Skip to main content

မြန်မာ့စိတ်ရင်း ပျက်မယွင်းစေချင်

မြင့်မောင်(Phil-Q)

သံစဉ်၊ စာသား ရသမြောက်စွာရေးဖွဲ့ထားပြီး နားဆင်သူများ၏ စိတ်နှလုံးကိုကောင်းစွာ ညို့ယူဆွဲဆောင်နိုင်သည့် မြန်မာ့နာမည်ကျော် သီချင်းတစ်ပုဒ်ရှိသည်။ သီချင်းအမည်က “မြန်မာ့စိတ်ရင်း၊ မြန်မာ့ ရှုခင်း'။ ထိုသီချင်းကြားတိုင်း မြန်မာပီပီ နှစ်သက်မိ၏။ သည်မြေပေါ် တွင်နေ၊ သည်လိုစိတ်ရင်းမျိုးရှိသည့် ငါတို့လူမျိုးပါလားအတွေးဖြင့် ပီတိဖြစ်ရ၏။ အမြဲတမ်းလည်း ဂုဏ်ယူရသည်။ မြန်မာ့စိတ်ရင်းကို မနှစ်သက် သဘောမကျသူရှိမည်မထင်။ မြန်မာ့မြေပေါ်လာရောက် လည်ပတ်ကြပြီး မြန်မာတို့၏စိတ်ရင်းနှင့် ထိတွေ့ခံစားရသည့်အတိုင်း တိုင်းအပြည်ပြည်မှ လူမျိုးအသီးသီးတို့သည်ပင် မြန်မာ့စိတ်ရင်းကို သဘောကျစမြဲ။

မြတ်ဗုဒ္ဓ၏သာသနာအဆုံးအမတွင် နှစ်ထောင်ချီကာ မွေ့လျော် လာခဲ့သည့် လူမျိုး၊ ထိုလူမျိုး တို့၏ စိတ်နေစိတ်ထားနှင့် အခြေစိုက် နေထိုင်ရာ မြေမဟာ၏ ရှုခင်းကား တစ်မျိုးတစ်ဘာသာ ဆွဲဆောင်နေ သည်။ ဗုဒ္ဓဘုရားရှင်၏အဆုံးအမကို နှလုံးမွေ့လျော်သည့် အထိမ်း အမှတ်အဖြစ် မြန်မာ့ရှုခင်းကို ပုံဖော်ခဲ့ကြ၏။ စေတီပုထိုး၊ ဂူအမျိုးမျိုးနှင့်၊ တန်းဆောင်းပြာသာဒ် ကျောင်းဇရပ် များနှင့်။ ထုံးဖြူတဖွေးဖွေး၊ ရွှေရေးတဝင်းဝင်းနှင့်။ ထိုမြင်ကွင်းကား ငြိမ်းချမ်း၏။ ငြိမ်သက်၏။ တည်ကြည်၏။ ရိုးသား၏။ စိတ်နှလုံး ချမ်းမြေ့ဖွယ်ဖြစ်၏။ ထိုမြေပေါ်တွင် နေထိုင်လျက်ရှိကြ သူများတွင် မည်သို့သော စိတ်ရင်းမျိုးရှိသည် ကို ဖော်ညွှန်းနေသည်။

မြန်မာ့စိတ်ရင်း

ဆိုခဲ့ပါ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်းသီချင်းကို နားဆင်ခံစား ကြည့်ပါ။ စိတ်နှလုံးတွင် ကောင်းမှုကုသိုလ်တို့ကို အစဉ်နှလုံးသွင်း ထားကာ ကြည်လင်ရွှင်ပျသည့် စိတ်ရင်းအခံရှိနေသော လူမျိုးကို စိတ်မျက်စိတွင် မြင်ယောင်လာမည်။ ထိုလူမျိုးကား အလှူအတန်း ဆိုလျှင် 'တစ်မူးရလို့တစ်ပဲလှူသူ၊ “အလှူရေစက်လက်နဲ့မကွာ'သူဟု တင်စားခံရလောက်အောင် စေတနာထက်သန်သူများ၊ ရတနာ သုံးပါး၊ အနန္တအနန္တငါးပါး၏ ဂုဏ်ကျေးဇူးကို အထူးယုံကြည်ကာ သဒ္ဓါတရားထက်သန်သူများ မဟုတ်ပါလော။ ဟန်လုပ်သူ၊ မာန်မာန ခက်ထန်သူများမဟုတ်ကြ။ ပကတိရိုးသားဖြူစင်သူများ၊ လူ အချင်းချင်းရင်းနှီးခင်မင်စွာ၊ ယဉ်ကျေးဖော်ရွေစွာ ဆက်ဆံလေ့ရှိသူများ မဟုတ်ပါလော။ အချုပ်ဆိုရလျှင် စိတ်ရင်းကောင်း သူများ ဟူ၍။ ထိုလူမျိုးကား ကျွန်ုပ်တို့လူမျိုး - တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် မြန်မာလူမျိုးများပင်။

‘စိတ်ရင်း ဆိုသည်ကို မြန်မာအဘိဓာန်တွင် “ပင်ကိုမူလ စိတ်သဘောထား”ဟု အနက်ဖွင့်သည်။ မြန်မာ့စိတ်ရင်း၊ တစ်နည်း မြန်မာတို့၏ ပင်ကိုမူလ စိတ်သဘောထားကား အထက်တွင် ဆိုခဲ့သည့်အတိုင်းပင်။ ထိုမျှမကသေးပါ။ မြန်မာလူမျိုးတို့သည် လူနှင့် လူချင်း နိုင်ထက်စီးနင်း မပြုတတ်သူများ ဖြစ်သည်။ အနိုင်ကျင့် ဆက်ဆံတတ်ကြသူများမဟုတ်။ လူနှင့်လူချင်း ဖေးမကူညီသူများ ဖြစ်သည်။ ရပ်ရေးရွာရေးတွင် ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံး ပါဝင်ဆောင်ရွက်သူများဖြစ်၏။

ပျက်ယွင်းစပြုပြီလော သို့သော်...။ ယနေ့အချိန်အခါတွင် မြန်မာတို့၏ ပင်ကိုမူလ စိတ်အခံသဘောထားများ အရာယွင်းနေပြီ၊ ပျက်ပြားစပြုလာပြီ ... ဟု တွေးစရာများ ရှိလာပြီဖြစ်သည်။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတို့အပေါ် အလေးမထား၊ စော်ကား ပြောဆိုမှုများရှိလာသည်။ လူလူချင်း အနိုင်ကျင့်မှုများ ပြုလုပ်လာကြသည်။ ယဉ်ကျေး သိမ်မွေ့သော လူမျိုးမှန်လျှင် မလွဲမသွေ ရှောင်ကြဉ်ရမည့်အရာများဖြစ်သည့် ဒုစရိုက်မှုများကို လွယ်လွယ် လုပ်ဆောင်လာကြ၏။ ဝစီဒုစရိုက်များဖြစ်သည့် မဟုတ်မမှန်စကား များ၊ လူလူချင်း အမုန်းပွားအောင် ရန်တိုက်သည့်စကားများ၊ ရုန့်ရင်း ကြမ်းတမ်းသည့်စကားများ၊ အချည်းအနှီး သိမ်ဖျင်းသည့် စကားများကို လူသိရှင်ကြား မြိန်မြိန်ယှက်ယှက် ပြောလာကြသည်။ လူ့အသက်ကို ပိုးမွှားတစ်ကောင်ပမာ အလေးမထား သတ်ဖြတ်၊ ညှဉ်းပန်း၊ နှိပ်စက်မှုများဖြင့် ကာယဒုစရိုက်များ ကျူးလွန်လာကြ၏။ မြန်မာ့လူမှု ဘဝ၏ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ပျော်ရွှင်မှု၊ စည်းလုံးမှုတို့ ပျက်ပြားစေရန် လုပ်ဆောင်လာသည်။

မြန်မာ့ပညာရှိတစ်ဦးက ယနေ့ခေတ်လူတို့ လူသားအဖြစ်ရလာ သည့်ဘဝကိုပင် အလေးမထားကြတော့ပုံကို ဤသို့ဖော်ကျူးထား သည်။ “လူ့ဘဝသည် အလွန်ရခဲ။ ထို့ကြောင့် မြတ်စွာဘုရားက “ဒုလ္လဘ” ဟု ဟောတော်မူခြင်း ဖြစ်၏။ သို့ရာတွင် ယနေ့မျက်မှောက်ကမ္ဘာ၌ လူတို့သည် မိမိတို့အချင်းချင်း “ဒုလ္လဘ” ဟု သဘောမထား၊ ဘာမျှ တန်ဖိုးမရှိသော အရာဝတ္ထု အနေဖြင့်သာ သဘောထား၏။ မိမိ၏ “အတ္တ” ကို ထိခိုက်သည်ဟုယူဆပြီး စိတ်မထင်က ခဏချင်းသတ်လိုက်၏။

ဖျက်ဆီးလိုက်၏။ အကယ်၍ သတ်ဖြတ်၊ ဖျက်ဆီးသည့်အဆင့်သို့ မရောက်သည့်တိုင်အောင် မထီမဲ့မြင်ပြု၏။ အနိုင်ကျင့်၏။ ထို့နောက် မိမိကပင် မှန်သယောင်အကြောင်းပြ၏။ ရှင်းလင်း၏။ သို့ဖြစ်လျှင် “ဒုလ္လဘ”ဟူသည် မည်သို့အဓိပ္ပာယ်ရှိပါတော့မည်နည်း” လူ့ဘဝဟူသည် အလွန်ရခဲ၏။ ယနေ့မြန်မာ့လူ့အဖွဲ့ အစည်းတွင် ထိုပညာရှိရေးသားခဲ့ သလိုရခဲသည့်လူ့ဘဝကို တန်ဖိုးမထားသည့် စိတ်ထားများ၊ ဖြစ်ရပ်များ တွေ့လာနေရသည်။ လူတစ်ဦးချင်း၏ဘဝကိုပင် အလေးမထားပါက လူတစ်ဦးချင်းစီဖြင့် ဖွဲ့စည်းတည်ထောင်အပ်သော လူ့အဖွဲ့ အစည်းကြီး ကို အလေးထားမည်မဟုတ်။ သို့ဆိုလျှင် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်းတစ်ရပ်ကို မည်သို့တည်ဆောက်နိုင်ပါတော့မည်နည်း။ တည်ဆောက်ရန်အသာထား မပြိုကွဲမပျက်စီး စေရန်ပင် အတော်ကြီး ထိန်းသိမ်းရမည်။

မြန်မာ့စိတ်ရင်းဟူသည် မြန်မာ့စိတ်ရင်းသည် ပတ်ဝန်းကျင်ကို အလေးထားသည်။ ဓမ္မကို အလေးထားသည်။ မိမိကိုယ်မိမိ အလေးထားသည်။ တစ်နည်းဆိုရလျှင် လူ့အဖွဲ့အစည်းကို အလေးထားသည်။ တရားနည်းလမ်းကျမှုနှင့်သည်။ ထိုသို့ လူတင် ဘက်လိုကဆောက်ထားသ ကျင့်ဝတ်ကို အလေးထားသည်။ လူတစ်ဦးချင်းစီ၏ဘဝနှင့် ကိုယ်ကျင့် သိက္ခာကို အလေးထားသည်။ အတ္တသမ္မာပဏိဓိစ - မိမိကိုယ်ကိုလည်း

ကောင်းမြတ်မှန်ကန်စေသည်။ ထို့ကြောင့်လည်း မြန်မာ့စိတ်ရင်း အထွတ်အထိပ်သို့ ရောက်ရှိလာသည့်အချိန်ကာလများတွင် မြန်မာ့ လူ့အဖွဲ့အစည်းသည်လည်း အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ သမိုင်း သက်သေများရှိပါသည်။ လူတိုင်းလူတိုင်း၏ရည်မှန်းချက်မှာ သာယာ ဝပြောသော မိမိတို့ဆိုင်ရာ လူ့အဖွဲ့အစည်းကို တည်ထောင်ရန် ဖြစ်သည်။ ထိုသို့ လူသားတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်း သာယာ ဝပြောရေး လုပ်ဆောင်ရာတွင် ဘက်လိုက် ခြင်းကင်း၊ အဂတိတရား ကင်းသည့်၊ လူလူချင်းအလေးထားသည့်၊ စာနာထောက်ထားသည့် စိတ်အရင်းခံများရှိရန် အထူးလိုအပ်သည်။ ထိုစိတ်အရင်းခံများကို မြန်မာ့စိတ်ရင်း သို့မဟုတ် မြန်မာတို့၏ ပင်ကိုမူလစိတ်သဘောထားတွင် တွေ့နိုင်သည်။ မြန်မာ့စိတ်ရင်းဟူသည် အချိန်တိုအတွင်း ဖွဲ့စည်းဖြစ်တည်လာသည်မဟုတ်။ နှစ်ထောင်ချီကာ ဖွဲ့စည်း ဖြစ်တည် လာရသည်။ များစွာခိုင်မာ၏။ အဆင့်မြင့်၏။ အဖိုးအနဂ္ဃ ထိုက်၏။ မြန်မာ့စိတ်ရင်းသည် မြင့်မြတ်စင်ကြယ်လှသည့် အယူဝါဒမှ ဆင်းသက်လာသည်။ တစ်နည်းဆိုရလျှင် မြန်မာ့စိတ်ရင်း မြစ်ဖျားခံ အခြေခံရာကား မြတ်စွာဘုရားရှင်ဟောကြားတော်မူသော မင်္ဂလာ တရားတော် များပင်။ မင်္ဂလာတရားတော်များသည် လူတစ်ဦးချင်း၏ ဘဝတိုးတက်ကြီးပွားချမ်းသာရေး၊ လူ့အဖွဲ့ အစည်းကြီးတစ်ခုလုံး သာယာဝပြောရေး လမ်းညွှန်ချက်များဖြစ်၏။

မြန်မာမှန်လျှင် ဂုဏ်ယူရသည့် ပုဂံခေတ်က စစ်မှန်သော ထေရဝါဒကို တစ်ဖန်ပြန်၍ မျိုးစေ့ချပေးသူရှင် အရဟံမထေရ်မြတ်ကြီး၏ လမ်းညွှန်မှု၊ မြတ်ဗုဒ္ဓသာသနာ၏ တန်ဖိုး အစစ်အမှန်ကို ခံစား နားလည်သူ အနော်ရထာမင်းမြတ်တို့၏ဦးဆောင်မှုဖြင့် ပုဂံခေတ်

ပြည်သူပြည်သားများသည် မိမိတို့၏လူ့အဖွဲ့အစည်းတွင် မင်္ဂလာ တရားတော်၏ လမ်းညွှန်သင်ကြားချက်များကို လိုက်နာကျင့်သုံးခဲ့ကြသည်။ ထို့ကြောင့် “ပုဂံခေတ် ပြည်သူပြည်သားများသည် ကိုယ်ကျင့် တရားမြင့်မားကာ ကျရာတာဝန်ကို အဘက်ဘက်မှ သိက္ခာရှိရှိ ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့ကြသူများဖြစ်ခဲ့၏” ဟု ပညာရှင်တို့ မှတ်ချက်ပြု ကြရ၏။ ပုဂံသမိုင်းသည် မြန်မာ့သမိုင်းတွင် အထင်ကရ ဖြစ်ခဲ့သည်။ ကမ္ဘာ့သမိုင်းတွင်လည်း တခမ်းတနား အသိအမှတ်ပြုကြ ရသည်အထိ။ ပုဂံ၏အား၊ ပုဂံ၏အသိအတတ်ပညာ၊ ပုဂံ၏စည်းလုံးမှု၊ ပုဂံ၏ငြိမ်းချမ်းမှု၊ ပုဂံ၏ကြွယ်ဝမှု၊ ပုဂံ၏ခမ်းနားထည်ဝါမှု၊ ပုဂံ၏ ဂုဏ်ဒြပ်တို့သည် ထေရဝါဒလာ သင်ကြားမှုဖြစ်သော မင်္ဂလာတရား တော်များကြောင့်ပင် ဖြစ်၏။

လက်ဆင့်ကမ်း ထိန်းသိမ်းကြပါစို့ ယနေ့ခေတ်တွင် ထိုသို့သော ကောင်းမြတ်သည့် မြန်မာ့စိတ်ရင်း၊ တစ်နည်း အမျိုးသားစရိုက်မှာ မြန်မာ့လူ့အဖွဲ့အစည်း၏အစိတ်အပိုင်း အချို့တွင် ယိုယွင်းနေပြီလားဟု မေးစရာဖြစ်ရပ်တို့ ပေါ်ထွက်လာ သည်။ မြန်မာ့စိတ်ရင်း ပျက်မယွင်းစေချင်ပါ။ အမျိုးသားစရိုက် အမိုက်ဘက်မရောက်စေချင်ပါ။ သဗ္ဗေသင်္ခါရာ အနိစ္စာဟု ဆိုသော် လည်း မြန်မာတည်သရွေ့ မြန်မာ့စိတ်ရင်းတည်သင့်သည်။ မျိုးဆက် အလိုက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းသင့်သည်။ ရှေးက ဘိုးဘွားများ ထိန်းသိမ်း လက်ဆင့်ကမ်းလာသဖြင့် ယနေ့ မိမိတို့သိရှိ နားလည် ကျင့်သုံးနေရဆဲ ဖြစ်သည်။ ယနေ့လူကြီးများသည် မျိုးဆက် သစ်လူငယ်များသို့ဆိုခဲ့ပါ မွန်မြတ်လှသည့် မြန်မာ့စိတ်ရင်းကို လက်ဆင့်ကမ်းရန် တာဝန်ကိုယ်စီရှိကြ၏။ မျိုးဆက်သစ်လူငယ်များကို ကိုယ်ကျင့်တရား မြင့်မားပြီး မိမိတို့ဆိုင်ရာတာဝန်များ သိက္ခာရှိရှိ ကျေပွန်စွာထမ်းဆောင်သူများဖြစ်အောင် ရှေ့ဆောင်လမ်းပြရန် တာဝန်ရှိ၏။ အချုပ်ဆိုရလျှင် ပြင်ပမှဝင်လာသောအယူဝါဒများကြောင့် ဗုဒ္ဓဝါဒကို အခြေခံဖြစ်တည်ခဲ့သည့် လူသားဆန်သော မြန်မာ့စိတ်ရင်း ပျက်ယွင်းမသွားစေသင့် ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

ကိုးကား-ဆရာဦးရွှေအောင်၏ ထေရဝါဒအုတ်မြစ် စာအုပ်