ဗုဒ္ဓအကြောင်း သိကောင်းစရာ မှတ်တမ်း
ဆရာကြည်
ဒီပင်္ကရာဘုရားထံ၌ ဗျာဒိတ်ရခြင်း “ဤကမ္ဘာမှ နောက်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၌ ဂေါတမမည် ဘုရားဖြစ်လိမ့်မည်” ဟူသော အနာဂတံသဉာဏ်ဖြင့် ဆင်ခြင်၍ ဒီပင်္ကရာဘုရားမှ ဗျာဒိတ်ပေးတော်မူခဲ့၏။ ဒီပင်္ကရာဘုရားသည် အရပ်တော် အတောင်ရှစ်ဆယ်ရှိသည်။ ရဟန္တာ ၈၄၀၀၀ ခြံရံလျက် ရှိ၏။ သက်တော်သည် အနှစ်တစ်သိန်းပြည့်သည့်အခါမှ ပရိနိဗ္ဗာန် ပြုသည်။
ကောဏ္ဍညဘုရားထံ၌ ဗျာဒိတ်တော်ခံယူခြင်း
ဤဘုရားပွင့်ချိန်၌ ဂေါတမဗုဒ္ဓသည် “ဝိဇိတာဝီ” အမည်ဖြင့် စကြာမင်းကြီးဖြစ်၏။ “အရှင်မင်းကြီးသည် နောင်သောအခါတွင် ဂေါတမ”မည်သော ဘုရားရှင်ဖြစ်မည်ဟု ဗျာဒိတ်တော်ပေးတော်မူခဲ့ပါ သည်။ ကောဏ္ဍညဘုရားသည် အရပ်တော် ၂၄ တောင်မြင့်၏။ အသက် တော် အနှစ်တစ်သိန်းပြည့်သော် ပရိနိဗ္ဗာန်စံတော်မူ၏။
မင်္ဂလဘုရားထံ၌ ဗျာဒိတ်တော်ခံယူခြင်း
ကောဏ္ဍညဘုရား လွန်မြောက်ပြီး၍ မင်္ဂလ၊ သုမန၊ ရေဝတ၊ သောဘိတဘုရားလေးဆူ ပွင့်တော်မူခဲ့၏။ မင်္ဂလဘုရားရှင် ပွင့်တော် မူခိုက်၌ ဂေါတမဗုဒ္ဓသည် “သုရုစိ” မည်သော ပုဏ္ဏားဖြစ်ခဲ့ပါ၏။ မင်္ဂလဘုရားမှ “နောင် နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတွင် ဂေါတမမည် သော ဘုရားဖြစ်မည်ဟု ဗျာဒိတ်တော်” ပေးခဲ့သည်။ ၎င်းမင်္ဂလဘုရား သည် အရပ်တော် အတောင်ရှစ်ဆယ် အမြင့်ရှိ၏။ သက်တော် အနှစ် ကိုးသောင်းရှည်၏။ ၎င်းနောက် ပရိနိဗ္ဗာန်စံတော်မူ၏။
သုမနဘုရားထံ၌ ဗျာဒိတ်တော်ခံယူခြင်း
သုမနဘုရားရှင် ပွင့်တော်မူချိန်၌ ဂေါတမဗုဒ္ဓသည် အတုလ မည်သော နဂါးမင်းဖြစ်နေ၏။ ယင်းဘုရားရှင်က “အသင် အတုလ မည်သော နဂါးမင်းသည် နောင်အခါ၌ ဂေါတမဘုရားဖြစ်မည်”ဟု ဗျာဒိတ်ပေးခဲ့၏။ ၎င်းဘုရားသည် အရပ်တော် အတောင် ကိုးဆယ် မြင့်၏။ အသက်တော် ကိုးသောင်းပြည့်သောအခါ ပရိနိဗ္ဗာန် စံတော် မူ၏။
ရေဝတဘုရားထံ၌ ဗျာဒိတ်တော်ခံယူခြင်း
ဂေါတမဘုရားအလောင်းသည် ရမ္မဝတီမြို့၌ အတိဒေဝ မည်သော ပုဏ္ဏားဖြစ်ခဲ့ဖူးသည်။ ရေဝတဘုရားမှ “သင်ပုဏ္ဏားသည် ဤကမ္ဘာမှ နောက် နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ ဂေါတမ မည်သောဘုရားဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်တော်ပေးခဲ့ပါသည်။ ရေ၀တ ဘုရားသည် အရပ်တော် အတောင် ၈၀ ဖြစ်သည်။ အသက်တော် ခြောက်သောင်းပြည့်သောအခါ ပရိနိဗ္ဗာန်စံတော်မူသည်။
သောဘိတဘုရားထံ၌ ဗျာဒိတ်တော်ခံယူခြင်း
သောဘိတဘုရားခေတ်၌ ဂေါတမဘုရားအလောင်းသည် ရမ္မဝတီမြို့၌ သုဇာတမည်သော ပုဏ္ဏားဖြစ်လေသည်။ သောဘိတ ဘုရားက “သင်ပုဏ္ဏားသည် နောင်သောအခါ၌ ဂေါတမမည်သော ဘုရားဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်တော်ပေးခဲ့ပါသည်။ သောဘိတဘုရား သည် အရပ်တော် ၅၈ တောင် မြင့်၏။ အသက်တော် ကိုးသောင်း ပြည့်သောအခါ ပရိနိဗ္ဗာန်ပြုသည်။
ဂေါတမဗုဒ္ဓသည် အစရှိသည့် ရှေ့ဘုရားများထံမှ “ဗျာဒိတ်” တော် ခံယူခဲ့ပါသည်။ ဤသို့အားဖြင့် ဘုရားများ ဗျာဒိတ်ခံယူ ခဲ့သောဘဝမှ ဂေါတမဘုရားရှင် ဖြစ်တော်ပွင့်တော်မူခဲ့ပါသည်။ ယခုကဲ့သို့ ဘုရားများကို ဖော်ပြရခြင်းမှာ ရှေ့ အတိတ်က ဂေါတမဘုရားရှင်သည် ကြိုးစားခဲ့ရပုံ သိစေလို၍ ရေးသားဖော်ပြ ပါသည်။ သတ္တဝါတို့၏အကျိုးကို ဆောင်ရွက်လို၍ ဘုရားဆုကို ပန်ခဲ့ခြင်း ဖြစ်ပါသည်။ ကျေးဇူးတော်အနန္တ ဖြစ်ပါသည်။
ဘုရားရှင်သည် ဟောကြားခဲ့သော ဓမ္မဝိနယသည်၄၅ဝါ (နှစ်) ကာလသာရှိသော်လည်း မြားမြောင်များပြားလှ သည်။ ကျယ်လွန်သော အသိဉာဏ်ကိုရစေရန် လုပ်ဆောင်ပေးသောကြောင့် ဂေါတမဘုရားရှင်၏ ကျေးဇူးသည် ကြီးမားလှပါသည်။
သန္ဓေတည်တော်မူခန်း
ဂေါတမဘုရားအလောင်းသည် ရှေ့ဘုရားအပေါင်း ၂၄ ဆူတို့ထံမှ ဗျာဒိတ်ခံယူတော်မူခဲ့၏။ ယင်းနိယတဗျာဒိတ်ကိုရလျက် လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီ ၁၀ ပါးဖြစ်သော “ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာ" ဖြည့်ကျင့်ခဲ့ပါသည်။ ထိုသို့ဖြည့်ကျင့်ခဲ့ရာမှ ဝေဿန္တရာမင်းကြီးဘဝမှ တုသိတာနတ်ပြည်၌ “သေတကေတု နတ်သား ဖြစ်ခဲ့ပါသည်။ လူသားတို့ နှစ်အတွက်အားဖြင့် နှစ်ပေါင်း ၅၇၆ သန်း နတ်စည်းစိမ်ကို ခံစားခဲ့ပါသည်။
တစ်သောင်းသော စကြဝဠာတိုက်၌ နေကြကုန်သော နတ်ဗြဟ္မာ တို့သည် စုဝေးကြပြီး “သေတကေတု” နတ်သားကို နတ်သက်ကြွေဖို့ အချိန်ရောက်နေပြီးအချိန်၌ ၎င်းအား လူ့ပြည်သို့သက်ဆင်း၍ လူအဖြစ်ယူရန် တောင်းပန်ကြလေသည်။
အလောင်းတော်နတ်သားသည် ရုတ်တရက် မဝန်ခံဘဲ ဘုရား တို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း ကာလ၊ ဒီပ၊ ဒေသ၊ ကုလ၊ မာတုအာယု ပရိစ္ဆေဒ ဟူသော အချိန်ကာလ၊ ကျွန်း၊ အရပ်ဒေသ အမျိုးအနွယ်နှင့် မိခင်၏အသက်ဆိုသည့် အချက် (၅) ချက် (ကြည့်ခြင်းငါးပါး) ကို ကြည့်တော်မူပါသည်။
ကြည့်ခြင်းငါးပါး
ဘုရားအလောင်းနတ်သားသည် အောက်ပါကြည့်ခြင်းငါးပါး ပြည့်စုံမှ ၎င်းတောင်းပန်ချက်ကို ကောင်းပြီဟု ဝန်ခံပါသည်။
(၁) လူ့သက်တမ်း ၁၀၀ ရှည်သောအချိန်၌သာ ဘုရားဖြစ်ခြင်းငှာ
သင့်၏။
(၂) ကျွန်းကြီးလေးကျွန်းအနက် တောင်ကျွန်းခေါ်သော ဇမ္ဗူဒီပ
(သပြေကျွန်း) ၌သာလျှင် ဘုရားဖြစ်သင့်သည်။
(၃) မဇ္ဈိမဒေသသည် ဘုရားဖြစ်ရာဒေသဖြစ်ပါသည်။ ထိုဒေသအတွင်းရှိ သက္ကတိုင်း ကပိလဝတ်ပြည်၌ ငါဘုရားဖြစ်ထိုက်၏။
(၄) မြင့်မြတ်သောမင်းမျိုးနှင့် ပုဏ္ဏားမျိုး၌ ဘုရားဖြစ်ထိုက်သော မျိုးနွယ်ဖြစ်၍ မင်းမျိုး၌ ဘုရားအလောင်းဖြစ်ထိုက်၏။
(၅) မယ်တော်သည် လော်လည်ခြင်း၊ မာန်မူခြင်းကင်း၍ ငါးပါး သီလကိုလည်း မြဲရမည်။ အသက်တော်သည် အလောင်းတော် သန္ဓေတည်သည်မှ ဆယ်လနှင့် ခုနစ်ရက်သာ အသက်ရှည်မည် ဖြစ်သောကြောင့် မဟာမာယာဒေဝီမိဖုရားကြီးတွင် သန္ဓေ တည်သင့်၏။ ဤသို့သောကြည့်ခြင်းငါးပါးနှင့် ညီညွတ်၍ ဝန်ခံ၍ နတ်ပြည်၌ ဘုရားအလောင်းနတ်သား စုတေပါသည်။
သန္ဓေယူချိန် (ဘုရား)
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင့်စကြဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။
သန္ဓေယူခြင်း
အလောင်းတော်နတ်သား (သေတကေတု) သည် ယင်းသို့ အားဖြင့် နတ်ပြည်မှ လူ့ပြည်သို့ စုတေပြီး မဇ္ဈိမဒေသ၊ သက္ကတိုင်း၊ ကပိလဝတ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာစံဒေဝီ သီရိ မဟာမာယာမိဖုရား ကြီးဝမ်း၌ သန္ဓေနေတော်မူသည်။ ယင်းအချိန်၌ မယ်တော် မဟာမာယာဒေဝီမိဖုရားကြီးသည် သက်တော် ၅၅ နှစ် ရှိပြီဖြစ်ပါသည်။ သန္ဓေတည်သောနေ့မှာ “၆၇ ခု ဝါဆိုလပြည့် ကြာသပတေးနေ့” (ဘီစီ ၆၂၅၊ ဇူလိုင်လ ၅ ရက်)နေ့ ဖြစ်ပါသည်။
ဘုရားရှင် သန္ဓေတည်သောအချိန်မှ ပုဗ္ဗနိမိတ် (၃၂) ပါး ပြတော်မူ ခဲ့ပါသည်။ ယင်း (၃၂) ပါးမှာ (၃)
(၁) ရေမြေအပေါင်း တစ်သောင်းသော လောကဓာတ်တို့သည် ဆတ်ဆတ်ခါမျှ တုန်လှုပ်ကြ၏။
(၂) ပူခြင်း၊ ချမ်းခြင်းဟူသော ဥတုနှစ်ဝ ကင်းငြိမ်းမျှတ၏။
(၃) လောကဓာတ်အလုံး ဆိတ်ညံလျက်အသံမရှိ၊ အနှောင့် အယှက် ကင်း၏။
(၄) လေပြင်းမုန်တိုင်းမလာ လေသာလေပြည်ပြု၏။ (၅) ဂင်္ဂါ၊ ယမုံနာ စသောမြစ်အပေါင်းတို့၌ ရေစီးခြင်းမရှိ တန့်ရပ် ၏။
(၆) မြေပြင်တို့၌ မြင်မြင်သမျှသော ပန်းသစ်ပင်အပေါင်းတို့သည် အသီးသီးပွင့်ကုန်၏။
(၇) ကောင်းကင်ထက်ကွန့်မြူးကာတည်သော အာကာသဋ္ဌရတနာ တို့သည် လွန်စွာအရောင်ထွက်ကုန်၏။
(၈) လူ့ပြည်၊ နတ်ပြည်တို့၌ ရှိကုန်သော တူရိယာအသီးသီး ပစ္စည်း
များသည် မတီးမမှုတ်ဘဲမြည်၏။ (၉) နတ်ပြည်၌ရှိသော ပန်းနံ့သာမိုးတို့သည် ဖြိုးဖြိုးပြည့်မျှ ရွာကုန် ကြ၏။
(၁၀) စကြဝဠကောင်းကင် မြေပြင်ရိုက်ဟည်းလျက် တောင်ပံတင်လည်း၏။
(၁၁) ရှစ်ထပ်သော ငရဲဘုံ၌ မီးအဟုန် အပူငြိမ်း၏။
(၁၂) မီးခိုး၊ သူရိန်၊ မြူတိမ်၊ မိုးလျှံကင်းလျက် နေမင်း၏အရောင် တောက်ပ၏။
(၁၃) နက္ခတ်တာရာ၊ ကြယ်တာရာတို့ နေ့အခါ၌ ညဉ့်မှာကဲ့သို့ မြင်ရ၏။
(၁၄) မြေအညစ်အကြေးကို ဆေးကြောသည့်ပမာ မိုးမရွာဘဲပင်ရေလျဉ်ပြိုင်ဖြိုင်စီး၏။
(၁၅) တာရာပေါင်း သောကြာ၊ ဗုဒ္ဓဟူးစသော ဂြိုဟ်ကြယ် ဘုံဆောင်တို့ အရောင်အလင်းထွန်းပ၏။
(၁၆) သတ္တဝီသနက္ခတ်တို့ ပြတ်သားစွာ ထင်မြင်၏။
(၁၇) ငွေစန္ဒာသည် ဝိသာခါနက္ခတ်နှင့် ယှဉ်၏။
(၁၈) တွင်း၊ ဂူ၊ လိုဏ်ခေါင်း၊ မြေအောင်းသတ္တဝါတို့ ထွက်ကြကုန်၏။
(၁၉) လူအများတို့ ရောင့်ရဲလွယ်ကုန်၏။
(၂၀) ကိုးဆယ့်ခြောက်ဖြာဝေဒနာကို ကျန်းမှုံ၏။
(၂၁) မွတ်သိပ်ဆာလောင်ခြင်း ငြိမ်း၏။
(၂၂) ပြိတ္တာအပေါင်းတို့ ဝပြော၏။
(၂၃) လောဘ၊ ဒေါသ၊ မာနထန်သူတို့ အလွန်ခေါင်းပါးကုန်၏။
(၂၄) အပါယ်လေးရွာ၌ နှစ်ဆယ့်ငါးဖြာသော ဘေးအပေါင်းကင်း၏။
(၂၅) ရေမှုန် မြူညက်တို့ ထက်လွင့်ခြင်းမရှိ၊ စင်ကြယ်၏။
(၂၆) မကောင်းရနံ့ ပျောက်သည်။
(၂၇) နတ်တို့၏ နံ့သာလှိုင်၏။
(၂၈) အရူပလေးရပ်ကိုထား၍ ခြောက်ပါးသော နတ်ရွာ၊ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံကို အကုန်မြင်ရ၏။
(၂၉) ငရဲကြီးရှစ်ထပ်၌ ခံရသောသူအပေါင်းတို့ကို မြင်ကြရကုန်၏။
(၃၀) တိုက်၊ နံရံ၊ တံခါး၊ တောင်ဖျား၊ တိမ်တိုက်တို့ မကွယ်မကာ ဟင်းလင်းသာ ဖြစ်ကုန်၏။
(၃၁) သတ္တဝါတို့ ခန္ဓာကြွေပျက် သေလွန်ခြင်း မရှိကုန်။
(၃၂) သန္ဓေယူခြင်း၊ ဖွားမြင်ခြင်း မရှိကြကုန်။ ထိုသို့အားဖြင့် ပုဗ္ဗနိမိတ် ပါး ဖြစ်ကုန်၏။
(ဆက်လက်ဖော်ပြပါမည်)
(ဆရာကြည်၏ " ဗုဒ္ဓအကြောင်းသိကောင်းစရာ မှတ်တမ်း" စာအုပ်အား စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။)