ကျန်းမာရေးအထောက်အပံ့ကောင်းများ ဖြစ်စေသတည်း
နိုင်ငံပိုင်သတင်းစာများတွင် ဆေးရုံ၊ ဆေးခန်းများ ၂၄ နာရီဖွင့်လှစ်ကာ လူနာများအား လက်ခံကုသပေးလျက်ရှိနေကြောင်း သတင်းဖော်ပြချက်များကို တွေ့ရသဖြင့် ဝမ်းသာပိတိ ဖြစ်ရသည်။ ယခုနှစ် ဖေဖော်ဝါရီလလယ်ခန့်မှစ၍ ဆေးရုံ၊ ဆေးပေးခန်းများတွင် ဆရာဝန်မရှိ၊ သူနာပြု မရှိ ဖြစ်သွားခဲ့ခြင်းကြောင့် ရောဂါဝေဒနာခံစားနေရသူများ သေသူ သေ၊ ပို၍ နာသူနာ ဖြစ်ခဲ့ရသည့် သတင်းများကို စိတ်မကောင်းစရာ ကြားသိခဲ့ရသည်မှ ယခုသတင်းများမှာ မင်္ဂလာ ရှိသောသတင်းလည်း ဖြစ်သည်။ သို့သော် လူနာနှင့် ဆရာဝန်၊ သူနာပြုအင်အား မလုံလောက် သေးသည်များက ရှိနေဆဲဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် CDM ဝင်သွားခဲ့သူ ဆရာဝန်၊ သူနာပြု ဆရာ ဆရာမများ ရှိနေသေးသောကြောင့်ဖြစ်သည်။
ဆရာဝန်ဆိုသည်မှာ သာမန်ဆရာများ မဟုတ်ကြပါ။ လူသားများ၏ ဝေဒနာကို သက်သာ ပျောက်ကင်းအောင် ကုသကယ်တင်ပေးနိုင်ကြသူများဖြစ်သည်။ တကယ်တော့ သမားတော် တစ်ဦး၊ ဆရာဝန်တစ်ဦး ဖြစ်လာဖို့ဆိုသည်မှာလည်း လွယ်လှသည်မဟုတ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်အများဆုံးရသူများသာ ဆေးတက္ကသိုလ် တက် ရောက်သင်ကြားခွင့် ရနိုင်သည်။ ဆိုရလျှင် ပညာဉာဏ်ရည် ထက်မြက် သူများသာ ဆေးပညာသင်ယူခွင့်ရကြသည်။ ဆေးပညာဘွဲ့ကိုလည်း လွယ်လွယ်ရယူနိုင်သည်မဟုတ်။ ဆေးကျောင်း ရှစ်နှစ်ကို အစွမ်းကုန် ကြိုးစားတက်ရောက် သင်ကြားဆည်းပူးခဲ့ကြရသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဆရာဝန် ဆိုသူများသည် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက် ထူးချွန်သူများဖြစ်ကြပြီး လူအများ လေးစားကြည်ညိုခြင်းကို ခံရထိုက် သူများ ဖြစ်ကြသည်။
တိုင်းရင်းဆေးဆရာများ
စာရေးသူ၏ ငယ်ဘဝကို ကျေးလက်တောရွာတွင် ကုန်ဆုံးခဲ့ရသည်။ ပြည်နယ် မြို့တော်နှင့် မိုင် ၇၀ ခန့်ဝေးကွာသည့်နေရာ၊ မြို့နယ်၊ မြို့နှင့် ၁၅ မိုင်ခန့် အလှမ်းဝေးသည့် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော နေရာတစ်ခုဖြစ်သည့် ကျေးလက်တွင် ၁၉၅၆ ခုနှစ်အထိ နေထိုင်ခဲ့ရ ခြင်းလည်း ဖြစ်သည်။ ပြည်တွင်းသောင်းကျန်းမှုအရှိန် အားကောင်းနေသောကာလ၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ၊ ဆေးရုံ ဆေးပေးခန်း မရှိ၊ ပညာသင်ကြားရန်ပင် ဘုန်းတော်ကြီး ကျောင်းများ၊ ကျေးလက် စပါးတောင်းကျောင်းများ(ရွာမှစုပေါင်းပြီး စပါးပေါ်ပေးစနစ်ဖြင့် ဆရာ ငှားရမ်း၍ သင်ကြားရသည့် ကျောင်းများကိုသာ အားထားနေရသည့် ဒေသတွင် စာရေးသူ၏ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသည်။ စာရေးသူ ငယ်ငယ် နို့စို့ကလေးအရွယ်က မိခင်တွင် နို့အနာ ဖြစ်သဖြင့် စာရေးသူမှာ နို့တစ်လုံးကိုသာ စို့ခဲ့ရသူဖြစ်သည်။ မိခင်၏နို့အနာ(နို့ကြောပိတ်ခြင်း) ကို တိုင်းရင်းဆေးဖြင့် ကုသခဲ့ရသည်ဟု ပြောပြသိရှိရဖူးသည်။ ဝေးလံ ခေါင်ပါးသည့် စာရေးသူတို့ဒေသတွင် စာရေးသူအပါအဝင် ကလေးသူငယ်များ၊ လူကြီးသူမများ အနေဖြင့် လည်း မကျန်းရေး မမာရေးတွင် တိုင်းရင်းဆေးသမားတော်များကိုသာ အားကိုးခဲ့ကြရသည်။
စာရေးသူ အသက်ရှစ်နှစ်အရွယ်က အူရောင်ငန်းဖျားရောဂါဖြစ်ပြီး သေလုမျောပါးခံခဲ့ရသည်ကို အမှတ်ရမိသည်။ စာရေးသူ၏ရောဂါကို တိုင်းရင်းဆေးဆရာကြီးတစ်ဦးက ကုသပေးခဲ့သည်။ အဆိုပါဆရာမှာ တိုင်းရင်းဆေးပညာကိုသာမက အင်္ဂလိပ်ဆေးပညာကိုလည်း အထိုက် အလျောက် နားလည်သူဖြစ်ရာ စာရေးသူအား ကုသရာတွင် တိုင်းရင်းဆေး သာမက အင်္ဂလိပ် ဆေးဖြင့်ပါ တွဲဖက်ကုသပေးခဲ့ကြောင်းကို အမှတ်ရမိသည်။
အပြုံးတစ်ချက် ဆေးတစ်ခွက်
လူအများတို့သည် အသက်သေမှာကို ကြောက်ရွံ့ တုန်လှုပ်တတ်ကြသည်။ မကျန်းမမာဖြစ်၍ ဝေဒနာခံစားရမည်ကို ကြောက်ရွံ့တတ်ကြသည်။ ရောဂါဝေဒနာဖြစ်ချိန်များ၊ သေလုနီးပါး ဖြစ်ချိန်များတွင် ရောဂါဝေဒနာမှ သက်သာအောင် ပျောက်ကင်းအောင် ကုသကယ်မပေးနိုင် သည့် ဆရာဝန်များ၊ သမားတော်များကို အားကိုးကြသည်။ ဆရာဝန် များသည် လူမျိုးမရွေး ဆင်းရဲချမ်းသာ အဆင့်အတန်းမခွဲခြားဘဲ လူနာများအား မိမိတို့၏ သွေးသားအရင်းကဲ့သို့ သဘောထားကာ ကုသပေးနေသူများ၊ ကုသပေးတတ်သူများ ဖြစ်ကြသည်။ ဆရာဝန်များ အနေဖြင့် လူနာတစ်ဦး၏အသက်ကို ကယ်လိုက်နိုင်သည့်အခါ ခံစားရသည့် ပီတိနှင့် အားရှိရ ကြောင်း သမားအိုတစ်ဦး၏ ပြောစကားကိုလည်း အမှတ်ရမိသည်။ ထို့အတူ လူနာများကို ကြိုးစားကုသရင်း သေမင်း လက်မှ ကယ်မဆွဲထုတ်ခြင်းမပြုနိုင်သည့် အခါများတွင်လည်း ပြော မပြနိုင်သည့် ဝေဒနာများကို ခံစားရမိတတ်သည်ဟု ဆိုသည်။ မည်သို့ဆိုစေ လူနာများ၊ လူနာ၏ဆွေမျိုးများက ဆရာဝန်များ ကုသပေးလိုက်သဖြင့် ရောဂါပျောက်ကင်းချမ်းသာ သွားလျှင် ဆရာဝန်များကို အသက် သခင် ကျေးဇူးရှင်များဟူ၍ ကျေးဇူးတင်မဆုံး ဖြစ်ရသည်။ အကယ်၍ ဆရာဝန်များ ကြိုးစားကုသပေးနေသည့်ကြားမှ အသက်ဆုံးရှုံးသွားရသည့်တိုင်လည်း ဆရာဝန်များကို အပြစ်မမြင်တတ်ကြ။ကံကုန်နေ့စေ့၍ ကွယ်လွန်ဆုံးပါးရခြင်း ဖြစ်သည်ဟု ဖြေသိမ့်တတ်ကြသည်။ ဆေးရုံ ဆေးပေးခန်းရောက်၍ ဆရာဝန်၏ နူးညံ့သိမ်မွေ့သောအပြုံး၊ ကရုဏာ မျက်ဝန်းများကို မြင်ရသည်နှင့်ပင် လူနာအတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့ရသည်။ မကုသမီကပင် ရောဂါတစ်ဝက် ပျောက်သည်ဟု လူနာများက အမှတ်ထားကြသည်။ ဆရာဝန် များ၏ ကြင်နာသောနှလုံးသား၊ နွေးထွေးစွာ ပွေ့ပိုက်ကြိုဆိုမှုများက လူနာများခံစားနေရသော ဝေဒနာနှင့် လူနာ၏ဆွေမျိုးသားချင်းများ ခံစားနေရသည့် သောကဝေဒနာများကို လျော့ပါးသွား စေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဤသည်ကပင် ဆရာဝန်များအပေါ် လူနာများ၏ အားကိုးအားထားပြုခြင်း၊ လေးစားမြတ်နိုး တန်ဖိုးထားခြင်း၏ ပြယုဂ်ဖြစ်သည်။ သမားတော်၊ ဆရာဝန်ဆိုသူများသည် လူအများ၏ သောကမီးကို အေးငြိမ်းပေးစေ နိုင်သူများဖြစ်ကြသည် မဟုတ်တုံလော။
ပျောက်ကွယ်သွားသော အကြင်နာနှလုံးသားများ
စာရေးသူတို့ငယ်ငယ်က ဆုံစည်းခဲ့ရဖူးသော တိုင်းရင်းဆေးသမားတော်များ၊ ဆေးဆရာများ၊ ဆရာဝန်များ၏ ကြင်နာနွေးထွေးသော အပြုံးများကို စာရေးသူတို့ မမေ့နိုင်သေးပါ။ ငယ်ငယ်က စာရေးသူအား ဆေးဝါးကုသပေးခဲ့သော တိုင်းရင်းဆေးဆရာကိုလည်း အမြဲသတိတရ ရှိနေဆဲ ဖြစ်သည်။ ရောဂါကုရန်လာတိုင်း ဆရာကြီး၏ အပြုံးများက စာရေးသူအတွက် အားဆေး တစ်ခွက်ဖြစ်ခဲ့သည်ကို အမှတ်ရမိသည်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်လာသည့်အခါ ဇရာကြောင့် ခံစားရသော ရောဂါဝေဒနာများကြောင့် ဆေးရုံဆေးခန်းများသို့ သွားရောက် ရသည့်အခါများတွင်လည်း ဆရာဝန်ကြီးများ၏ကြင်နာနွေးထွေးသော အပြုံးများကြောင့် စိတ်ချမ်းသာခဲ့ရသည်ကို အမှတ်တရရှိနေဆဲပင် ဖြစ်သည်။ တကယ်တော့ ဆရာဝန်များသည် နှလုံးသား နူးညံ့သိမ်မွေ့သူများ၊ ကြင်နာသနားတတ်သူများ၊ လူအများကို ရင်ဝယ်သားကဲ့သို့ သဘောထားတတ်သူများ၊ ရန်သူမိတ်ဆွေမခွဲခြားဘဲ ကုသပေးနိုင် သူများဖြစ်ကြသည် မဟုတ်တုံလော။
သို့ရာတွင် ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်လောက်မှစတင်ကာ ဆရာဝန်များသည် တာဝန် ကျရာ ဆေးရုံ ဆေးခန်းများကို စွန့်ခွာသွား ကြသည်။ မိမိတို့ကို အားကိုးနေကြသော လူနာများ အား ကျောခိုင်းထားခဲ့ကြသည်။ ဆရာဝန်(ဆိုသူများ) များသည် မိမိတို့ထိန်းသိမ်းရမည့် ကျင့်ဝတ်၊ သိက္ခာများကို ဘေးဖယ်သွားကြသည်။ အကြင်နာနှလုံးသားတို့ ပျောက်ကွယ် သွားကြသည်။ ဆရာဝန်များနှင့် လုံးလုံးမျှ မလိုက်ဖက်သော အမုန်းတရား၊ အာဃာတတရား၊ ဒေါသတရားများ ဖုံးလွှမ်းကုန် သည်။ ကရုဏာမျက်လုံးများသည် အမုန်းတရားများ ဖုံးလွှမ်း နေသော အကြင်နာတရားကင်းမဲ့သော မျက်လုံးများအဖြစ် ပြောင်းလဲကုန်သည်။ ဝမ်းနည်းစရာ ကောင်းလှပါ၏။ တိုင်းပြည်ကြီးအား အသက်ရှည်ကာ အနာမဲ့ကြောင်း ကုစားစောင့်ရှောက် ပေးရမည့်အစား တိုင်းပြည် ထိခိုက် ဒဏ်ရာရအောင် သွေးဆူသူများအဖြစ် ပြောင်းလဲ ကုန်သည်မှာ ဝမ်းနည်း စရာကောင်းလှသည်။ ဤသို့ဖြစ်သွားသည့် ဆရာဝန်များမှာ အများစု တော့မဟုတ်။ အကြောင်းအမျိုးမျိုးကြောင့် သွေးထိုးလှုံ့ဆော်သူများ ကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ရသူများလည်း ရှိခဲ့ကြသည်။
အခွင့်အခါကောင်း
ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ CDM ပြုလုပ်မှုနှင့်ပတ်သက်၍ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရေး ဆောင်ရွက် ကြရန်လိုကြောင်း၊ အချို့ဝန်ထမ်းများမှာ ၎င်းတို့အနေဖြင့် CDM တွင် ပါဝင်မှုမရှိပါက Social Punishment ပြုလုပ်ခံရမည်ကို ကြောက်ရွံ့ ခြင်း၊ မိမိတို့ တာဝန်ပျက်ကွက်ခဲ့မှုများကြောင့် အရေးယူခံရမည်ကို ကြောက်ရွံ့ခြင်းများကြောင့် တာဝန် ထမ်းဆောင်မှုများကို ဆက်လက်ပျက်ကွက်လျက်ရှိကြကြောင်း၊ ကိုယ်တိုင် ဦးဆောင်လှုံ့ဆော် မှုများတွင် မပါဝင်သည့် ဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိုက်သင့်သည့်အရေးယူမှုကိုသာ ဆောင်ရွက်မည်ဖြစ်ပြီး အလုပ်မှ ထုတ်ပယ်သည်အထိ အရေးယူမည်မဟုတ်ကြောင်း၊ ဝန်ထမ်းများအား CDM ပြုလုပ်ရန် ခြိမ်းခြောက်နေသူများအား သတင်းပို့တိုင်ကြားရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များလည်း ထုတ်ပြန်ထားပြီး ခြိမ်းခြောက်သူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ CDM ပြုလုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းခွင် သို့ အမြန်ဆုံး ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ပါက နိုင်ငံအတွက် ကောင်းမွန်သည့် အကျိုးရလဒ်များ ရရှိမည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ဧပြီ ၂၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး(၅/၂၀၂၁)တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့သည်ကို တွေ့ရသည်။
ဤပြောကြားချက်နှင့်အညီ CDM ပြုလုပ်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်ဝင်ရောက် နိုင်ရေးအတွက် “အကြောင်းအမျိုးမျိုးကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး အရေးယူခံရသည့် နိုင်ငံ့ဝန်ထမ်းများနှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ချက်”ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ က ဧပြီ ၂၈ ရက်က ထုတ်ပြန် ပေးခဲ့သည်။ ဤထုတ်ပြန်ချက်တွင် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး အရေးယူခံရသည့် နိုင်ငံ့ဝန်ထမ်းများအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်များကို လျှော့ပေါ့ပြောင်းလဲပေးပြီး နိုင်ငံ့ဝန်ထမ်းတာဝန်ကို ပြန်လည် ထမ်းဆောင် ခွင့်ပြုသွားမည့် အကြောင်းအရာများ ပါဝင်သည်။
CDM လှုပ်ရှားမှုတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ခဲ့သူ၊ ပါဝင်ခဲ့ရသူ ကျန်းမာရေး ဝန်ထမ်း များအနေဖြင့် ပြည်သူများ၏ မျက်နှာကိုထောက်ထားပြီး ဆေးရုံ ဆေးခန်းများသို့ ပြန်လည် ဝင်ရောက်လာနိုင်ရေး အခွင့်အလမ်းကောင်း အချိန်အခါလည်းဖြစ်သည်။ ဤသို့ အလုပ် ခွင်သို့ ပြန်၍ဝင်ရောက်လာခြင်းသည် နိုင်ငံတော်အတွက် ကောင်းမွန်သော အကျိုးကျေးဇူးများကို ရရှိ စေမည်လည်းဖြစ်သည်။အထူးသဖြင့် ငွေကြေးအကုန်အကျများသော အထူးကုဆေးရုံများ၊ ဆေးခန်းများတွင် ဆေးဝါးကုသရန်မတတ်နိုင်၍ အစိုးရဆေးရုံဆေးခန်းများတွင် ဆေးဝါးကုသ ခံနိုင်ရန် မျှော်လင့်နေကြသည့် ၉၆ ပါးသော ရောဂါဝေဒနာရှင် ပြည်သူများအတွက်လည်း မျှော်လင့်စောင့်စား အားတစ်ဦးပင် ဖြစ်ပေသည်။
စဉ်းစားဆင်ခြင်စေလိုပါသည်
စာရေးသူတို့လို သာမန်ပြည်သူများမှာ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကို ငယ်စဉ် ကတည်းကပင် ရယူခြင်းမပြုနိုင်ခဲ့ပါ။ တိုင်းရင်းဆေးဆရာများ၊ သမားတော်များကို အားထား ကြီးပြင်းခဲ့ကြ ရသည်။ ထိုထိုသော သမားတော်များကို စာရေးသူ မြတ်နိုးလေးစား တန်ဖိုးထား ပါသည်။ ယခုအခါ နယ်ပယ်ဒေသအနှံ့ ဆေးရုံ ဆေးပေးခန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီ။ လမ်းပန်း ဆက်သွယ်ရေးများလည်း ကောင်းမွန်ခဲ့ပြီ။ ထူးချွန်ထက်မြက်သော ဆေးပညာတတ်ကျွမ်းသူများ ကိုလည်း မွေးထုတ်ပေးလျက်ရှိသည်။ အနယ်နယ်အရပ်ရပ်တွင် မိမိတို့တတ်ကျွမ်းရာ ဆေးပညာ ဖြင့် ရောဂါဝေဒနာရှင်များအား ကုသပေးနေသူ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများအား ပြည်သူများက လေးစားမြတ်နိုး တန်ဖိုးထားကြသည်။ ဆရာဝန်များသည် မိမိတို့တတ်ကျွမ်း သော ဆေးပညာဖြင့် လူသားတို့၏ ဘ၀နှင့်အသက်ကို တန်ဖိုးထားလေးစား၍ ကာကွယ် စောင့်ရှောက်သူများ ဖြစ်ကြသည်။ ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်၊ သူနာပြု စသူများ၏ လုပ်ငန်းဆောင်တာအလုပ်ကို မွန်မြတ်သော အလုပ်အဖြစ်လည်း မြန်မာ့လူ့ဘောင်တွင် အလေးအနက်ထား မှတ်ယူထားကြသည်။
ဆရာဝန်များသည် ထူးချွန်ထက်မြက်သူများ၊ စဉ်းစားဆင်ခြင်နိုင် စွမ်းရှိသော ပညာတတ်များ လည်း ဖြစ်ကြသည်။ ဆရာဝန်များ စဉ်းစားသင့်ကြပါပြီ။ မိမိတို့ ကုသကယ်တင်ပေးရမည့် ဝေဒနာရှင်များ အတွက် စဉ်းစားပေးရန် လိုအပ်ကြပါမည်။ လူ့စွမ်းအားအရင်းအမြစ် ဖြစ်သော ဆရာဝန်များ၊ သူနာပြုများစသော ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများကို နိုင်ငံတော် အနေဖြင့် နှစ်ပေါင်းများစွာ ပြုစုမွေးထုတ်ပေးခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် ကျန်းမာရေးကဏ္ဍ အတွက်လိုအပ်သည့်အထောက်အကူပြုပစ္စည်းများ၊ ဆေးနှင့်ဆေးဝါး ပစ္စည်းများကို ဖြည့်တင်း ပေးကာ ပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှုအတွက် ဆောင်ရွက်ပေးလျက်ရှိနေသည်။
နိုင်ငံတော်၏ အထောက်အပံ့ အကူအညီများနှင့်အတူ ဆရာဝန်များသည် တိုင်းရင်းသား ပြည်သူများ အသက်ရှည်စွာ အနာမဲ့ကြောင်း နည်းလမ်းရှာ ကုစားပေးနေကြသူများဖြစ်ရာ ဆရာဝန်များသည် အစဉ်အမြဲ ကုသိုလ်ရနေကြသူများဖြစ်သည်။ လူအများသည် မိမိတို့ ကျန်းမာရေးကောင်းမွန်စေရန်ရည်ရွယ်ပြီး ဆေးရုံ၊ ဆေးပေးခန်းများ၊ သာသနာ့ ရိပ်သာများတွင် ဆေးဝါးလှူဒါန်းခြင်း၊ ဆေးပဒေသာပင် စိုက်ထူခြင်းများဖြင့် ကုသိုလ်ပြုလေ့ရှိသည်။ နိုင်ငံ့ ဝန်ထမ်း ဆရာဝန်များကတော့ သည်လိုဆေးဝါးလှူဒါန်းဒါနပြုရန်မလိုဘဲ နိုင်ငံတော်မှ ပံ့ပိုးပေး ထားသည့် ဆေးဝါးများကိုသုံးကာ စိတ်ရင်းစေတနာကောင်းဖြင့် ဝေဒနာရှင်များအား ကုသပေး ခြင်းဖြင့် နေ့စဉ်နှင့်အမျှ ကုသိုလ် ရယူနိုင်သူများ ဖြစ်ကြသည်။ မိမိတို့သင်ကြားဆည်းပူးခဲ့သော ပညာ၊ မိမိတို့သိရှိခဲ့ရသည့် အတွေ့အကြုံများဖြင့် ဝေဒနာရှင်များအား ပျောက် ကင်းအောင်၊ ဝေဒနာရှင်၏ မိဘ၊ သားသမီး၊ ဆွေမျိုးများ၏ သောကကင်းဝေးအောင် စွမ်းဆောင်နိုင်သူများ ဖြစ်သည့် ဆရာဝန်များအနေဖြင့် သမားကောင်းတစ်ဦး၏ ကိုယ်ကျင့်တရားနှင့် မွန်မြတ်သည့် ဂုဏ်သိက္ခာ အစဉ်အလာကို ထိန်းသိမ်းနိုင်ရေး ဆင်ခြင်ရန် လိုအပ်ကြပါမည်။
ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ကျန်းမာရေးဝန်ထမ်းများ အား လုပ်ငန်းခွင်ဝင်နိုင်ရေး နိုင်ငံတော်မှ ဖြေလျှော့ပေးထားချက်များသည် နိုင်ငံတော်နှင့် ဝန်ထမ်းများ အတွက်ပါ နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့်ဆောင်ရွက်ချက်ဖြစ်သည်။ ဤ ဆောင်ရွက်ချက်များကို ကျန်းမာရေးဝန်ထမ်းများအားလုံးအရ အမိဆုပ်ကိုင် အသုံးချသင့်ကြ ပါပြီ။ မိမိတို့၏ နှလုံးအိမ်တွင် အမြဲ စွဲထင်ရှိနေသော ဆရာဝန်စိတ်ဓာတ် (မေတ္တာရှေ့ ထားဆောင်ရွက်တတ်သော ဆေးကုသခြင်းအလုပ်) ကို မွေးမြူပြီး နိုင်ငံတော်၏ ကျန်းမာရေး အထောက်အပံ့ကောင်းများ ဖြစ်လာစေရန် မျှော်လင့်ကြို ဆိုနေမိပေသည်။
စွန်ရဲ