ဒေသဝမ်းစာ ဖူလုံရေးမှသည် လူမှုစီးပွားဖွံ့ဖြိုးရေးဆီသို့ ဦးတည်မည်
နွေကာလ ဧရာဝတီမြစ်ရေ နည်းချိန်ပင် ဖြစ်သော်လည်းတောင်သူများ သီးနှံစိုက်ပျိုးနိုင်ရန် ရေစုပ်စက်များဖြင့် စုပ်တင်၍ စိုက်ပျိုးရေပေးဝေသော လုပ်ငန်းကို တာဝန်ကျေစွာ လုပ်ဆောင် လျက်ရှိသည်။ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ကမ်းနီ ကျေးရွာတွင် ဖြစ်သည်။
အဆိုပါ ကမ်းနီလျှပ်စစ် မြစ်ရေတင်စီမံကိန်းကို ၁၉၇၈-၇၉ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၃-၈၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ထို့နောက် စီမံကိန်းကို ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီ (AFD) အထောက်အပံ့ ယူရိုငွေ ၁ ဒသမ ၅ သန်းဖြင့် ပြန်လည် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၁၆-၁၇ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၈-၁၉ ခုနှစ်တွင် ပြီးစီးခဲ့သည်။
မြစ်ရေတင်၍ စိုက်ပျိုး
ကမ်းနီ လျှပ်စစ်မြစ်ရေတင် လုပ်ငန်း ရေအသုံးချသူများအဖွဲ့ ဥက္ကဋ္ဌ ဦးလှအောင်က “တောင်သူ လုပ်တာ နှစ် ၃၀ လောက်ရှိပါပြီ။
ကျွန်တော်က ကမ်းနီ မြစ်ရေတင်ရဲ့ စက်တွေနဲ့ စိုက်ပျိုးရေကို ၁၉၉၀ ပြည့် နှစ်လောက်ကစပြီး ယူခဲ့တာပါ။ စက်တွေက ကောင်း ပေမယ့် နှစ် ၃၀ ကျော်သွားတော့ ယိုယွင်းမှုတွေ ရှိလာ တယ်။ မြစ်ရေတင်ပေးတဲ့ စက်စွမ်းအားတွေက ကျသွားတယ်။ အခုကျတော့ AFD အထောက်အပံ့နဲ့ စက်တွေ ပြန်ကောင်းလာတော့ အဆင်ပြေနေပါပြီ။ စက်သစ်တွေလုပ်ထားတာက သုံးနှစ် လောက်ရှိပါပြီ။ မြစ်ရေတင်နဲ့ စပါးနဲ့ အခြားသီးနှံတွေ စိုက်ပျိုးပါ တယ်” ဟု မြစ်ရေတင်၍ စိုက်ပျိုးဆောင်ရွက်နေပုံကို ရှင်းပြသည်။
ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းတွင် အသုံးပြုရေစုပ်စက် ၉ ကျူဆက်လေးလုံး၊ အသုံးပြု မော်တာ ၁၃၂ ကီလိုဝပ် လေးလုံး၊ အသုံးပြုပိုက် ၁၂ လက်မ သံပိုက်လေးလိုင်းဖြင့် မြစ်ရေကို စုပ်ယူပြီး အမြင့်ပေ ၈၇ ပေရှိသည့် ပင်မရေငြိမ်ကန်မှတစ်ဆင့် ပင်မမြောင်း အလျား ၂ ဒသမ ၆၂ မိုင်၊ လက်တံမြောင်း အလျား ၃ ဒသမ ၆၉ မိုင်ဖြင့် အကျိုးပြုဧက ၇၅၇ ဧကကို ရေပေးဝေ လျက်ရှိသည်။
လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတွင် အသုံးပြုရန် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ၊ ၁၁/၀ ဒသမ ၄ ကေဗွီ ဓာတ်အားခွဲရုံများကို တည်ဆောက်ထားပြီး အသုံးပြု ဆောင်ရွက်လျက်ရှိသည်။
မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေးက “ဒီဒေသက အလယ်ပိုင်းဒေသ မိုးနည်း တယ်။ ဒီလိုမိုးရေချိန်နဲ့ဆိုရင် တောင်သူတွေအနေနဲ့ ယာသီးနှံကိုပဲ စိုက်လို့ရမယ်။ မိုးက မမှန် တော့ သီးနှံအထွက်နှုန်းကို မှန်းလို့မရဘူး။ မိုးရေက လိုအပ်သလောက် ပမာဏကို မရနိုင်ဘူး။ ဒါကြောင့် တောင်သူတွေ သီးနှံစိုက်စွမ်းအားတိုးဖို့အတွက် လိုအပ်တဲ့အချိန်မှာ ရေပေးနိုင်မှ စိုက်စွမ်းအားက တက်လာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါ တယ်” ဟု ဆိုသည်။
ယခုအခါ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်းနှင့် မုတ်သုံ အထွက် စောခြင်းတို့ ဖြစ်ပေါ်လျက်ရှိရာ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေ လိုအပ်ချက်မှာ ပိုမိုများပြားလာသည်။
၅၃၀၂၄ ဧကကို စိုက်ပျိုးရေပေးဝေနိုင်
ထိုသို့သော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် မကွေးတိုင်းဒေသကြီးအတွင်းတွင် ကမ်းနီ မြစ်ရေ တင်စီမံကိန်းအပါအဝင် မြစ်ရေတင်လုပ်ငန်း ၃၀ ၊ ဆောင်ရွက်ဆဲ မြစ်ရေတင်လုပ်ငန်း တစ်ခုရှိပြီး စုစုပေါင်းမြစ်ရေတင်လုပ်ငန်း ၃၁ ခုမှ စိစစ်ဧက ၅၃၀၂၄ ဧကကို စိုက်ပျိုးရေ ပေးဝေနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
“အခုကျတော့ မြစ်ရေတင်နဲ့ တောင်သူတွေ စိုက်ပျိုးတဲ့အခါ စိုက်ချိန်ကို ပိုင်ပိုင်နိုင်နိုင် သတ်မှတ် နိုင်ပြီးတော့ သီးနှံရဲ့ ရေလိုအပ်ချက်အတိုင်းလည်း လိုအပ်ချိန်မှာ အချိန်မီပေးလို့ရတယ်။ ဥပမာ-စပါး အတွက်ဆို ရေလိုအပ်ချက်များပြီးတော့ ရေတင်က နေ မြေပြင်ချိန်၊ ပျိုးချိန်၊ စိုက်ချိန်တွေမှာ လက်တံအလိုက်၊ မြောင်းအလိုက် လျာထားစိုက်ပျိုးမှုအပေါ် မူတည်ပြီး WUGs WUA တို့နဲ့ ညှိနှိုင်းပြီး ရေလှည့်စနစ်နဲ့ လိုအပ်သလို ပေးဝေဆောင်ရွက်နိုင်ပါတယ်။ တောင်သူနဲ့ ကျွန်တော် တို့ ဌာနတို့ ညှိနှိုင်းပြီးဆောင် ရွက်တဲ့အတွက် တောင်သူတွေအတွက် လည်း ထိရောက်သလို ဌာနအတွက်လည်း ရေအလေ အလွင့်နည်းလို့ အဆင်ပြေတယ်။ စိုက်ပျိုးနိုင်မှု ကလည်း နှစ်စဉ်တိုးတက်လာတယ်၊ အခြားသီးနှံ အတွက်ဆိုရင်လည်း ဒီလိုပဲ ညှိနှိုင်းဆောင်ရွက်ပါတယ်” ဟု ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်း တာဝန်ခံက ဆိုသည်။
မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်မြစ် ရေတင် စီမံကိန်းများဖြင့် ၂၀၁၉-၂၀၂၀ မိုး/နွေ သီးနှံ ၂၃၈၆၂ ဧကကို စိုက်ပျိုးရေပေးဝေခဲ့သည်။ ၂၀၂၀၂၀၂၁ ခုနှစ်တွင် နွေသီးနှံ ၁၆၅၀၅ ဧကကို စိုက်ပျိုးရေပေးဝေရန် လျာထားခဲ့ရာ ယနေ့အထိ နွေစပါး ၄၇၀၅ ဧက၊ အခြားသီးနှံ ၁၀၅၅၉ ဧက စုစုပေါင်း ၁၅၂၆၄ ဧကကို စိုက်ပျိုးရေ ပေးဝေလျက်ရှိသည်။
ဒေသခံပြည်သူများအနေဖြင့် မြစ်ရေတင်စီမံ ကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် သီးနှံ တစ်ဧကအထွက်နှုန်း (Yield) တိုးတက်လာခြင်း၊ သီးနှံစိုက်စွမ်းအား (Cropping Intensity) မြင့်မားလာခြင်း၊ ဒေသဝမ်းစာဖူလုံမှု (Food Sufficiency) ပိုမိုလာခြင်း စသည့်အကျိုးကျေးဇူး များကို တိုက်ရိုက်ရရှိနိုင်မည်ဖြစ်သည်။
အကျိုးကျေးဇူးများရရှိမည်
ထို့ပြင် သောက်သုံးရေရရှိရေး၊ ဒေသစိမ်းလန်း စိုပြည်ရေး (Greening) အပေါ်ယံ မြေဆီလွှာ ဆုံးရှုံးမှု ကိုပြန်လည်ပြုပြင်ပေးနိုင်သည့်အကျိုး (Top Soil)၊ မြေအောက်ရေ ပြန်လည် ဖြည့်ဆည်းပေးနိုင်မှု (Ground Water Recharge)၊ တစ်ကိုယ်ရေသန့်ရှင်းမှု အကျိုး (Personal Hygiene)၊ မြောင်းစစ်ဆေးရေးလမ်းများကို ကျေးရွာချင်းဆက်လမ်းအဖြစ် အသုံးပြုနိုင်မှု အကျိုး (Line of Communication) စသည့် အကျိုးကျေးဇူးများကိုလည်း သွယ်ဝိုက်ရရှိမည်ဖြစ်သည်။
သို့သော် လျှပ်စစ်ဖြင့် ရေတင်ရသည့်အတွက် လျှပ်စစ်ဓာတ်အားခကုန်ကျစရိတ်ရှိရာ ရေပေးဝေ ရာတွင် သုံးစွဲရသည့် လျှပ်စစ်မီတာယူနစ်တန်ဖိုးများကို မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းသို့ ဌာနမှ ပေးချေရပြီး ရေတင်ခများကို ရေယူစိုက်ပျိုးသည့် တောင်သူများထံမှ နွေစပါး တစ်ဧကလျှင် ကျပ် ၉၀၀၀ နှုန်း၊ မိုးစပါးတစ်ဧကလျှင် ကျပ် ၆၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ကျပ် ၃၀၀၀ နှုန်းစသော သက်သာသည့် နှုန်းထားများဖြင့်သာ ပြန်လည် ကောက်ခံလျက်ရှိသည်။
မီတာခ ကုန်ကျစရိတ်သက်သာစေရန်အတွက် ရေတင်အမြင့်ပေနည်း သော လျှပ်စစ်ရေတင် လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် ဆိုလာလျှပ်စစ် စွမ်းအင် အသုံးပြု နိုင်ရေး စီမံချက်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေသောက်ဧရိယာအတွင်း သီးနှံပုံစံအမျိုးမျိုး စိုက်ပျိုးခြင်းနှင့် စိုက်ချိန်မတူညီခြင်းကြောင့် ရေ လိုအပ်ချက် ပိုမိုများပြားမှုကို ဖြေရှင်းဆောင်ရွက် နိုင်ရန်အတွက် ပူးပေါင်းပါဝင် ဆည်မြောင်း စနစ် (Participatory Irrigation Management-PIM) အဖြစ် မြစ်ရေတင်လုပ်ငန်းများတွင် ရေအသုံးချသူများအဖွဲ့ (Water User Group-HUG) နှင့်ရေအသုံး ချသူများအသင်း (Water User Association-WUA) တို့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်း တွင် ယနေ့အထိ ရေအသုံးချသူ များအဖွဲ့ (WUG) ပေါင်း ၅၃၉ ဖွဲ့နှင့်ရေအသုံးချသူများ အသင်း အဖွဲ့ (WUA) နှစ်ဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။
တောင်သူကိုယ်တိုင် ပါဝင်လုပ်ဆောင်
“မြစ်ရေတင် အသုံးပြုတဲ့ တောင်သူတွေက Water User Group (wUG) ဆိုပြီး ဖွဲ့ထားတာရှိပါ တယ်။ သူတို့ကို ပြည်ပနိုင်ငံတွေကို ပို့ဆောင်ပြီး သူများနိုင်ငံတွေမှာ ဘယ်လိုစိုက်ပျိုးပြီး အကျိုး ဖြစ်ထွန်းတယ်ဆိုတာကို လေ့လာစေတာမျိုးလည်း ရှိပါတယ်။ သူတို့ ကိုယ်တိုင်လည်း ဒီလို လေ့လာခဲ့တာကို ပြန်လည်အသုံးချတာကို တွေ့ရပါတယ်။ ပြီးတော့ ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီနဲ့ ပူးပေါင်းပြီး သင်တန်းတွေ ပေးထားပါတယ်။ တောင်သူကိုယ်တိုင် ပါဝင်လုပ်ဆောင် စေတဲ့အတွက် တောင်သူတွေဟာ မြစ်ရေတင်နဲ့ သူတို့ရဲ့လယ်ယာတွေ တိုးတက်လာ သလို ဒီမြစ်ရေတင်နဲ့ ပတ်သက်တဲ့စက်ပစ္စည်း ထိန်းသိမ်းမှု၊ ငွေစာရင်း ထိန်းသိမ်းမှုကအစ သင် တန်းတွေ ပေးထားပြီးဖြစ်တဲ့အတွက် ရေရှည်မှာ ဒီထက်ပိုမိုအောင်မြင် အကျိုးရှိမယ်လို့ ထင်ပါတယ်” ဟု လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေးက ဆိုသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် ကမ်းနီလျှပ်စစ် မြစ်ရေတင် စီမံကိန်း ဧရိယာအတွင်းရှိ WUG အဖွဲ့ဝင် တောင်သူများကို မြစ်ရေတင်နှင့် ပတ်သက်သည့် စက်ပစ္စည်းပြုပြင် ထိန်းသိမ်းမှု၊ ငွေစာရင်းထိန်းသိမ်းမှု၊ ရေအသုံးချမှု စသည့်နည်းပညာများကို ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ၏ အကူအညီဖြင့် သင်တန်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
“မြစ်ရေတင်စီမံကိန်းကို ကျွန်တော်တို့ ရေရှည် ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ သင်တန်းတွေ ပေးပါ တယ်။ ဒါ့အပြင် ရေကို စနစ်တကျသုံးစွဲတတ်အောင် စီမံခန့်ခွဲတဲ့ သင်တန်းတွေလည်းပေးပါ တယ်။ ဥပမာ ဆိုရရင် မြစ်ရေတင်နဲ့စိုက်ပျိုးတဲ့ တောင်သူတွေမှာ စိုက်ပျိုးရေယူတဲ့အခါ Water Source နဲ့ နီးတဲ့ တောင်သူက နောက်မှယူတဲ့စနစ်ပါ။ Water Source နဲ့ ဝေးတဲ့နေရာ၊ အဖျားက တောင်သူကို အရင်ဦးစားပေးရတယ်။ ပြီးမှတစ်ဆင့်ချင်းနဲ့ နီးတဲ့ တောင်သူကို ပေးတယ်။ အဲဒီလိုစနစ်တွေနဲ့ ရေကိုစနစ်တကျ အလှည့်ကျ အလေအလွင့်မရှိအောင် မျှဝေသုံးစွဲ အလေ့အကျင့်တွေ ရရှိလာပါတယ်” ဟု တောင်သူ ဦးလှအောင်က ဆိုသည်။
စိုက်ပျိုးရေပေးဝေရာတွင် စနစ်ကျပြီး အလေအလွင့်နည်းပါးစွာ အသုံးပြုနိုင်ရေး၊ စက်မှုနှင့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ၏ ဆောင်ရွက်နိုင်စွမ်းများ ပြည့်မီရေးတို့အတွက် ထိန်းသိမ်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသလို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ညှိနှိုင်း၍ စိုက်ပျိုးမည့်သီးနှံအလိုက် မြေစုဖွဲ့ခြင်း၊ သီးနှံပုံစံ (Cropping Pattern) များ သတ်မှတ်ခြင်း၊ ရေတင်အဆင့်အလိုက် အပြည့်အ၀စိုက်ပျိုးစေခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသက မိုးကနည်း၊ ရာသီဥတု က မမှန်တော့ မြစ်ရေတင်နဲ့က တောင်သူတွေ ပိုပြီး အဆင်ပြေတယ်။ မိုးကို မျှော်စရာမလိုတော့ဘူး။ သီးနှံအထွက်နှုန်းကို မှန်းလို့ရတယ်။ ဒါကြောင့် ကျွန်တော်တို့လို မြစ်ရေတင်စီမံကိန်းနဲ့ အဆင်ပြေနေတဲ့ တောင်သူတွေရှိတော့ စီမံကိန်းလုပ်လို့ရတဲ့ နေရာက တောင်သူတွေကလည်း လိုချင်လာကြတယ်။ စီမံကိန်းနေရာက တောင်သူကလည်း ပိုပြီးစိုက်လို့ရအောင် တိုးချဲ့ စေချင်ကြတယ်” ဟု လျှပ်စစ် မြစ်ရေတင် စီမံကိန်းဧရိယာမှ တောင်သူတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ ကြောင့် တောင်သူများ အကျိုးဖြစ်ထွန်းလာသည့် အတွက် သရက်ခရိုင် အောင်လံမြို့နယ် ကံမလေး ကျေးရွာအနီးတွင် စိုက်ပျိုးမြေဧက ၃၀၀ ကို စိုက်ပျိုးရေပေးဝေနိုင်မည့် ကံမလေး မြစ်ရေတင်စီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
ဒေသနေပြည်သူများအတွက် မြစ်ရေတင် လုပ်ငန်းများအပါအဝင် မြေသဘာဝပေးသော ဒေသ များနှင့် ရေရှားပါးသောဒေသများတွင် သောက်သုံးရေ စက်ရေတွင်းများ တူးဖော်ပေးခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကြောင့် ဒေသနေ တောင်သူများသည် သဝမ်းစာဖူလုံလာမှု၊ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမှုအပြင် သောက်သုံးရေအတွက် အထောက်အကူ ဖြစ်စေ ခြင်း၊ ဒေသစိမ်းလန်းစိုပြည်လာခြင်း စသည့်အကျိုး ကျေးဇူးများနှင့်အတူ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ခြင်းများကိုပါ ရရှိလာတော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ကေတာ