ပဏ္ဍိတာနဉ္စသေဝနာ
ဗုဒ္ဓ အဆုံးအမဖြင့် အောင်မြင်ခြင်း
ပညာရှိကို မှီဝဲဆည်းကပ်ခြင်းသည် မင်္ဂလာမည်၏
လူမိုက်များနှင့် မပေါင်းသင်းထိုက် ကြောင်း ပြောခဲ့ပြီးပါပြီ။ အသေဝနာစ ဗာလာနံကိုဟောပြီး ပဏ္ဍိတာနဉ္စ သေဝနာ၊ ပညာရှိများကို မှီဝဲဆည်းကပ်ခြင်းသည် မင်္ဂလာမည်၏ဟု ဗုဒ္ဓမြတ်စွာ ဘုရားက ဟောပါသည်။
ပညာရှိဆိုသည်မှာ
အတတ်ပညာတစ်ခုခုတတ်သူ၊ အသိပညာရှိသူ၊ အတွေ့အကြုံရှိသူ၊ စဉ်းစား တွေးခေါ်နိုင်ပြီး ဉာဏ်အမြော်အမြင်လည်းကြီးသူကို ပညာရှိဟု သတ်မှတ်လိုပါသည်။ အတတ်ပညာတစ်ခု တတ်ဖို့က အရေးကြီးပါသည်။ အတတ်ပညာတစ်ခု မတတ်လျှင် ပညာရှိ မဖြစ်နိုင်ပါ။
ကျောင်းမှာသင်လို့ရသည့် ပညာသည် အတတ်ပညာ ဖြစ်ပါသည်။ လေ့လာ ဆည်းပူးခြင်းမှ အသိပညာကို ရရှိပါ သည်။ အသိပညာကို နေ့စဉ် ရှာဖွေ ဆည်းပူးနေရန်လည်း လိုပါသည်။ အသိ ပညာ၊ အတတ်ပညာရှိသော်လည်း အတွေ့အကြုံမရှိလျှင် ပညာရှိ မဖြစ်နိုင် ပါ။ အတွေ့အကြုံမှ သင်ယူခြင်းတွေ လည်း ရှိရပါမည်။ အသိပညာ၊ အတတ် ပညာ၊ အတွေ့ အကြုံနှင့်အတူ စဉ်းစား တွေးခေါ်နိုင်သည့် ဉာဏ်အမြော်အမြင် လည်းရှိမှ ပညာရှိဖြစ်ပါသည်။
“လေ့လာသင်ကြားနေသော်လည်း စဉ်းစားတွေးခေါ်ခြင်း မပြုသူက လမ်းပျောက်နေသူပါ။ စဉ်းစားတွေးခေါ်သော်လည်း လေ့လာသင်ကြားခြင်း မလုပ်သူက လောကကို အန္တရာယ်ပေး နိုင်သူပါ” ဆိုသည့် အင်္ဂလိပ်အဆိုကိုကြည့်လျှင် လေ့လာသင်ကြားခြင်းနှင့် စဉ်းစားတွေး ခေါ်ခြင်း သည် အမြဲတွဲနေသည်ကို တွေ့ရပါမည်။
မြန်မာစကားပုံများ
မြန်မာစကားပုံနှင့် အဆိုများကို လေ့လာလျှင်လည်း ပညာရှိတစ်ယောက်တွင်ရှိရမည့် အရည်အချင်းများကိုသိနိုင်ပါသည်။ “ပညာရှိအမျက် ပြင်မထွက်” ဆိုသည့် စကားပုံ အရ ပညာရှိများသည် မိမိဒေါသကို မိမိထိန်းသိမ်းနိုင်သည်။ ဒေါသထွက်လာလျှင် ဒေါသ အလျောက် ချက်ချင်းတုံ့ပြန်ခြင်းကို ထိန်းနိုင်သူများဖြစ်သည်။ ဒေါသကို ကိုယ်ထိလက်ရောက် သော်လည်းကောင်း၊ နှုတ်နှင့် သော်လည်းကောင်း တုံ့ပြန်လေ့မရှိ၊ သည်းခံစိတ်မွေးသည့်အတွက် “ပညာရှိအမျက် ပြင်မထွက်ဟု ဆိုခြင်းဖြစ်မည်။ ဤအချက်များကြောင့် ပညာရှိများသည် အလွယ်တကူ နှင့် စိတ်မဆိုးတတ်သူ၊ ဒေါသမကြီးတတ်သူ၊ သည်းခံတတ်သူ ဟု ဆိုရပါမည်။
“ပညာရှိရန်သူထက်ပညာမဲ့မိတ်ဆွေက ဆိုးသည်” အဆိုကလည်း ပညာရှိ တစ်ယောက်၏ သဘောထားကို ဖော်ပြ ပါသည်။ ရန်သူသည် ပညာတတ်ခဲ့လျှင်၊ ပညာရှိခဲ့လျှင် တစ်ဖက်သားကို ဒုက္ခပေးရန် စဉ်းစားပါသည်။ တစ်ဖက်သားကို ဒုက္ခပေးလိုက်လျှင် ကံ၊ကံ၏အကျိုးအရ မိမိပြန်ခ ရမည်။ ဥပဒေကြောင်းအရလည်း ဒုက္ခရောက်နိုင်သည်ကို တွေးတောမိ၍ တစ်ဖက်သားကို ရန်မရှာတော့ပါ။ မိတ်ဆွေဖြစ်သော်လည်း ပညာမဲ့သူဖြစ်လျှင် မိမိလုပ်လိုက်သည့် အပြုအမူက တစ်ဖက်သားကို ထိခိုက် မည်ဆိုသည်ကို မစဉ်းစားနိုင်သည့်အတွက် မိတ်ဆွေဖြစ်လင့်ကစား ပညာမဲ့လျှင် ဒုက္ခပေးနိုင်သည်ကို သတိပြုရပါမည်။
မြန်မာစကားပုံ၊ အဆိုများအပြင် ပညာရှိနှင့် ပတ်သက်သည့် အင်္ဂလိပ် စကားပုံ၊ အဆိုများလည်း ဖော်ပြလိုပါသည်။ အင်္ဂလိပ်အဆိုတစ်ခုက “မည်သူ့ဆီကမဆို တစ်ခုခုကို သင်ယူလို့ရနိုင်တယ် ဆိုတာ ပညာရှိတွေက သိတယ်” ဟု ဆိုပါသည်။
ဤအဆိုအရ ပညာရှိများသည် တစ်ချိန်လုံး သင်ယူနေသည်ဆိုသည့် အဓိပ္ပာယ်ကို ရပါသည်။ မည်သူ့ထံက မဆို သင်ယူနိုင်၍ ရသည်ဆိုသည့် ခံယူ ချက်ထားပါသည်။ “ငါပညာတတ်တယ်။ ငါ အားလုံးထက်တတ်တယ်။ ငါပညာ ရှိတယ်။ ငါသင်ယူစရာ မလိုဘူး” ဆိုသူသည် ပညာရှိ မဟုတ်ပါ။ ပညာရှိများသည် အမြဲသင်ယူနေသူများ ဖြစ်ပါသည်။
သင်ယူဖို့အတွက်လည်း မာနမရှိပါ။ မည်သူ့ဆီကမဆို သင်ယူရန် ဝန်မလေး သူများဖြစ်ပါသည်။ သင်ယူချင်စိတ်ရှိသူသည် လူပြက်ပြက်သည့် ပြက်လုံးများမှလည်းကောင်း၊ လမ်းပေါ်တွင် ခေတ္တတွေ့လိုက်သူထံမှ လည်းကောင်း သင်ယူစရာတွေ ရှိနေမည်သာဖြစ်ပါသည်။
သတ္တိရှိခြင်း
“သတ္တိရှိတာနှင့် မိုက်ရူးရဲတာကို ခွဲခြားသိတာဟာ ပညာရှိပါ” ဆိုသည့် အင်္ဂလိပ်အဆိုရှိပါသည်။ သတ္တိရှိခြင်းနှင့်မိုက်ရူးရဲခြင်းသည် လုံးဝကွဲပြားခြားနားပါသည်။
ဤခြားနားချက်ကို သိသူက ပညာရှိဖြစ်ပါသည်။ သတ္တိရှိခြင်းနှင့် မိုက်ရူးရဲခြင်း၏ ကွဲပြားခြားနား မှုကို ဖော်ပြသည့် ဒုတိယမြန်မာနိုင်ငံတော် အချိန်ကာလက အဖြစ်အပျက်တစ်ခုကို တင်ပြ လိုပါသည်။ မင်းတရား တပင်ရွှေထီး လက်ထက်တွင် ရန်သူ့နယ်မြေ ဟံသာ ၀တီတွင် နားထွင်း သွားရန် ရွှေခွက်ဆွဲ သူရဲကောင်းရွေးပွဲ ကျင်းပပါသည်။ သူရဲကောင်းဖြစ်လိုသူသည် ပေပေါ်တွင် လက်မတင်၍ လက်မထိပ်ကို အပ်စိုက်ကာ တူဖြင့်ရိုက်ချတာကို ခံရပါသည်။ မျက်နှာမတွန့်မှ သူရဲကောင်းအဖြစ် အရွေးခံရပါသည်။ ထိုအခါ မင်းတရား တပင်ရွှေထီး၏ငယ်ကျွန်ရင်း ဗလရဲထင် အလှည့်ရောက်ပါသည်။ မျက်နှာတွန့်သွားသဖြင့် ဖယ်ထုတ်ခံရပါသည်။
ထိုအခါ တပင်ရွှေထီးက “ငါ၏ ငယ်ကျွန်ရင်းက သတ္တိနည်းသူပဲ” ဟု ဆိုလိုက်ပါသည်။ ထိုအခါ ဗလရဲထင်က “ကျွန်တော်မျိုး သွေးမနည်းကြောင်း ရွှေနန်းရှင်ကို ပြပါမည်” ဟု ဆိုကာ ခါးမှ ဓားဖြင့်ဗိုက်ကိုခွဲ၊ အူထုတ်ကာ ကျော်ထင် နေနော်ရထာလက်ထဲသို့ အူထည့်ပြီးပြေးရာ အူဆုံး လျှင် လဲကျသေဆုံးပါသည်။ မင်းတရားတပင်ရွှေထီးက “ငါ၏ ကျွန်ရင်းကား မိုက်ကား မိုက်၏။ သတ္တိ ကားမရှိ” ဟု မှတ်ချက်ပြုပါသည်။ မိုက်မဲခြင်းသည် အဆင်အခြင်မဲ့ ဆင်ကန်း တောတိုး ဆောင်ရွက်ခြင်းဖြစ်ပါသည်။ အေဒီ ၁၅၃၀ ခုနှစ်တွင် တပင်ရွှေထီးနန်း ရပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၈၀ ကျော်ကတည်းက တပင်ရွှေထီးသည် သတ္တိရှိခြင်းနှင့် မိုက်မဲခြင်းကို ခွဲခြားပြီး ပြခဲ့ပါသည်။ ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သည့် မင်းတရား တပင်ရွှေထီး သည် လက်ရုံးရည် နှလုံးရည်ပြည့်ဝရုံတင်မက ပညာရှိလည်း ဖြစ်သည်ကို တွေးမိပြီး မြန်မာ ဖြစ်ရသည်ကို ဂုဏ်ယူမိပါသည်။
ပညာရှိခြင်းနှင့် ပညာတတ်ခြင်း မတူပါ။ ပညာတတ်တိုင်း ပညာရှိမဖြစ် နိုင်ပါ။ သို့သော် ပညာရှိတိုင်းသည် ပညာတတ်ပါသည်။ အတန်းပညာ သင်ကြားသည့်အတွက် ပညာတတ် သော်လည်း မိမိဉာဏ်ကို အသုံးချပြီး တွေးတောခြင်း၊ စဉ်းစားခြင်း၊ တီထွင် ခြင်း မလုပ်နိုင်လျှင် သူတစ်ပါးခိုင်းတာ ကိုလုပ်ရပြီး သူတစ်ပါး၏ အစေအပါး ' သာ ဖြစ်ပါမည်။ တွေးခေါ်စဉ်းစား သည့်အခါ အမှားအမှန်ကို ခွဲခြားသိသည့် အတွက်လူသားကောင်းကျိုးကို ဆောင်ရွက်နိုင်ပါ သည်။ တွေးခေါ်စဉ်းစားခြင်းနောက်မှာ လူသားကောင်းကျိုးကိုပြုနိုင်သည့် တီထွင်မှုများ ပါလာပါသည်။ လူသားကောင်းကျိုးကို ပြုနိုင်သည့် တီထွင်မှုများကြောင့် ကျွန်တော်တို့၏ လူနေမှုဘဝများ ပိုမိုကောင်းမွန်လာ ပါသည်။
ပညာရှိများသည် မိမိအကျိုးထက် လူသားများ၏အကျိုးကို ကြည့်ကြပါသည်။
ဥပမာပေးရလျှင် ဂူဂယ် (Google) ကို တည်ထောင်သည့် လယ်ရီပေ့ချ် (Larry Page) နှင့် ဆာဂျရီဘရင်း (Surgery Brin) ကို ပြရပါမည်။ ဂူဂယ်ကို အင်တာနက်သုံးစွဲသူတိုင်း အခမဲ့သုံးစွဲ နိုင်ပါသည်။ ဂူဂယ်မရှိစဉ်က အီးမေးလ်ကို အခကြေးငွေပေး၍ သုံးစွဲခဲ့ရပါသည်။ ဂူဂယ်က ဂျီမေးလ်ကို အခမဲ့သုံးစွဲခွင့် ပေးခဲ့၍ လူသားသန်းပေါင်းများစွာ အကျိုးရှိခဲ့ပါသည်။ ကမ္ဘာပေါ်တွင် ဂျီမေးလ်သုံးစွဲသူ သန်း ၁၀၀၀ ကျော် ရှိပါသည်။ ဖေ့စ်ဘွတ် (Facebook)ကို တည်ထောင်ခဲ့သည့် မတ်ဇူကာဘတ် (Mark Zuckerberg) သည်လည်း ဖေ့စ်ဘွတ်ကို အခမဲ့သုံးစွဲခွင့်ပြုခဲ့ပါသည်။ ကမ္ဘာပေါ်တွင် ဖေ့စ်ဘွတ်သုံးစွဲသူ သန်း ၂၂၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်သုံးစွဲသူ ၁၀သန်းကျော် ရှိပါသည်။ ဖေ့စ်ဘွတ်တွင် မကောင်းသည့် အချက်များရှိသော်လည်း တစ်ဖက် တွင် လူသားများ၏ကောင်းကျိုးကို ပြုနေ သည်ကို ငြင်း၍မရပါ။ ဖေ့စ်ဘွတ်ကြောင့် ဝေးလံသည့် နိုင်ငံရပ်ခြားမှာနေသည့် မိသားစုဝင်များနှင့် လွယ်ကူစွာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်၍ ဗီဒီယိုစကားပြောနိုင်ပါသည်။ အခကြေးငွေပေးရန်မလိုပါ။ ဖေ့စ်ဘွတ်ကြောင့် နှစ်ရှည်စွာကွဲကွာနေသော မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ ပြန်လည်ဆုံတွေ့ခွင့် ရကြ သည်။ ဖေ့စ်ဘွတ်က ဆောင်ကြဉ်းပေးသော လူသားကောင်းကျိုးများကို ရေးရလျှင် တော်တော် ရေးရမည် ဖြစ်ပါသည်။ လယ်ရီပေ့ချ်၊ ဆာဂျရီဘရင်း၊ မတ်ဇူကာဘတ်စသည့် ပညာရှိများသည် အတန်းပညာ၊ အတတ်ပညာ၊ အသိပညာ ပြည့်စုံခြင်းသာမက မိမိပညာများကို ကွန့်မြူးကာ စဉ်းစားတွေးခေါ်သည့်အတွက် တီထွင်မှုများလုပ်နိုင်သည်။ လူသားကောင်းကျိုးများကို ဆောင်ရွက်နိုင်သည်။
ထို့ကြောင့် ဗုဒ္ဓဘုရားရှင်က ပညာရှိကို ဆည်းကပ်ကိုးကွယ်ခြင်းသည် မင်္ဂလာမည်၏ဟု ဟောခဲ့ ခြင်းဖြစ်ပါသည်။ အလိုရှိပါလျှင် ပညာရှိကို မိမိ အနားတွင် အမြဲထား၍ရပါသည်။ မိမိ အနားတွင် အမြဲထား၍ရသော ပညာရှိသည် စာအုပ်ဖြစ်ပါသည်။ စာဖတ်သည့် အလေ့အကျင့်ကို ပြုစု ပျိုးထောင်ရပါမည်။ စာများများ ဖတ်ရပါမည်။ သုတ စာပေ၊ ရသ စာပေအားလုံး ဖတ်ရပါမည်။ စာဖတ်ပြီးလျှင် တွေးရန်လိုပါသည်။ တွေးပြီးလျှင် စဉ်းစားရပါမည်။ စဉ်းစားပြီးလျှင် ဆင်ခြင်ရ ပါမည်။ ဆင်ခြင်သည့်အတွက် အမှားအမှန်ကို ခွဲခြားသိနိုင်ပါသည်။ အမှားအမှန်ကို ခွဲခြား သိသည့်အခါ အတွေးမှန်၊ အမြင်မှန်များရလာပြီး အလုပ်များလည်းမှန်လာပါမည်။ အတွေးမှန် အလုပ်မှန်သည့်အခါ ချမ်းသာအောင်မြင်မှုကိုလည်း ရမည်ဖြစ်ပါသည်။
မိမိပတ်ဝန်းကျင်တွင် မိမိကအတော်ဆုံး၊ အတတ်ဆုံးဖြစ်နေလျှင်လည်း ပတ်ဝန်းကျင်မှား နေသည်ဟု ဆိုရပါမည်။ မိမိတွင် သင်ယူဖို့အခွင့်အလမ်း နည်းသွား၍ ဖြစ်ပါသည်။ မိမိထက် အတတ်ပညာမြင့်မားသူ၊ အသိပညာ မြင့်မားသူ၊ အတွေးအခေါ်မြင့်မားသူများနှင့် ပေါင်းသင်းရန် လိုပါသည်။ မိမိနားတွင် ဝန်းရံထားရန်လိုပါသည်။ ပညာရှိတစ်ယောက်တွင် ရှိရမည့် အရည် အသွေးများကိုလည်း ဖော်ပြပြီး ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် မိမိလေးစားအားကျပြီး မိမိကိုလမ်းညွှန်မှု များပေးနိုင်သည့် ပညာရှိ ဆရာတစ်ဦးကိုလည်း ချဉ်းကပ်၍ တပည့်အဖြစ်ခံယူ၍ အကြံဉာဏ်များ တောင်းခံခြင်း၊ လိုက်နာ ခြင်း တို့လုပ်မှသာ ချမ်းသာအောင်မြင်မှုကို ရရှိပါမည်။
“မှတ်သားစရာ”
ပညာရှိကို တွေ့အောင်ရှာပါး တွေ့လျှင်ဆည်းကပ်ရပါမည်။ ပညာရှိများကို ဆည်းကပ်မှသာ မင်္ဂလာတရားတော်နှင့်အညီ ချမ်းသာအောင်မြင်မှုကို ရပါမည်။
ကျမ်းကိုး ၁။ တပင်ရွှေထီး၊ ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော်။ ဟိန်းဇေ။
၂။ ၂၁ရာစုတစ်လွှား လူသားအကျိုးပြု၍ ချမ်းသာအောင်မြင်လာသူများ။ ကျော်ကျော်လှိုင်။
၃။ ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှုလေ့လာခြင်း (ဒုတိယမြန်မာနိုင်ငံတော်)။ ကျော်ကျော်လှိုင်။
ဗုဒ္ဓအဆုံးအမဖြင့် အောင်မြင်ခြင်း စာအုပ်ပါ အကြောင်းအရာများသည် မင်္ဂလာတရားတော် ၃၈ ပါးအနက်မှ ၃၁ ပါးကို ခေတ်အမြင်ဖြင့် စာရေးသူက တစ်ပါးချင်းလေ့လာပြီး ဘဝအတွေ့အကြုံ များပါ ပေါင်းစပ်ရေးသားထားခြင်း ဖြစ်ပါသည်။ စာဖတ်သူပရိသတ်များအနေဖြင့် မင်္ဂလာ တရားတော်နှင့်အညီ လောကီအကျိုး၊ လောကုတ္တရာအကျိုးများ ရရှိဆင်ခြင်နိုင်စေရန် စေတနာ မွန်ဖြင့် ထုတ်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။
စာတည်းအဖွဲ့
ကျော်ကျော်လှိုင်