ပြုပြင်ပြောင်းလဲလိုသောစိတ် သို့မဟုတ် ဖွင့်ထားသောစိတ်
အလုပ်လုပ်သောစိတ်
လူတို့၏ စိတ်သဘောထားသည် တစ်ယောက်နှင့်တစ်ယောက် ကွဲပြားကြခြင်းကြောင့် လူတစ်ဦး နှင့်တစ်ဦးအကြား မတူညီသောခံယူချက်၊ အယူအဆ၊ အမြင်၊ တွေးခေါ်မှုနှင့် လိုလားချက် တို့သည်လည်း ကွဲပြားတတ်ကြသည်။
မြန်မာစကားတွင် လူတစ်ကိုယ် စိတ်တစ်မျိုး သို့မဟုတ် လူအမျိုးမျိုး စိတ်အထွေထွေဟု ဆိုကြပါသည်။ ထိုမတူညီသော စိတ်အခြေအနေတို့တွင် လူတစ်ဦး၏ ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောထားနှင့် ပိတ်လှောင်နေသော စိတ်သဘောထားတို့သည်လည်း လူတစ်ဦး၏ သဘောထား၊ အယူအဆနှင့် အမြင်တို့ကိုသာမက အပြုအမူများကိုပါ ပြောင်းလဲစေနိုင်ပါသည်။ ယင်းသည် လူတစ်ယောက်၏ စိတ်အလုပ်လုပ်ပုံနှင့် ဆက်စပ်နေမှုပင် ဖြစ်၏။
လူတစ်ဦး၏ စိတ်အလုပ်လုပ်ပုံနှင့် ပတ်သက်၍ အမေရိကန် ဂီတပညာရှင်၊ တေးရေးဆရာ၊ ထုတ်လုပ်သူတစ်ဦး ဖြစ်သူ ဖရန့်ဇက်ပါက A mind is like a parachute. It doesn't work if it is not open. စိတ်ဟာ လေထီးလိုပဲ။ မပွင့်ရင် အလုပ်မလုပ်ပါဘူးဟုဆိုသည်။ သို့ဆိုလျှင် မိမိတို့၏ စိတ်များကို အလုပ်လုပ်ရန် ဖွင့်ထားသည်လား သို့တည်း မဟုတ် ပိတ်လှောင် ထားသည်လား ဆင်ခြင်စရာပင် ဖြစ်သည်။ ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောထား ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောထား သို့မဟုတ် ဖွင့်ထားသော စိတ်သည် အတွေးအခေါ် အသစ်များကို နားထောင်ရန်နှင့် ဆင်ခြင်စဉ်းစားရန် သို့မဟုတ် အခြားသောအသစ်ဖန်တီးမှု များကိုရှာဖွေရန် စိတ်ဆန္ဒရှိမှုဖြစ်ပါ သည်။ ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောထား ရှိသူတစ်ဦးသည် အခြားသူများနှင့် ပြောဆိုဆွေးနွေးမှုများတွင် မိမိ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း ရှိ/မရှိ သို့မဟုတ် သတင်းအချက်များသည် အဓိပ္ပာယ် ရှိ/မရှိ သိရှိရန် တစ်ဖက်သား၏ သဘောထားကို နားထောင်လေ့ရှိကြသည်။ အကြံဉာဏ် အသစ်များနှင့် မတူညီသော အကြံဉာဏ်များ သို့မဟုတ် သဘောထားများကို လက်ခံစဉ်းစားလိုသော စိတ်သဘော ထားပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အတွေးအမြင်အသစ်များကို လက်ခံစဉ်းစားနိုင်စွမ်းလည်း ဖြစ်သည်။ စိတ်ပညာရှင် Jason Baehr က ပြုပြင်ပြောင်းလဲ လိုသော စိတ်သဘောထားရှိသူသည် အခြားသူများနှင့် ချင့်ချိန်စဉ်းစားကြရာတွင် မျှတ၍ ဘက်မလိုက်သော နားထောင်မှုဖြစ်စေရန် မိမိကိုယ်တိုင်၏ သဘောထားမှတ်ချက်များကို ယာယီအားဖြင့် ဆိုင်းငံ့ခြင်း သို့မဟုတ် သဘောထားပြောင်းလဲခြင်းကဲ့သို့သော ထူးခြားသည့် ပင်ကိုလက္ခဏာရှိသူဟု ဖွင့်ဆိုသည်။ Jack Kwong ကမူ ဆန်းသစ်သော အမြင်ရှုထောင့်အား ပြင်းပြစွာ လိုလားခြင်းကို ဖွင့်ထားသော စိတ်သို့မဟုတ် ပြုပြင်ပြောင်းလဲလိုသော စိတ်ဟု ဆိုပါသည်။ ပြုပြင်ပြောင်းလဲလိုစိတ်ရှိသူများ၏ စရိုက်လက္ခဏာများ ပြုပြင်ပြောင်းလဲလိုသော စိတ်ရှိသူ များသည် မိမိကိုယ်ကိုယ်မိမိဆင်ခြင်ခြင်း ဖြင့် ရရှိလာသောအသိဖြင့် အခြားသူများ ၏အမြင်သဘောထားနှင့် ရှုထောင့်များကို စိတ်အားထက်သန်စွာ နားထောင်လို သူများဖြစ်ကြ သည်။ ထိုသူများ၏ စရိုက်လက္ခများကို အောက်ပါအတိုင်း တွေ့ရတတ်သည် -
(၁) အခြားသူများ၏ အမြင်နှင့် သဘောထားကို စိတ်အားထက်သန်စွာ နားထောင်တတ်ခြင်း၊
(၂) မိမိကိုယ်တိုင် စိန်ခေါ်မှုရှိသောအတွေးအမြင်များကို လက်ခံနိုင်စွမ်းရှိခြင်း၊
(၃) မိမိကိုယ်တိုင် မှားယွင်းသည့်အချိန်တွင်ပင် ဒေါသနှင့် မတုံ့ ပြန်ခြင်း၊
(၄) အခြားသူများအပေါ် ကိုယ်ချင်းစာနာစိတ်ရှိခြင်း၊
(၅) အခြားသူများ၏ ရှုထောင့်မှ ဝင်ရောက်စဉ်းစားပေးနိုင်ခြင်း၊
(၆) မိမိတို့၏ ပညာဗဟုသုတ၊ ကျွမ်းကျင်မှုတို့နှင့် ပတ်သက်၍ နှိမ့်ချတတ်ခြင်း၊
(၇) အကြောင်းအရာအသစ်နှင့် အယူအဆသစ်များအပေါ် သိလိုစိတ်ရှိခြင်း၊
(၈) အခြားသူများအနေဖြင့်သူတို့၏ ယုံကြည်ချက်နှင့် အတွေးအမြင် များကို မျှဝေခွင့်ရှိသည်ဟု ယုံကြည်ခြင်း။
အကျိုးကျေးဇူး
ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောသည် များစွာအသုံးဝင်၍ ကြီးမားသော အကျိုးကျေးဇူးများကိုလည်း ရရှိစေနိုင် ပါသည်။ မိမိကိုယ်တိုင် လက်ခံထားဆဲ ယုံကြည်မှုများကို ပြန်လည်ဆန်းစစ်ခြင်းနှင့် အတွေးအမြင်သစ်များကို လက်ခံစဉ်းစားခြင်းသည် ပတ်ဝန်းကျင်မှ သစ်လွင်သော အတွေးအမြင်များကို ရရှိစေနိုင်ပြီး မိမိကိုယ်တိုင်လည်း အကြောင်းအရာ သစ်များကို လေ့လာသင်ယူနိုင်ပေသည်။ ထို့အပြင် အခြားသော အမြင်အယူအဆများကို ဖွင့်ပေးခြင်းအားဖြင့် မိမိအတွက် အတွေ့အကြုံသစ်များကို ရရှိစေနိုင်မည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောထားသည် အတွေးအမြင်သစ်များနှင့် အတွေ့အကြုံသစ် များရရှိစေနိုင်သဖြင့် မိမိ၏စဉ်းစားတွေးခေါ်မှု ပိုမိုအားကောင်းစေရန် အထောက်အကူရရှိ စေနိုင်ပါသည်။
အလားတူပင် မိမိ၏ အတွေ့အကြုံများနှင့် ဗဟုသုတများကိုအခြားသူများ သို့ ဆက်လက် ဖြန့်ဝေပေးခြင်းဖြင့် မိမိလုပ်ကိုင်ကျင်လည်ရာ ပတ်ဝန်းကျင်အပေါ် အကျိုးရရှိစေနိုင်ပါသည်။ ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောထား ပြုစုပျိုးထောင်ခြင်းဖြင့် မတူညီသော အမြင်များ အကြား ပိုမိုနီးကပ်သော အမှန်တရားကို ရှာဖွေနိုင်သဖြင့် မိမိဘဝအတွက်ဖြစ်စေ၊ ပတ်ဝန်းကျင် အတွက်ဖြစ်စေ အပြုသဘောတိုးတက်မှု ရရှိစေနိုင်ပါသည်။
မိမိဝန်းကျင်တွင် ဖန်တရာတေနေသည့် အတွေးအခေါ်ဟောင်းများရှိနေခြင်းသည် မိမိ၏ လေ့လာသင်ယူလိုမှု သို့မဟုတ် ပြုပြင်ပြောင်းလဲလိုသည့် စိတ်ကို အဟန့်အတား ဖြစ်စေနိုင်သည်ဖြစ်ရာ ထိုအတွေးအခေါ် နယ်နိမိတ်ဟောင်းမှ ထိုးဖောက်၍ အခြားမတူညီသော အတွေး
အမြင်များရှိသူများနှင့် အသိပညာဖလှယ်ခြင်း၊ ဆွေးနွေးခြင်းဖြင့် မိမိ၏အမြင်များကို ပိုမိုသစ်လွင်စေနိုင်ပါသည်။
ပိုင်းခြားဝေဖန်စဉ်းစားမှုအတွက်
ပိုင်းခြားဝေဖန် စဉ်းစားမှုအတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ရပ်မှာ အခြားသူများထံမှ ရရှိသော မတူကွဲပြားသော အတွေးအမြင်များ၊ ဆွေးနွေးချက်များ၊ အချက်အလက်များ၊ သတင်းများနှင့် ပတ်သက်၍ လက်ခံစဉ်းစားပေးလို စိတ်ထားရှိရန် လိုအပ်ခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောထားသည် ထက်မြက်သည့်ပိုင်းခြား ဝေဖန်စဉ်းစားသူ တစ်ယောက်ဖြစ်ရန်အတွက် မရှိမဖြစ်လိုအပ်ပေသည်။ သို့မှသာ မတူညီသောအမြင်များ၊ အယူအဆများ၊ အချက်အလက်များ၊ သတင်းများရရှိနိုင်ပြီး ဆင်ခြင်စဉ်းစားမှုအပေါ် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ အခြားသူများ၏ အမြင်သဘောထားများနှင့် အယူအဆများအပေါ် ဖွင့်ထားသည့် စိတ်သဘောထား မရှိပါက သို့မဟုတ် ပိတ်လှောင် ထားသော စိတ်ထားရှိပါက ဆုံးဖြတ်ချက် ချမှတ်ရာတွင်ဖြစ်စေ၊ စီမံကိန်းများရေး ဆွဲရာတွင်ဖြစ်စေ၊ ပြဿနာဖြေရှင်းရာ တွင်ဖြစ်စေ သို့မဟုတ် လက်တွေ့ကျသော အဖြေရှာရာတွင်ဖြစ်စေ လိုအပ်သော အချက်အလက်များနှင့် အမြင်သဘောထားများကို ရှုထောင့်ပေါင်းစုံမှ ရရှိရန် ခက်ခဲမည် ဖြစ်သည်။ ထို့အခက်အခဲများကို ရှောင်လွဲနိုင်ရန် မိမိကိုယ်မိမိကျေနပ်နေ သောအခြေအနေ (comfort zone) ရုန်းထွက်၍ အခြားသူများထံမှ လိုအပ်သော အယူအဆများနှင့် အကြံဉာဏ်သစ်များကို လက်ခံစဉ်းစားဆင်ခြင်ရန်နှင့် ရှာဖွေရန် လိုအပ်ပါသည်။ သို့မှသာ ပိုင်းခြားဝေဖန်စဉ်းစားမှုအတွက် မတူညီသော အမြင်သဘောထားများကို ရရှိစေနိုင်မည် ဖြစ်သည်။
ဘက်လိုက်မှု
သို့သော်လည်း လူအများစုသည် သတင်းဘက်လိုက်မှု (Information bias) ဟုခေါ်သော မိမိယူဆချက်များနှင့် လိုလားချက်များကိုသာ အထောက်အကူဖြစ်စေသည့် အချက်အလက်နှင့် သတင်းများကိုသာရှာဖွေတတ်၊ ရွေးချယ် တတ်ကြသည့်အပြင် ဘက်လိုက်အတည် Ge (confirmation bias)opeatoes မိမိ၏ယူဆချက်နှင့် ယုံကြည်ချက်အပေါ် မူတည်၍ ဘက်လိုက်အတည်ပြုတတ်ကြ ပါသည်။ ။
ဆိုလိုသည်မှာ မိမိယုံကြည်ချက်များ၊ အတွေ့အကြုံများနှင့် ဆန့်ကျင်သည့် သတင်းအချက် အလက်များ၊ အယူအဆ များကိုရှောင်ရှားကြခြင်းနှင့် မိမိ၏အယူအဆ သဘောအတိုင်း အတည်ပြုဆုံးဖြတ် ကြခြင်းဖြစ်သည်။ သတင်းဘက်လိုက်မှုနှင့် ဘက်လိုက်အတည်ပြု ဆုံးဖြတ်မှု၏ အရင်းခံ အကြောင်းတရားတစ်ရပ်မှာ မိမိ တို့၏အတ္တများမှ ပေါက်ပွားလာခြင်းဖြစ် သည်။ ထို့အပြင် မိမိကိုယ်မိမိ အထင်ကြီး လွန်းခြင်း၊ ယုံကြည်မှုလွန်ကဲခြင်းနှင့် မိမိ ကိုယ်တိုင်၌ ပိတ်လှောင်နေသော စိတ်သဘောထားရှိသည်ကို မသိရှိခြင်းသည်လည်း ဘက်လိုက် အတည်ပြုမှုကိုဖြစ်စေ နိုင်ပါသည်။ လူ့သဘာဝတစ်ခုမှာ မိမိတို့ ကိုယ်တိုင်၏ ယုံကြည်ချက်များ နှင့် သဘောထားများမှားနေကြောင်း စဉ်းစားသုံးသပ်ရန် မည်သူမျှ မလိုလားတတ်ချေ။ ယင်းအတ္တအား ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲရန် လိုအပ်ပေသည်။
သတင်းဘက်လိုက်မှုနှင့် ဘက်လိုက် အတည်ပြုဆုံးဖြတ်မှု၏ အခြားသော အရင်းခံအကြောင်း တရားများလည်း ရှိနေပါသည်။ ။
လေ့ကျင့်ပြုစုပျိုးထောင်
လူတစ်ဦးတွင်ရှိတတ်သည့် ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောထားနှင့် ပိတ်လှောင်ထားသော စိတ်သဘောထား တို့အပေါ် လွှမ်းမိုးနေသည့် အကြောင်းတရားများစွာ ရှိနေနိုင် ပါသည်။ မွေးရာပါ အမူအကျင့်၊ ပတ်ဝန်းကျင်၏ ဂယက်ပညာရေး၊ မိမိကိုယ်မိမိ ပြုစုပျိုးထောင် မှုတို့သည် ထိုစိတ်သဘောထားအပေါ် လွှမ်းမိုးနေတတ်ပါသည်။ သို့သော် ပြုပြင်ပြောင်းလဲ လိုသော စိတ်သဘော ထားသည် ပြုစုပျိုးထောင်နိုင်သည့် ကျွမ်းကျင်မှုတစ်ရပ် ဖြစ်ပါသည်။
ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောထားအား ပြုစုပျိုးထောင်ရာတွင် စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်းနှင့် အကြောင်းအရာ အသစ်များအား လေ့လာခြင်း၊ မိမိနှင့်စိတ်တူသူများကို သာမက အခြားအမြင်အယူအဆမတူ သူများနှင့်လည်း ထိတွေ့ဆက်ဆံခြင်း၊ မိမိအပေါ်တုံ့ပြန်မှုကို မည်သို့လက်ခံသည်ကို အလေးထားဆန်းစစ်ခြင်း၊ သတင်းဘက်လိုက်မှု၊ ဘက်လိုက် အတည်ပြုမှုနှင့် ပတ်သက်၍ မိမိကိုယ်မိမိ ဆန်းစစ်ခြင်းတို့ လုပ်ဆောင်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောထားကို ပြုစုပျိုးထောင် နိုင်ပါသည်။
ထိုသို့ လေ့ကျင့်ပြုစုပျိုးထောင်ခြင်းဖြင့် မိမိလက်ခံထားသော ယုံကြည်ချက်များအပြင် အကြံဉာဏ်သစ်များကို လက်ခံစဉ်းစားနိုင်မည်ဖြစ်ရာ အတွေးအမြင်သစ်များ၊ အတွေ့အကြုံ သစ်များကို ရရှိစေနိုင်ပါသည်။ ထိုမှတစ်ဆင့် မိမိ၏ စဉ်းစားတွေးခေါ်မှုကို ပိုမိုခိုင်မာ အားကောင်းလာစေရန် အထောက်အကူဖြစ်စေနိုင်ပြီး အတွေးအမြင်သစ်များကို ရရှိစေနိုင်ပါသည်။ ဆန့်ကျင်ဘက်အားဖြင့် ပိတ်လှောင်ထားသော စိတ်သဘောထားကြောင့် တရားသေ ဆုပ်ကိုင်ထား သောအမြင်၊ အယူအဆ၊ သဘောထားနှင့် ဆုံးဖြတ် ချက်တို့သည် လွတ်လပ်သော စိတ်သဘောထားအတွက် ကြီးမားသော အဟန့်အတားအဖြစ် တွေ့မြင်ရ သည်။
မိမိစိတ်အားပြောင်းလဲခြင်းဖြင့်
မိမိ၏စိတ်များကို မပြောင်းလဲနိုင်သူသည် မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်မည်မဟုတ်ချေ (Those who cannot change their minds cannot change anything) ဟု ဂျော့ဗာနတ်ရှောက ဆိုပါသည်။ အထူးသဖြင့် လူမှုအသိုက်အဝန်း အတွင်း အပြန်အလှန် နားလည်ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း၊ မတူကွဲပြားမှုများနှင့် ပေါင်းစည်းခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ ဘုံအမှန် တရားရှာဖွေခြင်းကဲ့သို့သော နူးညံ့သိမ်မွေ့လှသော လူမှုဆက်ဆံရေးတွင် ပြုပြင် ပြောင်းလဲလိုသော စိတ်သဘောထားသည် လွန်စွာအရေးပါလှပါသည်။ ပြုပြင်ပြောင်းလဲ လိုသော စိတ်သဘောထားသည် ဒင်္ဂါးပြား၏ အခြားတစ်ဖက်ကိုလည်း ကြည့်လိုသည့်ဆန္ဒရှိပြီး မိမိနှင့် အခြားသူများ၏ လိုလားချက်များနှင့် မျက်စိမှိတ်တရားသေ ဆုပ်ကိုင်ထားမှုများကို ပြန်လည်ဆန်းစစ်နိုင်စွမ်းလည်း ဖြစ်ပါသည်။
ထိုသို့ပြန်လည်ဆန်းစစ်ရန်မှာ ပြုပြင် ပြောင်းလဲလိုသည့် စိတ်သဘောထားနှင့် ဆန္ဒရှိရန် လိုအပ်ပါသည်။ သို့မှသာ လူမှုအသိုက်အဝန်းအတွင်း တရားမျှတမှု၊ အမှန်တရားနှင့် တည်ငြိမ် အေးချမ်းမှုကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။ ။
သိန်းထွန်း(IR)