ရိုးရာလက်မှု အိုးလုပ်ငန်းနဲ့ နာမည်ကျော်တဲ့ ဖန်ခါးမြေက ရွာသာယာ
ကေတာ
ရာသီဥတုပူပြင်းလို့ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်က ရေဓာတ်လိုအပ်လာလို့ပဲဖြစ်ဖြစ် ရေအေးအေးလေးတစ်ခွက်ကို တောင့်တတတ်ကြပါတယ်။ အဲဒီအခါ ရေခဲသေတ္တာ၊ Water Cooler ထဲကရေထက် မြေနဲ့ပြုလုပ်ထားတဲ့ ရိုးရာလက်မှုသောက်ရေအိုးထဲကရေက အပူဒဏ်ပြေပျောက်စေရုံသာမက ကျန်းမာရေးအတွက် အထောက် အကူပြုပြီး သောက်သုံးဖို့ ပိုမိုသင့်တော်ပါတယ်။
မကွေးတိုင်းဒေသကြီးမှာ မြေနဲ့ ပြုလုပ်ထားတဲ့ သောက်ရေအိုးဆိုရင်တော့ မင်းဘူးမြို့နယ် ရွာသာ ယာရွာက ထွက်တဲ့သောက်ရေအိုးက နာမည်ကျော် ပါတယ်။ သဲအိုးဖြစ်တဲ့အတွက်အေးမြပြီး ရေအဆာ ပြေ၊ အမောပြေစေနိုင်တာကြောင့် ရွာသာယာရွာက သောက်ရေအိုးတွေက နာမည်ကျော်နေတာ ဖြစ်တယ် လို့ မိရိုးဖလာအိုးလုပ်ငန်းလုပ်ကိုင်သူ မခိုင်ခိုင်က ဆိုပါတယ်။
အိုးခတ်တဲ့ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုသူ မခိုင်ခိုင်က “ကျွန်မသိသလောက်ဆိုရင် ရွာသာယာအိုးလုပ်ငန်းက နှစ်ပေါင်း ၁၀၀ ကျော် လောက်ရှိပါပြီ။ မိဘတွေက အိုးလုပ်ငန်းနဲ့ အသက် မွေးရတော့ ဝင်ပြီးခတ်ကြည့်ရင်းနဲ့ ငယ်စဉ်ကပင် အိုးခတ်တာကို ကျွမ်းကျင်တတ်မြောက်ခဲ့တယ်" လို့ ဆိုပါတယ်။ အခုဆိုရင် အိုးခတ်တဲ့လုပ်ငန်း လုပ်ကိုင်လာတာ နှစ်ပေါင်း ၂၀ ကျော် ရှိပြီဖြစ်ပြီး နံနက်ခင်းတစ်ပိုင်းမှာပဲအလုံးရေ ၂၀၊ ၂၅ လောက် ပြီးတဲ့အတွက် တစ်ရက်ကို ဝင်ငွေတစ်သောင်း ဝန်းကျင်ရတယ်လို့လည်း သိရပါတယ်။
နံနက် ၅ နာရီလောက်မှာ အိပ်ရာထ၊ နံနက်စာ စားသောက်ပြီးတာနဲ့ မခိုင်ခိုင်က အိမ်မှာပင် အိုး မကွာ၊ အိမ်မကွာ လုပ်ငန်း စတင်ပါတော့တယ်။ ရွာ အပြင်တောင်ဘက် ရွာဘုံမြေကန်ကနေ တပေါင်း၊ တန်ခူးရေခန်းချိန်မှာ ယူထားပြီး အိမ်အောက်မှာပင် စုပုံထားတဲ့ တစ်နည်းအားဖြင့် ရွှံ့စေးမြေ ကုန်ကြမ်းကို ယူပါတယ်။ နူးနပ်စေဖို့ ရေနဲ့ ဆွတ်လောင်းပြီး အကြိမ်ကြိမ် မွှေနှောက်ပါတယ်။ ပြီးရင် သဲဆန်တဲ့ မြေဝါနှစ်ဆ၊ ရွှံ့စေးမြေလေးဆနဲ့ ရေအချိုးကျရောစပ်ပြီး သမအောင် မွှေပါတယ်။ မွှေပြီးရင်တော့ မြေအိုးတစ်လုံးစာ ရွှံ့စေးတောင့် တွေကို ရေစိုအဝတ်နဲ့အုပ်ပြီး ခဏထားပါတယ်။
အဲဒီလိုထားပြီးတော့ အိုးရဲ့ အရွယ်အစားအပေါ် မူတည်ပြီး ညက်နေအောင် နယ်ထားတဲ့ ရွှံ့မြေကို မှန်းဆယူပါတယ်။ မြေအိုးတစ်လုံးစာ ရောစပ်ထား တဲ့ မြေတွေကို အကျယ်တစ်တောင်ခန့်ရှိတဲ့ သစ်သားဝိုင်း တစ်ခုရဲ့ အလယ်မှာ ဝင်ရိုးတိုင်လို တိုင်တိုလေးစိုက်ပြီး အဲဒီတိုင်တိုလေးအပေါ်မှာ အကျယ်တစ်တောင်ခန့်ရှိတဲ့ သစ်သားအပြားဝိုင်း တစ်ခုကို ဆုံလည်လို စွပ်ထားတဲ့ အိုးထိန်းစက်၊ အိုးထွင်းစက်နဲ့ အိုးပုံကြမ်းဖော်ပါတယ်။
အိုးပုံလောင်းရာမှာ လူနှစ်ယောက်လုပ်ကိုင် ရတဲ့အတွက် အိုးထိန်းစက်ကို ချာချာလည်အောင် တစ်ယောက်က လှည့်ပေးရပါတယ်။ မခိုင်ခိုင် ကတော့ အသင့်ရှိပြီးဖြစ်တဲ့ ရွှံ့မြေညက်ကို ချာချာ လည်နေတဲ့ အိုးထိန်းစက်ရဲ့ အလယ်ဗဟိုမှာတည်ပြီး လက်နှစ်ဖက်နဲ့ အလိုရှိတဲ့ အိုးပုံစံ ရောက်အောင် ပြုပြင်ပေးပါတယ်။ လည်နေတဲ့ အိုးထိန်းစက်ရဲ့ အကူအညီ၊ မခိုင်ခိုင်ရဲ့ ကျွမ်းကျင်မှု အတတ်ပညာနဲ့ ပေါင်းစပ်လိုက်တော့ အိုးတစ်လုံးအဖြစ် ပုံကြမ်း ထွက်လာပါတယ်။
အိုးထွင်းတဲ့ လုပ်ငန်းပြီးရင်တော့ ရရှိလာတဲ့ အိုးကြမ်းကို အရိပ်ထဲမှာ ခဏထားပါတယ်။ ပြီးရင် တော့ လိုသလိုပုံသွင်းတော့မှာ ဖြစ်ပါတယ်။ မခိုင်ခိုင် က လက်ခုကို အိုးအတွင်းကခုခံကာ အိုးအပြင်က လည်း အရှည်တစ်ပေဗြက်သုံးလက်မခန့်ရှိတဲ့ သစ်သားလက်ရိုက်ပလာနဲ့ ခုခံထားတဲ့နေရာကို ခတ်ပုတ်ပြီး အိုးအထူအပါးညီစေဖို့ ညှိပေးပါတယ်။ အကြမ်း၊ အနုဆိုပြီး အိုးကို လေးခါလောက် ပုတ်ခတ် ရတယ်လို့လည်း ရိုက်နေရင်းက ပြောပါတယ်။
မြေရောတဲ့အချိန်က အချိုးအစား မမှန်ခဲ့ရင် ပလာမှာ မြေတွေကပ်ပြီး ပါလာတတ်တာကြောင့် သဲကြမ်းဖြူးပြီး ခတ်ပေးရပါတယ်။ သဲကြမ်းများများ ပါဝင်တဲ့အိုးက အေးတယ်လို့လည်း သိရပါတယ်။ အိုးခတ်လို့ပြီးရင်တော့ ရေအိုးနှုတ်ခမ်းနဲ့ ဘေးမှာ ရေလှိုင်းပုံစံ၊ အတွန့်ကနုတ်ပန်း၊ မှန်ကူကွက်၊ ပန်းနွယ်ပန်းပွင့်၊ ကျေးရုပ်ပုံစံ စတဲ့ပုံတွေကို အိုးခတ် သူရဲ့ စိတ်ကူးစိတ်သန်းအတိုင်း အလှပုံဖော်ပါတယ်။ ပြီးရင်တော့ အချောကိုင်တဲ့ အဆင့်ပြီးပြီမို့ လေဝင် လေထွက်ကောင်းတဲ့နေရာမှာ ဖြန့်ချထားလိုက်ပါတယ်။
မခိုင်ခိုင်တို့ ခတ်ထားတဲ့ အချောကိုင်ပြီး ခြောက်သွေ့တဲ့ အိုးတွေကို အိုးကုန်သည်ထံကို သွင်းလို့ရသလို အိုးအလုံးရေ ၁၀၀၀ ဝန်းကျင်ခန့် ဆုံတဲ့စပါးခွံအိုးဖိုကြီးတွေနဲ့ လက်ခပေးပြီး ဖုတ်လို့ လည်းရတယ်လို့ သိရပါတယ်။
အရင်ကတော့ ထင်း၊ မီးသွေးတွေနဲ့ အဆင့်ဆင့် စီကာ အိုးဖုတ်ခဲ့ကြပေမယ့် အခုအခါမှာတော့ စပါးခွံအိုးဖိုတွေကို အသုံးပြုနေပြီလို့လည်း သိရပါ တယ်။ ထင်းနဲ့ မဟုတ်တော့တဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကိုလည်း အထိုက်အလျောက် သက်သာစေတယ်လို့ မခိုင်ခိုင်က ပြောပါတယ်။
အဲဒီလို စပါးခွံအိုးဖိုတွေနဲ့ အိုးဖုတ်လို့ နှစ်နာရီ လောက်ကြာရင်တော့ မီးအရှိန်လည်း လျော့သွားပြီ၊ အိုးဖုတ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ နီဝါရောင် အသွေးအရောင်ဖြစ်လာတဲ့၊ မီးကျက်တဲ့ အိုးတွေရဲ့ နှုတ်ခမ်းကို ခေါက်ကြည့်တဲ့အခါ ဒေါင်၊ ဒေါင်ဆိုတဲ့ အသံလည်းရပြီဆိုရင်တော့ ခိုင်ခံ့တယ်လို့လည်း ဆိုပါတယ်။ ပြီးရင်တော့ ဈေးကွက်ကို တင်ပို့တဲ့ အဆင့်ပဲဖြစ်ပါတယ်။ ရွာသာယာရွာက သောက် ရေအိုးတွေဟာ မင်းဘူးမြို့နယ် အတွင်းသာမက တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အခြားမြို့ရွာတွေ မှာလည်း ဈေးကွက်ရှိတယ်လို့ သိရပါတယ်။
အိုးတစ်လုံးဖြစ်အောင်ခတ်ရတဲ့ အဆင့်ဆင့်တွေ ကို မခိုင်ခိုင်က ရှင်းပြနေရင်း အိုးထိန်းစက်ပေါ်ကို ရွှံ့မြေညက်တွေကို အိုးတစ်လုံးအဖြစ် ပုံကြမ်းရရှိ အောင် လုပ်ဆောင်နေတာကလည်း မြန်ဆန် သွက်လက်ပြီး အသေးစိတ်လွန်းလှပါတယ်။
ရွာသာယာရွာမှာ မခိုင်ခိုင်ကဲ့သို့ မိရိုးဖလာ မြေအိုးမြေခွက် လုပ်ကိုင်သူများစွာ ရှိပါတယ်။ သောက်ရေအိုး၊ မြေအိုး၊ ပန်းအိုး၊ ဘုရားပန်းအိုး၊ ညောင်ရေအိုး၊ အိုးပုတ်မှစကာချိုးရုပ်၊ စလယ်ဝင်အိုး၊ ခွက်ဝင်အိုး၊ အိုးစရည်း စသဖြင့် အမျိုးပေါင်း ၆၀ ကျော် ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။
ရှေးယခင်လူတို့ စတင်အသိအမှတ်ပြုခဲ့ကြတဲ့ ကျောက်ခေတ်ကာလမှနှောင်းပိုင်း ကျောက်ခေတ်
သစ်ကာလ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀၀ လောက် ကပင် မြေအိုးမြေထည် ထုတ်လုပ်တဲ့ အတတ်ကို စတင်ခဲ့ကြပြီး မြန်မာနိုင်ငံမှာ မြေထည်ပစ္စည်း စတင်အသုံးပြုခဲ့တဲ့ အထောက်အထားတွေကို ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်ပြဒါးလင်းဂူ တူးဖော်မှုက တွေ့ရှိခဲ့ပါတယ်။
ခေတ်ကာလတွေ ပြောင်းလဲလာပြီး တီထွင် ဖန်တီးထုတ်လုပ်လာတဲ့ ခေတ်မီ အသုံးအဆောင် ပစ္စည်းတွေက အစားထိုးနေရာယူလာတဲ့အတွက် မြေနဲ့ပြုလုပ်ထားတဲ့ ရိုးရာလက်မှုအိုးလုပ်ငန်းဟာ လုပ်ကိုင်သူ နည်းပါးလာသလို အသုံးပြုသူလည်း နည်းလာတာကို တွေ့ရပါတယ်။
သို့သော် သပြေပန်းထိုးတဲ့ အောင်အိုးတွေ၊ နှစ်သစ်ကူးသင်္ကြန်ပွဲတော်၊ ကဆုန်ညောင်ရေသွန်း ပွဲတော်တွေနဲ့ လမ်းဆုံလမ်းခွတွေက စပါးပင် စိမ်းစိမ်းစိုစိုလေးတွေနဲ့ အများသူငါ သောက်သုံးဖို့ လှူဒါန်းထားတဲ့ သောက်ရေအိုးတွေကလည်းမြေအိုးတွေကိုပဲ အသုံးပြုနေကြဆဲပင် ..။