အသိပညာ ဗဟုသုတများကို ဖွေရှာ၍ မိမိနိုင်ငံ မိမိလူမျိုးဂုဏ်ကို ပြန်လည်မြှင့်တင်ကြပါစို့
မောင်ငြိမ်းအေး
ပြည်တွင်း/ ပြည်ပ နိုင်ငံခြားခရီးသွားများအနက် တစ်ကိုယ်တည်း ခရီးသွားတို့သည် အများအားဖြင့် အဖော်သဟဲအဖြစ် ဖတ်စရာ စာအုပ်တစ်အုပ်အုပ်ပါလာတတ်သည်။ ခရီးသွားလာရာတွင် နားနေ သည်ဖြစ်စေ၊ ကား၊ ရထား၊ လေယာဉ်စီးနေစဉ်ဖြစ်စေ စာအုပ်တစ်အုပ် အုပ်ဖြင့် အဖော်လုပ်နေလေ့ရှိသည်ကို တွေ့ရတတ်သည်။ အမှီခရီး သွားတို့သာမဟုတ် တိုးတက်သည့် နိုင်ငံရပ်ခြားတိုင်းပြည်များ တွင် သိစရာ၊ မှတ်စရာစာအုပ်တို့ကို ယနေ့တိုင်ဖတ်ရှုလေ့လာနေကြဆဲ ဖြစ်သည်။
ကျွန်ုပ်တို့နိုင်ငံတွင် ရှေးအခါက စာဖတ်သည့်အလေ့အထ ရှိသော်လည်း ယခုအခါ စာပေလေ့လာဖတ်ရှုမှု အတော်နည်းပါးသွားပြီ ဟုဆိုနိုင်သည်။ အကြောင်းမှာ သတင်းအချက်အလက်နှင့် တိုးတက် သည့် နည်းပညာခေတ်တွင် စာအုပ်အစား စိတ်ဝင်စားစရာ နည်းပညာ များက အစားထိုးနေရာယူလာသည်။ တိုင်းပြည်မှာ မချမ်းသာ၊ အားလုံးမှာ ရုန်းကန်နေရသောကြောင့်ဟု ဆိုသည်။ အရာရာတွင် စားသုတ်သုတ်၊ လာသုတ်သုတ်၊ အစဉ်အမြဲ သုတ်သုတ်ဖြစ်နေပြီး အချိန်မပေးနိုင်။ ဖတ်ရှုလိုသောစာအုပ်ကို ဝယ်ရ၊ ငှားရဖြင့် အချိန်ကုန်၊ ငွေကုန်သည့်အလုပ်ဟု ဆင်ခြေပေးလျှင် ပေးနိုင်ပါသည်။
စိတ်ခွန်အားကြွယ်ဝ အမှန်တကယ်တွင် စာဖတ်ခြင်းအလေ့အထမှာ ဆင်းရဲခြင်း၊ ချမ်းသာခြင်းနှင့်လည်း မဆိုင်။ ခေတ်မီခြင်း၊ ခေတ်မမီခြင်းနှင့်လည်း မပတ်သက်၊ စာဖတ်လိုသည့် စိတ်ရှိခြင်းသာ လိုရင်းဖြစ်သည်။ ဆန္ဒသာရှိနေမည်ဆိုလျှင် မည်သည့်အခြေအနေမျိုးတွင်မဆို မဖြစ် မနေ အချိန်အတိုင်းအတာတစ်ခုယူ၍ စာဖတ်ကြမည်သာဖြစ်သည်။ စာဖတ်ခြင်းသည် အသိအမြင် ဗဟုသုတတိုးခြင်း၊ စာဖတ်ခြင်းသည် စဉ်းစားဆင်ခြင် ဉာဏ် မြင့်မားခြင်း၊ တွေးခေါ်ယူဆမှု တော်တည့် မှန်ကန်ခြင်း၊ လက်တွေ့နယ်ပယ်တွင် စကားပြောကြွယ်ဝခြင်း စသည့် စာဖတ်ခြင်းအကျိုးများ များစွာရှိသည်။ စာဖတ်ခြင်းသည် စိတ်ကို အာဟာရကျွေးခြင်းဖြစ်သည်။ စိတ်အာဟာရ ကျွေးထားသဖြင့် စိတ်ခွန်အား ကြွယ်ဝသူဖြစ်နေလိမ့်မည်။
ယနေ့ကမ္ဘာတွင် နည်းပညာများ နေ့စဉ်နှင့်အမျှ ပြောင်းလဲ တိုးတက်နေသည်။ နည်းပညာပစ္စည်းအကူအညီဖြင့် စာဖတ်ခြင်းနှင့် စာအုပ်စာပေကို ကိုယ်တိုင်ကိုင်တွယ်ဖတ်ရှုခြင်း၏ အကျိုးရလဒ်မှာ များစွာကွာခြားသည်။ စာအုပ်စာပေသည် မှတ်တမ်းမှတ်ရာများကို မှတ်သားထားရှိနိုင်သည်။ မှတ်တမ်းမှတ်ရာများကို အချိန်မရွေး ပြန်လည်ရှာဖွေ ဖတ်ရှုနိုင်သည်။ တစ်ကြိမ်မက အကြိမ်ကြိမ်ပြန်လည် ဖတ်ရှုနိုင်ပြီး စာနှင့်မျက်နှာ အပ်ထားသော်လည်း မျက်စိအမြင်အာရုံကို ထိခိုက်ခြင်းမရှိပေ။
မည်မျှရှည်လျားသော အကြောင်းအရာဖြစ်စေ တစ်ထိုင်တည်း ဖြင့် ပြီးဆုံးအောင် ဖတ်ရှုနိုင်သလို မအားလပ်သဖြင့်၊ အချိန်မရသဖြင့် ခေတ္တမှတ်သား ရပ်နားထားနိုင်သည်။ မှတ်တမ်းမှတ်ရာ အထောက် အထားတစ်ခုအဖြစ် ရယူနိုင်ပြီး စာပေဟင်းလေးအိုးကြီးအဖြစ် အချိန်အခါမရွေး စားသုံးနိုင်သလိုအခြားသူများ အားလည်း နှစ်သက် ရာနည်းလမ်းအမျိုးမျိုးဖြင့် ပြန်လည်မျှဝေပေးနိုင်သည်။ မိမိတို့ သိုမှီးထားသည့် စာအုပ်၊ စာပေတို့သည် အချိန်ကာလကြာမြင့်လာသည် နှင့် ကာလကြာလေ တန်ဖိုးရှိလေဖြစ်သည်။
လွယ်လင့်တကူဖတ်ရှု နည်းပညာကြားခံပစ္စည်းတစ်ခုခုကို အသုံးပြု၍ စာဖတ်ခြင်း၊ သည် ကြားခံပစ္စည်း၏ အရောင်ပြန်ထုတ်လွှတ်မှုကြောင့် စာကို တာရှည်ကြာမြင့်စွာ ဖတ်ရှုနိုင်ခြင်းမရှိချေ။ မျက်စိအမြင်အာရုံကိုလည်း ထိခိုက်စေသည်။ အသက်အရွယ်ကြီးသူများအတွက် မျက်စိ ကျန်းမာရေးကို ထိခိုက်နိုင်သည်။ အသက်ငယ်သူများ လည်း အလွန် အကျွံသုံးစွဲလျှင် ကြာလျှင် မျက်မှန်တပ်သည့်ဘဝကို ရောက်နိုင်သည်။
နည်းပညာပစ္စည်းကို အသုံးပြုလျှင် အသုံးပြုသလောက် ကျသင့် ဝန်ဆောင်ခများကို ပေးဆောင်ရသည်။ ခရီးသွားလျှင် တာရှည် အသုံးမပြုနိုင်ချေ။ မှတ်တမ်းမှတ်ရာ အထောက်အထားရယူနိုင်ခြင်း မရှိ။ မှန်ကန်မှုကိုလည်း တာဝန်မယူနိုင်။ အကျိုးရလဒ်မှာ အချိန်တို အတွင်း အချိန်နှင့်တစ်ပြေးညီ လွယ်လင့်တကူ ဖတ်ရှုနိုင်ခြင်း ဖြစ်သည်။
အားကျစရာစာပေ ကျွန်ုပ်တို့ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများမှာ တိုးတက် လာကြသည်။ စာဖတ်ခြင်း၊ ပညာဆည်းပူးခြင်း အကျိုးရလဒ်များ ဖြစ်သည်။ ယင်းနိုင်ငံများအနေဖြင့် နည်းပညာပိုင်းတွင် ခေတ်မီ တိုးတက်လာသော်လည်း နိုင်ငံသူ နိုင်ငံသားများမှာ စာဖတ်ခြင်းအလေ့ အထကို မပစ်ပယ်ကြချေ။ အိမ်နီးချင်းနိုင်ငံကြီးတစ်နိုင်ငံတွင် မြို့ကြီး များ၌ စာအုပ်စင်တာကြီးများရှိ၏။ မြန်မာနိုင်ငံမှ ရှောပင်းမောလ်၊ ပလာဇာကြီးများထက်ပင်ကြီး၏။ စက်လှေကား၊ ဓာတ်လှေကားဖြင့် အထပ်ပေါင်းများစွာ တက်ရ၏။ အထပ်တစ်ထပ်စီတွင် ဘာသာရပ် အလိုက် စာအုပ်များ ခင်းကျင်းထား၏။
၎င်းတို့နိုင်ငံမှထုတ်ဝေသော စာပေမျိုးစုံတို့သာမက နိုင်ငံများမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားသော စာပေမျိုးစုံတို့ကို တစုတဝေး
တည်းတွေ့ရ၏။ နေ့စဉ်နှင့်အမျှ လာရောက်လေ့လာဖတ်ရှု ဝယ်ယူသူ များမှာ ကြိတ်ကြိတ်တိုး စည်ကားလှသည်။ စာအုပ်ပွဲတော်ကြီးပင် ဖြစ်၏။ စာအုပ်ရင်ပြင်တွင် ဘေး၌ ထိုင်စရာ၊ နားနေစရာလေးများရှိ၏။ စိတ်ဝင်စားရာ စာအုပ်များကိုကောက်ယူ၍ မြည်းစမ်းကြည့်၍ရ၏။ ကြိုက်လျှင် စာအုပ်များကိုတွန်းလှည်းတွင်ထည့်၊ ကောင်တာတွင် ငွေရှင်း၍ အလျှိုလျှို ဝယ်ယူသွားကြသည်။
စာအုပ်စာပေလာရောက်လေ့လာ၊ ဖတ်ရှုဝယ်ယူကြသူများမှာ ပျားပန်းခပ်မျှ အားရဖွယ်ကောင်းလှ၏။ ပျားငယ်လေးများ
အိမ်ဖွဲ့ကြသကဲ့သို့ စာပေအသိုက်အမြုံကြီးထဲတွင် စုပြုံတိုးဝှေ့ကာ ပညာရည်ချို အသီးသီးစုယူလျက်ရှိသည်။ ပညာအသိုက်အမြုံကြီးမှ ပေးဝေလိုက်သော အသိပညာအမွေအနှစ်တို့သည် လူသားအရင်း ( အမြစ်များဖြစ်ပေါ် လာပြီး ပညာနိုင်ငံတော်၊ တိုးတက်သောနိုင်ငံ အသစ်အသစ်ကို တည်ဆောက်လျက်ရှိသည်။
သူတို့သည် အသိပညာများကို ဖွေရှာ၍ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံ ဖြစ်လာခဲ့သည်။ ချမ်းသာပြီးရင်းချမ်းသာအောင် ပညာဖြင့် ရင်းနှီးကြ သည်။ ကျွန်ုပ်တို့မှာ ပညာလည်းမရှာ၊ မချမ်းသာလည်းမချမ်းသာ။ မချမ်းသာ၍ ပညာဗဟုသုတမရှာနိုင်ကြပါဟု ဆင်ခြေပေးကြ၏။ မချမ်းသာ၍ ပညာမရှာ၊ ပညာမရှာ၍ မချမ်းသာ ဆင်းရဲတွင်းသံသရာ လည်ကြရသည်။
အရေးပါအရာရောက် ချမ်းသာသည်ဖြစ်စေ၊ မချမ်းသာသည်ဖြစ်စေ ပညာဗဟုသုတ ရလိုခြင်းသာ လိုရင်းဖြစ်သည်။ ပညာဗဟုသုတကို မည်သို့ရှာမည် နည်း။ “ပညာရှာ ပမာ သူဖုန်းစား”၊ “ပညာလို အိုသည်မရှိ”၊ “ပညာ မရှိ သူ့အစေ အပါးကျွန်”၊ “ပညာတတ်မှ အမျိုးမြတ်”၊ “ပညာမြတ် မှ အတတ်စုံ”၊ “ပညာရဲရင့် ပွဲလယ်တင့်” စသည့် မြန်မာတို့၏ ဆိုရိုး စကားနှင့်အညီ ပညာမျိုးစုံတို့ကို အခါမလပ် ရှာဖွေဆည်းပူးအားထုတ် အပ်၏။
အသိပညာဗဟုသုတတို့ကို ရှာဖွေလေ့လာရာ၌ မြန်မာစာပေတွင် စာပြုသူတို့အပေါ် မူတည်၍ ပင်မစာပေ နှစ်မျိုးနှစ်စားရှိပါသည်။ စိတ်ကူးဖြင့် ဖန်တီးဖွဲ့ဆိုသော “ရသစာပေ”နှင့် တကယ်ဖြစ်သော အကြောင်းတစ်ရပ်ရပ်ကို ရေးသားထားသည့် “သုတစာပေ” ဟူ၍ ရှိသည်။ ယင်းနှစ်မျိုးအနက် စိတ်ခံစားမှုပေးသော ရသစာပေထက် လက်တွေ့ကျသော သုတစာပေ၏ အရေးပါအရာရောက်မှုမှာ အလွန်ကျယ်ဝန်းပါသည်။
“သုတစာပေသည် တိုင်းပြည်၏ ကံကြမ္မာကို တစ်နည်းတစ်ဖုံ ဖန်တီးသည် ...”ဟူသော အဆိုရှိပါသည်။ မြန်မာ့သုတစာပေသမိုင်းကို ၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်း ခေတ်၊ ကုန်းဘောင်ခေတ်ဟု ခေတ်ကာလပိုင်းခြား၍လည်းကောင်း၊ စွယ်စုံကျမ်း၊ အဘိဓာန်ကျမ်း၊ သဒ္ဒါကျမ်း စသည့်စာပေအမျိုးအစား အားဖြင့်လည်းကောင်း ပိုင်းခြားလေ့လာဆန်းစစ်သောအခါတွင် သုတစာပေသည် တိုင်းပြည်၏ ကံကြမ္မာကို သိသာထင်ရှားစွာ ဖန်တီးသည်ဟူသောအချက်ကို ထင်ရှားစွာ တွေ့မြင်ရပါသည်။
မြန်မာစာပေ ပေါ်ဦးစ ပုဂံခေတ်ကာလကပင် သုတစာပေ ထွန်းကားခဲ့ပါသည်။ ဘာသာရေးသုတစာပေထွန်း ကားသဖြင့် မင်းနှင့် ပြည်သူညီညွတ်စွာဖြင့် နိုင်ငံတော်သာယာမှု၏အကျိုးကို သယ်ပိုးနိုင် ခဲ့သည်။ မင်းနှင့်ပြည်သူ ကြည်ဖြူစွာဖြင့် ဗုဒ္ဓဘာသာအခြေခံအုတ်မြစ် ကြီးကို ချနိုင်ခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)