ဂိုဏ်းဂဏစိတ်ကြီးပြီဆိုမှဖြင့် ...
အမှန်အတိုင်း ရှုမြင်သုံးသပ်ပြောဆိုရပါမူ ကျွန်တော်တို့နိုင်ငံသားအများစုသည် ဂိုဏ်းဂဏစိတ် အစွဲအလမ်းကြီးကြပါသည်။ ဝေးဝေးမကြည့်ပါနှင့်၊ ရပ်ကွက် ဘောလုံးပြိုင်ပွဲအဆင့်၌ပင် ဂိုဏ်းဂဏစိတ်ကြောင့် ရန်ပွဲများဖြစ်ကာ ဆော်ကြ၊ နှက်ကြ၊ ကွဲကြ၊ ပြဲကြနှင့် အဆုံးသတ်ရသည်က များလေသည်။
ယုတ်စွအဆုံး လေးပေ ကိုးလက်မ ရပ်ကွက် ကလေးဘောလုံးပြိုင်ပွဲတွင်ပင် ပရိသတ်အချင်းချင်း ရန်မဖြစ်သည့်နှစ် မရှိခဲ့။သူ့ရပ်ကွက် ကိုယ့်ရပ်ကွက်၊ သူ့အသင်း ကိုယ့်အသင်းဟူသည့် ဂိုဏ်းဂဏစိတ် အစွဲအလမ်းကြောင့် ကိုယ့်ကလေးတွေရယ်လို့ မမြင်ကြတော့။ ။
ပြိုင်ဆိုင်မှု ပြင်းထန် မြို့နယ်ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲဆိုလျှင် ပို၍ပြိုင်ဆိုင်မှု ပြင်းထန်လေသည်။ ကျွန်တော်သည် ၁၉၈၇ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များက မြို့နယ်ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံဘောလုံး ပြိုင်ပွဲတွင် ရပ်ကွက်ကိုယ်စားပြု နှစ်ကြိမ်ပါဝင် ကစားခဲ့ဖူးသည်။ ။
ပြိုင်ဘက်အသင်း ဂိုးပေါက်သို့ ဘောလုံးဆွဲသွား လျှင် ပြိုင်ဘက်ရပ်ကွက် ပရိသတ်အချို့က ဆဲဆို ကြသည်။ ခြိမ်းခြောက်ကြသည်။ အချို့ ဘောလုံး သမားများဆိုလျှင် လေးခွနှင့်ပင် အပစ်ခံရလေ သည်။ ဘောလုံးပွဲပြီးလို့ ပြိုင်ဘက်အသင်းဘက် အခြမ်း ရောက်နေခဲ့ပါမူ လူအုပ်စုကြားတွင် မည်သူ့ လက်ချက်မှန်းမသိရဘဲ ရန်ပြုခံရမည်စိုး၍ ကိုယ့် အသင်းဘက်သို့ အမြန်ပြေးရလေသည်။
၁၉၉၂ ခုနှစ် မြို့နယ်ဥက္ကဋ္ဌဖလား ဘောလုံး ပြိုင်ပွဲတွင်မူ မည်သည့်ရပ်ကွက် အသင်းကမှ ဆုဖလား မဆွတ်ခူးလိုက်ရ။ ပွဲစဉ်တစ်ဝက်တစ်ပျက် မှာပင် ပရိသတ်အချင်းချင်း ဓားထိုးမှုဖြစ်ပွားပြီး ပရိသတ်တစ်ဦးသေဆုံးသွား၍ပြိုင်ပွဲကိုရပ်နားလိုက် ရသည်။
ကျွန်တော်တို့ နိုင်ငံသားများ၏ ဂိုဏ်းဂဏ စိတ်အစွဲအလမ်းက ဤမျှ ပြင်းထန်ပါသည်။ အမှန် တကယ်အားဖြင့်မူ အဆိုပါ ရပ်ကွက်ဘောလုံးပြိုင် ပွဲမှတစ်ဆင့် ရှေ့အလားအလာရှိသူ၊ ထူးချွန်သူ လူငယ်ဘောလုံးသမားလေးများ ပေါ်ထွက်လာပါက ကိုယ့်မြို့နယ်၊ ကိုယ့်တိုင်း၊ ကိုယ့်နိုင်ငံလက်ရွေးစင် အတွက် အားထားရပေမည်ဟု ထိုသို့တွေးမိသူက ရှားပါးလှပါသည်။
ဂိုဏ်းဂဏစိတ်အစွဲအလမ်း ထိုသို့သော ဂိုဏ်းဂဏစိတ်အစွဲအလမ်းသည် တစ်ခါတစ်ရံ ဥပါဒါန် အစွဲအလမ်းများကို ဖယ်ခွာ ရန် ကျင့်ကြံပွားများအားထုတ်ရသည့် ဘာသာရေး နယ်ပယ်သို့ပင် ရောက်လာတတ်သေးသည်။
ကျွန်တော်လည်း နုငယ်စဉ်က ထိုသို့ဖြစ်ခဲ့ဖူးပါ သည်။ မိဘဆရာသမားများက မင်းကွန်းတောရ ရိပ်သာယောဂီများပေမို့ ကျွန်တော်ငယ်စဉ်က ကိုရင် ဝတ်တော့လည်း မင်းကွန်း၊ တရားစခန်းရိပ်သာ ဝင်တော့လည်း မင်းကွန်းတောရရိပ်သာမို့ ဂိုဏ်း ဂဏစိတ် အစွဲအလမ်းက ရင်ထဲမသိမသာပူးကပ် လာသည်။ မင်းကွန်းရိပ်သာက ဝိပဿနာမှ နိဗ္ဗာန် ဖောင်ကူးတို့ဟု ထင်မြင်လာသည်။
အရွယ်ရောက်လို့ ဓမ္မစာပေများကို လေ့လာ ဖတ်ရှုရတော့မှ ဂိုဏ်းဂဏစိတ်အစွဲအလမ်းတို့သည်
လျော့ပါးကုန်လေ၏။ သို့နှင့် မိုးကုတ်ဆရာတော် ကြီး၏ စိတ္တာ နုပဿနာကိုလည်း အခါအားလျော်စွာ ရှုမှတ်ပါ၏။ မဟာစည်ဆရာတော်ကြီး၏ ဖောင်း တယ်၊ ပိန်တယ်ဟူသည့် ဝမ်းဗိုက်ကဝါယောဓာတ်၏ တွန်းမှုကန်မှုအပေါ်လည်း အခါအားလျော်စွာရှုမှတ် ပါ၏။ သဲအင်းဂူ ဆရာတော်ကြီး၏ ရှူရှိုက်ကိုလည်း အခါအားလျော်စွာ ရှုမှတ်ပါ၏။ ဝိပဿနာကျင့်စဉ် အားလုံးသည် မြတ်ဗုဒ္ဓ၏ ဓမ္မတစ်ခုတည်းသာ ဖြစ်သည်ဟု ရှုမြင်လိုက်မိသည်နှင့် ဂိုဏ်းဂဏစိတ် အစွဲအလမ်းတို့သည် ပျောက်ကွယ်သွားလေ၏။ သို့တစေ အချို့လူတို့တွင်မူ ကိုယ့်ရိပ်သာမှ ကိုယ့်ရိပ် သာဟူသည့် ဂိုဏ်းဂဏအစွဲအလမ်းများကား ကျန်ရှိနေဆဲ။
နိုင်ငံရေးနယ်ပယ်တွင်မူ သာ၍ ဂိုဏ်းဂဏစိတ် သည် ပြင်းထန်ကြီးမားပြန်သည်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ဂိုဏ်း ဂဏစိတ် အတော့်ကိုကြီးမားခဲ့ပေသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ (CPB)ကို ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ဘာလမ်းရှိ တိုက်ခန်းငယ်လေးတစ်ခု၌ သခင်
အောင်ဆန်း၊ သခင်သိန်းဖေ၊ သခင်ဗဟိန်းနှင့် သခင်လှဖေ (ဗိုလ်လက်ျာ)စသည့် မြန်မာပညာ တတ်လူငယ်တစ်စုက စတင်တည်ထောင်ခဲ့သည်။
သခင်အောင်ဆန်းသည် BIA၊ BDA ခေတ်တွင် မြန်မာ့တပ်မတော်၏ ဦးစီးခေါင်းဆောင်ဖြစ်လာ
သောအခါတွင်မူ CPB ပါတီနှင့်တစ်စတစ်စကင်းကွာ လာခဲ့ပြီး သခင်စိုး၊ ဂိုရှယ် ခေါ် ရဲဘော်ဘတင်၊ ဒေါက်တာနတ်(ဂ်)ခေါ် ရဲဘော်ထွန်းမောင်၊ သခင် ဗဟိန်း၊ သခင်သန်းထွန်း၊ သခင်သိန်းဖေနှင့် သခင်ဗသိန်းတင်တို့က CPB ၏အလံတော်ကို ဆက်လက် ဆုပ်ကိုင်ခဲ့ကြသည်။
လူကြိုက်များရေပန်းစား ဆိုရလျှင် ဗမာပြည်ကွန်မြူနစ်ပါတီသည် စတင် တည်ထောင်စဉ်မှ ၁၉၄၁ ခုနှစ်အထိနယ်ချဲ့ဆန့်ကျင် ရေးတိုက်ပွဲနှင့် အမျိုးသားရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ဆင်နွှဲခဲ့သည့် အမျိုးသားရေး အင်အားစုတစ်ခု ဖြစ်ခဲ့ပေသည်။
သခင်စိုးနှင့် သခင်သန်းထွန်းတို့၏ အကွဲအပြဲ နောက်ပိုင်းတွင်မူ သခင်သန်းထွန်း၏ သဘောထား
သည်ပင် CPB ၏ တရားဝင်ပေါ်လစီဖြစ်လာသည်။ CPB သည်အလုပ်သမား၊ တောင်သူလယ်သမား တို့၏ လှုပ်ရှားမှုထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး “သီးစားခ မပေးရေး”၊ “အခွန် မဆောင်ရေး” တိုက်ပွဲများ ဆင်နွှဲကြရန် စည်းရုံးလှုံ့ဆော်ခဲ့သည်။ ဤလှုပ်ရှား မှုများကြောင့် ထိုခေတ်က CPB မှာ ကျေးလက်ဒေသတွင် လူကြိုက်များရေပန်းစားလာ သည်။
သို့တစေ ဂိုဏ်းဂဏစိတ်ကြီးမားသော သခင် သန်းထွန်း ဦးဆောင်သော CPB ပါတီသည် ဗိုလ်ချုပ်အောင်ဆန်းကိုပင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ စတင်လုပ်ဆောင်လာသည်။ ကွန်မြူနစ် နေ့စဉ် သတင်းစာနှင့် ပြည်သူ့အာဏာအပတ်စဉ် ဂျာနယ် တို့မှ တစ်ဆင့် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ အဖွဲ့ချုပ်ကို ထိုးနှက်ကြသည်။ ဖဆပလ၏
အောင်မြင်မှုများကို CPB ပါတီက စွမ်းဆောင်ခဲ့ သယောင် ဝါဒဖြန့်၍ မအောင်မြင်ခဲ့ သည်များကိုမူ ဖဆပလကို ထိုးချကာ နိုင်ငံရေးအမြတ်ထုတ်ခဲ့ကြ သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလကို ဗြိတိသျှတို့ လမ်းခင်းပေးသော ဘုရင်ခံအမှုဆောင်
ကောင်စီထဲ ပါဝင်မှုကြောင့် အမျိုးသားရေးသစ္စာ ဖောက်အဖြစ် စွပ်စွဲလာသည်။ ။
ဤသို့ ဂိုဏ်းဂဏစိတ်အစွဲအလမ်းဖြင့် လုပ် ဆောင်လာခဲ့မှုကြောင့် ၁၉၄၆ ခုနှစ် အောက်တိုဘာ လတွင် CPB ပါတီကို ဖဆပလထဲမှ ထုတ်ပယ်ပစ်ခဲ့ရ သည်။
နိုင်ငံရေးလမ်းစဉ်အရ မှားယွင်း CPB ပါတီသည် နိုင်ငံရေးလမ်းစဉ်အရလည်း မှားယွင်းခဲ့ပြန်သည်။ ပါလီမန်လမ်းကြောင်းကို | အားမပြုဘဲ လူထု လူတန်းစားအဖွဲ့အစည်းများ ကြားတွင်သာ မိမိ၏ အာဏာအခြေခံကို အဓိက ထား တည်ဆောက်ခဲ့သည်။ ။
ပျဉ်းမနားမြို့၌ကျင်းပသော တောင်သူလယ် သမားညီလာခံနှင့် ၁၉၄၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင်ကျင်းပသော ဂျပန်တော်လှန်ရေးအထိမ်းအမှတ် လူထုအစည်း အဝေးကြီးတို့တွင် တက်ရောက်လာကြသည့် အလုပ်သမားထုကြီးကို အကဲဖြတ်၍ သခင်သန်းထွန်းနှင့် CPB တို့သည် စိတ်အားထက်သန် တက်ကြွလာခဲ့ကြသည်။ အိန္ဒိယ ကွန်မြူနစ် ပါတီ(CPI)နှင့် ပြည်ပ ကွန်မြူနစ် အဖွဲ့အစည်းတို့က လည်း “တော်လှန်ရေးသည် ရင့်မှည့်နေပြီ”ဟု ရှုမြင်သုံးသပ် အခါတော်ပေးခဲ့ကြပြန်သည်။
CPB ပါတီ၏ ထိုသို့သော ခြေလှမ်းများကြောင့် ဖဆပလအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းက CPBပါတီ၏ ထိပ်တန်းခေါင်းဆောင် များကို မတ်လ ၂၇ ရက်နေ့ညမှာပင် ဖမ်းဆီးရန် အမိန့်ပေးခဲ့လေသည်။ သို့တစေ ထိုနေ့ မနက် ၁၁ နာရီခွဲတွင် ပေါလစ်ဗျူရိုအဖွဲ့ဝင်များဖြစ်ကြသော သခင် သန်းထွန်း၊ သခင်ဗသိန်းတင်နှင့် ရဲဘော် ဘတင် (ဂိုရှယ်)တို့သည် အရေးပေါ်အစည်းအဝေးကျင်းပကာ မြေအောက်လုပ်ငန်းတာဝန်ခံများမှ လွဲ၍ ရန်ကုန်ရှိ ပါတီဝင်အားလုံး ကျေးလက်ဒေသ များသို့ ထွက်ခွာသွားကြရန် အမိန့်ပေးခဲ့သည်။
ကွန်မြူနစ်တို့၏ တော်လှန်ပုန်ကန်မှု ၊ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်မူ CPB ပါတီသည် ကျေးလက်ကိုအခြေခံ မြို့တွေသိမ်း၊ မဟာဗျူဟာအရ လက်နက်ကိုင်လမ်းစဉ်ကို ရွေး ချယ်ခဲ့ကြလေသည်။ ကွန်မြူနစ်တို့၏ တော်လှန် ပုန်ကန်မှုမှာ တစ်နှစ်အတွင်းမှာပင် တိုင်းပြည်အနှံ့လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ သို့ရာတွင် အထက်ဗမာ ပြည် စစ်ဆင်ရေး အရေးနိမ့်သွားသောအခါ CPB တိုက်ခိုက်ရေးတပ်များမှာ အကြီးအကျယ်စိတ်ဓာတ် ကျဆင်းသွားလေတော့သည်။ ။
ထို့ပြင် CPB ပါတီ၏ မြေယာတော်လှန်ရေး၊ အာဏာနီတည်ဆောက်ရေး လမ်းစဉ်များကြောင့်
ကျေးလက်နေပြည်သူများမှာ ဒုက္ခဝေခဲ့ကြရသည်။ ရိုးသားသော ကျေးလက်နေပြည်သူများနှင့် မြေရှင် များကို အစိုးရဒေါက်တိုင်အဖြစ်စွပ်စွဲကာ စိတ်ထင် တိုင်းကြဲ သတ်ဖြတ်ခဲ့မှုများကြောင့် CPB ပါတီမှာ လူထုနှင့် တစ်စတစ်စကင်းကွာလာခဲ့သည်။
အာဏာနီတည်ဆောက်ရေးအဖွဲ့သည် “လူဆို လျှင် ကျင်း၊ နွားဆိုလျှင် ဟင်း၊ လှည်းဆိုလျှင်ထင်း” ဟူသော ကြွေးကြော်သံကို ဖော်ထုတ်ခဲ့ကြသည်။ ပြည်ခရိုင် အာဏာနီတည်ဆောက်ရေးကာလ၏
ခြောက်လခရီးအတွင်း CPB ပါတီသည် ပေါက်ခေါင်း နှင့် ပေါင်းတည်မြို့နယ်တို့ရှိ တောင်သူလယ်သမား စုစုပေါင်း ၁၅၀ ကျော်ကို အာဏာနီတည်ဆောက် ရေး၏ရန်သူများအဖြစ်စွပ်စွဲကာ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။
အာဏာနီတည်ဆောက်ရေး၏ ရန်သူများ အဖြစ် သတ်မှတ်ခံရသူတို့အား လုပ်ကြံသတ်ဖြတ် ရာတွင် အသုံးပြုသော ဝါးရင်းတုတ်များကို “
ငဆော် ကြီး”ဟူ၍လည်းကောင်း၊ ဓားမများကို “ငခုတ်ကြီး များ”ဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ကြသည်။
သခင်သန်းထွန်းကလည်း “ရန်သူ့စစ်တပ်ကို ချေမှုန်း၊ ဖောက်ပြန်တဲ့အာဏာကို ဖြိုချ၊ တော်လှန် တဲ့ အာဏာနီတည်ထောင်၊ ဒါဟာ ပေါက်ခေါင်းလမ်း” ဟုဆိုကာ လမ်းညွှန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် CPB ပါတီ၏ ဗဟိုစစ် ကော်မတီသည် - “ပေါက်ခေါင်းလမ်းကြောင်းအတိုင်း လိုက်ကြ” “ကျေးလက်အာဏာနီကို အစွမ်းကုန်တည် ဆောက်ကြ”
“ပါတီတွင်းမှ ပြန်လည်ပြင်ဆင်ရေးသမားများ ကို ဖြုတ်-ထုတ်-သတ်ကြ”
“ကျေးလက် နေဝင်းလေးများကို သုတ်သင်ကြ၊ ချေမှုန်းကြ”
ဟူသည့် ကြွေးကြော်သံများကို ထုတ်ပြန်ခဲ့လေ သည်။
တစ်ဖန် CPB ပါတီသည် ပါတီတွင်း ဖြုတ်ထုတ်-သတ် လမ်းစဉ်အရ ရဲဘော်ဌေး၊ ရဲဘော် ဘတင် (ဂိုရှယ်)၊ ဗိုလ်ထွန်းငြိမ်း၊ ရဲဘော်ထွန်းရှိန် စသည့် ဗဟိုကော်မတီဝင်များ၊ ပီကင်းပြန်များ၊ ရဲဘော်ဘသန်း၊ ရဲဘော်ထွန်းကျော်(ခ)မောင်စိုးဝင်း၊ ရဲဘော် ဘိုးသာ(ခ) ကျော်ရင်၊ ရဲဘော်တင်ဟန်၊ ရဲဘော်ခင်ဝင်းစသည့် တက္ကသိုလ်ကျောင်းသားများ ကို ပါတီသစ္စာဖောက်များ၊ တန်ပြန်တော်လှန်ရေး နှင့် ပြန်လည်ပြင်ဆင်ရေးသမားများဟု စွပ်စွဲကာ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အရ တပ်နီလူငယ် များက ရက်ရက်စက်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့ကြ လေသည်။
ဇာတ်တူသားစားခဲ့မှု ထိုသို့ဇာတ်တူသားစားခဲ့မှုကြောင့် CPB ပါတီ ၏ ဥက္ကဋ္ဌ သခင်သန်းထွန်း သည်လည်း ၁၉၆၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ ညနေတွင် မြစ်ဝကျွန်းပေါ်တိုင်း တည်ဆောက်ရေးတပ်ဖွဲ့မှ ရဲဘော်ကြီး၏ အနီးကပ်လုပ်ကြံပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရလေ သည်။ သခင်သန်းထွန်း၏နေရာကို ဆက်ခံသော CPB ပါတီ ဥက္ကဋ္ဌ သခင်ဇင်နှင့် အတွင်းရေးမှူး သခင် ချစ်တို့သည်လည်း ၁၉၇၅ ခုနှစ် မတ်လ ၁၅ ရက်နေ့ တွင် တပ်မတော်၏ထိုးစစ်ကြောင့် ကျဆုံးခဲ့ရပြန် လေသည်။
သခင်ဇင်နှင့် သခင်ချစ်တို့ကျဆုံးပြီးနောက် ၁၉၇၅ ခုနှစ်တွင် ဗဟိုကော်မတီသစ်ကို တိုးချဲ့ဖွဲ့စည်းခဲ့ သည်။ အရှေ့မြောက်အုပ်စုမှာ ယခင်ကကဲ့သို့ တရားမဝင်မဟုတ်တော့ဘဲ CPB ၏ တရားဝင် ခေါင်းဆောင်မှုဖြစ်လာခဲ့သည်။ သခင်ဗသိန်းတင်ကို ဥက္ကဋ္ဌအဖြစ် ရွေးချယ် ခဲ့ကြသည်။
ထို့နောက် ၁၉၇၅ ခုနှစ် အောက်တိုဘာလတွင် “၇၅၁၀” (အောက်တိုဘာ ၁၉၇၅)ဟု အမည် ဝှက်ပေး ထားသော စီမံချက်အသစ်ကို ရေးဆွဲကာ တစ်ဖက် အိမ်နီးချင်းညီနောင်ပါတီ၏ အကူအညီဖြင့် အရှေ့မြောက်အခြေခံဒေသကို သံလွင်အရှေ့ခြမ်းမှ အနောက်ခြမ်းသို့တိုးချဲ့ပြီး ထိုမှတစ်ဆင့် မြန်မာ ပြည်အလယ်ပိုင်းသို့ ပြန်လည်ဝင်ရောက်ရန်၊ ထိုဒေသရှိ ဆုံးရှုံးလက်လွှတ်ခဲ့ရသော အမာခံဒေသ များကို ပြန်လည်တည်ဆောက်ရန် ရည်မှန်းချက် ထားခဲ့သော်လည်း မြန်မာ့တပ်မတော်၏ တိုက်စွမ်း ရည်ကြောင့် အရေးနိမ့်ခဲ့ရပြန်သည်။
၁၉၇၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာ့တပ်မတော်က အရှေ့မြောက်ဒေသသို့ ၎င်း၏ ပထမဆုံးတန်ပြန်ထိုးစစ်အဖြစ် “မင်းရန် အောင်(၁)” စစ်ဆင်ရေးကြီးကို စတင်ဆင် နွှဲခဲ့ပြီးကျယ်ပြောလှသော မော်ဖဒေသကြီးအား ပြန်လည် သိမ်းပိုက်ခဲ့၏။ ပန်ဆန်း အနောက်ဘက် ကီလို မီတာ ၃၀ မျှသာကွာသော လွယ်ရှားတောင်ကုန်း တွင်လည်း ရှေ့တန်းအခြေခံစခန်းတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။
ထိုသို့စစ်ရေးရှုံးနိမ့်မှုများအပြင် အိမ်နီးချင်း ညီနောင်ပါတီ၏ ပေါ်လစီအရွေ့ အပြောင်းအလဲတို့
ကြောင့် CPB ပါတီသည် စစ်ရေးနိုင်ငံရေးတို့တွင် အကျပ်အတည်းများဖြစ်လာပြီး အောက်ခြေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တန်ပြန် တော်လှန်ပုန်ကုန်မှုနှင့် ရင်ဆိုင်ကြုံ တွေ့ခဲ့ရလေ တော့သည်။
ပန်ဆန်းတွင် အခြေပြုထားသော CPB ပါတီ၏ အသက်အရွယ်ကြီးရင့်လှပြီဖြစ်သော မော်ဝါဒီ CPBခေါင်းဆောင်ကြီးများသည် နယ်ခြားမြစ်လေး နာမ်ခကိုဖြတ်ကာ တစ်ဖက်နိုင်ငံထဲသို့ ဒရောသော ပါးထွက်ပြေးသွားခဲ့ရလေသည်။ ။
ကွန်မြူနစ်များ၏ တော်လှန်ရေး ဤသို့ဖြင့် အာရှဒေသ၏အရှည်ကြာဆုံး ကွန်မြူ နစ်ပုန်ကန် ထကြွမှုများထဲမှ တစ်ခုဖြစ်သော မြန်မာ ကွန်မြူနစ်များ၏ တော်လှန်ရေးမှာ ၁၉၈၉ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ညတွင် နိဂုံးကမ္ပတ်အဆုံးသတ် သွားခဲ့ရလေသည်။
၁၉၃၉ ခုနှစ်သြဂုတ်လ ၁၅ ရက်နေ့တွင် မြန်မာ့ သမိုင်းအတွင်း စတင်သန္ဓေတည် မွေးဖွားလာခဲ့သည့် CPB ပါတီသည်လည်း နှစ်ပေါင်း ၅၀ အကြာတွင် သမိုင်းနိဂုံး ချုပ်ငြိမ်းသွားခဲ့ရလေသည်။
သွေးခင်းသောလမ်း ၊ CPB ပါတီသည် ဂိုဏ်းဂဏစိတ်ကို အခြေခံ၍ ( ပါလီမန်ခေတ်တွင် ပါလီမန်လမ်းကြောင်းကို
သွေဖည်ကာ လက်နက်ကိုင်တော်လှန်ရေးလမ်း
ကြောင်းကိုသာ ရွေးချယ်ခဲ့ခြင်း၊ တစ်ဖန်ငြိမ်းချမ်းရေး ကို ကျောခိုင်းကာ စစ်နိုင်ရေး၊ အာဏာသိမ်းရေး ဟူသည့် ၆၄ လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း၊ သခင်
သန်းထွန်းနှင့် ပီကင်းပြန်တို့သည် ပြည်ပအဖွဲ့ အစည်းများ၏ လမ်းစဉ်အတိုင်း မြန်မာ့မဟာ
ယဉ်ကျေးမှု တော်လှန်ရေး(ပါတီတွင်း အာဏာ သိမ်းပွဲ)ကို ဆင်နွှဲကာ ကျောရိုးတပ်နီ လူငယ်များကို မွေးမြူလေ့ကျင့်၍ ဖြုတ်ထုတ်သတ်လမ်းစဉ်အရ ပါတီတွင်း သွေးခင်းသောလမ်း ကို လျှောက်လှမ်း ခဲ့ခြင်း၊ရိုးသားသော ကျေးလက်နေပြည်သူလူထုအား ဓနရှင်များ၊ ဖောက်ပြန်ရေးသမားများ၊ အစိုးရ၏ ဒေါက်တိုင်များမှ မဟုတ်တမ်းတရမ်းစွပ်စွဲ သတ်ဖြတ်၍ အာဏာနီတည်ဆောက်ခဲ့ခြင်းစသော နိုင်ငံရေးလမ်းစဉ်အမှားများကြောင့်မြန်မာ့သမိုင်းတွင် အရုပ်ဆိုး၊အကျည်းတန်စွာ နိဂုံးကမ္ပတ်ချုပ်ငြိမ်းသွား ခဲ့ရခြင်းဖြစ်သည်။
ဂိုဏ်းဂဏစိတ် ငါနှင့်မတူ ငါ့ရန်သူဟူသည့် ဂိုဏ်းဂဏစိတ်အစွဲ အလမ်းများကား ကြောက်မက်ဖွယ်ကောင်းလေစွ။ | ပစ္စက္ခ ပါတီစုံဒီမိုကရေစီခေတ်တွင် နိုင်ငံရေးပါတီ
များ၊ ဝန်းရံထောက်ခံသူများအနေဖြင့်လည်း CPB ပါတီ၏ သမိုင်းအပေါ် နိုင်ငံရေး သင်ခန်းစာရယူကာ နိုင်ငံရေးဝါဒလမ်းစဉ်နှင့် နိုင်ငံရေးရပ်တည်ချက် များ ကွဲပြားခြားနား မှုရှိသော်ငြား နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဘုံအကျိုးစီးပွားအတွက်ဆိုပါလျှင် ဂိုဏ်းဂဏစိတ်ကို ရှေ့တန်းမတင်မိကြစေဖို့ သတိ ပေးနှိုးဆော်လိုက်ရပါသည်။
စာချစ်သူ
ကျမ်းကိုး ။ ။ ကျော်ဝင်း၏ ဗမာပြည်ကွန်မြူနစ်
ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန်၊ ရဲဘော်မြ၏ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ)