုးဖြင့် သုခရမည်ဆိုလျှင် တိရစ္ဆာန်အားလုံးသည် သုခနှင့်ပြည့်စုံသူများ ဖြစ်နေကြလိမ့်မည်။ ယနေ့တွင်မူဤအတိုင်း ဖြစ်နေကြသည်။ လူအများ သည် သုခအတွက် ဒုက္ခကို မြင်တွေ့လိုကြသည်။ အဆင်ခြင်အစဉ်းစား ကင်းမဲ့ခြင်းကြောင့် အတွင်းသုခကိုမူ သူတို့ရရှိလိမ့်မည်မဟုတ်ပေ။”
ဤစကားများသည် စိတ်ဓာတ်ခွန်အားနှင့် စာရိတ္တခွန်အားတို့ကို ဆက်လက်၍လည်း ပေးနေဦးမည်ဟု ကျွန်တော်ထင်သည်။
သေသူကို ရှင်သူတို့က တကြရသည်။ စာပေအကျိုး သယ်ပိုးခဲ့ကြ သူတို့ကို နောင်လာ နောက်သား စာပေသမားတို့ကတမ်းတကြစမြဲပင်။ သူတို့၏ ကလောင်စွမ်းက ပြည်သူကို လွှမ်းခဲ့သည်။ ဤသို့ တမ်းတ ရမည့်သူများထဲတွင် 'ဆရာကြီးပါရဂူ” လည်း ပါဝင်သည်။ ဆရာ့ အကြောင်းရေးလျှင် သူ့ကိုအကြောင်းပြု၍ ဖြစ်တည်လာသည့် “အမျိုးသားစာပေ တစ်သက်တာ ဆု” ကိုပါ တွဲ၍ မြင်လာရသည်။
'အမျိုးသားစာပေ တစ်သက်တာဆု” ပေါ်လာစေရန် အရင်းခံ ဖြစ်စေသည့် ဆရာပါရဂူသည် လွန်ခဲ့သည့် ၁၀ နှစ်၊ ၂၀၁၁ ခုနှစ် ဧပြီလ ၉ရက်တွင် ကွယ်လွန်ခဲ့သည်။ “အမျိုးသားစာပေ တစ်သက်တာဆု”ကို မွေးဖွားပေးခဲ့သူ ကြည်အောင်(ကေတုမတီ)ခေါ် ဗိုလ်ချုပ်ကြည်အောင် သည်လည်း ယခု ၂၀၂၁ ခုနှစ် မေလ ၉ ရက်တွင် ကွယ်လွန်သွားရှာပြီ။
ဆရာပါရဂူကို အထူးလေးစားသော၊ ဆရာပါရဂူ၏စာအချို့ကို လက်တန်းရွတ်ပြနိုင်သော ကဗျာ ဆရာ ကြည်အောင်(ကေတုမတီ) က ဆရာပါရဂူ ကွယ်လွန်သည့်နှစ်တွင် အချိုးကဗျာတစ်ပုဒ် ဖြင့် ၂၀၁၁ ခုနှစ်၊ ဧပြီလထုတ် “နိုင်ငံ့ဂုဏ်ရည် ́မဂ္ဂဇင်းတွင် ဂုဏ်ပြုဖွဲ့ဆိုခဲ့လေသည်။
စာရေးဆရာကြီး ပါရဂူသို့တမ်းချင်း
• ကလောင်တစ်ချောင်း
ဟောင်းလည်းဟောင်း ကောင်းလည်းကောင်း
သည်လမ်းကြောင်းအတွက်
“တစ်သက်တာစာပေ၊ အမွေထိုက်သူ”
ဆရာတစ်ဆူ၊ ပါရဂူတစ်ယောက် သည်နွေအရောက်မှာ ကြွေပျောက်ရပြီကော သက်ဇီဝိန်။
• စတွေ့ချိန် အတိတ်ရှေးကိုဖြင့်
စိတ်အတွေးမှာ လက်ရေချိုးလိုက်တော့
ထောင့်ကိုးရာ ခြောက်ဆယ်လွန် နှစ်နှစ်စွန်းပါကလား
ရှေ့မြောက်ယွန်း ရှမ်းပြည်နယ်
လွမ်းစရာ့ဌာနီ မြို့ကျောက်မဲတွင်မှ
ဆုံခဲ့သည် စာဆိုပွဲကို ကွယ် ... စွဲမိပြက္ခဒိန်။
• ထိုစဉ်က ထိုအချိန်
ကလောင်ရှိန်တက်ဆဲ။
ယခုလည်း သည်အချိန် ဉာဏ်အရှိန်မြင့်ဆဲ။
ဆရာ့လက် ဆရာ့ကလောင်
စာဂုဏ်ရောင်မမှိန်
ရသစံချိန်တင်ဆဲ။
• အရွယ်ထောက်သည်ကြောင့်
ဘယ်လောက်ပင် ကံဉာဏ်မြင့်သော်လည်း
နေခွင့် သူမသာ၍
သည်လူ့ရွာ သည်စခန်းရယ်နှင့်
သူကျွမ်းရာ စာပေဘုံမှ
မျိုးဆွေစုံ စာပေသားတို့ကို
စွန့်ကာ တမလွန်သို့
စာပေဝန် ကျေပွန်ဖို့သွားပြီလား
ဆရာရေ... တားမြစ်နိုင်ဘဲ။
စာကိုး (၁) ကြည်အောင်(ကေတုမတီ)၏ နိုင်ငံ့ဂုဏ်ရည်ကဗျာများ
(၂) ၂၀၀၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာစာပေဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု၊ ဆုရသူများ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်
(၃) အမျိုးသားစာပေ တစ်သက်တာဆု၏ အတိတ်ခြေရာ၊ စံတော်ချိန်သတင်းစာ (၂၄-၁၂-၂၀၂၁)
စာပေလေ့လာသူတစ်ဦး (စာပေဗိမာန်)