Skip to main content

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူပေါင်း ၁၅၄၃၄၁ ဦး တက်ရောက်လျက်ရှိပြီး ကျောင်းတက်ရာခိုင်နှုန်း ၈၉ ရာခိုင်နှုန်းရှိ

နေပြည်တော် ဇွန် ၁၅ ကမ္ဘာတစ်ဝန်း ကိုဗစ် - ၁၉ ရောဂါပျံ့နှံ့ဖြစ်ပွား လျက်ရှိကာ မိမိတို့နိုင်ငံတွင်လည်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကြောင့် ၂၀၂၀-၂၀၂၁ ပညာ သင်နှစ်တွင် အခြေခံပညာကျောင်းများကို ခေတ္တပိတ်ခဲ့ရပြီး ပညာသင်ကြားမှုများ ရပ်ဆိုင်းခဲ့ကာ ပညာရေး ကဏ္ဍအတွက် နစ်နာမှုများ ကြုံတွေ့ခဲ့ရသည်။

ထိုသို့ နစ်နာခဲ့မှုများကို ပြန်လည်ကုစား၍ ကျောင်းသားကျောင်းသူများ ပညာဆက်လက်သင် ကြားခွင့်ရရှိစေရေးအတွက် ၂၀၂၁-၂၀၂၂ ပညာသင် နှစ်တွင် အခြေခံပညာကျောင်းများကို ကိုဗစ် - ၁၉ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး နိုင်ငံတော်အစိုးရ အပါအဝင် ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများမှ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများက ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ ကြိုးစားဆောင်ရွက်ခဲ့ခြင်းကြောင့် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၁ ခုနှစ် မေ ၂၄ ရက် မှ ၃၁ ရက်အထိ သတ်မှတ်ကာ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလ တန်း) ကျောင်းများကို ဇွန်၁ ရက်တွင် အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ အခြေခံပညာကျောင်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့မှု အခြေ အနေ ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် ညွှန်ကြားဆောင်ရွက်ခဲ့မှု အခြေအနေ၊ နိုင်ငံတော်အစိုးရမှ ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ပေးမှုအခြေအနေ၊ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ် ဆက်လက်ဆောင် ရွက်ပေးနေမှုအခြေအနေ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင် စွာ ကျောင်းတက်နိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ပေးနေမှု အစီအမံများနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရန် နေပြည်တော်ပညာရေး မှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဒေါ်မြင့်မြင့်ခိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြ လိုက်ပါသည်။

မေး ။ နေပြည်တော် ကောင်စီနယ်မြေအတွင်းကျောင်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ဖို့ အတွက် ဘယ်လို စီမံဆောင်ရွက်ခဲ့တယ်ဆိုတာကိုသိပါရစေ။

ဖြေ ။ နေပြည်တော် ကောင်စီနယ်မြေအတွင်းကျောင်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ဖို့ အတွက် မေလ ပထမအပတ်မှ စတင်ပြီး ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းတွင်း သန့်ရှင်းရေး၊ ကျောင်းသုံးပရိဘောဂတွေ ပြည့်စုံလုံလောက်မှု ရှိ၊ မရှိ၊ သန့်စင်ခန်းသန့်ရှင်းမှုနဲ့ လုံလောက်မှုရှိ၊မရှိ၊ | လက်ဆေးရန်နေရာများ စီစဉ်ထားမှု ရှိ၊ မရှိစတဲ့  အချက်(၅)ချက်နဲ့ စိစစ်ပြီး လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားစေပြီး ဆောင်ရွက်ပါတယ်။ နောက်ပြီး ကျောင်းတွေမှာ ကျောင်းသားဦးရေ အရလိုအပ်မယ့် လက်ဆေးဘေစင်၊ အမှိုက်ပုံး၊ ကျောင်းအဝင် ၆ ပေခြား စီစဉ်ထားရှိမှု၊ စာသင်ခန်းအတွင်း  စာရေးခုံများ ၄ ပေခြားစီစဉ် ထားရှိခြင်းစတဲ့ ကိုဗစ် ၁၉ ဆိုင်ရာအချက်အလက်များအရ စီစဉ်ဆောင် ရွက်စေပါတယ်။ ကျောင်းရှိ စာသင်ခန်း၊ စာသင်ခုံပရိဘောဂ၊ ဆရာ ဆရာမဦးရေ လိုအပ်ချက်အရ တစ်ချိန် တက်ကျောင်း (၆၅၄)ကျောင်း၊ နှစ်ချိန်တက်ကျောင်း (၂၀၅) ကျောင်း တက်ရောက်ဖို့ စီမံဆောင် ရွက်ခဲ့ပါတယ်။

မေး ။ အခုလို ကျောင်းတွေ ဖွင့်လှစ်ဖို့ဆောင်ရွက်တဲ့အခါမှာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ရေးအတွက် ဘယ်လိုထည့်သွင်းစဉ်းစား ဆောင်ရွက်ခဲ့ တယ်ဆိုတာကိုလည်း ပြောပြပေးပါဦး။

ဖြေ ။ ကျောင်းတွေမဖွင့်ခင်မှာ ဆရာ ဆရာမတွေကို ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆေးထိုးနှံ စေခြင်း၊ ဆေးမထိုးရသေးတဲ့ ဆရာ ဆရာမတွေကို လည်း နေပြည်တော်ကောင်စီက ဆေးထိုးဖို့ စီစဉ်ဆောင်ရွက်ပေးခြင်းတွေကို လုပ်ဆောင်ပေးပါတယ်။ Mask, Face Shield, Thermometer တွေကို ကျောင်းသားဦးရေအရ ဖြန့်ဝေပေးထားရေး၊ ဖျားနာသူတွေကို သီးသန့်ခွဲထားရေး၊ သီးသန့်ခန်းတွေကို သွားရာမှာလည်း စာသင်ခန်းတွေအတွင်းက ဖြတ်သန်းသွားခြင်း မပြုရေးနဲ့ ကြိုတင်သတ်မှတ်ထားတဲ့ အတိုဆုံးလမ်းကြောင်းနဲ့ ခေါ်ဆောင်ဖို့ စီစဉ်ထားရှိမှု ရှိ/မရှိကိုလည်း ဆောင်ရွက်စေပါတယ်။ နောက်ပြီး  ကိုဗစ်ရောဂါ သံသယဖြစ်ပါက ဆက်သွယ်ရမယ့် (ဆေးရုံဆေးခန်း၊ ဆရာဝန်၊သူနာပြု၊ အရေးပေါ်ကား၊ အုပ်ချုပ်ရေးမှူး) စတဲ့အမည်စာရင်းနဲ့ ဖုန်းနံပါတ်တွေကို ရယူထားဖို့၊ သန့်ရှင်းရေးပြုလုပ်ဖို့နဲ့ ပိုးသတ်သန့်စင်ခြင်းပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ စုဆောင်းထားရှိစေခြင်းကိုလည်း ကြီးကြပ်ဆောင်ရွက်ပေးပါတယ်။

မေး ။ အခုစာသင်နှစ်မှာ နိုင်ငံတော်အစိုးရအနေနဲ့ကျောင်းသား ကျောင်းသူတွေအတွက် ထောက်ပံ့ပေးမှုများကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ ။ အခုစာသင်နှစ်မှာ နိုင်ငံတော်အစိုးရအနေနဲ့ကျောင်းသား ကျောင်းသူတွေကို တစ်ဦး လျှင် ကျောင်းသုံးပုံနှိပ်တစ်စုံ၊ ဗလာစာအုပ် (၁)ဒါဇင်၊ ဘောပင်(၂)ချောင်း၊ ခဲတံ၊ Mask Face Shield တွေကို ထောက်ပံ့ပေးထားပါတယ်။

မေး ။ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာ ကျောင်းသန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနဲ့ ကျောင်းပရိဘောဂပစ္စည်းတွေ စုံလင်စွာရှိစေရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေတွေကိုလည်း သိလိုပါတယ်။

ဖြေ ။ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာ ကျောင်းသန့်ရှင်းသာယာရေးအတွက် ကျောင်းမဖွင့်ခင် မေ၃ရက်က စတင်ပြီး ပညာရေးဝန်ထမ်းတွေက ကျောင်းဝင်းအတွင်းနဲ့ ရပ်မိ ရပ်ဖ၊ ကျောင်းသား  မိဘတွေက ကျောင်းအပြင်သန့်ရှင်းရေးကို ပူးပေါင်းဆောင်ရွက်ပါတယ်။ ကျောင်းဥပဓိရုပ်ကောင်းမွန် စေရေးအတွက် ကျောင်းဥပဓိရုပ်ညံ့တဲ့ ကျောင်းတွေကို ဆေးသုတ်စေခြင်း၊ စာသင်ခုံလိုအပ်တဲ့ကျောင်း တွေအတွက် စာရေးခုံအစုံ(၁၅၂၅၄)စုံ ဖြန့်ဝေပေး ခြင်း၊ ပရိဘောဂပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ အခြေခံ ပညာကျောင်းပေါင်း(၇၅၇) ကျောင်းရှိ ဆရာ၊ ဆရာမ များအတွက်လည်း သန့်စင်ခန်းတွေ ဆောက်လုပ် ပေးခဲ့ပါတယ်။ အခြေခံပညာ အထက်တန်းကျောင်း အတွက် (၃)ခန်းတွဲ(၁)လုံး၊ အခြေခံပညာအလယ်တန်းကျောင်းအတွက် (၂)ခန်းတွဲ(၁)လုံး၊ အခြေခံ ပညာမူလတန်းကျောင်းအတွက် (၁)ခန်း တွဲ(၁)လုံး တို့ကို ဆောက်လုပ်ပေးခဲ့ပါတယ်။

မေး ။ ကျောင်းသား ကျောင်းသူတွေကိုဗစ် - ၁၉ ရောဂါမဖြစ်ပွားစေရေးနဲ့ ကြိုတင်ကာကွယ် နိုင်ဖို့ ဆရာမကြီးတို့အနေနဲ့ ဘယ်လိုညွှန်ကြားချက်မျိုး ထုတ်ပြန်ပေးထားပါသလဲ။

ဖြေ ။ ကျောင်းသား ကျောင်းသူတွေကို ကိုဗစ် -၁၉ ရောဂါ မဖြစ်ပွားရေးနဲ့ ကြိုတင် ကာကွယ်နိုင်ဖို့အတွက် ကျောင်းတွေပြန်လည် ဖွင့်လှစ်ချိန်မှာ ကိုဗစ် - ၁၉ရောဂါ ကာကွယ် တားဆီးရေးစီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေဆန်းစစ်ပုံစံ "Readiness Assessment Checklist (Version - 4)” နဲ့ ကျောင်းတွေကို စစ်ဆေးခဲ့ပြီး လိုအပ်တာတွေကို ပြန်လည်ပြင်ဆင်စေခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

ကျောင်းသို့ မလာမီနဲ့ ကျောင်းပို့ချိန်၊ ကျောင်းချိန် အတွင်းဖြစ်တဲ့ မုန့်၊ ထမင်းစားနားချိန်၊ ကျောင်းဆင်း ချိန်တို့မှာ မိဘ၊ ဆရာနဲ့ကျောင်းသားများ လိုက်နာရ မယ့်အချက်များ (Version -1.1,1.3) နဲ့ ကြိုတင်အသိပေးပြီး လိုက်နာဆောင်ရွက်စေဖို့အတွက် ဗီနိုင်းများနဲ့ အသိပေးထားရှိခြင်း၊ ကျောင်းသားများကို Hand Speaker နဲ့ တစ်ရက်ကို (၅)ချက် အနည်းဆုံးပြော စေပြီး လိုက်နာဆောင်ရွက်စေဖို့ ပြုလုပ်ပေးပါတယ်။

မေး ။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းမအပ်နိုင် ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေအတွက် အထူး အစီအစဉ်နဲ့ ကျောင်းချိန်အတွင်း ကျောင်းအပ်နိုင်ဖို့ ဘယ်လိုအစီအစဉ်တွေနဲ့ ဆောင်ရွက်ပေးနေတယ် ဆိုတာသိပါရစေ။

ဖြေ ။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံ ရေးသီတင်းပတ်အတွင်း ကျောင်းမအပ်နိုင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ကျောင်း ကိုလာဖို့၊ ကျောင်းအပ်နှံကြဖို့ အကြောင်းကြားခြင်း များ ဆောင်ရွက်စေပါတယ်။ ကျောင်းချိန်အတွင်းကျောင်းအပ်နှံလက်ခံရေးအတွက် သီးခြားအဖွဲ့ ဖွဲ့ပြီး လက်ခံဆောင်ရွက်စေပါတယ်။ အခုအချိန်အထိ လည်း တစ်နေ့ကိုကျောင်းသား၊ ကျောင်းသူ (၃၀၀၀) အထက်အပ်နှံနေကြပါတယ်။ ၂၀၁၉ - ၂၀၂၀ ပညာ သင်နှစ်ကမတ်လကျောင်းသားစာရင်းမှာ(၂၀၇၂၉၂)ဦး ဖြစ်ပြီး အခု ၂၀၂၁ ခုနှစ် မေ၁၄ ရက်နေ့အထိကျောင်း အပ်နှံပြီး ကျောင်းသားဦးရေ(၁၇၃၈၆၃) ဦးရှိလာပြီး ရာခိုင်နှုန်းအားဖြင့် ၈၄ ရာခိုင်နှုန်း ရှိခဲ့ပြီဖြစ်ပါတယ်။

မေး ။ ကိုဗစ် - ၁၉ ရောဂါကြောင့် ကျောင်းတွေခေတ္တပိတ်ထားခဲ့ရတဲ့အတွက် ကျောင်း တစ်နှစ်နားခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေကို အခုပညာသင်နှစ်မှာ ဘယ်လိုအစားထိုး ဆောင်ရွက် ပေးနေပါသလဲ။ ကျောင်းသင်ရိုး အပြောင်းအလဲရှိရင် လည်း သိလိုပါတယ်။

ဖြေ ။ ကိုဗစ် -၁၉ ရောဂါကြောင့် ကျောင်းတစ်နှစ်နားခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေ အတွက် အခုပညာသင်နှစ်မှာ အသက်(၆)နှစ်ကလေး တွေကို Grade - 1 အတန်းမှာ ပညာသင်ကြားစေပါတယ်။ သင်ရိုးအပြောင်းအလဲမရှိပါဘူး။ ၂၀၂၁ခုနှစ် ဇွန် ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ စာသင် နှစ် တစ်နှစ်လျာထားပါတယ်။ ဇူလိုင်လမှာ အခန်း ဆုံးစစ်ဆေးခြင်း (၁)ကြိမ်၊ အောက်တိုဘာလမှာ ပထမနှစ်ဝက်စစ်ဆေးခြင်း(၁)ကြိမ်၊ ဒီဇင်ဘာလမှာ အခန်းဆုံးစစ်ဆေးခြင်း (၁)ကြိမ်၊ ဖေဖော်ဝါရီလမှာ နှစ်ဆုံးစစ်ဆေးခြင်း (၁) ကြိမ် စုစုပေါင်း(၄) ကြိမ် စစ်ဆေးအကဲဖြတ်ပြီး တစ်နှစ်တာပညာသင်မှုပြီးဆုံး စေမှာဖြစ်ပါတယ်။ ပညာသင်ကာလကို ပုံမှန် ဆောင်ရွက်ပြီး သတ်မှတ်သင်ရိုးညွှန်းတမ်းတွေ၊ သတ်မှတ်စာသင်ချိန်တွေ အတိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 မေး ။ ကျောင်းသား ကျောင်းသူတွေ ကျောင်းသွား၊ ကျောင်းပြန် အဆင်ပြေချောမွေ့စေဖို့ ဆောင်ရွက်ထားတဲ့ အခြေအနေတွေကိုလည်း သိလိုပါတယ်။

ဖြေ ။ ကျောင်းသား ကျောင်းသူတွေကျောင်းသွား၊ကျောင်းပြန် အဆင်ပြေချောမွေ့စေဖို့  ဆောင်ရွက်ထားတဲ့ အခြေအနေတွေကတော့ အဝေး ကနေ ကျောင်းတက်ရတဲ့ကျောင်းသား ကျောင်းသူ တွေအတွက် School Bus (၉၉) စီးနဲ့ ကျောင်းတက်ဖို့စီစဉ်ထားပါတယ်။ ကားစီးတဲ့အခါမှာလည်း ကိုဗစ်၁၉ တားဆီးရေးဆိုင်ရာ စည်းကမ်းချက်များနဲ့အညီ  ထိုင်ခုံနေရာ သတ်မှတ်ပေးပြီး ထိုင်ခုံနေရာတွေကို မှတ်ပုံတင်စနစ်နဲ့ စီးနင်းစေပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေ လိုက်နာနိုင်ရေးအတွက် သတ်မှတ် Version များနဲ့ ကြီးကြပ်ဆောင်ရွက်သွားစေမှာဖြစ်ပါတယ်။

မေး ။ ဆရာ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ ဘေးအန္တရာယ်ကင်းရှင်းစွာ ကျောင်းတက်နိုင်ဖို့ လုံခြုံရေးအစီအမံတွေကို ဘယ်လိုဆောင်ရွက်ပေးထားပါသလဲ။

ဖြေ ။ ဆရာ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ ဘေးအန္တရာယ်ကင်းရှင်းစွာ ကျောင်းတက်နိုင်ဖို့ လုံခြုံရေးအစီအမံတွေကို နေပြည်တော်ကောင်စီက ကျောင်းအလိုက် လုံခြုံ စိတ်ချစွာ ပညာသင်ကြားနိုင်ဖို့ စီမံဆောင်ရွက်ပေး ပါတယ်။ အရေးပေါ်အခြေအနေအရ လိုအပ်ချက် တင်ပြတောင်းရင်လည်း နေပြည်တော်ကောင်စီက ချက်ချင်း ဆောင်ရွက်ပေးပါတယ်။ အချို့ ဆရာ၊ ဆရာမတွေအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတွေ ပူးပေါင်းပြီး လုံခြုံရေးအစီအမံများနဲ့ ဆောင်ရွက်ပေးနေပါတယ်။ နေပြည်တော်မှာ အခြေခံပညာကျောင်းပေါင်း (၇၅၇) ကျောင်းအတွက် နေပြည်တော်ကောင်စီက နယ်မြေအလိုက် လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးဖို့ စီမံထားပါတယ်။

မေး ။ ဆရာ ဆရာမတွေ သင်ကြားရေးစွမ်းရည် တိုးတက်စေဖို့အတွက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးခဲ့တာရှိရင်လည်း သိလိုပါတယ်။

ဖြေ ။ ဆရာ ဆရာမတွေ သင်ကြားရေးစွမ်းရည် တိုးတက်စေဖို့အတွက် မွမ်းမံသင်တန်းများ အနေနဲ့ အထက်တန်းကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်သင်တန်း၊ အလယ်တန်း ကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်သင်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်သင်တန်း၊ အထက်တန်းပြ၊ အလယ်တန်းပြနဲ့ မူလတန်းပြ ဆရာ ဆရာမများအတွက် မွမ်းမံသင်တန်းတွေကို ယခုနှစ်နွေရာသီမှာ ဖွင့်လှစ် ပေးခဲ့ပြီးဖြစ်ပါတယ်။

မေး ။ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေရဲ့ လက်ရှိကျောင်းတက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူ နောက်ဆုံးစာရင်းနဲ့ ကျောင်းတက် ရောက်မှု ရာခိုင်နှုန်းကိုလည်း သိပါရစေ။

ဖြေ ။ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ လက်ရှိကျောင်းတက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူ စာရင်းအနေနဲ့ကတော့ ဇွန် ၁၄ ရက်အထိ (၁၅၄၃၄၁) ဦးဖြစ်ပြီး ကျောင်းတက်ရာခိုင်နှုန်းကတော့ ၈၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အခြေခံပညာကျောင်းပေါင်း(၇၅၇)ကျောင်း၊ ဘုန်းတော် ကြီးသင်ပညာရေးကျောင်း (၂၈)ကျောင်း၊ ကိုယ်ပိုင်ကျောင်းပေါင်း (၇၄) ကျောင်း စုစုပေါင်း (၈၅၉) ကျောင်း ရှိပါတယ်။

မေး ။ ဆရာမကြီးအနေနဲ့ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေအတွက် ဖြည့်စွက်အမှာစကားလေး ပြောကြားပေးစေလိုပါတယ်။

ဖြေ ။ ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို မှာကြားလိုတာကတော့ ဆရာ ဆရာမတွေဟာ နိုင်ငံ့ဝန်ထမ်း တွေဖြစ်တဲ့အတွက် ကျောင်းသားတွေရဲ့ ဘဝတိုးတက်စေဖို့ စေတနာ၊ ဝါသနာ၊ အနစ်နာအပြင် ကျောင်းသားကျောင်းသူတွေ ယဉ်ကျေးလိမ္မာ တဲ့ကလေးတွေ၊ သူတစ်ပါးအပေါ် နားလည်စာနာတတ်တဲ့ ကလေး တွေဖြစ်အောင်၊ အကျင့်စာရိတ္တကောင်းမွန်တဲ့ ကလေးတွေဖြစ်အောင် နည်းလမ်းကောင်းတွေ နည်းနာတွေပါ ပေးနိုင်ကြစေဖို့ ပြောကြား လိုပါတယ်။ နောက်ပြီး ကျောင်းကို မပျက်မကွက် တက်ရောက်ပေးကြဖို့၊ ကျောင်းကို မရောက်သေးတဲ့ ကျောင်းသားတွေကိုလည်း ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေဖို့အတွက် ကျောင်းလာရောက်အပ်နှံပေးကြဖို့ ဆရာ ဆရာမတို့က တိုက်တွန်းပေးကြ စေလိုပါတယ်။ ကျောင်းသား ကျောင်းသူတွေကို အထူးမှာကြားလိုတာက ကျောင်းနေအရွယ်မှာ ကျောင်းရောက်ရှိပြီး ပညာသင်ကြားကြဖို့၊ ဆရာ ဆရာမများရဲ့ ဆုံးမဩဝါဒကို နာခံကြဖို့၊ သူငယ်ချင်းအချင်းချင်း ရိုင်းပင်းကူညီကြဖို့၊ အနာဂတ်ရဲ့ လူတော်လူကောင်းတွေ ဖြစ်လာကြစေဖို့နဲ့ ကျောင်းရောက်ရှိပြီး ကျောင်းမှန်မှန်တက်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

တွေ့ဆုံမေးမြန်း - ရဲကိုကို

ဓာတ်ပုံ - အောင်သန့်