Skip to main content

မိကို လက်ယာ၊ ဖ,ကို  လက်ဝဲ မှတ်ယူစွဲကာ၊ အမြဲမပြတ်၊ ကျေးဇူးဆပ်စို့

 

စန်းနီလာဝင်း

 

လူငယ်လူရွယ် မောင်မယ်တို့၏ အစ ကနဦး အာစရိယဆရာများနှင့်ဘဝဥယျာဉ်မှူးများဖြစ်ကြသည့် မိဘရှင်တိုင်းသည် “ရင်သွေးဟူက၊ ချစ်မဝ၍၊ လောကအားလုံး၊ သားသမီးကို မုန်းတယ်လို့၊ ထုံးစံဘယ်မှာရှိလိမ့် ဟူသော ဆိုရိုးစကားနှင့်အညီ ရင်သွေးသည်းချာ၊ သားလှရတနာ၊ သမီးလှရတနာတို့သည် သူတို့၏အသည်း နှလုံးသဖွယ် မြတ်နိုးတွယ်တာလျက်ရှိကြသည်။

 

လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ

 

မိမိမွေးဖွားထားသော ရင်သွေးသည်းချာ သားသမီးရတနာများသည် မိမိ၏ သွေးစစ်စစ် ဖြစ်ခြင်းကြောင့် “ရင်သွေး ဟူ၍ ခေါ်ဝေါ်ခြင်းပင် ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် မိဘနှစ်ပါးတို့အား ထာဝရ ရင်ကိုအေးမြစေသော သဘာဝရင်သွေး -ရတနာများဟုလည်း ဆိုနိုင်ပါသည်။ ယေဘုယျ အားဖြင့် ထိုရင်သွေးကို လိုချင်လွန်းလှ၍ တောင့်တ -နေတိုင်းလည်းရချင်မှရသည်။ ရလာပြန်လျှင်လည်း မလိုမရှိသည်မှာ မိဘတို့၏ “ဂေဟသတပေမ မေတ္တာ ဟူသော တွယ်တာတတ်သည့် နှလုံးသား မေတ္တာအရင်းခံကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ရင်နှစ်သည်းချာသားလှရတနာ၊ သမီးလှရတနာ တို့ကို ရတနာ ခုနစ်ပါးတွင် မွန်မြတ်လှသော ရတနာ တစ်ပါးအဖြစ် သတ်မှတ်ထားရှိခြင်းပင်ဖြစ်သည်။

 

မိဘတို့သည် သားလှရတနာ၊ သမီးလှရတနာ များ ငယ်ရွယ်နုနယ်စဉ်အခါကပင် ပြောတတ်၊ ဆိုတတ်၊ စားတတ်သောက်တတ်၊ နေထိုင်တတ် အောင်နှင့်ဤအရာကို ပြုသင့်၊ မပြုသင့်၊ ပေါင်းသင့်၊ မပေါင်းသင့်၊ ဆောင်သင့်သည်ကိုဆောင်၍ ရှောင်သင့်သည်ကို ရှောင်ရန်လည်းကောင်း၊ ကျောင်းမထားမီ အရွယ်ကပင် ကျောင်းသင်ခန်း စာများ၏ နိဒါန်းပိုင်းကို မိဘတို့ကိုယ်တိုင်သင်ကြား ပေးနိုင်သည့် မိဘတို့ကသင်ကြား ပေးလေ့ရှိကြပြီး ကိုယ်တိုင်မသင်ကြားနိုင်ပါက သင်ကြားပေးသူထံ အပ်နှံ၍ဖြစ်စေ မူကြိုကျောင်းများတွင်ဖြစ်စေ အပ်နှံသင်ကြားစေခြင်းတို့ကြောင့် မိဘတိုင်းသည် ရင်သွေးသည်းချာ သားသမီးရတနာတို့၏ အစ ပထမဦးဆုံး ဆရာဆရာမဖြစ်ကြောင်းနှင့် စပ်လျဉ်း ၍ အနန္တကျေးဇူးရှင် မြတ်ဗုဒ္ဓသခင်က ဟောကြား တော်မူခဲ့သောကြောင့် “လက်ဦးဆရာ၊ မည်ထိုက် စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဘ ဟူသော ဆိုရိုးစကား ပေါ်ပေါက်လာရခြင်းပင်ဖြစ်ပါသည်။

 

မိကိုလက်ယာ၊ ဖကို လက်ဝဲ၊ မှတ်ယူစွဲကာ၊ အမြဲမပြတ်၊ ကျေးဇူးဆပ်စို့

 

အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင်သည် မိဘတို့၌ ဗြဟ္မာတို့ အမြဲကျင့်သုံးလျက်ရှိသော ဗြဟ္မစိုရ်တရားလေးပါးစလုံး ကိန်းဝပ်နေသော ကြောင့် “ဗြဟ္မာတိ မာတာပိတရော မိဘတို့ကို ဗြဟ္မာဟု မှတ်ယူထိုက်သည် ဟု ဟောဖော် ညွှန်ပြတော်မူခဲ့သည်။

 

မိဘတို့၏ ဂုဏ်ကျေးဇူးနှင့်စပ်လျဉ်း၍ “မိဘ ကျေးဇူးဆပ်ကြမည့် သားကောင်းသမီးမွန်တို့သည် ကျေးဇူးရှင် မိခင်ကို လက်ယာပခုံးပေါ်တင်၍ လည်းကောင်း၊ ကျေးဇူးရှင် ဖခင်ကို လက်ဝဲ ပခုံးပေါ်တင်၍လည်း အနှစ်တစ်ရာတိုင်အောင် ပြုစုလုပ်ကျွေးစောင့်ရှောက်သော်လည်း သူတို့နှစ်ဦး ၏ ဂုဏ်ကျေးဇူးကို ကျေအောင် မဆပ်နိုင်ရာ ဒါန၊ သီလ၊ ဘဝနာဟူသော သူတော်ကောင်းကုသိုလ် တရားများ အားနည်းသောမိဘအချို့ကို ဒါန၊ သီလ၊ ဘဝနာတရားများရရှိပွားများလာအောင် စေ့ဆော် တိုက်တွန်း ပံ့ပိုးအားပေးခြင်းဖြင့် မိဘဂုဏ်ကျေးဇူး ကိုကျေအောင် အများဆုံးပေးဆပ်နိုင်သည် ဟု မြတ်ဗုဒ္ဓက အင်္ဂုတ္တရ ပါဠိတော်တွင် ဟောကြား ညွှန်ပြတော်မူခဲ့ပါသည်။

 

ထို့ကြောင့် မြတ်ဗုဒ္ဓ၏ “မင်္ဂလသုတ္တာန် ဒေသနာတော်တွင် “မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တ ဒါရဿ သင်္ဂဟော၊ အနာကုလာစ၊ ကမ္မန္တာ၊ ဧတံမင်္ဂလ မုတ္တမံ= ကျေးဇူးရှင် မိခင်ဖခင်တို့ကိုလုပ်ကျွေး ပြုစုထောက်ပံ့ခြင်း၊ ဇနီးမယား၊ သမီး သားတို့ကို ရှာဖွေထောက်ပံ့ကျွေးမွေးခြင်း၊ အပြစ် ကင်းစင်သောအလုပ်ကိုသာ ရွေးချယ်လုပ်ကိုင် တတ်ခြင်းတို့သည် အထူးကောင်းမြတ်သော မင်္ဂလာတရားဖြစ်သည် ဟု ဟောကြားတော်မူ ခဲ့ခြင်း ဖြစ်ပါသည်။

 

လူနေမှုလောကကြီးထဲ၌ အနန္တော အနန္တငါးပါး တွင် တစ်ပါးအပါအဝင်ဖြစ်သော ကျေးဇူးရှင် မိဘ နှစ်ပါးကို ပစ်ပယ်ထားတတ်ကြသော သားသမီး အချို့တို့ရှိတတ်ကြသကဲ့သို့ ပြစ်မှားမိကြသောသားသမီးဆိုးအချို့ လည်း ရှိနေတတ်ကြပါသည်။ သို့တစေ နောင်တရလာသောအချိန်တွင် ထို နောက်ကျသွားပြီဖြစ်သော နောင်တတရားကြောင့် တစ်သက်လုံး ယူကျုံးမရ အပူလုံးထကာ သောက၊ ဗျာပါဒတို့ ရောက်နေကြရတော့သည်။ ဗုဒ္ဓဝင် သာဓကအားဖြင့် အဇာတသတ်မင်းသားသည် သူယုတ်မာခေါင်းဆောင် ရှင်ဒေဝဒတ်ကို ဆရာတင် မိမှားခဲ့သောကြောင့် ကျေးဇူးရှင် သူတော်စင် ဖခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို ထောင်သွင်း အကျဉ်းချထားကာ စင်္ကြမလျှောက်နိုင်အောင် ခြေဖဝါးနှစ်ခုစလုံးကို ဓားနှင့် မွန်းခိုင်းခဲ့သည့်အထိ ရက်စက်ကြမ်းကြုတ်ခဲ့သည်။

 

ထိုအချိန်မှာပင်မိမိသားတော်ကလေး မွေးဖွား လာသည်ကို ကြားသိရသောအခါ ရိုးတွင်းချဉ်ဆီ ခိုက်အောင် ပီတိသောမနဿဖြစ်ကာ မိဘမေတ္တာ ပေါ်လာတော့မှ “ငါ့ခမည်းတော်လည်း ငါ့ကို ဤသို့ ချစ်ရှာပေမှာပဲ ဟု သတိရကာ မယ်တော်ကို  မေးမြန်းကြည့်ခဲ့သည်။ ထိုအခါ မယ်တော်က “ဘယ့်နှယ် ပြောပါလိမ့်သားတော်ရယ်၊ သားတော် ငယ်ငယ်က သားတော်ရဲ့ လက်ညှိုးမှာ ခူနာပေါက် နေလို့ မင်း ခမည်းတော်က ခူနာပေါက်နေသည့်  လက်ညှိုးကို ပါးစပ်ထဲထည့် ငုံထားရှာတယ်။ သူ့ပါးစပ်ထဲမှာ ပြည်ပေါက်တော့ ပါးစပ်ဟလိုက် လျှင် သားတော် အနာနာပြီး နိုးသွားမှာစိုးလို့  မျိုချလိုက်ရှာတယ်၊ အဲဒီအထိ မင်းခမည်းတော် သူတော်စင်ကြီးက မင်းအပေါ် အဲဒီလောက်ချစ်ခဲ့ရှာ တယ် သားမိုက်ကြီးရယ်ဟု ပြောပြလိုက်ရာ  နောင်တရကာ ခမည်းတော်ကို အကျဉ်းထောင်မှ ချက်ချင်းလွှတ်စေဟု အမိန့်တော် ချမှတ်ခဲ့သော် လည်း အခါနှောင်းသွားပြီဖြစ်၍ ခမည်းတော်ကြီး ဗိမ္ဗိသာရမင်းကြီးမှာ နတ်ရွာစံ ကံတော်ကုန်ခဲ့ရ ရှာလေပြီ။ နောက်ကျသွားသော နောင်တတရားနှင့် အတူ လူယုတ်မာကို အထင်ကြီး ကိုးကွယ်မိခဲ့ သည့် အဇာတသတ်ခမျာ နတ်ရွာစံသောအခါ  အပါယ်ငရဲသို့ ကျသွားခဲ့ရတော့သည်။ 

 

ရင်သွေးဟူက ချစ်မဝ

 

ခဲရာခဲဆစ် လူ့အဖြစ်ကို ရရှိလာရသောရင်သွေးငယ်များ၏ အဆင့်ဆင့်သော ပဋိသန္ဓေ ဘဝ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ သံယုတ်ပါဠိတော် အဋ္ဌကထာကျမ်းတွင် မိခင်၏ ဝမ်းတွင်း၌ “ကလလရေကြည်သည် ခုနစ်ရက်ပတ်လုံးဖြစ်၏ (ထို “ကလလရေကြည်၏ အရွယ်အစားနှင့် ပမာဏမှာ ဆံပင်မျှင် တစ်မျှင်ကို အလွန်ကြည်လင် သော ဆီထဲသို့နှစ်၍ ထိုဆံပင်မျှင်အဖျား၌ ကပ်ပါ လာသော ဆီကြည်တစ်စက် အရွယ်မျှသာရှိသည်။) ထိုရေကြည်မှ ခုနစ်ရက်လွန်လျှင် “အမြှုပ် ဟူ၍ ဖြစ်လာ၏။ ထို “အမြှုပ်မှ ခုနစ်ရက်လွန်လျှင်“သားတစ် ဟူ၍ ဖြစ်လာ၏။ ထိုမှ ခုနစ်ရက်လွန်ပြန် လျှင်လည်း ကြက်ဥသဏ္ဌာန် “အသားခဲ ဟူ၍ ဖြစ်လာ၏။ ထိုအသားခဲမှ ခုနစ်ရက်လွန်လျှင် လက်နှစ်ချောင်း၊ ခြေနှစ်ချောင်းဖြစ်ရန် အလို့ငှာ အသားဖုများဖြစ်ပေါ်လာ၏။ ထိုမှတစ်ဆင့် ဆံပင်၊ မွေးညင်း၊ လက်သည်းခြေသည်းတို့ တဖြည်းဖြည်း ဖြစ်လာကုန်၏ ။ ထိုမှ “ အမြင်ဓာတ်" ဟူသော “စက္ခုပသာဒရုပ် "များ၊ ထိုမှသည် “အကြားဓာတ်" ဟူသော “သောတပသာဒရုပ်၊ ထိုမှသည် “အနံ့ ဓာတ်ဟူသော “ဃာနပသာဒရုပ် ၊ ထိုမှသည် “အရသာဓာတ် ဟူသော “ဇီဝှာပသာဒရုပ် များ အစဉ်အတိုင်း ဖြစ်လာအောင် “ကိုးလ (ဝါ) “ဆယ်လ တိုင် ဝမ်း၌လွယ်ထားရသည်ဟု ဖွင့်ဆိုထားရှိပါသည်။ ။

 

ထိုသို့ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ကျေးဇူးရှင်မွေးမိခင်၏ အစားအစာအာဟာရ စားသုံးမှုသည် ရင်သွေးငယ်များ၏ အသက်ရှင်သန် မှုအတွက် တိုက်ရိုက်အကျိုးပြုနေပုံကို “သော  ဟဝိနောဒနီ အဋ္ဌကထာကျမ်း ကြီးတွင် “ထို  ရင်သွေးငယ်၏ မိခင်သည် အကြင်ထမင်းကိုလည်း ကောင်း၊ အကြင်အဖျော်ယမကာကိုလည်းကောင်း၊  အကြင်ဘောဇဉ်ကိုလည်းကောင်း စားသုံး၏။ ထိုမိခင်စားသုံးသော ထမင်း၊ အဖျော်ယမကာ ဘောဇဉ်တို့ဖြင့် မိခင်၏ဝမ်းတွင်း၌ တည်ရှိသော ရင်သွေးငယ်သည် မိမိ၏ဝမ်းတွင်း၌ မျှ၏။ ထိုရင်သွေးငယ်၏ ချက်တံသည် ဝမ်းရေလွှာနှင့်  တစ်ဆက်တစ်စပ်တည်းဖြစ်၏။ ထိုချက်တံသည် ကြာရိုးကဲ့သို့ အပေါက်ကြီး အပေါက်ငယ်ဖြင့် အာဟာရသည် ပျံ့နှံ့သက်ဝင်၍ အာဟာရရုပ်ကို ဖြစ်စေ၏။ ထိုသို့ခံစားသော ရင်သွေးငယ်သည် ဆယ်လပတ်လုံးမျှ၏ဟု ဖွင့်ဆိုထားသည်ကို တွေ့ရှိရသည်။

 

ထို့ပြင် နို့တိုက်မိခင်၏မေတ္တာနှင့် ရင်သွေးငယ် များအတွက် နို့ချိုရည်ဖြစ်ပေါ်လာပုံနှင့် စပ်လျဉ်း၍ “မာတုလောဟိတံ=မိခင်၏ သွေးသည် တံဋ္ဌာနံ ထိုရင်သီးမြတ်သို့ သမ= ရောက်သည် ရှိသော် သိနေသေန = ချစ်ခြင်းမေတ္တာဖြင့်၊ ပတ္ထရံ =ဖြူသည်၊ ဟောတိ = ဖြစ်၏ ဟု ဖွင့်ဆိုထားသည် ကို ကြည့်ခြင်းအားဖြင့် မွေးမိခင်ကျေးဇူးရှင်၏ အနန္တမေတ္တာ၊ ကရုဏာနှင့် ကိုယ်ဝန်ဆောင်ထားရ သည့် အာဝေဏိကဒုက္ခကို ထင်ရှားစွာ တွေ့မြင် နိုင်မည် ဖြစ်ပါသည်။

 

အလားတူ သားဖွားမီးယပ်နှင့် ဆေးပညာရပ် တွင်လည်း မိခင်၏ဝမ်းတွင်း၌ သန္ဓေသားအဆင့် ဆင့် ကြီးထွားလာပုံနှင့် စပ်လျဉ်း၍ ဖခင်၏ သုက်ရည်နှင့် မိခင်၏မျိုးဥတို့ပေါင်းစပ်ပြီး သားစု သည် သားအိမ်ထဲသို့ရောက်သွားသည့်အခါ “အပ်ပေါက်ဝ လောက်ပမာဏရှိသည့် အလုံး ကလေးဖြစ်လာသည်။ ထိုမှ ရက်သတ္တ လေးပတ် ကျော်လာသည့်အခါ သန္ဓေသား၏ အရွယ်မှာ ၁ လက်မ၏ ၅ ပုံ ၂ ပုံခန့် ရှိလာသည်။ ရက်သတ္တ ခြောက်ပတ်ကျော်လွန်လာသောအခါ သန္ဓေသား သည် ဦးခေါင်း၊ ခြေလက်များ ဖြစ်ပေါ်လာသည်။ ရက်သတ္တပတ် ၁၆ ပတ်/ ၄ လ ရောက်သည့်အခါ သန္ဓေသားသည် ၅ လက်မ ခန့်ရှည်လာကာ လူပုံ သဏ္ဌာန်ပေါ်လာသဖြင့် သားယောက်ျားကလေး လား၊ သမီး မိန်းကလေးလား စသည်ဖြင့် ခွဲခြား နိုင်သည့်အခြေအနေသို့ ရောက်ရှိလာတော့သည်။ ရက်သတ္တပတ် ၄၀ ပြည့်လာသည့်အခါ သန္ဓေသား၏  အရှည်မှာ လက်မ ၂၀ ခန့်ရှိလာပြီး ကိုယ်အလေး ချိန်မှာ ၇ ပေါင်ခန့် ရှိလာသည်။ သည်လိုနှင့် သန္ဓေသားသည် ၉ လတိုင်အောင် အညစ်အကြေး များကို မိခင်၏သွေးထဲသို့ စွန့်ပစ်ပြီး မိခင်၏ ၊ သွေးထဲမှ အောက်ဆီဂျင်ဓာတ်နှင့် အာဟာရများကို ရယူသည်ကိုတွေ့ရပါသည်။

 

နှိုင်းတုမရသည့် မိဘမေတ္တာ

 

မြင်းမိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးရှင် မွေးမိခင်နှင့် ဖခင်တို့အားဟူ၍ နှိုင်းဆိုထားသည်မှာ အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင်၏ ဒေသနာ တော်အရ ဖြစ်ပါသည်။ စကြဝဠကြီးထဲတွင် မြင်းမိုရ်တောင်ကြီးသည် ယူဇနာပေါင်း ၈၄၀၀၀ အမြင့်ဆောင်၍ တောင်ဟူသမျှတို့တွင် အမြင့်ဆုံး တောင်ကြီးပင်ဖြစ်သည်။ ( ၁ ယူဇနာသည် ၁၃ မိုင်နှင့်ညီမျှပြီး ယူဇနာ ပေါင်း ၈၄၀၀၀ အမြင့်ရှိသော မြင်းမိုရ်တောင်၏ အမြင့်ကို မိုင်ဖြင့်တွက်ချက် ကြည့်လျှင် မိုင်ပေါင်း ၁၀၉၂၀၀၀ မိုင်ရှိပါသည်။)

 

ထိုမြင်းမိုရ်တောင်ကြီး၏ အရံဖြစ်သော တောင်စဉ်ခုနစ်တန်ရှိရာ (၁) ယုဂနွိုရ်တောင်၊ (၂) ဣသရတောင်၊ (၃) ကရဝိကတောင်၊ (၄) သုဒဿန တောင်၊ (၅)နေမိန္ဒရတောင်၊ (၆) ဝိနာတလတောင်၊ (၇) အဿကဏ္ဏတောင် ဟူ၍ ဖြစ်ကြသည်။ ထိုတောင်စဉ် ခုနစ်ထပ်တို့တွင် ယုဂနွိုရ်တောင် သည် အမြင့်ဆုံးဖြစ်နေသော်လည်း မြင်းမိုရ်တောင် ကြီးနှင့် နှိုင်းယှဉ်လိုက်လျှင် တစ်ဝက်သာရှိပြီး ယူဇနာပေါင်း ၄၂၀၀၀ (မိုင်ပေါင်း ၅၄၆၀၀၀)သာ ရှိပါသည်။ လူသားတို့ လူ့ပြည်မှ မြင်တွေ့ကြရသော နေလနက္ခတ်ကြယ်တာရာတို့မှာယုဂနွိုရ်တောင်၏ အမြင့်နှင့်အမျှ မိုးကောင်းကင် အာကာသတစ်ခွင်၌ တည်ရှိနေကြသည်။ ထိုတောင်စဉ် ခုနစ်ထပ်ထက် ထက်ဝက်ခန့်ပို၍မြင့် မားသော မြင်းမိုရ်တောင်ကြီး၏ အမြင့်ထက် မွေးမိခင် ဖခင်ကျေးဇူးရှင်တို့၏ ဂုဏ်ကျေးဇူးများက ပိုမိုမြင့်မားလှကြောင်း သုံးလောကထွတ်ထား မြတ်ဗုဒ္ဓဘုရားက ဟောကြားညွှန်ပြတော်မူခဲ့ပါသည်။

 

ရင်သွေးကလေးများ ပန်းကလေးလို 

လှနေတာပဲကြည့်နေချင်သည်

လူငယ်လူရွယ်မောင်မယ်တို့၏ဘဝဥယျာဉ်မှူး များဖြစ်ကြသည့် မိဘရှင်တိုင်းသည် “ရင်သွေး ဟူက၊ ချစ်မဝ၍၊ လောကအားလုံး၊ သားသမီးကို မုန်းတယ်လို့ ထုံးစံဘယ်မှာရှိလိမ့် ဟူသော ဆိုရိုး စကားနှင့်အညီ ရင်သွေးသည်းချာ၊ သားလှရတနာ၊ သမီးလှ ရတနာတို့ကို မိမိတို့၏ အသည်းနှလုံး သဖွယ် မြတ်နိုးတွယ်တာလျက်ရှိကြသည်။ ဖြစ်နိုင် လျှင် မိဘတိုင်းသည် သားသမီးများကို ဆီးဖြူဖန်ခါး ပမာ ငုံထားမလောက် ချစ်ခင်ကြပါသည်။

 

သာဓကဆောင်၍ တင်ပြရလျှင် သာမန်ပုထုဇဉ် လူသားတို့အဖို့ လက်တွေ့လှူ ဒါန်းရန် မဆိုထား နှင့် အိပ်မက်မျှပင် လုံးဝမမက်ရဲသည့် လှူဒါန်းခြင်း မျိုးကို ရက်ရောကြည်ဖြူစွာ ပေးလှူခဲ့သည့်ဘုရား လောင်းလျာ ဒါနပါရမီရှင်ဝေဿန္တရာမင်းကြီးသည် မင်းစည်းစိမ်နှင့် ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာမှန်သမျှကို လှူဒါန်းခဲ့ရာတွင် လည်းကောင်း၊ ပစ်မငြီးနိုင်သည့် ချစ်ဇနီး မဒေဝီမိဖုရားကြီးကို လှူဒါန်းခဲ့ရာတွင် လည်းကောင်း ကျောက်ဆစ်ရုပ်ကဲ့သို့ မတုန်မလှုပ် တည်ငြိမ်ကြည်ဖြူ ရက်ရောစွာ ပေးကမ်းလှူဒါန်းခဲ့ သည်။

 

သို့တစေ ဇူဇကာပုဏ္ဏားကြီးသည် မင်းကြီး၏ သားတော် ဇာလီနှင့် သမီးတော် ကဏှာဇိန်တို့ကို အခိုင်းအစေလုပ်ရန် လာရောက်အလှူခံ၍ လှူဒါန်း ခဲ့လေသည်။ ထိုအခါ မိဘနှင့် တစ်ခါဆိုတစ်ခါမျှ မခွဲခွာခဲ့ကြဖူးသည့် သားတော်ကလေးနှင့် သမီးတော်ကလေးတို့မှာ ရုန့်ရင်းကြမ်းတမ်း၍ ကြောက်စရာ ကောင်းလွန်း လှသော ဇူဇကာပုဏ္ဏားကြီးနောက်သို့ မလိုက်လိုကြသဖြင့် ငိုကြွေးကာ ရုန်းကန်နေခဲ့ကြလေသည်။ သားချင်း သမီးချင်း လုံးဝမစာနာတတ်သော သူယုတ်မာ ဇူဇကာပုဏ္ဏား ကြီးက ဇာလီနှင့်ကဏှာဇိန်တို့ကို ခေါ်ယူ၍မရသဖြင့် အလှူရှင်ဖခမည်းတော် ဝေဿန္တရာမင်းကြီး၏ ရှေ့မှောက်တွင်ပင် ရိုက်ပုတ်ညှဉ်း ဆဲနေလေသည်။ ထိုမြင်ကွင်းဆိုးကို မိမိ၏ မျက်စိရှေ့မှောက်တွင် မြင်တွေ့နေရသော ဝေဿန္တရာမင်းကြီးမှာ ရုတ်တရက် ဒေါသထွက်ကာ သန်လျက်တော်ကို ဆွဲလိုက်မိသည်အထိ ဖြစ်ခဲ့ရသည်။ ရုတ်ခြည်းပင် ရင်ထဲကဝေဒနာကို သတိတရားနှင့် အသိတရား ကပ်ကာ ဖြေသိမ့်လိုက်ရပြီးနောက် မျက်လုံးအိမ်မှ ကြေးနီအဆင်း သဏ္ဌာန်ရှိသော မျက်ရည်များ တသွင်သွင် စီးကျလာသည်အထိ ရင်နင့်စွာ ခံစားတော်မူခဲ့ရရှာသည်။

 

ဟိမဝန္တန္တာတောနက်ကြီးထဲသို့ သွားရောက်၍ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို ရှာဖွေ ရသည့် မယ်မဒီမိဖုရား ပြန်လာသောအခါ မိမိ၏ ရင်သွေးသည်းချာ သားလှရတနာ၊ သမီးလှရတနာ ကို ဇူဇကာ ပုဏ္ဏားကြီးအား ပေးလှူလိုက်ကြောင်း ကြားသိလိုက်ရသည်နှင့် တစ်ပြိုင်နက်ရွှေရင်ဆို့ကာ အရုပ်ကြိုးပြတ် သည့်နှယ် သတိလစ်မေ့မြော သွားသည်အထိ ခံစားရရှာတော့သည်။ သို့ကလောက် ကျေးဇူးရှင် မိဘတို့၏ မေတ္တာကား နှိုင်းတုမရအောင် ကြီးမားလှပါဘိ။

တိရစ္ဆာန်တွင်လည်း မိဘမေတ္တာနှင့် လောကတွင် အသိဉာဏ်အရှိဆုံးနှင့် အသိဉာဏ်ကို အသုံးချတတ်ဆုံးသော လူသားတို့၏ မေတ္တာတရားကို ထားပါဦး။ အသိဉာဏ်ကင်းမဲ့  လှသော တိရစ္ဆာန်များသည်ပင်လျှင် မိဘ၏ မေတ္တာစွမ်းအင်ကြီးမား ထက်မြက်လှသည်ကို တွေ့ရသည်။ ဥဒါဟရွက်ပြရလျှင် ဥဒေါင်းငှက်မ၊ လိပ်မများသည် မိမိတို့၏ သန္ဓေသားဥပေါ်တွင် မိမိတို့၏ ခန္ဓာကိုယ် ဖြင့်တက်၍ ဝပ်လိုက်လျှင် သန္ဓေသားဥများ ပေါက်ကွဲကြေမွပျက်စီး ဆုံးရှုံးသွားမည်ကို စိုးရိမ် ပူပန်ကြသဖြင့် အခြားတစ်နေရာသို့သွား၍ နေထိုင် ကာ အဝေးမှနေ၍ မေတ္တာပို့သပေးခြင်းဖြင့် သန္ဓေ သားဥများကို အောင်မြင်ဖြစ်ထွန်းစွာ ပေါက်ဖွား စေပါသည်။ တစ်စုံတစ်ခုသော အကြောင်းကြောင့် မိခင်များဖြစ်ကြသည့် ဥဒေါင်းမများ၊ လိပ်မများ သေဆုံးသွားပါက မိခင်၏ မေတ္တာပို့သမှု မခံယူရ သော သန္ဓေသားဥများမှာ အလိုအလျောက် ပုပ်သိုး  ပျက်စီးသွားကြရရှာသည်။ ထိုဖြစ်ရပ်ကို ကြည့်ခြင်း အားဖြင့် အသိဉာဏ်မဲ့သော တိရစ္ဆာန်လောကတွင် ပင် မိဘ၏မေတ္တာ စွမ်းအင်ကြီး မားလှသည်မှာ အခိုင်အမာ ထင်ရှားလှပါသည်။

 

နှလုံးသားချင်းစကားပြောကြပါသည်

 

မိဘများနှင့် သားသမီးများ စုန်ရေဆန်ရေပမာ အပြန်အလှန်ထားရှိကြသည့် အေးမြကြည်လင် သန့်စင်နက်ရှိုင်းလှသော ငါးရာ့နှစ်ဆယ်ရှစ်သွယ် သော မေတ္တာတရား၏ စွမ်းပကားကို ထားပါဦး၊ ယုတ်စွအဆုံး ပြောရလျှင် ဘဝကြင်ဖော်ကြင်ဖက်ချင်း ထားရှိကြသည့် တစ်ထောင့်ငါးရာ ကိလေသာ ချစ်မေတ္တာ၏ အစွမ်းထက်မြက်ပုံကိုလည်း အံ့မခန်း တွေ့ရှိရပါသည်။ စိတ်ပညာရှင် သုတေသီများ၏ လက်တွေ့စမ်းသပ် တွေ့ရှိချက်များအရ ပေါ်ထွက် လာသော “တယ်လီပသီနည်း (Telepathy = Communication of impressions from mind to mind without aid of the senses) ခေါ် “ဝေးနေ စိတ်ချင်း စကားပြောဆက်သွယ်နည်း ဖြင့် လက်ထပ်ရန် ဆုံးဖြတ်ထားကြသည့် ချစ်သူနှစ်ဦး၏ အလျား အနံမသိ သော်လည်း အသွားအပြန်ရှိသော ချစ်ခြင်းမေတ္တာတရား၏ စွမ်းအားကို လက်တွေ့ စမ်းသပ် ဖော်ထုတ်ခဲ့ကြပါသည်။

 

လက်တွေ့စမ်းသပ်ပုံမှာ လက်ထပ်ရန် ဆုံးဖြတ်ထားသော ချစ်သူစုံတွဲနှစ်ဦးကို တစ်မြို့ တစ်နေရာစီ ခွဲခြားထားရှိကာ ထပ်တူထပ်မျှဖြစ် သော အချိန်တစ်ချိန်တည်းမှာပင် နှစ်ဦးကိုယ်စီ အား စိတ်ညှို့ထားပြီး တစ်ဦးကို တစ်ဦး အာရုံပြု ခိုင်းထားစေသည်။ သူတို့နှစ်ဦးကိုယ်စီအား စိတ်မှန်း ဖြင့် တစ်ဦး၏ အဝတ်အစားအရောင်အသွေးများနှင့် လှုပ်ရှားပြုမူဆောင်ရွက်ခဲ့ပုံများကို မှန်းဆပြောခိုင်း ကြည့်ရာ နှစ်ဦးကိုယ်စီ၏ မှန်းဆပြောဆိုချက် များသည် ၉၅ ရာခိုင်နှုန်းခန့် ထပ်တူထပ်မျှ မှန်ကန် နေကြောင်း စမ်းသပ်တွေ့ရှိရသည်။ ထိုမေတ္တာထက် အတိုင်းအဆများစွာ ကြီးမားလှသော ငါးရာ့နှစ်ဆယ်ရှစ်သွယ်သော မိဘတို့၏ မေတ္တာတရား စွမ်းအားမှာ မည်ရွေ့မည်မျှ စူးရှထိရောက်မည်  ဆိုသည်ကို မှန်းဆကြည့်နိုင်မည် ဖြစ်ပါသည်။

 

သားသမီးချင်း၊ မိဘချင်းကိုယ်ချင်းမစာနာ

 

နိုင်ငံရေးမသမာသူများ၊ ခေါင်းဆောင်တုခေါင်း  ဆောင်ယောင်များ၊ သူခိုးကိုဓားရိုးကမ်းပေးနေ သည့် အမျိုးသားရေး သစ္စာဖောက်ပုဆိန်ရိုးအဖျက် သမားများ၊ ပွဲလန့်၍ဖျာခင်းရုံမက ကုလားထိုင်ပါ  ခင်းလိုသည့် အာဏာရူးတို့သည် ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် စိတ်ယုတ်မာဖြင့် လေယူ  ရာတိမ်း ယိမ်းတတ်သည့် ပဲ့ပြားပင်ကဲ့သို့ပင်  အလွယ်တကူ ယိမ်းလွယ်ယိုင်လွယ် တတ်ကြသော ပျိုမြစ် နုနယ် ဆယ်ကျော်သက် ရွယ်လူငယ်မောင် မယ်တို့ကို အဖျက်မှိုင်းသွင်း၍ ဖြားယောင်းသိမ်းသွင်း ကာ အာဏာကို ဖြတ်လမ်းကရယူကြရန် သူတို့ ကလေးများကို ခုတုံးလုပ် အသုံးချကာ နင်းချေ ဖျက်ဆီးရက်ကြသည်။ အာဏာရမ္မက် ဖုံးနေသော နိုင်ငံရေးမသမာသူ အကြမ်းဖက်သမားများသည် ကောက်ကျစ်စဉ်းလဲပြီး သားသမီးချင်း၊ မိဘချင်း မစာနာတတ် သော ဇူဇကာပုဏ္ဏားကြီးထက် အဆ  တစ်ရာ မိုက်မဲယုတ်မာ ရက်စက်လှသည်။

 

ပြည်ပြေးဝရမ်းပြေး အကြမ်းဖက်အဖွဲ့နှင့် အဖွဲ့ဝင်များဖြစ်နေပါလျက်နှင့် အစိုးရဆိုင်းဘုတ် တပ်၍ ပြည်ပက အဆိပ်ပင်ရေလောင်းပေးနေကြ သည့်သူများ၏ ပေးစာကမ်းစာများကို ရယူကာ မက်လုံးပေးဆွဲဆောင်ပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် အကြမ်းဖက်တိုက်ပွဲများကို ဆင်နွှဲခိုင်းကြသည်။ စာသင်ကျောင်း အဆောက်အအုံများ၊ ပြည်သူ ပိုင် အဆောက်အအုံများ၊ လမ်းတံတားများကို ဗုံးခွဲ၊ မီးရှို့ ဖျက်ဆီးစေပြီး အလုံးစုံပျက်သုဉ်းရေးကို မျက်ကန်းတစ္ဆေမကြောက်သည့်အလား ရာဇဝတ်မှု ကြီးများကို ကျူးလွန်နေကြသည်။ ကြွက်မနိုင်၍ ကျီကို မီးရှို့ နေသည့် အဖျက်အမှောင့်လုပ်ငန်း သက်သက်ဖြင့် တိုင်းရင်းသားပြည်သူတို့ကို ဒုက္ခပေး  နေကြခြင်းသာဖြစ်သည်။

 

လုပ်ငန်းတာဝန် ထမ်းဆောင်လျက်ရှိသော တာဝန်သိသစ္စာရှိ ဝန်ထမ်းများကိုလည်း အဖျက် မှိုင်းတိုက်ကာ “ရုံးမတက်နှင့်ရုန်းထွက်ကြ ဟု ခြိမ်းလုံးခြောက်လုံးပေါင်းစုံဖြင့် အကျပ်ကိုင်သလို  ပညာသင်ကြားလျက်ရှိသည့် နိုင်ငံ့ရတနာများဖြစ် ကြသော ကျောင်းသား ကျောင်းသူ ကလေးများနှင့်  အနန္တောအနန္တငါးပါးဂိုဏ်းဝင် ကျေးဇူးရှင် ဆရာ ဆရာမများကိုလည်း “ကျောင်းမတက်နှင့် ကျောင်း ထွက်ကြ ဟု ဟန့်တားခြိမ်း ခြောက်နေကြသည်မှာ  အယုတ်ညံ့ဆုံးသော အဖျက်လုပ်ငန်းဖြစ်၍ ဥပဒေ ကြောင်းအရ မည်သို့မျှခွင့်လွှတ်၍ မရနိုင်ပါ။

 

(ဆက်လက်ဖော်ပြပါမည်)