တိုးတက်ဖို့ အလိုအပ်ဆုံးအရာဟာ မိမိရဲ့ကိုယ်ကျင့်တရားပါ
မျက်မှောက်ခေတ် ယခုလိုကာလမျိုးမှာ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘယ်လိုနယ်ပယ်စုံမှာ မဆို ကိုယ်ကျင့်တရား ethics နဲ့ စပ်လျဉ်းပြီး စိုးရိမ်ဖွယ်ရာ အခြေအနေတွေ၊ သိက္ခာပျက်ယွင်းမှုတွေ၊ နီတိ မစောင့်စည်းမှုတွေ၊ စည်းကမ်းချိုးဖောက်မှုတွေကို များစွာတွေ့နေရပါတယ်။
ကိုယ်ကျင့်တရားထိန်းသိမ်းနိုင်မှုမှာ အားနည်းလာသလို ကျင့်၀တ်ကို လျစ်လျူရှုတာတွေလည်း များလာကြ တယ်။ အကောင်းအဆိုးမခွဲခြားနိုင်သူ ဟာ ကိုယ်ကျင့်တရားကို ထိန်းသိမ်းရာ မှာလည်း အားနည်းတတ်ကြသလို ဘယ်အရာကမှန်တယ်၊ ဘယ်အရာက မှားတယ် စသည်ဖြင့် အဆုံးအဖြတ်ပြု တော့မယ်ဆိုရင် တိတိကျကျ မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ဘဲ အမှားက အမှန်၊ အမှန်ကအမှား ဖြစ်နေတာတွေ ရှိလာတယ်။
တွေဝေတာ၊ မောတာ၊ ထုံထိုင်းတာဟာ မောဟပညာမရှိခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလိုတွေဝေမှုတွေ များပြီး ဆင်ခြင်ဉာဏ်မဲ့တွေများလှတဲ့လူ့ဘောင် တစ်ရပ်ဟာ ပျက်စီးခြင်း၊ ကျဆုံးခြင်းသို့ ရှေးရှုတတ်တယ် ဆိုရင်လည်း ဘယ်လိုမှ မမှားတန်ရာပါဘူး။ လူ့ကျင့်ဝတ်သိက္ခာနဲ့မညီတဲ့ စည်းကမ်းမဲ့ပြုကျင့်မှုတွေများ လာတာနဲ့ အမျှ အောင်မြင်မှုရဲ့ ဆန့်ကျင်ဘက် ပျက်စီးမှုတွေချည်း တွေ့နေရတော့ ကိုယ့်အတွက်ရော၊ အဖွဲ့အစည်း အတွက်ရော အောင်မြင်ချင်တယ်။ တိုးတက်ချင်တယ်ဆိုရင် ဦးဆုံး စောင့် ထိန်းအပ်၊ လိုက်နာအပ်ရမယ့်အရာ သည်ကား မိမိရဲ့ ကိုယ်ကျင့်တရားပါပဲ ဆိုတာ သိစေချင်လှပါတယ်။
ကျင့်ဝတ်နဲ့အညီ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်မှ
မိမိကိုယ်မိမိ လေးစားတန်ဖိုးထားသူ တစ်ဦးဟာ လူ့အဖွဲ့ အစည်းရဲ့ တန်ဖိုး တွေ၊ ကျင့်၀တ်တွေကိုလည်း လေးစား လိုက်နာဖို့ အခက်အခဲမရှိတတ်ပါဘူး။ မိမိရဲ့ စိတ်နေသဘောထားကိုဖြောင့်မတ် ဖြူစင်အောင် ထားတတ်သူတစ်ဦး အတွက်လည်း ကျင့်၀တ်ရဲ့ အစ နီတိကို ပျိုးထောင်ပြီးသားဖြစ်နေတတ်ပါတယ်။ ကျင့်၀တ်မြဲရင် စည်းကမ်းအတိုင်းလည်း လိုက်နာနိုင်ပြီပေါ့။ အစီအစဉ်ကျလည်း ဖြစ်သွားပြီပေါ့။ ကိုယ့်ကိုယ်ကိုယ် နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နေသူတစ်ဦးဖြစ်တယ်လို့ ယူဆရင်၊ နိုင်ငံ့သားကောင်း တစ်ယောက် Citizenship အဖြစ် အဓိက နေရာမှာ ပါဝင်နေသူတစ်ဦးလို့ခံယူနေရင် နီတိတို့ ၊ ကိုယ်ကျင့်တရားတို့၊ စည်းကမ်းတို့၊ ဥပဒေတို့ဆိုတာ မဖြစ် မနေကို လိုက်နာစောင့်ထိန်းရမယ့် တာဝန်ရှိပါတယ်။ ။
ဒါမှလည်း ကိုယ့်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ရော ပုံရိပ်ကောင်းတွေ ဖန်တီးနိုင်မှာပေါ့။ နိုင်ငံ့ဝန်ထမ်းဆို ၀န်ထမ်းကျင့်၀တ်၊ ဆရာဝန်က ဆေးကျင့်၀တ်၊ ရဟန်းက ရဟန်းကျင့်၀တ် သိက္ခာ၊ စစ်သားက စစ်သည်တော် ကျင့်၀တ်၊ ရှေ့နေက ရှေ့နေကျင့်၀တ် စသဖြင့် သူ့နေရာနဲ့သူ ရှိပြီးသားပါ။ ကျင့်၀တ်နဲ့စည်းကမ်း ခါးဝတ်ပုဆိုး လိုမြဲနေပြီး တရားဥပဒေစိုးမိုးမှု အားကောင်းနေသမျှ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေနိုင်အောင် ထိန်းချုပ် ထားနိုင်မယ်ဆိုတာ အားလုံးကသိရှိပြီး လက်ခံယုံကြည်ပြီးသားပါ။ ခိုင်မာတဲ့ ဥပဒေတွေဖြစ်ဖို့ ပြဋ္ဌာန်းနိုင်ဖို့တော့ လိုတာပေါ့လေ။
ဆန်းစစ်မှုဒဏ်ခံနိုင်ရမည့် ကိုယ်ကျင့်တရား
ကိုယ်ကျင့်တရား ပျက်ပြားလာတယ် ဆိုတဲ့ သံသယနဲ့ ဆိုးရွားပြင်းထန်မှုကို ဘယ်လိုများ ဆန်းစစ်နိုင်ကြပါမလဲ။ ကိုယ်ကျင့်တရား အလေးမထားသူဟာ ဥပဒေကိုချိုးဖောက်ဖို့လည်း ၀န်မလေးတော့သလို ပြဋ္ဌာန်းချက်တွေ၊ စည်းကမ်းချက်တွေကိုလည်း မထီမဲ့မြင်ပြုတတ်လာတယ် ဆိုတာ တွေ့မြင်နိုင်ပါတယ်။ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းတွေကို မသိတတ်သူများလည်အောင် မကြိုးစား သူအတွက် အကျင့်စာရိတ္တဆိုင်ရာ မေးခွန်းတွေ အမေးခံရတိုင်း ကျရှုံးတာ များပါတယ်။ ကိုယ်ကျင့်တရားဆိုင်ရာ မှားယွင်း သွေဖည်မှုလေး အနည်းငယ်ရှိစေဦးတော့ နစ်နာဆုံးရှုံးမှု ပမာဏဟာ အတောမသတ်နိုင်အောင် ကြီးမားလွန်း တတ်တယ်ဆိုတာတော့ သတိပြုစေလိုပါတယ်။ ကိုယ်ကျင့်တရားကို လွယ်လွယ်ကူကူ ချိုးဖောက်သူတွေကြောင့် အဖွဲ့အစည်းတစ်ခုဟာ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေနဲ့အတူ ရေရှည် ရပ်တည်ဖို့ မလွယ်ကူနိုင်သလို အကျင့်ပျက် စီးပွားရေးကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ လွှမ်းမိုးနေတဲ့ နိုင်ငံတစ် နိုင်ငံအနေနဲ့လည်း ရေရှည်မှာ ပျက်သုဉ်းပြီး ကျရှုံးသွားတတ်ကြတဲ့ သာဓကတွေ အမြောက်အမြားနဲ့ ရှိပါတယ်။
မဟုတ်မှန်း၊ မမှန်မှန်းသိနေတဲ့ အကြောင်းအရာတစ်ခုကို မိမိအနေနဲ့ လိမ်လည်ပြီး လွယ်လွယ်ပြောမိလို့၊ လွယ်လွယ်ဖြန့်မိလို့တစ်ဖက်လူ၊ တစ်ဖက် အဖွဲ့ အစည်း ဒုက္ခအကြီးအကျယ်ရောက် ရတာမျိုး၊ မှားယွင်းဆုံးဖြတ်မိတာမျိုးဟာ အကျင့်စာရိတ္တမရှိတာပါပဲ။ ကြုံဖူး ကြပါလိမ့်မယ်၊ ကိုယ့်ကြောင့် လျှို့ဝှက် အပ်တဲ့သူတစ်ဦးရဲ့ အတွင်းရေးတွေ ပေါက်ကြားသွားတာမျိုး၊ မိမိဌာနရဲ့ လျှို့ဝှက်ချက်တွေ ဖြန့်ချိမိတာမျိုး ဒီအရာတွေဟာ ကြီးလေးတဲ့အမူအကျင့်မျိုး ဖောက်မှုကြီးတွေပါ။
ကိုယ်မရယူထိုက်တဲ့ အရာတစ်ခုကို မပေးဘဲနဲ့ အလွဲသုံးစားရယူလိုက်တယ် ဆိုရင်ရော၊ ပိုင်ဆိုင်ခွင့် မရှိတဲ့ ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ဖို့ကြိုးစားတယ်ဆိုရင်ရော ကိုယ်ကျင့်တရားနဲ့ မညီတဲ့ အမူ အကျင့်ဆိုးကြီးပဲ မဟုတ်ပါလား။ ဒီလို ပါပဲမိမိဝန်းကျင်မှာ ဥပဒေပြင်ပအာဏာရယူမှု၊ တရားမဲ့ဩဇာ ပါဝါထူထောင်မှုတွေ တွေ့ဖူးပါလိမ့်မယ်၊ ဒီအချက်ကလည်း ကိုယ်ကျင့်တရားနဲ့ ငြိစွန်းတာပါပဲလေ။ ဒါ့အပြင် ကိုယ်ကျင့်တရားကို မစောင့်စည်းဘဲ အရည်အသွေးနဲ့ လုံခြုံမှု အာမခံချက်မရှိတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကို ဈေးအဆမတန်တင်ပြီး ရောင်းချတာတွေကိုလည်း ကိုယ်ကျင့်တရား ပျက်ယွင်းမှု သာဓကများအဖြစ်နဲ့ များစွာပဲ တွေ့မြင်နေရပါတယ်။ ဒီဘက်ခေတ်မှာတော့ ကိုယ်ကျင့် တရားဆိုင်ရာ ရှုထောင့်အမြင်တွေကို တိုးချဲ့ ပွားများခွင့်ပေးပြီး တစ်ဦးချင်း၊ တစ်ဦးချင်းစီတိုင်းမှာ အမူအကျင့်ကောင်းတွေ ခံယူကျင့်သုံးဖို့ ပို၍ပို၍ လိုအပ်လာပြီလို့တော့ စာရေးသူယူဆပါ တယ်။ လူတစ်ဦးချင်းဆိုင်ရာနဲ့ အဖွဲ့အစည်းဆိုင်ရာ စံနှုန်းတွေ၊ စံသတ်မှတ် ချက်တွေကို ယခင်ကထက် တိတိကျကျ ပြုပြင်ဖန်တီးတည်ဆောက်ပေးဖို့ ပိုလိုအပ်လာပြီလည်း ဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်းမှာ ကိုယ်ကျင့်တရားဆိုင်ရာ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ အခါမလပ် ပြုလုပ်ပေးဖို့လည်း လိုအပ်နေဆဲ ဖြစ်ပါတယ်။
ကိုယ်ကျင့်တရားနှင့် ခေါင်းဆောင်မှု
ကိုယ်ကျင့်တရားကောင်းတစ်ခု ထူထောင်ဖို့ သင့်မှာ အခက်အခဲများရှိနေပါသလား။ သင့်ရဲ့ အဖွဲ့ အစည်းတစ်ခုမှာကော ကောင်းမွန်သော၊ သန့်ရှင်းသော အုပ်ချုပ်မှုစနစ်တစ်ခုကို တည်ဆောက်ပေး နိုင်မယ့် ကိုယ်ကျင့်တရားနဲ့ ညီသော ခေါင်းဆောင်ကောင်းတွေ ရှားပါးနေပြီလား။ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာက သင်ကိုယ်တိုင် ပဲဆိုတာ မမေ့ပါနဲ့။ ကိုယ်ကျင့်တရား အရာမှာ Role model တစ်ဦးအနေနဲ့ စံနမူနာပြပုဂ္ဂိုလ်ဟာ သင်ကိုယ်တိုင်ပဲ ဖြစ်ပါစေလို့ ဆိုပါရစေ။ အဖွဲ့အစည်း တစ်ခုမှာပါဝင်နေတဲ့ သင်ကိုယ်တိုင်က ပိုပြီး ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ်။ (ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် အတွက်ရော၊ မိမိတာဝန်ယူရတဲ့ ငယ်သားတွေအတွက်ပါ မိမိရဲ့ လုပ်ဆောင်သမျှ တိုင်းဟာ ထင်သာမြင်သာ ရှိရပါမယ်။ မိမိမှာတာဝန်ရှိတယ်လို့ ခံယူပြီး အားလုံးအတွက် တာဝန်ယူနိုင်ရမှာ ဖြစ်သလို တာဝန်ခံပေးဖို့လည်း အသင့်ဖြစ်နေရပါ မယ်။
ကိုယ့်ကိုယ်ကိုယ် လူတော်လူကောင်း တစ်ဦးသဖွယ် အယောင်ဆောင်တတ်တဲ့ ခေါင်းဆောင်တစ်ဦးဟာ ကျင့်၀တ်မြဲသူ လူကြီးတစ်ယောက် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒီလိုလူကြီးမျိုးတွေ သင်တို့အဖွဲ့ အစည်းအတွင်းမှာလည်း ရှိနေနိုင်ပါတယ်။ သတိပြုမိဖို့၊ သတိပြုတတ်ဖို့ လိုအပ်သလို ကိုယ်တိုင်က ခေါင်းဆောင် ဖြစ်နေရင်လည်း ပွင့်လင်းမြင်သာစွာနဲ့ သင်ကြားဆွေးနွေးဆုံးမပေးဖို့ လိုအပ်ပါ လိမ့်မယ်။ မှားယွင်းတဲ့ အပြုအမူအကျင့် ဆိုးတွေကို သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက ကြားသိရဖို့ မျက်စိဖွင့်နားစွင့်ထားဖို့နဲ့ စနစ်ကောင်းတွေ Code of ethics တွေ ထူထောင်ထားရှိရပါမယ်။
အမှားအမှန်နဲ့ လူ့ကျင့်ဝတ်
တစ်ခါတလေကိုယ်ယုံကြည်မှုနဲ့ ကိုယ်ကျင့်တရားဟာ ဝိရောဓိ ဖြစ်နေတတ်ပါတယ်။ ကိုယ်ယုံကြည်မှုက အများလက် မခံနိုင်တဲ့ မှားယွင်းစွာ ယုံကြည်ချက် တစ်ခုဖြစ်နေရင်တော့ လူ့အဖွဲ့အစည်းက လက်ခံထားတဲ့ ကျင့်၀တ်စံနှုန်းတွေနဲ့ အလွဲကြီး လွဲတော့တာပါပဲ။ ကြုံဖူးကြပါလိမ့်မယ်၊ ပညာရှင်တွေ သူတော်ကောင်းတွေက ဒါတွေကလုပ်သင့်တယ်။ ဒါတွေတော့ ရှောင်သင့်တယ် စသဖြင့် ဘယ်လိုပြောပြော လက်သင့်မခံနိုင်ကြတာတွေ ရှိနေပါတယ်။ ဒီလိုလူတွေ ကြည့်ရင် အစွဲအလမ်းလည်း ကြီးတတ် ကြပြီး အဖွဲ့အစည်းနဲ့ဆိုင်တဲ့ ကျင့်ဝတ် စည်းကမ်းထက် မိမိရဲ့ ယုံကြည်ရာကိုသာ ဦးစားပေး ရှေ့တန်းတင်ကြသူတွေဆိုတာကို တွေ့ရပါလိမ့်မယ်။ ကျင့်ဝတ်ကို လိုက်နာကျင့်ကြံပွားများ အားမထုတ်နိုင်သူ တစ်ဦးအတွက်တော့ ဥပဒေကို ချိုးဖောက်ဖို့ရာလည်း ၀န်လေးနေမှာ မဟုတ်ဘူး ဆိုတာ တွေးနိုင်ပါလိမ့်မယ်။
ဒီအခါမှာ ကျင့်ဝတ်အကြောင်းပြောရင် အမှားအမှန်ကိုဆုံးဖြတ်နိုင်စွမ်းကပါလာ ပြန်တယ်။ ဒီအချက်ကလည်း အရေးကြီး လွန်းပြီး ဘယ်အရာက မှန်တယ် ဘယ်အရာက မှားတယ်ဆိုတာ သိပါမှလည်း ကျင့်၀တ်နဲ့ညီမညီဆိုတာ ဆုံးဖြတ် လိုက်နာနိုင်မှာကြောင့် ဖြစ်ပါတယ်။ အမှားအမှန် ခွဲခြားနိုင်ဖို့တော့ critical thinking အထောက်အထား အခြေပြု အကြောင်းသင့်အကျိုးသင့် စဉ်းစားနိုင်စွမ်းကို အထူးတလည် လေ့ကျင့်ပျိုးထောင်ပေးရမယ့် အနေအထားတွေတော့ လိုအပ်နေတာ ထင်ရှားပါတယ်။
ရှုပ်ထွေးမှုများအောက်က အဆင့်အလိုက် ethical values များ
တစ်ခါတလေမဟုတ် အများအားဖြင့် တွေ့ရတာက ကျင့်ဝတ်ကို လိုက်နာ ဖို့ဆိုတဲ့တန်ဖိုးထားမှုမျိုးကို အချို့သူတွေ မှာ လက်ခံဖို့ ခက်ခဲနေသယောင် ဖြစ်နေ တတ်တာပါပဲ။ အထူးသဖြင့် ရှုပ်ထွေး လွန်းလှပြီး ကျဉ်းတည်းကျပ်တည်း အခြေအနေတွေအောက် Critical and Complex situation မှာဆို ပိုလို့ရှုပ်ထွေး တတ်ပါတယ်။ ဒါကလည်း သဘာဝတော့ ကျပါတယ်။
ကျွန်တော်တို့ပင်လျှင် ကိုယ်ကိုယ်တိုင် ဘယ်အရာက မှန်တယ်၊ မှားတယ်ဆိုတာ လက်ခံထားတဲ့ personal morality ကိုယ့်ရဲ့ professional စံနှုန်းတွေအရ လက်ခံထားအပ်တဲ့ Professional ethics ၊ အဖွဲ့အစည်းတွေမှာ တာဝန်ယူ ထမ်းဆောင်ရတော့လည်း အဖွဲ့အစည်းရဲ့ Culture အရ စောင့်ထိန်းရတဲ့ Organizational ethics လူ့အဖွဲ့အစည်းအတွင်း လူမှုဝတ္တရားတွေနဲ့အညီ နေရတဲ့အခါမှာ မဖြစ်မနေ စောင့်ထိန်းရမယ့် Social ethics တွေအကြား အထူးသဖြင့် ဆုံးဖြတ်ချက်ချရမယ့် Policy maker တွေအတွက်ဆိုရင် ပိုလို့တောင် ခက်ခဲပင်ပန်းနေတတ်ပါတယ်။ ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ အဆင့်တိုင်းမှာ တော့ ကျင့်၀တ်များဟာ သူ့တန်ဖိုးနဲ့ သူ ရှိနေတယ်ဆိုတာ သတိပြုဖို့နဲ့ နယ်ပယ်အလိုက် ထားရမယ့် Ethical standards တွေကို ခွဲခြမ်းစိတ်ဖြာပြီး ဘက်စုံထောင့်စုံက Analysis လုပ်တတ်ဖို့တော့ လိုပါတယ်။ ဒါမှလည်း Value ဆိုတဲ့ တန်ဖိုးထားမှုကိုရနိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်ရရင်တော့ မိမိကိုယ်တိုင်ရော၊ မိမိဝန်းကျင် မိမိလူ့အဖွဲ့အစည်းပါ ငြိမ်းချမ်းသာယာပြီး အေးချမ်းစေချင်ရင်တော့ တစ်ဦးချင်းကိုယ်ကျင့်သိက္ခာကော အဖွဲ့အစည်းအလိုက် ကိုယ်ကျင့် တရားတွေကိုပါ လေးစားလိုက်နာ စောင့်ထိန်းသင့်ပါတယ်။ ကိုယ်ကျင့်တရား စံနှုန်းတွေနဲ့အညီ နေထိုင်ကြပြီး တစ်ဦးနဲ့တစ်ဦး နားလည်ယုံကြည်မှုတွေ တိုးပွားစေချင်ပါတယ်။ ကျင့်၀တ် အကြောင်းကို လေ့လာပြီး အပြုအမူတွေကို လေ့ကျင့်ယူစေချင်ပါတယ်။ အများယောင်တိုင်း ကိုယ်မယောင်၊ အများမိုးခါးရေသောက် ကိုယ်မသောက်ဘဲ အမှားအမှန်ကို ခွဲခြားနိုင်ကာ ရွေးချယ်မှုတွေ မှန်ကြပါစေ ချင်ပါတယ်။
အများကို မထိခိုက်စေတဲ့ တာဝန်သိမှု၊ တာဝန်ယူမှုများဖြင့်...
သမာဓိမယွင်းတဲ့ မိမိကိုယ်ကျင့် သိက္ခာကို ရင်း၍သာ...
အများအကျိုးကို ဆောင်နိုင်ကြပါစေဟူ၍ ဆန္ဒပြုလိုက်ရပါသည်။ ။
မိုးကေနိုင်