Skip to main content

ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်

 

(၁၄-၆-၂၀၂၁ မှ အဆက်)

- ၅ -

သာမန်အားဖြင့် မဖြစ်နိုင်ဟုယူဆရသော ကိစ္စတစ်ခုသည် လက်တွေ့မျက်တွေ့ဘဝ၌ တကယ် ဖြစ်လာပြီဆိုသောအခါ တစ်ဖက်ကလူနားလည်အောင် ရှင်းပြဖို့ အတော်ခက်သည်။

သက်သက်၏ ဇာတ်လမ်းသည်လည်း ကာယ ကံရှင်ကသာ နားလည်အောင် သေချာရှင်းမပြလျှင် ဘေးအမြင်ဖြင့် နားလည်ရန် သိပ်ခက်သည်။ အထူးသဖြင့် ရှေ့တွင်ပြောပြခဲ့ပြီးသော ဇာတ်လမ်း လောက်သာ တင်ပြ၍ ဇာတ်လမ်းနောက်ပိုင်းကို အကျဉ်းချုံးပါက နားထောင်သူအဖို့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိ။ “မဖြစ်နိုင်တဲ့ကိစ္စကြီးပါကွာ ဆိုသော စကားဖြင့် ပြောပြသူကိုပင် အထင်သေးအမြင်သေး ဖြစ်သွားနိုင်သည်။

တကယ်လည်း ဖြစ်နိုင်စရာမရှိသော အခြေအနေ တွေ ဝိုင်းကြီးပတ်ချာလည်နေသည်။

သက်သက်ကိုယ်တိုင်ပင် ထိုအခြေအနေအထိ ဖြစ်သွားလိမ့်မည်ဟု လုံးဝ တွေးထင်ခဲ့ဖူးခြင်းမရှိ။ မိုးပေါ်ကကျလာသော အပ်တစ်စင်းနှင့် မြေမှလွှတ် တင်လိုက်သော အပ်တစ်စင်း အဖျားချင်းသွားထိ သည့်ကိစ္စကိုသာ သက်သက်စိတ်ကူးဖြင့် တွေး ကြည့်မိကောင်း တွေးကြည့်မိလိမ့်မည်။

ကိုနိုင်လင်းလိုလူစားမျိုးနှင့် တစ်နေ့သောအခါ ပတ်သက်ဖြစ်ရလိမ့်မည်ဟု သက်သက်ယောင်၍ပင် အိပ်မက် မမက်ခဲ့။

တစ်ယောက်နှင့်တစ်ယောက် ငယ်ဘဝက အချိတ်အဆက်ရှိခဲ့ပြီး ကြီးသောအခါမှ ယခုကဲ့သို့ မမျှော်လင့်ဘဲ ပြန်ဆုံရတာမျိုးကြုံ၍ ရင်ထဲက သံယောဇဉ်အခံကို ဘယ်လိုမှမထိန်းနိုင်တော့ဘဲ မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်လာရသည်ဆိုလျှင်လည်း အဓိပ္ပာယ်ရှိသည်။

သို့မဟုတ် ဘဝဘဝက အထုံရေစက်ကြောင့် တစ်ယောက်နှင့်တစ်ယောက် စတင်မြင်မြင်ချင်းပင် ချစ်ခင်နှစ်သက်သောစိတ်၊ အတူတကွ ပေါင်းဖက် လိုသောစိတ်များ အငမ်းမရ ပေါ်ပေါက်လာပြီး အကျိုးသင့်အကြောင်းသင့် မဆင်ခြင်နိုင်တော့ဘဲ နွားငတ်ရေကျဖြစ်ကာ မှားကြသည်ဆိုလျှင်လည်း ယုတ္တိယုတ္တာရှိသည်။ အခုကိစ္စက သည်လိုမျိုး လုံးဝမဟုတ်။ ကိုနိုင်လင်းကလည်း သူ့ဘဝ၊ သူ့အကြောင်း၊ သူ့ဇာတ်လမ်းနှင့်သူ သီးခြားကြီးပြင်းခဲ့ရသူ။ သက်သက်ကလည်း ကိုယ့်အသိ ကိုယ့်ဣန္ဒြေ၊ ကိုယ့် ဆင်ခြင်တုံတရားဖြင့် သည်အခြေအနေအထိ တည်တည်တံ့တံ့ နေလာခဲ့သူ။

လူချင်းလည်း ဘာမှ မပတ်သက်ခဲ့ဖူးသလို သံယောဇဉ်ချင်းလည်း လုံးဝနီးစပ်ခဲ့သူများမဟုတ်။

သည်လို နှစ်ယောက်မှာမှ မမျှော်လင့်သော တိုက် ဆိုင်မှုတွေ၊ မဖြစ်သင့်သော နီးစပ်မှုတွေသူ့အလိုလို ပေါ်ပေါက်လာပြီး ရင်းနှီးကျွမ်းဝင် ချစ်ခင်ဆုံစည်း ကြရသည်ဆိုသောအချက်သည် ဗုဒ္ဓတရားတော် အလိုအရ အတိတ်က ဝိပါကဝဋ်ကြွေး မကင်းသလို ကံကြမ္မာ၏ နှိပ်စက်ညှဉ်းပန်းမှုများလည်း ပါရမည်ဟု သက်သက် တွေးမိသည်။

စာရင်းချုပ် ရှင်းတမ်းတွင် သက်သက် အမှားဟု ပြောလိုက ပြောနိုင်သော်လည်း တကယ်ကြုံတွေ့ခဲ့ ရသည့်ဇာတ်လမ်းတွင် သည်ထက်နက်ရှိုင်းသိမ်မွေ့ သော အကြောင်းတရားတွေ အများကြီးရှိသည်။ တစ်ဆင့်စီ ရှင်းပြလျှင် ပိုမိုသဘောပေါက်မည် ထင်၏။

မေလဆန်းက ကိစ္စပြီးခဲ့ပြီးနောက် အကြောင်းသင့် ဆုံစည်းခြင်းကိစ္စတစ်ခုက မေလကုန်ပိုင်းတွင် ထပ်ဖြစ်သည်။

ထိုနေ့က သက်သက် ကံဆိုးသွားတာလည်း ဖြစ်၏။

ကျောင်းမှပြန်လာပြီး အဆောင်မှာ ခဏနား နေစဉ်တွင် ခင်မြင့်ဆွေက ခါတိုင်းလိုမဟုတ်ဘဲ စောစောစီးစီး ဝီရိယကောင်းစွာ ရေမိုးချိုး၍ အလှအပပြင်ဆင်သည်။ ခါတိုင်းဆို အဆောင်ဧည့်ချိန်ရောက်၍ ဧည့်ခန်းမှာ ကိုအံ့ခိုင်ကြီးတစ်ယောက် လည်တဆန့်ဆန့် မျှော်နေချိန်မှာပင် အဝတ်အစားလဲတုန်း၊ နံ့သာသ တုန်း ရှိနေသည်။ ခင်မြင့်ဆွေ သည်တစ်ခါ ကြိုတင် ပြင်ဆင်မှု အားကောင်းလွန်းလှသဖြင့် သက်သက် မနေနိုင်။ အိပ်ရာပေါ် စာအုပ်တစ်အုပ်နှင့် လှဲနေရာ ကနေ လှမ်း၍

ထူးထူးဆန်းဆန်းပါလား မမဆွေ။ ဘယ်သွား မလို့လဲ

ခင်မြင့်ဆွေက မလုံမလဲဖြစ်လျက်ပြုံးတတ်သော အပြုံးမျိုး ပြုံးပြီး

ပုဂ္ဂိုလ်ကြီးနဲ့ မြို့ထဲကိုခဏသွားမလို့သက်သက်။ အပြန်နောက်ကျမှာစိုးလို့ စောစောထွက်ဖြစ်အောင် ပြင်ဆင်နေတာ...”

ပုဂ္ဂိုလ်ကြီးဟု ရည်ညွှန်းလိုက်သူမှာ သူ့ အချော် တစ်ကြီး ကိုအံ့ခိုင်ဖြစ်ကြောင်း ရှင်းပြစရာမလို။ သက်သက် အလိုလိုသဘောပေါက်ပြီး

“မြို့ထဲ ဘာသွားလုပ်မလို့လဲ မမဆွေ။ ရုပ်ရှင် ကြည့်လား

“ဟာ... သက်သက်ကလည်း ဒီအချိန်မှာ ရုပ်ရှင် ကြည့်ထွက်လို့ ဖြစ်မလား။ အပြန်အဆောင်ပိတ်ပြီး သားဖြစ်နေလို့နေရင်းထိုင်ရင်း အိမ်ထောင်ရက်သား တွေ ဘာတွေကျသွားမှာပေါ့။ မဟုတ်ပါဘူး၊ ခုဟာ က ဘုရားသွားမှာပါ

 “ဟင်.. ဘုရားသွားတာကလည်း ဒီအချိန်ကြီး

 ခင်မြင့်ဆွေက တစ်ခါထပ်ပြီးရင်း “ယတြချေမလို့ သက်သက်ရဲ့ ။

ယတြာပေးတဲ့ အချိန်က ညနေ လေးနာရီခွဲတိတိ။ အဲဒီယတြာက မချေလို့ကလည်း မဖြစ်ဘူး။ ဘဝမှာ အရေးအကြီး ဆုံး ယတြာ။ ပြောရမှာ ရှက်လည်း ရှက်ပါရဲ့။ ရှင်းရှင်းပြောရရင်တော့ ဒီဘဝမှာ လိုချင်တဲ့လင် မရမှာစိုးလို့ သွားချေရတဲ့ယတြာ သက်သက်ရေ... ။ အဲဒါမလုပ်ရင် ကိုအံ့ခိုင်နဲ့ မမဆွေ ကွဲမယ်တဲ့

သက်သက်က ရယ်ရင်း...

“ မမဆွေကတော့ ပြောတော့မယ်၊ အတုံးလိုက် အတစ်လိုက်။နေပါဦး၊ ယတြာချေရအောင် မမဆွေ ကဘယ်တုန်းကဗေဒင်မေးလိုက်လို့လဲ။  သက်သက် တောင် မသိလိုက်ဘူး “ ကိုယ်မေးတာ မဟုတ်ဘူး သက်သက်ရဲ့။ သူ မေးလာတာ ဆတ်ဆတ်ဆော့ဆော့ သွားမေးပြီး ဟိုက ဒီနေ့ ဒီအချိန် ယတြာလုပ်ပါ။ မလုပ်ရင် ခြောက်လအတွင်း သူနဲ့ကိုယ် ပြတ်မယ်ဆိုလို့ မနေ့က မျက်လုံးပြူးမျက်ဆန်ပြူး လာပြောပြီး ဒီနေ့ ချိန်းထားတာ “မမဆွေတို့ကိစ္စတွေကလည်း အလုပ်ရှုပ်ပါ့နော်။ ကွဲမှာစိုးရင်လည်း ယတြာထက် သေချာအောင် တစ်ခါတည်း လိုက်သွားလိုက် အေးနေတာများ...”

အဲဒါ သူ့ ဗေဒင်ဆရာက လိုတာပေါ့သက်သက် ရယ်။ အမှန်က ယတြာချေချိန်ကို ညကိုးနာရီလို့ ပြောလိုက်ရမှာ။ အဲဒါဆို ကိုယ်လည်း ယတြာမလုပ် ဘဲ မနေရဘူး။ အဲဒီအချိန်လုပ်ရင်လည်း အဆောင် ပြန်လို့ မရတော့ဘူး။ ကိစ္စက တစ်ခါတည်း ပြတ် သွားမှာ။ သက်သက်ကော ပျင်းရင်လိုက်ခဲ့ပါလား....”

“အမယ်လေး... မမဆွေရယ်၊ အခုတောင် ယတြာ က လေးနာရီခွဲက နောက်ဘယ်နှနာရီအထိ လုပ်ရ မှန်း မသိဘူး။ အခု မဆွေပြောသလို ည ကိုးနာရီ ကျော်တဲ့အထိသာ ချေရရင် သက်သက်ကြားထဲက ဖွတ်မရ ဓားမဆုံး ဒုက္ခရောက်နေပါ့မယ်။ အဆောင် မှာပဲ စိတ်အေးလက်အေး စာလေးဖတ်ပြီး နေခဲ့ပါရ စေ။ မမဆွေ ယတြာ မမဆွေပဲ သွားချေပါ ။

သက်သက် စကားကြောင့် ခင်မြင့်ဆွေ ရယ်သည်။ ဇာတ်လမ်းက သည်ကစခြင်း ဖြစ်၏။

“ သက်သက်နဲ့ မမဆွေ ဧည့်သည်လာတယ် ”

“ဟောတော့ ဟု သက်သက် အလန့်တကြား ရေရွတ်လိုက်၏။ အောက်မှလူကြုံဖြင့် မှာလိုက်ဟန် တူသော တစ်ခန်းကျော်မှ ဝင်းဝင်းရီအသံ ကြားချိန် တွင် သက်သက် ရေပင်မချိုးရသေး။

ဧည့်သည်တွေ ဘာတွေ လာမည်လည်း မထင် သဖြင့် ခင်မြင့်ဆွေ သွားကတည်းက တံခါးပိတ်ပြီး လှဲနေသည့် အလှဲမှာထိ နေရာပင် မရွေ့သေး။

“အထဲက ကြားတယ်နော်။ နောက်မှ မပြောမရှိ အခန်းထဲမှ တုံ့ပြန်သံ မကြားသဖြင့် ထပ်ပြော လိုက်သော ဝင်းဝင်းရီ အသံကြောင့် သက်သက်  လူးလဲထရင်း

အေး... အေး.. ကြားတယ် ဝင်းဝင်းရီရေ၊ မမဆွေတော့ မရှိဘူး။ ငါပဲ သွားလိုက်မယ် ”

သင့်သလိုသာ လုပ်သူငယ်ချင်း။ ဒါက ကိုယ်တို့နဲ့ မဆိုင်တော့ဘူး။တို့ကပြောပေးရုံ သက်သက်ပဲ ဝင်းဝင်းရီ ခြေသံဝေးသွားသည်။

 အခုမှတော့ ရေချိုးချိန်လည်း မရှိတော့။ ဧည့်သည်ကလည်း ဘယ်သူမှန်း မသိ။ အစ်ကိုကြီး ဆိုလျှင်လည်း မမဆွေကိုထည့်ခေါ် စရာ အကြောင်း မရှိ။ အတန်းထဲက သူငယ်ချင်းတစ်ယောက် ယောက်ဖြစ်ဖို့များသည်။

“ အို... ဘယ်သူဖြစ်ဖြစ်။ ဧည့်သည်အနေနဲ့ လာတာပဲ။ ရေချိုး မချိုးလိုက် နမ်းကြည့်နေမှာမှ မဟုတ်ဘဲ "ဟု တွေး၍ ကမန်းကတန်း မျက်နှာကို တို့ပတ်ဖြင့် သွက်သွက်တို့၊ ခေါင်းကိုလည်း ကြည့် ကောင်းရုံသာ ပြီးသပ်၍ အောက်ဆင်းလာခဲ့သည်။

ဧည့်ခန်းတွင်းမှာ တစ်ယောက်တည်းသာ အသိအဖြစ် ရှိနေသောသူကို မြင်လိုက်သောအခါ သက်သက် အံ့သြသွားသည်။ လုံးဝ မထင်သော ဧည့်သည်ဖြစ်သည်။ “ဪ..... ကိုနိုင်လင်းပါလား “ကိစ္စနှစ်ခုနဲ့ လာခဲ့တာ သက်သက်။ မထင်တဲ့ ဧည့်သည်ဖြစ်နေလို့ အံ့သြသွားလား။ မဆွေကော မပါဘူးလား.....”

သက်သက်အမူအရာကို အကဲခတ်မိသွားဟန်တူ

သော ကိုနိုင်လင်း ရယ်ရင်းနှင့် အကြောင်းအရာသုံးခု တစ်ပေါင်းတည်းပြောသည်။ သက်သက်က  တစ်ဆင့်စီ ပြန်ဖြေရ၏။

မမဆွေ မြို့ထဲသွားတယ် ကိုနိုင်လင်း၊ ဟုတ် တယ်။ ကိုနိုင်လင်းကို မြင်တော့ သက်သက် အရမ်း | အံ့ဩသွားတာ။ ထင်မထင်ဘဲ။ ကဲ... ကိစ္စနှစ်ခု ဆိုတာ ပြောပါဦး

နိုင်လင်းက ပြုံးရင်း လက်ညှိုးတစ်ချောင်းထောင်

တစ်ခုက သက်သက်ကို မမဦးက ဝင်ပြောခိုင်းလို့ပါ။ သက်သက်မောင်လေးရဲ့ စာမေးပွဲအခြေအနေ ကောင်းပါတယ်တဲ့။ စိတ်မပူပါနဲ့တဲ့

ဟုတ်လား၊ ကျော်ကျော်သိရင်တော့ အရမ်းဝမ်းသာမှာပဲကိုနိုင်လင်း။ မမီးကိုလည်း ကျေးဇူး တင်လိုက်တာ။ အင်း နောက်တစ်ခုကကော

နောက်တစ်ခုက သန်ဘက်ခါကျရင် ကျွန်တော် မန္တလေးသွားစရာရှိလို့ သက်သက်အိမ်ကို မှာစရာ ရှိရင်မှာလို့ ပြောမလို့ပါ"

ဪ..... ကိုနိုင်လင်း၊ မန္တလေးသွားမှာလား..။ အလည်ပဲလား.. ”

မဟုတ်ဘူး သက်သက် အလုပ်ကိစ္စပါ။ မန္တလေး မှာ တိုက်နှစ်လုံး၊ သုံးလုံးလောက် ဆောက်ချင် ဆောက်မယ်။ အဲဒီအတွက် နည်းနည်းပါးပါး သွားပြောရမှာ” “ဟုတ်လား။ ဒါဆို စစ်ကိုင်းကို ကိုနိုင်လင်း တကူးတကသွားရမှာပေါ့။ အားနာပါတယ်။ နေပါစေ ကိုနိုင်လင်းရယ်၊ မမှာတော့ပါဘူး ” နိုင်လင်း ခေါင်းခါ၍

အားနာစရာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းဘက်မှာ ကိစ္စရှိလို့ လိုအပ်ရင် ကျွန်တော်လည်း အကူအညီဝင်တောင်းသင့်

တောင်းရမှာ။ ကျွန်တော်က အဲဒီဘက်မှာ လူခံမိတ်ဆွေတွေ ဘာတွေရှိတာမဟုတ်ဘူး သက်သက်

ဪ ဒီလိုဆိုရင်တော့ သက်သက် စာရေးပေးကို လိုက်မယ်လေ။ ကျော်ကျော်ကိစ္စလည်း ပြောရင်း ကိုနိုင်လင်းကိုပါ မိတ်ဆက်ပေးလိုက်မယ်။ လိုအပ်တာရှိရင်လည်း ကိုနိုင်လင်း အားမနာနဲ့။ အဲဒီက ကောင်စီတွေ ဘာတွေနဲ့ ဖေဖေနဲ့ ရင်းနှီးတယ်။ တည်းဖို့လိုအပ်ရင်လည်း အိမ်မှာပဲ တည်းပေါ့။ ဟုတ်တယ် မဟုတ်လား ”

အင်း... ဘာလုပ်မလဲဆိုတာတော့ ဟိုကျမှ သိမှာပဲ။ သက်သက်တို့အိမ်မှာ ဘယ်သူတွေရှိလဲ ” “ဖေဖေနဲ့မေမေရှိတယ်လေ။ ပြီးတော့ သက်သက် မောင်လေး ကျော်ကျော်ရှိတယ်။ နောက်ပြီး ကိုနိုင် လင်း ဟိုမှာ ကားတွေ ဘာတွေ သုံးဖို့လိုရင်လည်း ကျော်ကျော်ကိုပြော။ ကျော်ကျော် လိုက်မောင်းပို့ လိမ့်မယ် ။ * သက်သက်တို့အိမ်မှာ ကားရှိလား ” “ ရှိတယ်။ ဆန်နီပစ်ကပ်ကလေး ” “ အေးဗျာ.. ကားလေး သုံးလို့ရရင်တော့ ကောင်း မယ်။ ဆီတော့ ကျွန်တော့်ဘာသာ ကျွန်တော် ဝယ်ထည့်ပေးမှာပါ။ ဟိုမှာ ဆီဈေးအရမ်းကြီးမှာ။ ဒီတိုင်းသုံးရမှာတော့ အားနာတယ်

သက်သက်က ရယ်၍ “မလိုပါဘူး ကိုနိုင်လင်းရဲ့။ ဧည့်သည်က ဓာတ်ဆီ ဝယ်ထည့်ပြီး ကားသုံးရတယ်ဆိုရင် သက်သက်တို့ နာမည်ပျက်သွားမှာပေါ့။ အဲဒါတွေ ဘာမှမစဉ်းစား နဲ့။ ကိုနိုင်လင်း လိုအပ်တာသာပြော။ သက်သက် တစ်ခါတည်း စာထဲ ထည့်ရေးပေးလိုက်မယ် ”  ကိုနိုင်လင်း ကပျာကယာ လက်ကာ၍

အို... ကားကိစ္စတော့ ထည့်မရေးပါနဲ့။ ကျွန်တော်လိုမှ သုံးမှာပါ။ မလိုအပ်လိုအပ်တော့ အသေအချာ ပြောလို့ မရသေးဘူး

မလိုတော့မှ မသုံးနဲ့ပေါ့ ကိုနိုင်လင်းရဲ့။ တစ်ခါ တည်း ရေးထည့်ထားလိုက်တော့ ဟိုကျရင် ကိုနိုင်လင်း ပြောနေစရာ မလိုတော့ဘူးပေါ့။ ဒါဖြင့် ဒီလိုလုပ်၊ ကိုနိုင်လင်း အောက်မှာ ခဏစောင့်မလား။ သက်သက် အခန်းပြန်ပြီး စာသွားရေးလိုက်မယ်

နေဦးလေ... သွားမှာက သန်ဘက်ခါညမှပဲ။ မနက်ဖြန်ကျမှ လာယူမယ်။ ညကျမှ အေးအေး ဆေးဆေးရေးထားလိုက်ပါ။ ကဲကျွန်တော်သွားမယ် သက်သက်။ မနက်ဖြန်ကျရင် ဘယ်အချိန်လာရင် အဆင်ပြေမလဲ။ တကူးတကတော့ မစောင့်နဲ့။ အားတဲ့အချိန်သာပြော...”

ဒီအချိန်ပဲ လာပေါ့။ ပါလာချိန်ဆို သက်သက် ရှိတာပဲ “ဟုတ်မှလည်း လုပ်နော်။ ပါလာချိန်ဆိုတာ

ကျောင်းသူတွေအတွက် အရေးကြီးဆုံးအချိန်။ အရေးကြီးပုဂ္ဂိုလ် ဘာတွေနဲ့ တွေ့စရာရှိနေရင် အနှောင့်အယှက်ဖြစ်နေဦးမယ် ” သက်သက် ရယ်၍

အမယ်လေး.. အရေးကြီးတဲ့ ပုဂ္ဂိုလ်လည်း မရှိဘူး။ မရေးမကြီးတဲ့ ပုဂ္ဂိုလ်လည်း မရှိဘူး။  ကိုနိုင်လင်း စိတ်ရှင်းလက်သာလာ။ သက်သက်က အေးဆေးလေး။ ဒါမျိုးတွေ ကင်းရှင်းတယ် ”

ဟုတ်ပါပြီဗျာ။ ကျွန်တော်လည်း ဓာတ်မသိတဲ့ လူပဲ။ ပြောသမျှ ယုံရတော့မှာပေါ့။ ကဲ... စနောက် နေလို့မပြီးသေးဘူး သက်သက်ရေ..။ အလုပ်ကလေးတွေ ကျန်သေးတယ်။ ပြေးရဦးမယ်။ သွားမယ်နော် ဖျာပျာသလဲပင် နှုတ်ဆက်၍ ကိုနိုင်လင်း ပြန်သည်။ သက်သက်က ဧည့်ခန်းကုလားထိုင်မှ ထရပ်ပြီး နေရာ၌ပင် ကျန်ခဲ့၍ အဆောင်ပြင် ပြန်ထွက် သွားသော ကိုနိုင်လင်း နောက်ကျောကိုကြည့်သည်။

ကြိုက်ရာ သစ္စာဆိုဝံ့သည်။ ထိုအချိန်များတွင် သက်သက်၏ စိတ်ထဲ၌ ဘာတစ်ခုမျှ ထူးခြား ပြောင်းလဲခြင်း မရှိ။ အိမ်ထောင်ရှိ ယောက်ျား တစ်ယောက်ဟူ၍ တိတိကျကျ နားလည်နေသည့် နည်းတူ ကိုယ့်ကို ကူညီဖူးသူတစ်ယောက်ဟူသော အသိဖြင့် ကိုယ့်ဘက်က တစ်ဖန်ပြန်၍ ကူညီခွင့် ရခြင်းကို ဝမ်းသာနေသော စိတ်သာရှိသည်။

လောက၏ လှည့်စား ဖန်တီးတတ်သောသဘော သည် အံ့ဩစရာကောင်းလှ၏။

XXXXX

(ဆက်လက်ဖော်ပြပါမည်)

(ဆရာနွမ်ဂျာသိုင်း၏ “ဒေါင်းယာဉ်ပျံဘုံနံ ဘေးမှာ စာရေးလို့ထားချင်တယ် ” စာအုပ်အား စာရေးသူ၏မိသားစု ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြ ခြင်း ဖြစ်ပါသည်။

စာတည်း

နွမ်ဂျာသိုင်း