အလိမ္မာ စာမှာရှိသည်
“အလိမ္မာ စာမှာရှိသည်”ဟူ၍ မြန်မာတို့၏ ဆိုရိုးစကားရှိပါသည်။ စာထဲမှာ အလိမ္မာတွေ ရှိနေသည်ဟု ညွှန်ပြပေးနေသော မြန်မမာ့ဆိုရိုး စကား ဖြစ်ပါသည်။
အလိမ္မာဟူသည် “၁၊ ကျွမ်းကျင်တတ်မြောက်ခြင်း။ ၂။ ယဉ်ကျေးစွာပြုမူဆက်ဆံ တတ်ခြင်း။” ဟူ၍ မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုပေးထားပါသည်။ ပညာရပ်တစ်ခုခုကို ကျွမ်းကျင် တတ်မြောက်စေရန်နှင့် ယဉ်ကျေးစွာ ပြုမူဆက်ဆံတတ်စေရန်အတွက် အတတ်ပညာနှင့် အသိပညာတို့ လိုအပ်ပါသည်။ ထိုအတတ်ပညာနှင့် အသိပညာတို့က စာထဲမှာ ရှိနေပါသည်။ စာထဲမှာရှိနေသည့် အတတ်ပညာနှင့် အသိပညာတို့ကို ကိုယ်ပိုင်ဖြစ်အောင် မိမိရရ၊ ပိုင်ပိုင်နိုင်နိုင် ရယူထား ကြရမည် ဖြစ်ပါသည်။
အမိအရ၊ အပိုင်အနိုင်ရယူဖို့အတွက် စာတတ်ဖို့လိုပါသည်။ စာတတ်မှ စာဖတ်နိုင်ပေမည်။ စာဖတ်မှသာ စာထဲမှာရှိနေသော အသိပညာနှင့် အတတ်ပညာတည်းဟူသော “အလိမ္မာ"တွေကို တွေ့မြင်ရပေမည်။ တွေ့မြင်ရသည်များကို စုဆောင်း၊ မှတ်သား၊ သိမ်းဆည်းထားရပေမည်။ မမေ့မပျောက်အောင် ဦးနှောက်ဂိုဒေါင် အတွင်းသို့ ထည့်သွင်းသိမ်းဆည်းထားရပေမည်။ ဦးနှောက်ဂိုဒေါင် အတွင်း၌ ရှာဖွေစုဆောင်းသိမ်းဆည်းထားသည်များကို လိုအပ်သလို ထုတ်နုတ် သုံးစွဲနိုင်ပေသည်။ စာထဲမှ ရှာဖွေတွေ့ရှိရသမျှတို့သည် ဘဝလမ်းကြောင်းတစ်လျှောက်အတွက် အထောက်အပံ့ကောင်းများ ဖြစ်ပေသည်။ ဆိုရသော်စာဖတ်ခြင်းသည်ဘဝအတွက် ရတနာသိုက် ကို ရှာဖွေနေခြင်းဖြစ်သည်။ စာဖတ်ခြင်းဖြင့် ဘဝအတွက် ရတနာ သိုက်ကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်ပါသည်။
သမိုင်းမော်ကွန်းတင်နိုင်
ယနေ့မျက်မှောက်ကာလ၌ ကမ္ဘာတစ်ဝန်းရှိနိုင်ငံတကာ အသိုက်အဝန်း အားလုံးသည် “အစဉ် လေ့လာသင်ယူနေသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရှင်သန်ရေး”၊ “ဘဝ တစ်သက်တာသင်ယူရေး” စသဖြင့် တစ်ခဲနက်ကြွေးကြော်လာကြသည်။ ကျွန်ုပ်တို့ မြန်မာ လူ့ အဖွဲ့အစည်း အနေနှင့်မူကား ယခုမှ ထိုသို့ကြွေးကြော်နေသည် မဟုတ်ပေ။ ယခင် ရှေးနှစ်ပေါင်း များစွာကတည်းက ကြွေးကြော်နေခြင်း ဖြစ်ပါသည်။
မြန်မာလူမျိုးတို့နှင့်အတူ ဒွန်တွဲပူးကပ်ပါလာသော “ပညာလို အိုသည်မရှိ” ဟူ၍ ဆိုထုံးပြု ထားသည့် မြန်မာ့ဆိုရိုးစကားသည် ယနေ့ကမ္ဘာတစ်ဝန်းတွင် ကြွေးကြော်နေသည့် “ဘဝ တစ်သက်တာ သင်ယူရေး ” ဟူသော ကြွေးကြော်သံ၏ ရှေ့ပြေးပင်မဟုတ်ပါလော။
ထို့အတူ အင်းဝခေတ် ရဟန်းစာဆိုရှင်၊ ရှင်မဟာရဋ္ဌသာရ ၏“မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။" ဆုံးမ စာလင်္ကာကလည်း ယနေ့ကမ္ဘာတစ်ဝန်းတွင် ကြွေးကြော်နေ သည့် “အစဉ်လေ့လာသင်ယူနေသော လူ့အဖွဲ့အစည်းတည်ဆောက်ရေး" ဟူသော ကြွေးကြော် သံ၏ ရှေ့ပြေးပင် မဟုတ်ပါလော။
ပုဂံခေတ်က ဦးကျည်ပွေ့သည် “ပညာလို အိုသည်မရှိ” ဟူသော မြန်မာ့ဆိုရိုးစကား၏ ထင်ရှား ကျန်ရစ်ခဲ့သော သာဓကတစ်ရပ်ဖြစ်ပေသည်။ ထိုနည်းတူ အင်းဝခေတ်က ဝန်ဇင်းဘိုးရာဇာသည် မပြတ်မလပ် စာဖတ်ခြင်းအလေ့အထကြောင့် သာမန်ဆင်းရဲသား လယ်သမားဘဝမှ မင်းတိုင်ပင် ပညာရှိအမတ်ကြီးအဖြစ် ရောက်ရှိလာခဲ့သည်။ စာဖတ်ခြင်းကြောင့် ရရှိလာသော အကျိုး ကျေးဇူး၏ထင်ရှားကျန်ရစ်ခဲ့သော သာဓကတစ်ရပ်ဖြစ်ပေသည်။ စာပေသင်ယူခြင်း၊ စာပေ ဖတ်မှတ် လေ့လာခြင်း အလေ့အထကြောင့် ရှေးခေတ်မြန်မာလူမျိုးတို့၏ မြန်မာ့လူမှု အဖွဲ့ အစည်းသည် မြင့်မားဖွံ့ဖြိုးတိုးတက်ခဲ့ပေသည်။ ထို့ကြောင့် ပထမမြန်မာနိုင်ငံတော်ကြီး၊ ဒုတိယ မြန်မာနိုင်ငံတော်ကြီး၊ တတိယမြန်မာနိုင်ငံတော်ကြီးဟူ၍ သမိုင်းမော်ကွန်းတင်နိုင်ခဲ့ပေသည်။
အညွန့်ချိုးကာ စိတ်ကြိုက်ခြယ်လှယ်
သို့ရာတွင် နယ်ချဲ့ဗြိတိသျှတို့၏ ကြီးနိုင်ငယ်ညှဉ်း၊ နိုင်ထက်စီးနင်း နယ်ချဲ့ခြင်းကြောင့် ကုန်းဘောင်နိဂုံးအဆုံးသတ်ခဲ့ရသည့် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့အထိ မြန်မာလူမျိုးတို့၏ စာတတ်မြောက်မှုနှုန်းသည် ၈၅ ရာခိုင်နှုန်းအထိ မြင့်မားခဲ့သော်ငြား ဗြိတိသျှ နယ်ချဲ့ လက်အောက်မှ လွတ်မြောက် ပြီးစကာလတွင် မြန်မာလူမျိုးတို့၏ စာတတ်မြောက်မှု နှုန်းသည် ၃၅ ရာခိုင်နှုန်းအထိ လျော့ကျ သွားခဲ့ရပေသည်။ ထိုသို့စာတတ်မြောက်မှုနှုန်း လျော့ကျ သွားရခြင်းသည် ကိုလိုနီနယ်ချဲ့ အစိုးရက မြန်မာလူမျိုးတို့အတွက်သင်ယူမှုအခွင့် အလမ်းကို အဘက်ဘက်မှ ဖိနှိပ်၊ ချုပ်ချယ်၊ ပိတ်ပင်၊ တားမြစ်ထား သောကြောင့် ဖြစ်ပါသည်။ ဖတ်အား မှတ်အား အလွန်တရာအားကောင်းပြီးဉာဏ်ရည်ဉာဏ်သွေး၊ ကိုယ်ရည်ကိုယ်သွေးအလွန် တရာ မြင့်မားသော မြန်မာလူမျိုးတို့အား စာတတ်မြောက်မှုနှုန်း အလွန်တရာ လျော့ကျသွားပြီး စာမတတ်သူဦးရေ အလွန်တရာ များပြားလာအောင် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပေသည်။ စာမဖတ်သည့် လူမျိုး ဖြစ်လာစေရန်အတွက် စာမတတ်သည့်လူမျိုးဖြစ်လာစေရန် တမင်တကာ၊ တမင်သက်သက် ချိုးနှိမ်ထားခြင်းဖြစ်ပေသည်။
စာမတတ်၍ စာမဖတ်၊ စာမဖတ်၍ စာထဲမှာရှိသည့် အလိမ္မာတို့ကို မရနိုင်တော့ဘဲ အမှားအမှန်၊ အကောင်းအဆိုးဟူ၍ ကြောင်းကျိုးမျှော် မြင်ဆင်ခြင်နိုင်စွမ်း ကင်းမဲ့လာလေတော့၏။ ခြောက် လျှင်ကြောက်၏။ မြှောက်လျှင်မြောက်၏။ သွေးဆူလျှင် သွေးကြွ၏။ ဇာတိမာန်တို့ မှေးမှိန်လာ ၏။ မြတ်နိုးလေးစား တန်ဖိုးထားရသည့် မြန်မာတို့၏ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်များ၊ ဓလေ့ထုံးတမ်းစဉ်လာများနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ညှိုးနွမ်းလာ၏။ ဇာတိပုည ဂုဏ် မာနတည်းဟူသော မျိုးရိုးဂုဏ်ရှိန် ကိုယ်ခံအားလျော့ပါးလာ၏။ သို့နှင့် ကိုလိုနီနယ်ချဲ့ ဗြိတိသျှတို့က မြန်မာလူမျိုးတို့ကို အညွန့်ချိုးကာ စိတ်ကြိုက်ခြယ်လှယ်စိုးမိုး အုပ်ချုပ်လေ တော့၏။ နယ်ချဲ့ ဗြိတိသျှတို့က ကျွန်ုပ်တို့ မြန်မာတစ်မျိုးသားလုံးအား ကျွန်သက်တမ်းရှည် စေရန် အကြံအစည်ဖြင့် စာမတတ်သူ များပြားလာအောင် အကွက်ချကာ စီစဉ်ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။
နယ်ချဲ့ ဗြိတိသျှတို့က ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျွန်ုပ်တို့မြန်မာနိုင်ငံအား လွတ်လပ်ရေးကိုရော စာမတတ်သည့် အမွေဆိုးကိုပါ ပေးအပ်ထားရစ်ခဲ့ပါသည်။ ထို့ကြောင့် လွတ်လပ်ရေးရ ပြီးသည်နှင့် တစ်ပြိုင်နက် နိုင်ငံတော်ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့်အတူ “စာမတတ်သူပပျောက်ရေးလုပ်ငန်းစဉ်" ကိုပါ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ အင်တိုက်အား တိုက်ဆောင်ရွက်ကြရပါသည်။ စာမတတ်သူပပျောက်ရေး လုပ်ငန်းကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့ရာ တစ်နှစ်ထက်တစ်နှစ် စာမတတ်သူ ဦးရေ လျော့ပါးလာပြီး စာတတ်သူဦးရေ တိုးပွားလာခဲ့ခြေပြီ။
နည်းဗျူဟာနှစ်ရပ်ဖြင့် အကောင်အထည်ဖော်
ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးသည် နည်းပညာဖွံ့ဖြိုးရေးကို အဓိကထားပြီး ဦးစားပေး ဆောင်ရွက် နေကြပေပြီ။ အစဉ်လေ့လာသင်ယူ နေသော လူမှုအဖွဲ့အစည်း ဖြစ်ပေါ်ရှင်သန်နေသည့် နိုင်ငံများ က နည်းပညာဖွံ့ဖြိုးမှု ခိုင်မာအားကောင်းနေသည်ကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်နေရ ပေပြီ။ နည်းပညာဖွံ့ဖြိုးမြင့်မားသည်နှင့်အမျှ လူမှုဘဝသည်လည်း တိုးတက်မြင့်မားလျက် ရှိကြပေသည်။ လူမှုဘဝဖွံ့ဖြိုး နေမှုအတွက် နည်းပညာဖွံ့ဖြိုးနေမှုက အဓိကဖြစ်နေသလို နည်း ပညာဖွံ့ဖြိုးမှုအတွက် အစဉ်လေ့လာသင်ယူနေသော လူမှုအဖွဲ့ အစည်း ဖြစ်တည်နေဖို့ကလည်း အခရာဖြစ်နေသည်ကို လေးလေး နက်နက် သတိမူသင့်လှပေသည်။
ကျွန်ုပ်တို့သည်လည်း ကမ္ဘာနှင့်ယှဉ်ရင်ပေါင်တန်းနိုင်မည့် “အစဉ်လေ့လာသင်ယူနေသော မြန်မာ့လူမှုအဖွဲ့အစည်း " ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရပေမည်။ ထိုသို့ ဆောင်ရွက်ကြရာတွင် အစဉ်လေ့လာသင်ယူနေသော မြန်မာ့လူမှု အသိုက်အဝန်း ဖြစ်ပေါ်လာရေး၏ အဓိကသော့ချက်ကို မျက်ကွယ်ပြု ထား၍မရပေ။ ထိုအဓိကသော့ချက်မှာ “တစ်မျိုးသားလုံး ပညာရည် မြင့်မားရေး”အတွက်“တစ်မျိုးသားလုံး စာမတတ်သူပပျောက်ရေး” နှင့် “တစ်မျိုးသားလုံး စာတတ်မြောက်ရေး” ဖြစ်ပါသည်။ “တစ်မျိုးသားလုံး စာမတတ်သူ ပပျောက်ရေးနှင့် တစ်မျိုးသားလုံးစာတတ် မြောက်ရေး"ဟူသော မဟာဗျူဟာကို “ကုစားပေး ရေး”နှင့် “ကြိုတင်တားဆီးကာကွယ်ပေးရေး” ဟူသော နည်းဗျူဟာနှစ်ရပ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးနေပါသည်။
ယခုအခါတွင် ပညာရေးဝန်ကြီးဌာနရှိ ကျောင်းပြင်ပနှင့်တစ်သက် တာပညာရေးဦးစီးဌာနက “ကျောင်းနေအရွယ်လွန် သက်ကြီး စာမတတ်သူပပျောက်ရေး” လုပ်ငန်းကို “ကုစားပေးရေး နည်းဗျူးဟာ" နှင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့်နည်းတူ အခြေခံပညာ ဦးစီးဌာနကလည်း ကျောင်းနေအရွယ်လွန် သက်ကြီးစာတတ်သူ တိုးပွားမလာစေရေးအတွက် “ကြိုတင်တားဆီး ကာကွယ်ပေးရေး နည်းဗျူဟာ” ဖြစ်သည့် ကျောင်းနေအရွယ်အားလုံး ကျောင်းနေရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေသည်နှင့်အမျှ တစ်စတစ်စဖြင့် ကျောင်းနေ အရွယ်လွန် သက်ကြီးစာမတတ်သူလုံးဝ ပပျောက်သွားမည်ဖြစ်ပြီး တစ်မျိုးသားလုံး စာတတ် မြောက်မှုနှုန်း တိုးမြင့်လာမည်ဖြစ်ပါသည်။ ထိုသို့ တစ်မျိုးသားလုံး စာတတ်မြောက်မှုနှုန်း တိုးမြင့်အောင် ဆောင်ရွက်ပေးနေခြင်းသည် တစ်မျိုးသားလုံးပညာ ရည်မြင့်မားရေးအတွက် ဦးတည်ဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။ စာတတ်မြောက်မှုနှုန်း တိုးမြင့်လာသည်နှင့်အမျှ တစ်မျိုးသားလုံး ပညာရည်မြင့်မားလာမည်ဖြစ်ပြီး အစဉ်လေ့လာသင်ယူနေသော မြန်မာ့ လူမှုအဖွဲ့အစည်းကို ခိုင်မာရှင်သန်အောင် တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
ယနေ့ကာလတွင် “ကျောင်းနေအရွယ်အားလုံးကျောင်းနေရေး” နှင့် “ကျောင်းနေအရွယ်အားလုံး ပညာအခြေခံကောင်းများကို လေ့ကျင့်သင်ကြားပေးနေသည့် အခြေခံပညာများကို သင်ယူ ပြီးမြောက်ရေး” အတွက် နိုင်ငံတော်က အဘက်ဘက်မှ ဖြည့်ဆည်း ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိရာ မိဘပြည်သူများကလည်း တစ်ခဲနက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရပေမည်။ ထိုသို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းသည် မိဘပြည်သူတို့၏ ရင်နှစ်သည်းချာများ ဖြစ်ကြသည့် ယနေ့ကျောင်းနေအရွယ်အားလုံး၏ အနာဂတ်နှင့် အမိနိုင်ငံတော်၏ အနာဂတ်ကို “အေးငြိမ်း စည်ဝေသာယာစေရန်” ပုံဖော်ပေးနေခြင်းသာ ဖြစ်ပါသတည်း။ ။
ရေနံ့သာမောင်ကျော်ညွန့်