Skip to main content

ဆွေမျိုးချစ်မှ မျိုးချစ်

ပီမိုးနင်း

ဉာတကာနဉ္စ သင်္ဂဟောဟူသော ဘုရားဟော ဒေသနာရှိသည့်အတိုင်း ထိုတရားတော်၏ ထူးမြတ်ခြင်းကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးဟူသမျှ ကောင်းစွာသိကြလေသည်။

သို့ပင် သိကြငြားသော်လည်း အများအားဖြင့် မြန်မာလူမျိုးများသည် ဉာတိသင်္ဂဟ = ဆွေမျိုး သားချင်းတို့ကို ကူညီရိုင်းပင်းဖို့ မဆိုထားဘိ၊ ဆွေမျိုးသားချင်းများ ချမ်းသာမှာကိုပင် စိုးရိမ် တတ်ကြလေသည်။ အကြောင်းမူကား အများ အားဖြင့် ဆွေမျိုးပေါက်ဖော်များအထဲတွင် ငါသာ ထိပ်တန်းဖြစ်ရမည်။ မည်သူမျှ ငါ့ကို လွှမ်းမိုးခြင်း မပြုရ။ ငါသည် ငါ၏အမျိုးစု၌ နေမင်း၊ လမင်းပမာ တစ်ဦးတည်း ထွန်းလင်းတောက်ပသူ ဖြစ်ရမည် ဟူသော စိတ်မျိုးရှိသူတွေ များကြလေသည်။

ထိုကဲ့သို့ တစ်ဦးတည်း ကြီးကျယ်၍ နေသော အခါ၌ကားထိုမင်္ဂလာတရားကိုသတိမမေ့တတ်ကြ ပေ။ သို့ပင် သတိမမေ့သဖြင့် ဆင်းရဲသော ဆွေမျိုး များ၏ ဆင်းရဲသောကလေးသူငယ်များကို အိမ်သို့ ခေါ်ကာ ကျွန်လိုခိုင်းပြီး အကြွင်းအကျန်ကို ကျွေးမွေးတတ်ကြလေသည်။ ထိုကဲ့သို့ ခိုင်းစေ၊ ကျွေးမွေးခြင်းကို ဉာတကာနဉ္စသင်္ဂဟောဟူသော ပုဒ်နှင့် ညီလှပြီဟု မှတ်ထင်ကြလေ သလား မသိရပေ။

အချို့ မိမိ၏အမျိုးကိုမကြည့်၊ ဂုဏ်ပကာသန အတွက်ကား အကြီးအကျယ် ပေးကမ်းလှူဒါန်း တတ်ကြ၏။ ဂုဏ်အသရေရှိရှိ အစိုးရအရာရှိ၊ လူကြီးလူကောင်းများက ဘာအရေးညာအရေးဟု စာကလေးများနှင့် လာရောက်ပြောသည့်အခါ ငါးရာ ပက်ခနဲ၊ တစ်ထောင် ပက်ခနဲ ပေးလှူနိုင် သော်လည်း ဆင်းရဲသောဆွေမျိုးများကိုမူကား ရော့ ....... ငါးဆယ်ရင်း၊ ရော့ ... တစ်ရာရင်း ဟု ပေးစွန့်လေ့မရှိကြပေ။ ချေးငှားခြင်းကိုလည်း မယုံကြည်၍ မပြုကြပေ။

၎င်းတို့အား တစ်စုံတစ်ယောက်က ထိုအပြစ် ကို ပြောချေက “လူမွဲ တစ်အိမ်ထောင်ကို လူချမ်း သာ ဆယ်အိမ်ထောင် ဝိုင်းမသော်လည်း မပြောင်နိုင်”ဟု ပြောတတ်ကြပေလိမ့်မည်။

ထိုစကားအတိုင်း သိကြား မ,သော်လည်း မချမ်းသာနိုင်သူများလည်း အမှန်ရှိကြပေမည်။ ထိုကဲ့သို့ မ၍ မဖြစ်သောသူများကား တစ်သက်လုံး ပေးကမ်း၍နေမှ ကျေနပ်ကြ၏။ နေ့စဉ်ပေးကမ်း၍ ကျွေးမွေးသော်လည်း မပေးမကမ်းနိုင်သော တစ်နေ့ ၌ကျေးဇူးမဲ့စကားကို ပြောတတ်ကြ၍ ရန်လိုတတ်ကြလေသည်။ ဆင်းရဲစုတ်ပဲ့ ညံ့ဖျင်းသောဆွေမျိုးများသည် ဆွေမျိုးတိုင်းမှာ ရှိမည်ကား အမှန်ဖြစ်လေသည်။

သို့သော်လည်း ဆွေမျိုးစုတစ်စု၌ ပါရှိသော ဆင်းရဲသူဟူသမျှသည် သိကြား မ၍ မဖြစ်သော ထိုလူမျိုးသာ ရှိသည်မဟုတ်။ ယုံယုံကြည်ကြည်နှင့် အကြံကောင်း ဉာဏ်ကောင်းကိုပေးကာ အဟုတ်တကယ် လုပ်ကိုင်ကြံစည် ကြီးကျယ်စေလိုသော စိတ်နှင့် ကူညီစောင်မက ကြီးပွားနိုင်သော သူဆင်းရဲတွေလည်း ရှိကြပေမည်။ တစ်မျိုးလုံး အကုန်အစင် အလှေးအညံ့တွေသာ ဖြစ်ကြမည်မဟုတ်ပေ။ ထိုကဲ့သို့ သဘောထားက ပစ္စည်းရှိသော ဆွေမျိုး သည် မိမိ၏မျိုးရိုးကို ရှုတ်ချရာကျဖို့သာ ရှိလေ သည်။ ။

အများအားဖြင့် လူတစ်ယောက်ချမ်းသာသည့် အခါ ရင်းနှီးသောဆွေမျိုးများထဲမှ မိမိနှင့် မတိမ်း မယိမ်း အလားတူအခြေအနေရှိသူများကိုသာ အသိအမှတ်ပြုကြလေသည်။ အချို့လည်း ဂုဏ်ပြိုင်၍ နေကြ၏။ အများအားဖြင့်ကား ဆင်းရဲသောဆွေမျိုး များကို ဆွေမျိုးမတော်လိုကြဘဲ မိမိထက်သာသော သူစိမ်းလူကုံထံများနှင့် စပ်ကာ ဟပ်ကာ ဆွေမျိုး ဖွဲ့တတ်ကြလေသည်။ ဆင်းရဲသော ဆွေမျိုးများကို ကား ဆွေမျိုးဟူ၍ ပြောရမှာပင် ရှက်တတ်ကြလေ သည်။

(Charity Begins at Home) ဟူသော စကားရှိ၏။ ကောင်းမှုကို နီးစပ်ရာ၌ စ၍ ပြုရမည်။ ရင်းနှီးသူ တို့အပေါ်၌ မကောင်းသူသည် လူကောင်းစင်စစ် မဖြစ်နိုင်ပေ။ ထိုလူမျိုးသည်လည်း အများအားဖြင့် ကြာမြင့်စွာ ကောင်းစားလေ့မရှိပေ။ အများအားဖြင့် ဆင်းရဲသော ဆွေမျိုးများကို မကြည့်လိုသူတို့သည် ဆင်းရဲသောဆွေမျိုးများအပေါ်၌ အပြစ်ကို ရှာတတ် ကြလေသည်။

လူမျိုး၏ စည်းလုံးခြင်း၊ လူမျိုး၏ ညီညွတ်ခြင်း၊ လူမျိုး၏ တိုးတက်ခြင်း၊ လူမျိုး၏အားသည် ဆွေမျိုး စုများ၏ ကူညီရိုင်းပင်းခြင်း၌ တည်လေသည်။

သံကြိုးတစ်ခုလုံး၏အားသည် ကွင်းဆက်တစ်ခု ခိုင်သလောက်သာ ခိုင်နိုင်၏။ လူမျိုးတစ်မျိုးလုံး၏ အားသည် အမျိုးစု၏အားရှိသလောက်သာ ရှိနိုင်လေသည်။

အမျိုးစုဟူသမျှသည် မိမိ၏အမျိုးဟူသမျှ ကြီးပွားနိုင်သမျှ ကြီးပွားအောင် ဂရုစိုက်ကြချေက မြန်မာလူမျိုးဟူသမျှ၏ အမျိုးအဆွေဟူသမျှသည် ကြီးပွားချမ်းသာရမည်သာတည်း။

“အရေးကြီးတော့ သွေးနီးရာ”ဟူသော စကားရှိလေရာ တကယ့်အားကိုးရာသည် အားရှိသော ဆွေမျိုးသားချင်းများသာဖြစ်၍ မည်သူမဆို သူစိမ်းများကို ကြည့်ရှုထောက်ပံ့ခြင်းမပြုမီ မိမိ၏ဆွေမျိုးစု၌ မည်သူဖြင့် ငါကြည့်ရှုရလျှင် ကြီးပွားဖြစ်ထွန်း လိမ့်မည်ဟူ၍ ရှာကြံကာ မိမိ၏သားချင်းပေါက်ဖော် သွေးစပ်သူများကို ရှေးဦးပထမ ကူညီရိုင်းပင်းသင့် ကြလေသည်။

သို့မှသာ အတုံ့အလှည့်၏အကျိုးဖြင့် ဆွေမျိုး၏ အားသည် တိုးတက်နိုင်လေသည်။ မြန်မာလူမျိုး ဟူသမျှ မိမိ၏ ဆွေမျိုးအင်အားကို တိုးအောင် ကြိုးစားကြချေက တစ်မျိုးလုံး၏ အင်အားသည် သိသိသာသာတိုးရမည် မဟုတ်ပါလော။

ဂျပန်ပြည်၌ မစ်ဆွီအမျိုးစုသည် နှစ်ပေါင်း သုံးရာကျော်အခါမှစ၍ ကြီးပွားပြီးလာလေရာ ယခုတိုင် မပျက်မစီး ကြီးကျယ်၍နေသဖြင့် ကမ္ဘာတစ်ဝန်းလုံးပင် ၎င်းတို့၏အကြောင်းကို သိကြလေသည်။

မျိုးချစ်စိတ်၊ အမျိုးသားကို စောင့်ရှောက်ခြင်းဟူသော စကားအရ ထိထိရောက်ရောက် ကျင့်လိုက မည်သူမဆို မိမိနှင့်သွေးစပ်ရာကို ကူညီ၍ ရိုင်းပင်းဖို့သာ လိုလေသည်။

သွေးနီးစပ်သူထက် သူစိမ်းကို ပိုမိုခင်မင်သည် ဟူသောစကားသည် မဟုတ်မမှန်၊ အချို့အ၀က် သာ မှန်လေသည်။ တကယ့်အရေးကြုံသည့်အခါ ဆွေမျိုး အရင်းအချာအတွက်သာ အကုန်အကျ အနစ်အနာ ခံလေ့ရှိကြလေသည်။ ဆွေမျိုးရင်းချာအတွက် အနစ်နာမခံသူများသည် သူစိမ်းအတွက် ခံကြရမည် မဟုတ်ပေ။

သို့ဖြစ်လေရာ ဆွေမျိုးရင်းချာကို မချစ်သူသည် မျိုးချစ်စိတ်ရှိပါသည်ဟု အဘယ်မျှပင် ပြောစေကာမူ မျိုးချစ်တကယ်မဖြစ်နိုင်။ အတုအယောင်မျှသာ ဖြစ်ဖို့ ရှိလေသည်။ အကြောင်းမူကား ဆွေမျိုးရင်းချာကိုမျှ မချစ်နိုင်သူသည် ဆွေမျိုးမတော်သော အမျိုးသား အပေါ်၌ အဘယ်မှာ ချစ်နိုင်ပါမည်နည်း။ ထိုလူမျိုးသည် အဘယ်သို့လျှင် မျိုးချစ်စိတ်ရှိသူ ဖြစ်နိုင်ပါမည်နည်း။

ဆရာကြီးပီမိုးနင်း

(၁၈၈၃-၁၉၄၀)

ဆရာကြီးပီမိုးနင်းသည် စစ်ကြိုခေတ်ကာလ တစ်လျှောက်လုံးတွင် ထင်ရှားကျော်ကြားခဲ့သော စာရေးဆရာကြီးတစ်ဦးဖြစ်သည်။ ပီမိုးနင်းသည် ကာလပေါ်ဝတ္ထုခေတ်ကို ပျိုးထောင်ပေးခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်သာမက မြန်မာစာပေတွင် “လင်္ကာစပ်မနှောသော စကားပြေ အရေးအသားမျိုး ခေတ်စားတွင်ကျယ်လာအောင် လမ်းသစ်ထွင် မျိုးစေ့ချခဲ့သော ပုဂ္ဂိုလ်ကြီး တစ်ဦးလည်း ဖြစ်သည်။ ဆရာကြီးသည် ခေတ်မီသော အတွေးအခေါ်သစ်များကို မြန်မာစာဖတ် ပရိသတ်အား ဦးစွာမိတ်ဆက်ပေးခဲ့သော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

ဆရာကြီးပီမိုးနင်း အမည်ဖြင့် ထင်ပေါ် ကျော်ကြားခဲ့သော သတင်းစာဆရာ ဦးကျော်ညွန့် ကို ၁၈၈၃ ခုနှစ်တွင် သုံးဆယ်မြို့ ရွာမရပ်၌ အဖ ဦးရွှေခမ်း၊ အမိ ဒေါ်စိန်နုတို့က ဖွားမြင်ခဲ့သည်။ ငယ်နာမည်မှာ မိုးနှင်းဖြစ်ပြီး ဇာတာအမည်မှာ မောင်ကျော်ညွန့် ဖြစ်သည်။

ဆရာကြီးပီမိုးနင်းသည် ဟံသာဝတီသတင်း စာတိုက်၊ သူရိယသတင်းစာတိုက်၊ မြန်မာ့အလင်း သတင်းစာတိုက်၊ ပညာအလင်းသတင်းစာတိုက် တို့တွင် လုပ်ကိုင်ခဲ့ပြီး ဒဂုန်မဂ္ဂဇင်း၊ လန်ဒန်အက် မဂ္ဂဇင်း၊ ကဝိမျက်မှန်မဂ္ဂဇင်း၊ ကဝိတံခွန်မဂ္ဂဇင်း၊ ဗြိတိသျှဘားမားမဂ္ဂဇင်း၊ တက္ကသိုလ်မဂ္ဂဇင်း၊ သူရိယသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ သစ္စာဝါဒီသတင်းစာ၊ ဗန္ဓုလသတင်းစာ၊ ဗန္ဓုလဂျာနယ်၊ ဒီးဒုတ်ဂျာနယ်တို့တွင် ဝတ္ထုများ၊ ဆောင်းပါးများ ရေးသားသည်။

ဆရာကြီးသည် “မောင်ကျော်” ကလောင် အမည်ဖြင့် ရှေးဦးကာလက ထင်ရှားခဲ့ပြီးနောက် “ပိုက်ဆံကြီး' ဖြင့် ထင်ရှားခဲ့သည်။ နောက်ပိုင်းတွင် ပီမိုးနင်းအမည်ဖြင့် ထင်ရှားသည်။ “ခင်ထား၊ ပင်လယ်ကူးဓာတ်ပုံ၊ ဘီအေမောင်တင့်နှင့် ကချေသည်မယ်မြင့်၊ နေရီရီ၊ ပွဲစားကြီးသားအဖနှင့် မြမြ၊ ဘားမားဒေး၊ နေညိုညို၊ တကိုယ်တော်၊ ချစ်ပန်းနွယ်၊ သဲမြညှာ၊ သင်းတို့အကြံ” ဝတ္ထုများ ရေးသားခဲ့သည့်အပြင် စိတ်ပညာ၊ တက္ကဗေဒ၊ ဒဿနိကဗေဒ၊ တက်ကျမ်းများ အပါအဝင် နိုင်ငံရေးရာဆောင်းပါးများ၊ စာပေဆောင်းပါးများ၊ လူမှုရေးဆောင်းပါးများ၊ အင်္ဂလိပ်ဘာသာသင် အထောက်အကူပြု ဆောင်းပါးများ ရေးသားခဲ့သည်။

ဆရာကြီးသည်၁၉၄၀ ပြည့်နှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သည်။