Skip to main content

ပြည်သူပိုင်ပစ္စည်းကိုယ့်ပစ္စည်းမို့

သွယ်လန်း

ခုတလော ကျွန်တော်တို့နိုင်ငံမှာ ပြည်သူပိုင်အဆောက်အအုံတွေ ပျက်စီးအောင် ဗုံးခွဲတာ၊ လက်လုပ်ဗုံးနဲ့ပစ်တာ၊ အများပြည်သူပို့ဆောင် ရေးယာဉ်ရထားတွေကို မိုင်းထောင်ဖျက်ဆီးတာ၊ ပြည်သူပိုင်မီးရထား လမ်းတွေ၊ တံတားတွေဖျက်ဆီးတာ၊ အစိုးရအဆောက်အအုံတွေ၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးရုံးတွေ၊ ကျောင်းတွေကို ဗုံးခွဲတာ၊ ရဲစခန်းတွေကို အကြမ်းဖက် တိုက်ခိုက်တာတွေ လုပ်ဆောင် လာကြတာ ကြားသိနေရ ပါတယ်။

 

တကယ်တော့ အစိုးရရုံး၊ အဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံဌာနပိုင်မော်တော်ယာဉ်၊ ရထား၊ သင်္ဘော စတာတွေဟာ ပြည်သူတွေပိုင်တဲ့ ပြည်သူပိုင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ တစ်ချိန် တုန်းက သတင်းစာမှာ ကြော်ငြာတဲ့ “မီးဖိုပျက်ရင် ပစ်မထားနဲ့ ကျွန်တော် အားကြီး စိတ်ဆိုးတယ် ဆိုတာလိုပဲ ပြည်သူပိုင်ပစ္စည်းတွေ ကိုခိုးယူတာဖြစ်ဖြစ်၊ ဖျက်ဆီးတာဖြစ်ဖြစ်၊ မီးရှို့တာဖြစ်ဖြစ် ကျွန်တော် အားကြီးစိတ်ဆိုးပါတယ်။ ကိုယ့်ကိုယ်ပိုင်ပစ္စည်း ဆုံးရှုံးရသလိုမျိုး နှမြောတသ စိတ်မကောင်းခြင်း ဖြစ်ရပါတယ်။

 

ကျွန်တော်ဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးအခင်းကာလမှာ ကိုယ့်မျက်စိရှေ့မှာတွင် ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးခံရတာ၊ ဖောက်ထွင်း ခိုးယူခံရတာတွေ မျက်မြင်ကြုံခဲ့ရဖူးပါတယ်။

 

ရှစ်လေးလုံးကာလရဲ့ အစအဦးနေ့တစ်နေ့မှာ ကျွန်တော်ဟာ မိမိနေထိုင်ရာ ရပ်ကွက်ထိပ်ကနေ ပြည်လမ်း မြန်မာ့အသံကို အလုပ် ဆင်းဖို့ အိမ်ကနေထွက်လာခဲ့ပါတယ်။ ရပ်ကွက်ထိပ်က စုပေါင်းရုံးခေါ် နယ်မြေရုံးနားကို ရောက်တဲ့အခါမှာတော့ ခေါင်းစည်းအနီတွေ ပတ်ထားပြီး တုတ်၊ ဓား၊ လက်နက်မျိုးစုံကိုင်ထားတဲ့ ဆန္ဒပြလူအုပ်ကြီး ဟာ ရုံးအနီးကို ရောက်ရှိလာတာ တွေ့လိုက်ရပါတယ်၊ သူတို့ထဲက လူတချို့ဟာ ရုံးခြံစည်းရိုးတံခါးကို ကျော်ဝင်၊ ရုံးပတ်ပတ်လည်ကို ဓာတ်ဆီတွေလောင်းပြီး မီးတင်ရှို့လိုက်ကြပါတော့တယ်။

 

နှမြောတသမှုနဲ့အတူ ရင်နင့်အောင် ခံစားခဲ့ရ အဲဒီစုပေါင်းရုံးဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်တရားရုံး၊ ဥပဒေရုံး၊ စာရင်းရုံး၊ စည်ပင်သာယာရုံး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ သမဝါယမဦးစီးဌာနရုံးတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ရုံးကြီးဖြစ်ပါတယ်၊ ကျွန်တော်ဟာ ထွေ/အုပ်ရုံးဝန်ထမ်းအဖြစ်နဲ့ အဲဒီ ရုံးမှာ ခြောက်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ရုံးမှာအိပ်၊ ရုံးမှာစား နေထိုင်လုပ်ကိုင်ခဲ့တာ ငါးနှစ်တာလောက်ရှိခဲ့တာမို့ ရုံးကြီးကို သံယောဇဉ်တွယ်ခဲ့သူပီပီ ကိုယ့်မျက်စိရှေ့မှာ ရုံးကြီးမီးရှို့ ဖျက်ဆီးခံ နေရတာကို နှမြောတသမှုနဲ့အတူ ရင်နှင့်အောင် ခံစားခဲ့ရပါတယ်။

 

၈၈ အရေးအခင်းကာလမှာပဲ မိမိတို့ရပ်ရွာကို တခြားလူတွေ လာရောက်လုယက်မှာ ကြောက်တာကတစ်ကြောင်း၊ ရေတွင်း ရေကန်တွေ အဆိပ်ခတ်နေတယ်ဆိုတဲ့ ကောလာဟလတွေကြောင့် တစ်ကြောင်း မိမိတို့နေထိုင်ရာ လမ်းသွယ်တွေ လမ်းမတွေရဲ့ ထိပ်တွေ မှာ အကာအရံမျိုးစုံပြုလုပ်ပြီး နေ့ခင်းညကင်းစောင့်ကြရပါတယ်။ တစ်ညမှာတော့ ကျွန်တော်တို့ လမ်းထိပ်မှာ ကင်းအဖွဲ့ခေါင်းဆောင် အနေနဲ့ ကျွန်တော်တာဝန်ယူ စောင့်ကြပ်နေခဲ့ပါတယ်။ ညသန်းခေါင် လောက်မှာတော့ ရပ်ကွက်ရဲ့ လမ်းမကြီးတစ်လျှောက် လူတွေ အပြေး အလွှားနဲ့ ပစ္စည်းတချို့ သယ်ယူနေကြတာ တွေ့လိုက်ရပါတယ်။ ကျွန်တော်တို့ရပ်ကွက်ရဲ့ အစွန်မှာ အစိုးရဆောက်လုပ်ရေးဝင်း ရှိပါတယ်။ ဝင်းထဲက ဂိုဒေါင်တွေမှာ သစ်၊ သွပ်၊ မှန်၊ ဘိလပ်မြေ၊ သံချောင်း စတာတွေ သိုလှောင်ထားတာမို့ တခြားလမ်းသွယ်တွေက ရပ်ကွက်သားတွေဟာ ဆောက်လုပ်ရေးဂိုဒေါင်ကို ဖျက်ဆီးပြီး ပြည်သူ ပိုင်ပစ္စည်းတွေကို အလုအယက် သယ်ယူနေကြတာကို တွေ့လိုက် ရပါတယ်။

 

ကျွန်တော့်စိတ်ထဲမှာ ကျွန်တော့်ကိုယ်ပိုင်ပစ္စည်းတွေ ဖောက်ထွင်း လုယက်ခံနေရသလိုမျိုး နှမြောတသမှုတွေခံ စားရပြီး နောင်တစ်ချိန်မှာ လုယက်ခိုးယူသူတွေဟာ ဥပဒေရဲ့ ပြစ်ဒဏ်ခတ်မှုကို ခံရမှာပဲလို့လည်း တွေးလိုက်မိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်နဲ့အတူ ကင်းစောင့်  နေတဲ့ လူငယ်တွေကို လမ်းထဲက အပြင်မထွက်ဖို့ တားမြစ်လိုက်ပြီး လမ်းသူလမ်းသားတွေကိုလည်း ခုလို သူများတွေ ခိုးဝှက်သယ်နေ တာကို လုံးဝအသိမပေးဖို့ သတိပေးလိုက်ပါတယ်။ နောက်တစ်နေ့မှာ တော့ ဆောက်လုပ်ရေးရုံးမှာ မြေကြီးထဲမြုပ်နေတဲ့ အုတ်ခဲတွေ၊ သဲတွေကအစ တူးယူနေသူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်ရှိ လာလို့ ကိုယ်လွတ်ရုန်း ပြေးကြရတာကို တွေ့ခဲ့ရပါတယ်။

 

၈၈ အရေးအခင်းကာလမှာ မြန်မာတစ်နိုင်ငံလုံးရှိ အစိုးရပိုင် ဂိုဒေါင်တွေ အများအပြားကို အကြမ်းဖက်လု ယက်သူများက ဖောက်ထွင်းပြီး ဂိုဒေါင်ထဲကပစ္စည်းတွေ ပြောင်တလင်းခါအောင် လုယက်ခိုးယူခဲ့တဲ့အပြင် နောက်ဆုံးဂိုဒေါင် အမိုးအကာ သွပ်ပြားတွေ ပါ ခွာယူခဲ့ကြတယ်လို့ ကြားသိခဲ့ရပါတယ်။

 

အကုန်လုံးလိုလို ခိုးယူလုယက်ခြင်းခံရ တစ်နေ့မှာတော့ ရန်ကုန်မြို့ ပြည်လမ်း လိပ်ခုံးခန်းမအနီးက အဆင့်မြင့်ပညာဦးစီးဌာနပိုင် ပစ္စည်းများထားတဲ့ ဂိုဒေါင်အဖောက်ခံရ ပါတယ်။ ပြည်နယ်/တိုင်းအသီးသီးနဲ့ ရန်ကုန်ရှိ တက္ကသိုလ် ကောလိပ်ကျောင်းများ ပြုပြင်ထိန်းသိမ်းရာမှာ သုံးဖို့သိုလှောင်ထားတဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ အကုန်လုံးလိုလို ခိုးယူလုယက်ခြင်း ခံရပါတယ်။

 

ပညာရေးတက္ကသိုလ်ဝင်းနဲ့ မြန်မာ့အသံ ပြည်လမ်းမပေါ်မှာ ပြည်သူပိုင်ပစ္စည်းမျိုးစုံကို သယ်ယူနေလိုက်ကြတာ ပွဲတော်ကြီးအလား ထင်မှတ်မှားခဲ့ရပါတယ်။ တချို့ဆိုရင် လက်တွန်းလှည်းတွေနဲ့တောင် သယ်ယူနေကြတာကို မြန်မာ့အသံဝင်းထဲကနေ မြင်နေရပါတယ်။ အဝတ်အစား တောက်တောက်ပြောင်ပြောင်နဲ့ စားနိုင်သောက်နိုင် လူမျိုးတွေလည်း ဝင်သယ်နေကြတာ တွေ့ခဲ့ရပါတယ်။ အဲဒီအချိန် ကလည်း ကိုယ့်ပစ္စည်း အလုခံရသလို ကျွန်တော်စိတ်ထိခိုက် နာကျင်  ခံစားခဲ့ရပါတယ်။

 

ပြည်သူပိုင်ပစ္စည်းတွေအတွက် ခံစားချက်ပြင်းထန်တဲ့ ကျွန်တော့် အတွက် Volunteer လုပ်ရမယ့် တာဝန်တစ်ခု ရှစ်လေးလုံးကာလမှာပဲ ပေါ်လာပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် လေးဘီးမော်တော်ယာဉ် တစ်စီးဟာ နယ်မြေရုံးကို မီးရှို့ခံရစဉ်က ရုံးဝင်းအပြင်ကို ရောက်နေလို့မီးရှို့ခံရမယ့်ဘေးက လွတ်မြောက်သွား ပါတယ်။ အဲဒီကားကို လူနေရပ်ကွက်ထဲမှာထားရင် ထိုစဉ်က ပြည်သူ့ ကောင်စီရုံးသုံး ကားမှန်းသိပြီး မီးရှို့ ဖျက်ဆီးခံရမှာ စိုးတဲ့အတွက် တာဝန်ရှိသူတွေက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ ကားကို လျှို့ဝှက်သိမ်းဆည်းထားခဲ့ပါတယ်။ လက်ခံထားရတဲ့ ဘုန်းတော်ကြီး ကလည်း တကယ်လို့ အကြမ်းဖက်သမားတွေ သတင်းရသွားလို့ ရုံးကားကို မီးလာရှို့ရင် သူ့ကျောင်းပါလောင်မှာစိုးတဲ့အတွက် ကားကို ပြန်ယူဖို့ ပြောလာပါတယ်။ ဒါကြောင့်လည်း ထွေ/အုပ်ရုံးစာရေး တစ်ယောက်က အဲဒီကားကို ဘေးကင်းရာ မောင်းပို့ပေးဖို့ ထွေ/အုပ် ( ဝန်ထမ်းဟောင်းဖြစ်သူ ကျွန်တော့်ကို အကူအညီတောင်းလာပါတယ်။

 

ကျွန်တော်လည်း ပြည်သူပိုင်ပစ္စည်းကို တန်ဖိုးထားသူပီပီ အဲဒီ ကားကို မြို့နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နေထိုင်ရာ ဦးဝိစာရအိမ်ရာအရောက် စွန့်စွန့်စားစားမောင်းပို့ခဲ့ပါတယ်။ ကားကလမ်းမှာ ဆီပိတ်လို့ ဆီချူးရပါသေးတယ်။ ကားပျက်တဲ့နေရာက တုတ်တွေ၊ ဓားတွေနဲ့ နေ့ကင်း တာဝန်ယူထားသူတွေ ရှေ့တည့်တည့်မှာ သွားပျက်တာပါ။ ဒီကားဟာ မြို့နယ်ပြည်သူ့ကောင်စီရုံးကားဆို တာ အကြမ်းဖက်သမား တွေသိသွားမြင်သွားရင်တော့ လေးဘီးကား လေးနဲ့ ကျွန်တော်တို့ ကံကြမ္မာဟာ မတွေးဝံ့စရာပါ။ ရှစ်လေးလုံး ကာလမှာ ရန်ကုန်တိုင်းတစ်တိုင်းလုံးရှိ မြို့နယ်ပြည်သူ့ကောင်စီရုံး များက ပြည်သူပိုင် လေးဘီးကား အတော်များများမီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ သာကေတမြို့နယ် ပြည်သူ့ကောင်စီရုံးက လေးဘီး ကားလေးကတော့ ပြည်သူပိုင်ပစ္စည်းမြတ်နိုးသူ ကျွန်တော်နဲ့ စာရေး ကြီး ကိုကြည်ဝင်းတို့ စွန့်စားကာကွယ်ထိန်းသိမ်းမှုကြောင့် အကောင်း  အတိုင်း ပကတိကျန်ရှိခဲ့ပါတယ်။

 

အတိတ်က အကြောင်းတွေပြီးတော့ မျက်မှောက်ကာလ ပြည်သူ ပိုင်ပစ္စည်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးနေတာတွေနဲ့  ပတ်သက်လို့ ကျွန်တော်စဉ်းစားမိတာ ပြောပါရစေ။

 

- စာသင်ကျောင်းဆိုတာ အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေ ပညာရှာမှီးရာ နေရာတစ်ခုပါ။ အစိုးရပိုင်ဆိုပေမယ့် ပြည်သူတွေလည်း ဆိုင်ပါတယ်။ ပိုင်ပါတယ်။

ကျောင်းအဆောက်အအုံ၊ ပရိဘောဂ၊ ခြံစည်းရိုး၊ အုတ်တံတိုင်းကအစ အများအားဖြင့် အစိုးရဘတ်ဂျက်နဲ့ မတည်ထားသလို တချို့ရပ်ရွာတွေမှာ ရပ်မိရပ်ဖ ကျောင်း အကျိုးတော်ဆောင်၊ ကျောင်းသားမိဘတွေရဲ့ ပံ့ပိုးလှူဒါန်းမှု တွေနဲ့ တည်ဆောက်ထားကြတာပါ။ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေဆိုတာလည်း အဆောက်အအုံက အစိုးရဘတ်ဂျက်နဲ့ တည်ဆောက်ထား ပေမယ့် တချို့ရုံးတွေထဲမှာရှိတဲ့ ပရိဘောဂနဲ့ အသုံး အဆောင် ပစ္စည်းတချို့ဟာ ရပ်/ကျေးအုပ်ချုပ်ရေး အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သူတွေနဲ့ ရပ်ကွက် ပြည်သူတွေ လှူဒါန်းစုဆောင်းခဲ့တဲ့ ပြည်သူပိုင် ပစ္စည်းစစ်စစ် တွေလို့ ပြောရမှာပါ။ အစိုးရဆေးရုံ၊ ဆေးပေးခန်းတွေဆိုတာလည်း အဆောက် အအုံနဲ့ ဆေးပစ္စည်းတွေ ဆေးဝါးတွေကအစ အစိုးရ ဘတ်ဂျက် ပါသလိုတချို့နေရာတွေမှာ NGO တွေ၊ အလှူရှင် တွေ၊ ပြည်သူတွေရဲ့ ထည့်ဝင်လှူဒါန်းမှုတွေနဲ့ စုပေါင်းထား တာဖြစ်ပါတယ်။ ဒီကနေ့ ပြည်တွင်းရော ပြည်ပမှာပါ လေနဲ့ နိုင်ငံရေးလုပ်စား  နေသူတွေ၊ နိုင်ငံအကျိုးမ လိုလားသူတွေ၊ ကိုယ်တိုင်က လုံခြုံရာမှာ  နေနေပြီး Social Media ကနေ လူငယ်တွေကို မြှောက်ပင့်ပေးနေသူ တွေကြောင့် ဆင်ခြင်တုံတရားမဲ့တဲ့ အကြမ်းဖက်သမားတစ်စုဟာ ပြည်သူပိုင်အဆောက် အအုံ၊ လမ်း၊ ပရိဘောဂပစ္စည်း၊ ယာဉ်ရထား၊ ရထားလမ်း၊ တံတားတွေကို လစ်ရင်လစ်သလို တိုက်ခိုက်မီးရှို့ ၊ ဖောက်ခွဲဖျက်ဆီးနေကြတာဟာ ပြည်သူပိုင်ပစ္စည်းရဲ့ ပိုင်ဆိုင်မှု အဓိပ္ပာယ်ကို မသိကြလို့ဘဲ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ပြည်သူပိုင် ပစ္စည်းဆိုတာ ကျွန်တော်တို့ ပြည်သူတွေလည်း ပိုင်ဆိုင်ထားကြတာ ဖြစ်လို့ မိမိပိုင်ပစ္စည်းလို သဘောထားကြရမှာ ဖြစ်ပါတယ်။

 

နိုင်ငံအတွက်ရော မီးရှို့ သူအတွက်ပါ

ဘယ်လိုမှ အကျိုးမရှိတဲ့လုပ်ရပ်

 

သတင်းတစ်ခုမှာဆိုရင် အခြေအနေအရ တပ်ဖွဲ့ဝင်တွေ စွန့်ခွာ ထားခဲ့တဲ့ ရဲစခန်းတစ်ခုကို မီးရှို့လိုက်ကြတယ်လို့ တွေ့လိုက်ရပါတယ်။ ရဲစခန်းဆိုတာက ဘယ်အစိုးရတက်တက် ဘယ်ခေတ်ရောက်ရောက် တရားဥပဒေစိုးမိုးရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ အဆောက်အအုံ  တစ်ခုဖြစ်လို့ နိုင်ငံအတွက်ရော မီးရှို့ သူအတွက်ပါ ဘယ်လိုမှ အကျိုး မရှိတဲ့လုပ်ရပ်လို့ ဆိုချင်ပါတယ်။

 

ပြည်သူပိုင်ပစ္စည်းဖျက်ဆီးသူဟာ အများအကျိုး၊ နိုင်ငံ့အကျိုးကို ဖျက်ဆီးသူဖြစ်လို့ဥပဒေအရ အရေးယူခြင်းကိုခံရမယ့် အပြင် ပစ္စည်းရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူရဲ့ ရှုတ်ချဒဏ်ခတ်ခြင်းကိုလည်း ခံရမှာ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့လည်း အများပိုင်ပစ္စည်း၊ ပြည်သူပိုင် ပစ္စည်းတွေကို ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ကတော့ ပြည်သူပိုင်ပစ္စည်းမှန်သမျှ ကိုယ့် ပစ္စည်းလို သဘောထားတယ်။ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးရင်၊ ပစ်စလက်ခတ်ပစ်ထားရင်၊ ပြုပြင်ထိန်းသိမ်းမှုမရှိရင် ကျွန်တော် အားကြီး စိတ်ဆိုးတယ်လို့ပဲ ပြောလိုက်ပါရစေ။ ။