Skip to main content

Tourism ဖွံ့ဖြိုးမှုအတွက် အရေးပါသော DMO

ကမ္ဘာသုံး Tourism ကို မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဟု အစဉ်အဆက် ခေါ်ဝေါ်လာခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။

နိုင်ငံတစ်ခုကို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တာဝန်ယူခြင်း၊ တာဝန်ခံခြင်းပြုရန်ဖြစ်လာသော အစိုးရ သည် နိုင်ငံစီးပွားအတွက် ထုတ်လုပ်မှု ကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ဝန်ဆောင်မှု ကဏ္ဍ စသည်ဖြင့် အခြေခံသဘော တရားအတိုင်း ခွဲခြမ်းသုံးသပ်၍ အသင့်လျော်ဆုံးကဏ္ဍကို ဦးစားပေး ရေးဆွဲဆောင်ရွက်ကြရသည်။ မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်ကြီး စစ်ပြီးခေတ်ကာလမှသည် စတင်၍ နိုင်ငံ၏ စီးပွားဖွံ့ဖြိုးမှုအတွက် ခရီးသွား လုပ်ငန်းကို အလေးထားဦးစားပေး ဆောင်ရွက်သော မျှော်မှန်းချက်များ ထားရှိလာသော်လည်း ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ စုစုပေါင်း ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး ပမာဏ၌ ပါဝင်မှုအချိုးအစား နည်းလှသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု ကဏ္ဍအတွက် ခရီးသွားလုပ်ငန်း ဝင်ငွေက မည်မျှအချိုးအစား ပမာဏပါရှိ သနည်းဆိုတာသည်လည်း အရေးကြီးသော ပြမှတ်ကဲ့သို့ ဖြစ်လာပါသည်။

ခရီးသွားလုပ်ငန်းအောင်မြင်သောနိုင်ငံ

နိုင်ငံ၏ရေမြေတောတောင်သဘာဝ ပထဝီဝင်အနေအထား သယံဇာတ ပေါကြွယ်ဝမှုများအပြင် လူတို့၏ ယဉ်ကျေးမှုသဘာဝ၊ လူတို့၏ခရီးသွား ဧည့်သည်အပေါ် တုံ့ပြန်မှုစရိုက်လက္ခဏာများမှအစ ခရီးသွား လုံခြုံမှုနှင့် သွားလာမှုလွယ်ကူစေမှု အနေအထားများအထိ ကြည့်ပြီး Tourism ခရီးသွားလုပ်ငန်းကို ရွေးချယ်လာကြသည်။ ထိုအခါ အစိုးရ ဦးဆောင်မှုအပြင် ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့် ပြည်သူလူထု ပေါင်းစပ်ပြီး မျှော်မှန်းချက်ပန်းတိုင်ကို ရောက်အောင်သွားရန် မျှော်မှန်းချက်များ၊ လုပ်ငန်းတာဝန်ကြီးများနှင့် ပန်းတိုင် ရည်မှန်းချက်များ ချမှတ်ကြသည်။ Tourism ခရီးသွားလုပ်ငန်းကြောင့် သဘာဝအနေအထားနှင့် ယဉ်ကျေးမှု အနေအထားချင်း တူညီလျှင်ပင် ဦးဆောင်ပြီး စွမ်းဆောင်ရည်ရှိသည့် အစိုးရနှင့် စည်းကမ်းလိုက်နာပြီး ကြိုးပမ်းအားထုတ်ကြသော ပြည်သူများ ရှိသည့်အခါ အခြေအနေများ ပေါင်းစပ် လာပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုတွင် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ကွာဟချက်ကို တွေ့ရသည်။ ခရီးသွားလုပ်ငန်း၊ အောင်မြင်သော နိုင်ငံသည် ဂျီဒီပီဖွံ့ဖြိုး တိုးတက်မှုတွင်လည်း အားဖြည့်ပေးနိုင်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများအသင်းဝင် (၁၀) နိုင်ငံကဲ့သို့ စီးပွားဖွံ့ဖြိုး တိုးတက်ဖို့အတွက် ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့သည်ဖြစ်သော်လည်း အောင်မြင်ခြင်း ရှိ/ မရှိ ဆန်းစစ်ပါသော် မအောင်မြင်သေးဘူးဟုသာ ဆိုနိုင်ပါသည်။ မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများထဲတွင် ရေမြေချင်း ဆက်စပ်ထိစပ်နေသည့်၊ ဧရိယာလည်း ကျယ်သည့် နိုင်ငံကြီးနှစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံက ဧရိယာ ပိုမိုကျယ်ဝန်းပြီး ထိုင်းနိုင်ငံသည် လူဦးရေ ပိုများသည်။ သို့သော် ခရီးသွားလုပ်ငန်းတွင် ထိုင်းနိုင်ငံက ပိုမိုအောင်မြင်ပြီး နိုင်ငံ၏ စီးပွားရေး၊ ပြည်သူလူထု၏ တစ်ဦးချင်း စီးပွားရေးကို အားဖြည့်ပေးနိုင်သည်။ ထိုင်းနိုင်ငံ၏ ခရီးစဉ်ဒေသများသည် ကမ္ဘာ့ခရီးသွားဈေးကွက်တွင် ထင်ရှား ကျော်ကြားသည်။ နာမည်ကြီးသည်။ ကမ္ဘာ့နိုင်ငံများအတွင်း ခရီးသွားလုပ်ငန်း မှဝင်ငွေအများဆုံးရသော ထိပ်ပိုင်း(၁၀) နိုင်ငံတွင် ပါဝင်ပြီး အဆင့်အားဖြင့် လေး ရှိသည်။ UNWTO ခေါ် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ကြီး၏ ၂၀၁၇ ခုနှစ်က ထုတ် ပြန်ပေးသော မှတ်တမ်းစာရင်းအရ ထိုင်းနိုင်ငံ၏ ခရီးသွားဝင်ငွေသည် ၅၇ ဘီလီယံ ဒေါ်လာရှိသည်။ ထင်ရှားသော ထိပ်ပိုင်းနိုင်ငံများမှာ အမေရိကန်၊ စပိန်၊ ပြင်သစ်၊ ထိုင်း၊ အင်္ဂလန်နိုင်ငံတို့ဖြစ်သည်။

မည်သို့ဖြစ်စေ မြန်မာနိုင်ငံသည်လည်း အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ကြသလို နောင်ဆောင်ရွက်ကြမည့် အစိုးရများသည်လည်း ကြိုးပမ်းကြရဦးမည်သာ ဖြစ်သည်။

ရွှေရောင်ခေတ်ကို ရောက်နိုင်

နိုင်ငံတစ်ခု၏ ခရီးသွားလုပ်ငန်း သည် ဒေသ၏ (Ecosystem)များ (သဘာဝနှင့် လူတို့ဆက်နွှယ်မှု)နှင့် ယဉ်ကျေးမှုစရိုက်လက္ခဏာ ထာဝစဉ် တည်တံ့ခိုင်မြဲနေသမျှ ရှင်သန်ထွန်းကားဖို့ အခွင့်အလမ်း ရှိနေမည်သာ ဖြစ်သည်။ လူတို့ကြောင့်ဖြစ်သော ဘေးအန္တရာယ် များ၊ သဘာဝကြောင့် ဖြစ်တတ်သော ဘေးအန္တရာယ်များကြောင့် ထိခိုက်သော နိုင်ငံတွင် မည်သည့်နိုင်ငံမဆို ခရီးသွား လုပ်ငန်းဝင်ငွေ ထိခိုက်တတ်ပါသည်။ မြန်မာနိုင်ငံသည်လည်း ဤကဲ့သို့ သီအိုရီ ဆန်သော သဘောတရားများဖြစ်ပေါ်ခဲ့ သည်သာဖြစ်သည်။ မြန်မာနိုင်ငံ၏ ရေမြေသဘာဝ ဆွဲဆောင်မှု၊ လူတို့ဖန်တီးသော ခရီးသွားဆွဲဆောင်မှု၊ မူလမပျက် ယဉ်ကျေးမှု အခြေခံများကြောင့် ခရီး သွားလုပ်ငန်းထွက်ကုန်ဟု ခေါ်ဆိုရမည့် Tourism Products များ ရှိပါသော်လည်း ဆက်စပ်လာသော စိန်ခေါ်မှုများကြောင့် ခရီးသွားလုပ်ငန်း ဆိုးကျိုး သက်ရောက်မှု ဖြစ်စေခဲ့သည်မှာ လက်တွေ့ဖြစ်သည်။ အထူးသဖြင့် အခြားနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ တို့အပြင် အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံစသည့် ခရီးသွား ဧည့်သည်နှင့် ဝင်ငွေအဝင်များသည့် နိုင်ငံများနှင့် မတူညီသည်မှာ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ပြည်တွင်းသွားလာမှု မလုံခြံ၊ မငြိမ်းချမ်းခြင်းတို့ကြောင့်ဖြစ် သည်ဟု တွေ့ရသည်။ ခေတ်စကားဖြင့် ဆိုရပါက စိန်ခေါ်မှုများ များလှသည်ဟု ပြောရပါမည်။ မကြာသေးခင်သော နှစ်များထဲတွင် အဆိုးဆုံးအနေအထား အထိ ရောက်သွားခဲ့ပါသည်။ နှစ်အလိုက် ဆက်ပြီး မျှော်မှန်းချင့်ချိန်ကြည့်သည့် အခါ နောက်ထပ် ပိုမိုထိခိုက်လာမည်လား၊ ပြန်လည်ရုန်းထတည်ထောင်နိုင် မည်လားဆိုသည်ကို အစိုးရနှင့် အဖွဲ့ အစည်းများ၊ ပြည်သူများအပေါ် မူတည် နေပါတော့သည်။

ပြည်တွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းမှုကို မခြွင်းမချန် လိုချင်ကြမှသာ အိမ်သာမှ ဧည့်လာမည် ဆိုသော ရွှေရောင်ခေတ်ကို ရောက်နိုင်တော့မည်။

အစိုးရသည် ခရီးသွားလုပ်ငန်းကို မဟာဗျူဟာ လမ်းကြောင်းချသည့်အခါ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ လုပ်ရမည်ဆိုသော Development Strategy ဆွဲထားမည်လား၊ ခရီးသွားလုပ်ငန်းရေရှည် တည်တံ့ရေး Sustainable Tourism Strategy ကို ချမှတ်မည်လား သို့မဟုတ် ဖွံ့ဖြိုးမှုနှင့် ထိန်းသိမ်းမှုကို တစ်ပြိုင်နက် ဟန်ချက်ယူ၍ လုပ်သွားမည်လား ရွေးချယ်ချမှတ်ရမည်ဖြစ်သည်။ ခရီးသွား လုပ်ငန်းသည် ဖွံ့ဖြိုးလွန်းပါက သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု ပတ်ဝန်းကျင်ကို မသိမသာမှ သိသိသာသာ ထိခိုက်ပျက်စီးစေတတ်ပါသည်။ ချီတက်နေရင်း နင်းမိသွားသော မြက်ပင်လေးများ၊ ကျိုးကျသွားသောသစ်ကိုင်းသစ်ပင်များ၊ ခန်းခြောက်သွားသော ရေစိမ့်အိုင် များ၊ ခြောက်သွေ့သွားသော တောများ၊ ပြောင်သွားသောတောင်များ၊ ပျက်ယွင်း သွားသောမူလယဉ်ကျေးမှုတွေ ထိန်းသိမ်း သွားမည်လား ဆိုသည်မှာလည်း မဟာ ဗျူဟာရည်မှန်းချက်အတွက် ပြင်ဆင်ရင်း စဉ်းစားရမည့်အချက် ဖြစ်သည်။

ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသ

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဟူ၍ မျှော်မှန်းဆောင်ရွက်လာသည့်အခါ ခရီးစဉ်ဒေသ (Destination) ဆွဲဆောင်မှု အားကောင်းဖို့က အဓိကဖြစ်လာပါသည်။ ခရီးစဉ်ဒေသဆိုသည်မှာ အနီးစပ် ဆုံး အရှေ့တောင်အာရှဒေသဖြစ်စေ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့်နိုင်ငံ တစ်ခုခုဖြစ်စေ၊ သွားလိုသော နိုင်ငံ အတွင်းမှ ဥပမာ- မြန်မာပြည်ဆိုလျှင် တိုင်းဒေသကြီးဖြစ်စေ၊ ပြည်နယ်ဖြစ်စေ ကိုလည်း ခေါ်ဆိုနိုင်ပါသည်။ အလားတူပင် ပုဂံ၊ အင်းလေး၊ မန္တလေး၊ ငပလီကမ်းခြေ၊ ချောင်းသာကမ်းခြေဖြစ်စေ၊ ကျိုက်ထီးရိုးကဲ့သို့သော ဘုရားစေတီများဖြစ်စေ၊ ထင်ရှားသော ခရီးသည်ဧည့်သည်ကို ဆွဲဆောင်မှု ရှိသော နေရာများသည်လည်း ခရီးစဉ်ဒေသတွင် အကျုံးဝင်ပါသည်။ ပုဂံကဲ့သို့ မြို့ပြတစ်ခုခုသည်လည်း ခရီး စဉ်ဒေသအဖြစ် စီမံဆောင် ရွက်သွား နိုင်ပါသည်။ နိုင်ငံတကာမှ ဖြစ်စေ၊ ပြည်တွင်းမှဖြစ်စေ ခရီးသွားများသည် ဆွဲဆောင်မှုကောင်းသော ခရီးစဉ်ဒေသကို သွားရောက်အပန်းဖြေခြင်း၊ နှစ်လို နှစ်ခြိုက်ဖွယ် Tourism Products များကို ခံစားခြင်း၊ လူနှင့် သဘာဝ၏ ဝန်ဆောင်မှုများကို အနားယူခံစားပြီး ညအိပ်အနားယူ၍ အသင့်အတင့်သော ငွေကြေးသုံးစွဲကြပါကလည်း ယင်းသို့ အတွက်ဖန်တီး၊ စီမံထားသော ဆွဲဆောင် မှုရှိသောဒေသကို ခရီးစဉ်ဒေသဟု အဓိပ္ပာယ်ဖွင့်ကြသည်လည်း ရှိသည်။

အဓိကရည်မှန်းသော ခရီးစဉ်ဒေသကို သွားရင်းလမ်း၌ ဖြတ်သန်းလေ့လာရသောနေရသည် ခရီးစဉ်ဒေသမဟုတ်ပါပေ။

ခရီးစဉ်ဒေသသို့ ည့်သည်လာ ခြင်းကြောင့် ဒေသခံလူမှုအဖွဲ့အစည်း ပြည်သူများ အလုပ်အကိုင် ရရှိကြကာ ဝန်ဆောင်မှုများမှ ဝင်ငွေရယူခံစားရုံ သည် ပုံစံမှန်သော စီမံခန့်ခွဲမှုမဟုတ်ပါ ပေ။ အနှစ်သာရအမှန်၊ စနစ်အမှန်ဖြင့် ဧည့်သည်များ ထပ်မံအလည်လာချင်အောင် ထောက်ခံသော ဒေသဖြစ်ဖို့ လိုအပ်လှပါသည်။ ယင်းသို့ဖြစ်ရန် စနစ်တကျ စီမံထားသည့် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု Destination Management ရှိထားရပါမည်။ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးသည် နိုင်ငံ၏ ပင်မခရီးသွား အုပ်ချုပ်ရေးအဖွဲ့ တာဝန်၊ ဒေသအုပ်ချုပ်ရေး အဖွဲ့ များတာဝန်၊ လုပ်ငန်းရှင် ပညာ ရှင်များ ပူးပေါင်း ဆောင်ရွက်မှုတာဝန်၊ ပြည်သူလူထု နားလည်လိုက်နာမှုတာဝန်များက အရေးကြီးပါသည်။ အသီးသီး ကို သူ့တာဝန်နှင့်သူလည်း တာဝန် သတ်မှတ်ပေးထားရပါမည်။ ထိုသို့သော ခရီးစဉ်ဒေသ အသီးသီးအတွက် တာဝန်ခွဲဝေစီမံဆောင်ရွက်မည့် အဖွဲ့ကို ခရီးစဉ်ဒေသဖွံ့ဖြိုးရေး စီမံခန့်ခွဲမှု အဖွဲ့ (Destination Development Management Organization) ဟု ဆိုရပါမည်။ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးမှု တပ်မတော်အစိုးရက ဈေးကွက် စီးပွားရေးစနစ် စတင်အကောင်အထည် ဖော်ဆောင်စဉ်က ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှု ကော်မတီ” ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသေးသည်။ ၂၀၀၅ ခုနှစ်လောက်တွင် ထိုအဖွဲ့ကို ဖျက်သိမ်းလိုက်သည်။

အင်္ဂလိပ်လို Tourism Development Management Committee op ထင်ရှားသည်။ သို့သော်လည်း ဗဟို အဆင့်သာ အဖွဲ့ဖွဲ့ထားပြီး တိုင်းအဆင့်၊ ပြည်နယ်အဆင့် ကော်မတီများ၊ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးမှုနှင့် ပတ်သက်ပြီး အမျိုးသားဦးဆောင်ရေးအဆင့် မူဝါဒမထားရှိခြင်းကြောင့် အဖွဲ့သာ ရှိသော်လည်း ခရီးမရောက်ခဲ့ ပါပေ။ တိုင်းနှင့် ပြည်နယ်များ၏ ဒေသစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ် လျာထားချက်များတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကဏ္ဍ မပါဝင်ဘဲ ဟိုတယ် တည်ဆောက်ရေးများ ကိုသာ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေးဟု အလွဲတွေးခေါ်ကာ ဆောင်ရွက်ကြသောကြောင့် ဖြစ်သည် ကို တွေ့ရသည်။ ဝန်ကြီးဌာနမှ ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်ရသော အရာထမ်းများ၏ အဆင့်တာဝန် နိမ့်သောကြောင့်လည်း လုပ်ငန်းဆောင် ရွက်ရာ၌ မျှော်လင့်သလို ထိရောက်မှုမရှိ ခဲ့ပေ။ ဆိုင်ရာတိုင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များကလည်း Tourism ဖွံ့ဖြိုးမှုကို စိတ်မဝင်စားပါ။ ထို့ကြောင့်လည်း ခရီးမတွင်ခြင်း ဖြစ်သည်။ ။

အစဉ်အဆက် သက်တမ်း တစ်လျှောက် ခရီးသွားဖွံ့ဖြိုးမှု သာမန်အောက်သာရှိသော မြန်မာနိုင်ငံသည် ၂၀၁၉၊ ၂၀၂၀ အတွင်း၌ ပိုမိုဆိုးရွားစွာ ကျဆင်းခဲ့သည်။ ထိုသို့ နိုင်ငံတကာခရီး သွားဧည့်သည် ဝင်ရောက်မှု လျော့နည်း ကျဆင်းခြင်းသည် မြန်မာနိုင်ငံ ခရီးသွား ထုတ်ကုန်ဝန်ဆောင်မှု အရည်အသွေး နိမ့်ပါးအားနည်းခြင်း၊ ဆွဲဆောင်မှု လျော့နည်းသွားခြင်းမျိုးကြောင့် မဟုတ်ဘဲ ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားပြန့်ပွားခဲ့သောကြောင့် လူအများ စီးပွားကျဆင်း ခြင်း၊ လေယာဉ်လိုင်းများ ပိတ်ရခြင်း၊ နိုင်ငံတစ်ဝန်း ဝင်ထွက်မှု ပိတ်ရခြင်း၊ နိုင်ငံနှင့်ချီ၍ စီးပွားရေး ကျဆင်းခြင်း တို့ကြောင့် အဓိကဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးမှုအခြေအနေသည် မကြုံစဖူး ၁၉၉၀ ပြည့်နှစ်ဆီ ပြန်ကျသွားသည်ဟု WTO က ဖော်ပြထားသည်မှာ ကမ္ဘာတွင် Tourists များ အများဆုံး လည်ပတ်ပြီး ဝင်ငွေအများဆုံးရသော နိုင်ငံများသည် ၂၀၂၀ ပြည့်နှစ်တွင် Tourism စီးပွားဝင်ငွေ မီလီယံ ဒေါ်လာ သန်းချီပြီး ထိခိုက်ဆုံးရှုံးခဲ့သည်။ ယင်းသို့ အနေအထားတွင် မြန်မာနိုင်ငံသည်လည်း ခရီးသွား လာရောက်မှု နည်းပါးကျဆင်းပြီး စီးပွားလည်း ထိခိုက်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်လာ ယင်းအခြေအနေတွင် ကမ္ဘာအဝှမ်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်လွတ်ကင်း ချိန် သို့တည်းမဟုတ် ကမ္ဘာလှည့်ခရီး သွားလုပ်ငန်း ပြန်လည်ရှင်သန်လာသည် နှင့် မြန်မာနိုင်ငံကလည်း ဧည့်သည် ကြိုဆိုလက်ခံရန် အဆင်သင့်ဖြစ်ဖို့ လိုအပ်ပါသည်။ ယင်းသို့ အဆင်သင့်ဖြစ်ရန် လုပ်ငန်းစီမံကိန်း၊ စီမံချက်များ ချမှတ်ခြင်း၊ ဘဏ္ဍာငွေသုံးစွဲခြင်း၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း၊ ခရီးစဉ်ဒေသ အင်္ဂါရပ်နှင့်ညီအောင် စီမံချက် ရေးဆွဲခြင်း (Destination Planning) စီမံချက် ရေးဆွဲအကောင်အထည်ဖော်ခြင်းများ ပြင်ဆင်ထားရန် နည်းလမ်း ဖော်ထုတ်ရမည်ဟု ထင်ပါသည်။ ။

(ဆက်လက်ဖော်ပြပါမည်)

ဗိုလ်အေးမြင့်ကြူ