Skip to main content

မြန်မာ့ဇွဲ

ကံ၊ ဉာဏ်၊ ဝီရိယသုံးပါးအနက် ယခုအခါ ဝီရိယနှင့် ဉာဏ်အရေးကြီးကြောင်း၊ ကံမှာလောကီကြီးပွားရေး၌ အနည်းငယ်သာပါဝင်ကြောင်း မြန်မာလူမျိုး များ အသိအမှတ်ပြုစ ပြုကြလေပြီ။

ထိုသုံးပါးထက် ပိုမို၍အရေးကြီးသောအရာ တစ်ခုသည်ကား စွဲမြဲသောဇွဲဖြစ်လေသည်။ စင်စစ် မှာ ဝီရိယ၏မြဲမြံခြင်းပင် ဖြစ်ပေသည်။

ဝီရိယရှိသော်လည်း စွဲမြဲသောဝီရိယမှသာ အကျိုးကို ထိထိရောက်ရောက်ပေးနိုင်လေသည်။ ဝီရိယရှိကြပါလျက် မစွဲမြဲခြင်းကြောင့် ဆင်းရဲ၍ နေသူတွေ များစွာရှိကြလေသည်။

ထိုလူမျိုးမှာ ဝီရိယလွန်စွာရှိ၏။ နိုးကြားထကြွ၏။ အကြံဉာဏ်လည်းကြီး၏။ အမြဲကြံလျက် အမြဲ စောစောထပြီး သွားလာလျက်နေကြ၏။ ၎င်းတို့၏ ကြံလုံးဖန်လုံးများမှာလည်း ၎င်းတို့၏ တွေးတော ပြောဆိုပုံကို နားထောင်ရလျှင် ရေပက်၍ ဝင်နိုင်ရာ မရှိအောင် စေ့စပ်ကောင်းမွန် ခိုင်လုံသည်ကို တွေ့ရှိရလေသည်။ သို့ပါလျက် အလုပ်များပြီး တဖားဖားဆင်းရဲ၍ နေကြရလေ သည်။

သို့ဖြစ်လေရာ ကံမရှိ ဉာဏ်ရှိတိုင်းမွဲသည် ဟူသောစကားမှာ မှန်သလိုလိုဖြစ်၍နေလေသည်။

သေချာစွာစဉ်းစားလျှင်လည်း ထိုစကား မှန်သည်ဟု ဆိုရပေမည်။ အကြောင်းမူကား ဉာဏ် ဤမျှလောက်မရှိလျှင် မွဲကြဖို့မရှိပေ။ ၎င်းတို့မှာ ဉာဏ်ရှိလွန်းသဖြင့် ဉာဏ်အသစ်အသစ်တွေ၊ အကြံကောင်းအပေါက်ကောင်း အသစ်အသစ် တွေကို တွေ့တတ်မြင်တတ်သော အမြင်ဉာဏ် ကြီးလွန်း များလွန်းသဖြင့် စိတ်ကို ချုပ်တည်း၍မရဘဲ ဉာဏ်ဆင်တိုင်း တစ်မျိုးပြီးတစ်မျိုး လိုက်ပါကြ သောကြောင့် ခွဲကြလေသည်။ အကယ်၍ ထိုမျှလောက် အမြင်ဉာဏ် မထက်သန်ဘဲတစ်ခုခုမှာသာ စွဲ၍နေကြချေက ဧကန်ကြီးပွားချမ်းသာနိုင်ကြဖို့ ရှိလေသည်။

၎င်းတို့သည် အလုပ်တစ်ခုခု၌ စိတ်ကိုမထား နိုင်။ ကြွေတစ်လက် ကြက်တစ်ခုန် ဖဲတွေ၊ ကြွေအန် သမားတွေ ဖြစ်ကြလေသည်။ အလုပ်တစ်ခုခုကို လုပ်၍နေရင်း အခြားရှူးသားတစ်ပမာ သေချာ ပေါက်အလုပ်တစ်ခုကို တွေးမိသည့်အခါ လက်ရှိကို ရေဆုံးရေဖျားမလိုက်နိုင်ဘဲ စွန့်ခွာပြီး လောဘဇော စိုက်ရာသို့ လိုက်ပါကြသူများ ဖြစ်ကြလေသည်။

အသက် ၆ဝ ခန့် အဘိုးကြီးတစ်ယောက်သည် ရန်ကုန်မြို့၌ရှိ၏။ ၎င်းသည် အလုပ်အကိုင် ဟူသမျှကို အကုန်သိ၏။ အကြိုအကြား၊ လျှို့ဝှက်သော လူမျိုးကွဲအလုပ်များကိုပင် သိ၏။ အကယ်၍ ငြိမ်သက်စွာထိုင်လျက် မသိသူတို့အား အကြံပေးဉာဏ်ပေး အလုပ်ကိုသာလုပ်၍ နေမည်ဆိုလျှင် များစွာအကျိုးဖြစ်နိုင်လောက်သော ဗဟုသုတတွေကို ရရှိ၍ထားပေသည်။ လွန်ခဲ့သောနှစ်ပေါင်း သုံးဆယ်ခန့်အတွင်းမှာ အလုပ်အမျိုးမျိုးကို လုပ်ခဲ့လေသည်။ ယခုတိုင် မကြီးပွားသေးချေ။ ပြောင်လက် သပ်ရပ်စွာ ဝတ်စားလျက် ရန်ကုန်မြို့ရှိ မတွေးမခေါ်၊ မမျှော်လင့်သော နေရာများမှာ ၎င်းကို တွေ့မြင်နိုင်လေသည်။ အကယ်၍ တစ်ခုခုမှာ စွဲ၍နေလျှင် အဘယ်မျှလောက် ကြီးပွားမည်ကို သိနိုင်လေသည်။

မြန်မာလူမျိုး၏စိတ်၌ တစ်စုံတစ်ရာကို ဝီရိယစိုက်ထုတ် လုပ်ကိုင်ရာတွင် အထမမြောက်လျှင် ဒီအလုပ်ဟာ ငါ့ကိုအကျိုးပေးမည့်အလုပ် မဟုတ်ပါဘူး။ ဖြစ်မြောက်ချင်တဲ့ အလုပ်ဟာ စပြီးလုပ်ကတည်းက ချောမောတတ်သည်။ စကတည်းက ဟန်မကျရင် နောင်အခါ၌လည်း နေရာကျမည့်လက္ခဏာ မရှိပါဘူးလေဟု အောက်မေ့ကာ တစ်မျိုးကို ရှာကြံတတ်ကြလေသည်။

သို့ပြောင်းလဲရှာကြံခြင်း၌ အချိန်ကုန်ခြင်း၊ ငွေကုန်ခြင်းထက် ပိုမို၍ အကျိုးယုတ်စေသောအရာ သည် စိတ်အားကုန်ခန်းခြင်း ဖြစ်လေသည်။ ထိုလူမျိုးမှာ အခက်အခဲကို ခုခံဖြိုဖျက်နိုင်သော စိတ်အားသတ္တိ တစ်စတစ်စကုန်ခန်းလျက် အခက်တွေ့တိုင်း စိတ်ကိုလျှော့တတ်လေရာ အလျှော့လေ့ကျင့်ခန်းကြီးကို ပိုင်နိုင်စွာရကြလျက် အသက်ကြီး၍ လာသောအခါ လုံးလုံးလျှော့ လျက် မလျော့မတင်း စောင်းကြိုးညှင်းဟူသော စကားလိုမဟုတ် အတင်းဟူ၍ လုံးလုံး ကင်းကြလေသည်။

အစမှာ ချောချောမောမောမရှိက နောင်ပျက် လိမ့်မည်။ နိမိတ်ဖြစ်သည်ဟူသော အစွဲအားသည် လည်း မြန်မာလူမျိုး၏စိတ်၌ ငြိတွယ်စွဲ၍နေသော အယူလွဲခြင်းတစ်ခု ဖြစ်၍နေလေသည်။

“ဇမ္ဗူထိပ်နိမိတ်” ဟူသော စကားအရလည်း အရာရာ၌ နိမိတ်ယူတတ်ကြလေရာ ပထမအစ ပျက်ခြင်းကိုလည်း နောင်ပျက်မည့် နိမိတ်သဖွယ် သဘောထားတတ်ကြလေသည်။

“လူပျင်းလုံ့လတစ်ခဏ”ဟူသော စကားသည်လည်း မြန်မာစကားပင် ဖြစ်လေသည်။ သို့ပါလျက် မြန်မာလူမျိုးတို့မှာ ထိုစကားနှင့်မညီအောင် လုပ်တတ်သော အလေ့ကို မရကြသေးသည်မှာ ထူးခြားခြင်းတစ်မျိုးဖြစ်သည်ဟု ဆိုရပေမည်။

ပျက်သည့်အခါ နိမိတ်ကို မတွေးဘဲ ဘယ်အတွက် ပျက်သည်ကို ရှာဖွေကာ အားသစ်ကို လောင်းကြလေ့ မရှိကြချေ။ ကြီးကျယ်သော အလုပ်မှန်က အပျက်ပေါ်တွင် အခြေကို တည်ကြ ရလေသည်။

ပျက်စီးသောအလုပ်သည် အခြားမပျက်သေးသော အလုပ်များထက် ပိုမို၍အဖိုးတန်လေသည်။ ပျက်စီးခြင်းသည် ထိုအလုပ်၏ တန်ဖိုးပင်ဖြစ်လေ၍ ပျက်စီးသော အလုပ်များမှာ ပျက်ခြင်း တည်းဟူသော တန်ဖိုးအခကိုပေး၍ ဝယ်ထားသော အလုပ်ဖြစ်လေရာ အဖိုးတန်အလုပ် ဖြစ်လေသည်။ မပျက်သေးသော အလုပ်မှာ တန်ဖိုးမပေးရ၊ အလကားရသောပစ္စည်းနှင့် တူလေသည်။ ။

ပျက်စီးဖူးသောအလုပ်သည် ဆရာကောင်း၊ အဖော်ကောင်း၊ လက်ရုံးကောင်းကို ပေးသောအလုပ် ဖြစ်လေသည်။ လောက၌ မပျက်မစီးဘဲ တစ်သမတ်တည်း စကတည်းက သေသည့်တိုင်အောင် တစ်ရှိန် တည်းတက်ခဲ့သူ လွန်စွာနည်းပါးလေသည်။ အချို့ သောသူများမှာ မိဘက အခြေကောင်း တည်၍ပေးခဲ့ရာ  သေသည့်တိုင်အောင် ချမ်းချမ်းသာသာ နေကြရတတ်၏။ ၎င်းတို့မှာ အောင်မြင်ကြီးပွားသူများမဟုတ်။ မိမိတို့၏ အသစ်ထွင်သောဉာဏ်ဖြင့် တစ်စုံ တစ်ရာမျှ စွန့်စွန့်စားစား မလုပ်ခဲ့သောကြောင့် တည်မြဲ၍သွား ခြင်းမျှ ဖြစ်လေသည်။

မိဘက ငွေသိန်းနှစ်ဆယ်ထားခဲ့၍ ၎င်း၏ လက်ထက်၌ သိန်းတစ်ရာမဖြစ်ဘဲ သိန်းနှစ်ဆယ် သုံးဆယ်မျှနှင့် အသက်တိုင်နေ၍သွားသူများမှာ မသုံးမစားသောကြောင့်သာ ချီးမွမ်းထိုက်၏။ ၎င်းတို့ ကိုယ်တိုင်မှာကား ဖြစ်မြောက်အောင်မြင်သူများ မဟုတ်ကြပေ။ ထိုသူတို့မှာ တစ်သမတ်တည်း မပျက်ဘဲနေသူများဖြစ်သည်ဟု ပြောကြပေလိမ့်မည်။

မလုပ်သူမှာ အဘယ်နည်းဖြင့် ပျက်နိုင်ပါမည်နည်း။ ၎င်းတို့မှာ တစ်ကိုယ်ကောင်းသမားတွေ ဖြစ်ကြ၏။ မိမိတို့မှာ ဆယ်သက်စား၍ မကုန်နိုင်ဟူသော စကားမျိုးနှင့် ကျေနပ်ကာ စိတ်ချလျက် သင်္ခါရ ပုတီးကိုသာစိပ်ကာ သင်္ခါရကို ထင်မြင်လျက် မိမိတို့မရှိသောအခါ သားသမီးများက သင်္ခါရ၏ သဘောအဓိပ္ပာယ်ကို ထင်ရှားအောင်ပြုကြစေရန် ပစ္စည်းများကို စုပုံ၍ ထားရစ်ကြလေသည်။

ငါ့မှာ ငွေရေးကြေးရင်းလုံလောက်စွာ မိဘကထားခဲ့၏။ ငါမသေမီ ငါ့ကိုမှီ၍ အသက်မွေး ကြရသော လူပေါင်းအဘယ်မျှ အဘယ်ရွေ့များအောင် ကြိုးစားမည်၊ ကြံမည်ဟူသောစိတ်ကို မထားကြပေ။

လေးငါးသောင်းမျှနှင့် ရုပ်ရှင်လုပ်ငန်းတည်သူ၊ သတင်းစာတိုက်ဖွင့်သူ၊ အလုပ်ရုံတည်ထောင်သူ တို့သည် သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ်ချမ်းသာ၍ ငွေတိုးကလေးပေးကာ နှုတ်ခမ်းမွေးသပ်လျက် ဒူးနှံ့၍ နေသူများထက် ဘုန်းတန်ခိုးကြီးသူများ ဖြစ်ကြလေသည်။ အကြောင်းမူကား ၎င်းတို့မှာ မိမိတို့ကိုမှီ၍ အသက်မွေးသူတွေ အများအနည်း မိမိတို့၏ အင်အား နှင့် လျော်ညီစွာရှိကြရုံမက တိုင်းကျိုးပြည်ကျိုးကို များစွာဆောင်ကြလေသည်။ အပျော်အလုပ်ဖြစ်သော ရုပ်ရှင်အလုပ်များ ပင် စိတ်ကူးယဉ်ကျေးခြင်း၊ အသိပညာ အလိမ္မာတိုးခြင်း၊ အနုပညာ၊ အလှပညာသည် တို့ကို အားပေးခြင်း၊ ချီးမြှောက်ခြင်း စသည့်အလုပ်များသည် လူမျိုး၏တိုးတက်ခြင်း၊ စိတ်ကို ပြုပြင်ခြင်းဆိုင်ရာ ထူးကဲမွန်မြတ်သောအလုပ်များ ဖြစ်ကြလေသည်။ ၎င်းတို့မှာ နောင်ဘဝ အဆင့်ဆင့် ပိုမို၍ အခြွေအရံများလျက် ပိုမို၍ ထမင်းကျွေးနိုင်သော ဘုန်းရှင်သမ္ဘာရှင်များ ဖြစ်ဖို့ရှိလေသည်။ ဥရောပ၊ အမေရိကတိုင်းများ၏ တိုးတက်ခြင်းသည် ဤကဲ့သို့သော ဘုန်းရှင်သမ္ဘာရှင်တွေ ရှိကြခြင်းကြောင့် ဖြစ်ပေသည်။

မိမွေဖမွေ သိန်းသန်းရကြသဖြင့် တစ်ခါတစ်ရံ စည်တော်ကြီးများတီးကြလျက် သတင်းစာ၌ ကြော်ငြာထုတ်ကာ လှူဒါန်းပြီး မိမိတို့၏ လယ်တောယာတောများတွင် ခိုကပ်၍နေရသော တောသူတောင်သားအနည်းငယ်တို့ကို ဩဇာပေး ကာ ကျေနပ်လျက်နေသူများမှာ ကျက်သရေ အရောင်အဝါ ရှိကြသော်လည်း ၎င်းတို့၏ကျက်သရေမှာ နဂဘာရီ အုန်းသီးအတွင်း၌ သွင်း၍ထားသော သင်ပေါင်းပိုးပမာ အဆီအစ်ကာ တုတ်တွေးဖြူထွား ကောင်းစားအိပြဲ အရည်ရွှဲ၍နေသော ကျက်သရေ မျှဖြစ်လေရာ လေသလပ် မခံနိုင်ကြရှာပေ။

မြန်မာပြည်၌ ထိုကဲ့သို့ ဆယ်သက်စားသုံး၍ မကုန်နိုင်သော နဂဘာရီ အုန်းသီးကို အစိုးရ၍ နေသူတွေ မျိုးမပြုတ်ကြသေးချေ။ မကြာမီ၌ကား အကျိုးမဲ့ အရေမကျန် အဖတ်မကျန် ပြုတ်ကြရလိမ့်မည်။ အကြောင်းမူကား ဆယ်သက်စားမကုန်သော ၎င်းတို့၏ပစ္စည်းများမှာ မြေအောက်သို့ ပိုလွန်၍ မရောက်ကြဘဲ ဆယ်သက်မဆိုထားဘိ ဆယ်ရက်သာသာမျှ အနိုင်နိုင် တည်မြဲရစ်ကြသည်ကို အခါခါ တွေ့ကြုံရပေသည်။

၎င်းတို့၏ဘဝသည် သနားစရာကောင်း၍ အနည်းငယ်မျှ အားမကောင်းသော ဘဝဖြစ်၏။ အကြောင်းမူကား သုံးနိုင်စွဲနိုင် စားချင်ရာစားနိုင်သဖြင့် စားရာ၌ ဆင်းရဲသားများလောက် အဘယ်အစားမျှ မြိန်မြိန်ရှက်ရှက်မရှိပေ။ ဝတ်ရာ၌လည်း လူ့ပြည်၌ ရွှေ၊ ငွေ၊ စိန်၊ ပုလဲ၊ ပိုးဖဲ၊ သက္ကလပ်မှ တစ်ပါး ငါဘာကိုများ ဝတ်ရပါလိမ့်မလဲဟု တွေးကြံ၍မရ အားမလိုအားမရ ဝတ်ဆင်ရခြင်း၌လည်း အနှစ်သာရကို မတွေ့ကြရ။ ထမင်းကိုလည်း ပို၍မစားနိုင်။ “ဟောလီးဒေး” အားလပ်ခွင့်တွေ များသဖြင့် ၎င်းတို့၏ တစ်သက်အားလပ်ခြင်းမှာ ရုံးစာရေး တစ်ယောက်၏ စနေနေ့ရုံးဆင်းချိန်လောက် အနှစ်သာရ လေးနက်စွာမရှိပေ။ ရရှိသည့် ဂုဏ်ထူးများမှာပင်လည်း ငါ့အဖေထားတဲ့ငွေကြောင့် ရတာပါကလား၊ ငါ့၌အစွမ်းသတ္တိ တစ်စုံတစ်ရာရှိခြင်းကြောင့် မဟုတ်ပါတကားဟူသော အတွင်းစိတ်၏ အသိသည် မကျေမနပ်ခြင်းကို အမြဲဖြစ်စေလေသည်။

၎င်းတို့၏စိတ်၌ အိုမှာ၊ နာမှာ၊ သေမှာကိုလည်း လွန်စွာကြောက်ရွံ့ကြလျက် အစစအရာရာမှာ မင်္ဂလာယူကြလေသည်။ မင်္ဂလာမရှိဟု စွဲမှတ်သော အကြောင်းအရာတစ်ခုခုကို တွေ့ရှိရတိုင်း ပူပန် ခြင်း ဖြစ်ကြရလေသည်။

လူတို့၏ဓမ္မတာမှာ ခက်ခဲစွာလုပ်ကြံ၍ရသော ပစ္စည်းမှ အနှစ်သာရရှိသည်ဟု ထင်မှတ်ကြ လေရာ ငွေနှင့်လွယ်ကူစွာဝယ်၍ရနိုင်သော အရာဟူသမျှသည် ငွေပေါသူတို့အား ပြည့်ဝကျေနပ် ခြင်းကို မပေးနိုင်ကြသဖြင့် ၎င်းတို့၏ဘဝမှာ လွန်စွာသွေ့ခြောက်လျက် ငြီးငွေ့ဖွယ် ဖြစ်တတ် လေသည်။

သို့ဖြစ်လေရာ ၎င်းတို့ခံစားရသော အရသာမှာ တစ်ခုသာရှိ၏။ ထိုတစ်ခုသည်လည်း သေချာစွာ စဉ်းစားလျှင် အနှစ်မရှိပေ။ ၎င်းအရာသည်ကား မြှောက်ပင့်ခြင်းကို အမြဲခံရခြင်းဖြစ်လေသည်။ သို့ဖြစ်လေရာ အသိပညာမရှိဘဲ ထိုကဲ့သို့ ကြွယ်ဝ၍ နေသူများမှာ စိတ်၏အလုပ်၊ ကိုယ်၏ အလုပ်ခေါင်းပါးသဖြင့် ၎င်းတို့၏သဏ္ဌာန်မှာ စွန့်ပစ်၍ ထားသော အလုပ်ရုံကြီးနှင့် တူလေသည်။

ထိုသူများသည် တစ်ကိုယ်ကောင်းစိတ်ကြောင့် အကောင်းကိုမတွေ့၊ မခံစားရဘဲနေရသူ တွေဖြစ်ကြလေသည်။ အကယ်၍ ထိုတစ်ကိုယ်ကောင်းစိတ် ပယ်ဖျောက်ကာ အများ၏အကျိုး ကို ထိထိရောက်ရောက်ရှာရာ သို့ရောက်သော အလုပ်ကြီးများကို လုပ်ကိုင်ကြံစည် ကြချေက အဘယ်မျှလောက် အနှစ်သာရရှိမည်ကို တွေ့ရှိ ကြမည့်ပြင် ဉာဏ်အထုံပါရမီ၊ ဝီရိယ အထုံပါရမီ၊ ရဲရင့်ခြင်း အထုံပါရမီ စသည်တို့ကိုလည်း ပြုစုပျိုးထောင် နောင်ဘဝအစဉ်အဆက်၊ အဆင့် အတန်း မြင့်သည်ထက်မြင့်ကြဖို့ရှိသည်။ ။

သို့သော်လည်း ဤအကြောင်းအရာများမှာ ဤစာ၏ ရည်ရွယ်ချက်မဟုတ်။ အတွေးပေါ်၍ ကြားညှပ်လိုက်ခြင်းမျှဖြစ်လေရာ ရည်ရွယ်ချက်ကို ပြန်၍ကောက်အပ်သည်ကား မည်သူမဆို ဆင်းရဲသူဖြစ်စေ၊ ကြွယ်ဝသူဖြစ်စေ လောကအပျက်ကို တွေ့ဖူးကြုံဖူးကြရအောင် ကြိုးစားကြဖို့။ အပျက်တွေ့သည့်အခါ ပို၍အားတက်ကာ ဤအလုပ်မှ ငါ့အလုပ်ဟု သဘောထားပြီးလျှင် ပျက်စီးခြင်းတည်းဟူသော တန်ဖိုးမှ အကျိုးအမြတ်ကိုရအောင် ကြိုးစားကြမှ အဟုတ်တကယ် ကြီးမြင့် နိုင်ကြပေမည်။ ။

ငွေရှင်တို့မှာ ထိုတာဝန်သည် သာလွန်ကြီးလေး လေသည်။ ငါ့၌အခက်အခဲဟူ၍ မတွေ့ရသေးပါ တကား။ ငါ၏ဘဝသည် အခက်အခဲအပျက်အစီးဖြင့် မဝယ်ရသော၊ အလကားရသော ဘဝပေတကားဟု ဆင်ခြင်ကာ ကိုယ်တိုင်၏အစွမ်းသတ္တိဖြင့် ဂုဏ်ကိုယူကာ ပျက်မှာကို မပျက်ဘဲ လက်ရှိကိုကြဲဖြန့်ကာ ကြံသင့်ကြလေသည်။

အရင်းအနှီး မရှိသူတို့မှာ ကိုယ်စွမ်းကိုယ်စဖြင့် သူဌေးကြီးများ ဖြစ်နိုင်ကြလျှင် အရင်းအနှီး လုံလောက်စွာ ရှိပြီးသူတို့မှာ သာ၍ပင် ကြီးမြင့်နိုင်ကြဖို့ ရှိလေသည်။ သို့သော်လည်း အပျက်တွေ့သည်အခါ နောက်ကိုမဆုတ်ဖို့၊ ပျက်ဖူးသောအလုပ်မှာ မပျက်သေးသော အလုပ်ထက် ပိုမို၍အဖိုးတန်ကြောင်း၊ မူလကစ၍ ကြံစည်လုပ်ကိုင်စဉ်ကပင် ဖြစ်နိုင်သော အလုပ်၊ မဖြစ်နိုင်သော အလုပ်ဟုသေချာစွာ စဉ်းစားဖို့ သာလိုလေသည်။ သေချာစွာစဉ်းစားနိုင်၍ ပြီးသည် ဖြစ်လျှင်လည်းဖြစ်၊ မဖြစ်လျှင်လည်း ကံပေါ့ဟူသော စိတ်မျိုးနှင့် ရေဖိတ်စပါးအနေမျိုး သဘောထားကာ လုပ်ကိုင်ကြံစည်ခြင်းမပြုရ။ ဖြစ်အောင်လုပ်တော့မည်။ တစ်ကြိမ်မဖြစ်လျှင် နှစ်ကြိမ်၊ နှစ်ကြိမ်မဖြစ်လျှင် သုံးကြိမ်၊ ထပ်မံ၍ ကြိုးစားမည်။ ငါ၏အလုပ် ဖြစ်ပြီ၊ ပိုင်ပြီ။ အလုပ် ဖြစ်သည်။ မဖြစ်နိုင်ဟူသော စကားအငွေ့အသက်မျှ မပါမရှိစေရ။ မဖြစ်သေးလျှင် ငါ့၌တစ်ခုခု လိုသောကြောင့်၊ လစ်ဟင်းသောကြောင့်သာဖြစ်ရာ၏ ဟူသောစိတ်ကို ထားရမည်။

အလုပ်တစ်ခုခုကို သေချာစွာစဉ်းစားပြီး လုပ်တော့မည်ရှိရာ မဖြစ်လျှင် ဘယ့်နှယ် လုပ်မလဲဟု မတွေးရ။ အဖြစ်ကိုသာ တွေးရမည်။ ပျက်လမ်းများကို သိနှင့်ရမည်။ အပျက်ကိုကား မတွေးရ၊ မထင်ရ၊ မမျှော်လင့်ရပေ။

လယ်ယာလုပ်သောသူသည် စပါးတွေအောင်မြင်၍ ရိတ်ဖြတ်ရောင်းချရသော နောက်ဆုံး သောအကျိုးကိုသာ ထင်မြင်ရ၏။ မိုးခေါင် ပိုးဖျက် ၍ ငတ်မွတ်ပြေးလွှားရသည့်အကြောင်းကို တွေးခေါ်ခြင်းမပြုရပေ။ ထိုအကြောင်းများကို တွေးခေါ်နေလျှင် အလုပ်မှာ အားမရှိတော့သည့် အပြင် တွေးခေါ်ထင်မြင်သည့်အတိုင်း ဖြစ်တတ် လေသည်။

နိမိတ်သည် လူ၏အပြင်ဘက်မှာမရှိ၊ ဖြစ်မည့် နိမိတ်၊ ပျက်မည့်နိမိတ်သည် လူ၏စိတ်အတွင်း၌ သာရှိလေရာ အပျက်ကို ထင်မြင်ခြင်းသည် ပျက်မည့်နိမိတ်ဖြစ်တတ်လေရာ အောင်မြင်ခြင်း ကိုသာထင်မြင်၍ မအောင်မချင်းလုပ်ပါတော့ မည်ဟူသော ပြဋ္ဌာန်းချက်၏မြဲမြံခြင်းသည် အောင်မြင်ခြင်း၏ အစဖြစ်ပေသတည်း။ ။

 

ကဝိတံခွန်မဂ္ဂဇင်း၊

ဒုတိယတွဲ၊ အမှတ် ၁၅၊ ဒီဇင်ဘာလ

ပီမိုးနင်း