ပညာသာမက ကိုယ်ကျင့်သီလ (စာရိတ္တ) ကောင်းခြင်းသည်အဓိက
စာရိတ္တဟူသော ကိုယ်ကျင့်သီလတရားသည် လူတစ်ဦးစီအတွက် အသက်သွေးခဲဖြစ်ပါသည်။ လူအများ ကိုယ်ကျင့်သီလရှိခြင်း မရှိခြင်း၊ အားနည်းခြင်း/အားများခြင်းတို့ | အပေါ်မူတည်၍ မိမိ၏၊ လောက၏ ကောင်းကျိုးဆိုးကျိုးတို့ကို ဖြစ်ပေါ်နိုင်သည်။ လူတစ်ဦးချင်းစီကို အနောက်နိုင်ငံလောက၌ Personality, Character, Quality စသည်ဖြင့် ပင်ကိုစရိုက်လက္ခဏာ၊ ထူးခြားသောအရည်အသွေး၊ ထူးခြားသော ဝိသေသလက္ခဏာ၊ အရည်အချင်း၊ ကျွမ်းကျင်မှုတို့အပေါ် မူတည်၍ အဆင့်အတန်းကို သတ်မှတ်ကြပါသည်။
အလေးအနက်ထား
မြန်မာမှုနယ်ပယ်တွင်မူ လူတစ်ယောက်နှင့်ပတ်သက်သည့် အင်္ဂါရပ်သည် ထို့ထက်ပင် ပိုမိုကျယ်ပြန့်ပါ သေးသည်။ ပင်ကိုစရိုက်လက္ခဏာ၊ ပင်ကိုအရည်အသွေး၊ ဓလေ့စရိုက်၊ အဆင်းကြန်အင်၊ ဥပဓိသမ္ပတ္တိ၊ အတွင်း အဇ္ဈတ္တ၊ အပြင်ဗဟိဒ္ဓ၊ ဗလငါးတန်၊ ဘုန်း၊ လက်ရုံး စသည်ဖြင့် နက်နဲ ကျယ်ဝန်းလှပါသည်။ အနှစ်ချုပ်မှာ ကိုယ်ကျင့်သီလ(စာရိတ္တ)သည် အဓိက ဖြစ်ပါသည်။ မည်သည့်လူတန်းစားမဆို ကိုယ်ကျင့်သီလ ကောင်းနေသရွေ့ လောကအလယ်တွင် စိတ်နှလုံး အေးချမ်းစွာ နေထိုင်နိုင်ကြပါသည်။ လူတို့သည် သာမန်အားဖြင့် ကိုယ်ကျင့် သီလနှင့် ပတ်သက်၍ နားလည်ကြပါ သည်။ ထိုထက်ပိုသည့် လူ၏ အတွင်း သဘော၊ အပြင်သဘောတို့မှာ စိတ်ဝင်စား စရာ အလေးအနက်ထား စရာဖြစ်၍ အကဲခတ်ရှုမြင်ရပါသည်။
လူတစ်ဦးချင်းအနေဖြင့် ရုပ်ဆင်း အသွင်အပြင်လက္ခဏာတို့သာမက အနံ့ အသက်၊ အငွေ့၊ ကိုယ်ရောင်ကိုယ်ဝါ အမျိုးမျိုးရှိတတ်ပါသည်။ အချို့ လူတို့မှာ ရေမွှေးရနံ့ ဆွတ်ဖျန်းထားခြင်းမရှိဘဲ အနံ့အသက်ကင်းစင်သော၊ သင်းပျံ့သော အနံ့အသက်တစ်မျိုးမျိုးရှိသူတို့ ကို တွေ့ရတတ်ပါသည်။ ကျန်းမာရေးကောင်းခြင်း၊ ကိုယ်ကျင့်သီလကောင်း ခြင်းသဘော ရှိပါသည်။ လူသည် အသက်အရွယ်အိုမင်းလာသည်နှင့်အမျှ ခန္ဓာကိုယ်မှ ညစ်နွမ်းသော အနံ့အသက် များ ထွက်လာတတ်ပါသည်။ မွေးကင်းစမှ ငယ်ရွယ်သော ကလေး သူငယ်များ၏ ခန္ဓာကိုယ်ရနံ့မှာ ချစ်ခင် နှစ်လိုဖွယ်ရာ သင်းပျံ့နေပါသည်။ ကလေးသူငယ်များမှာ အစားအသောက်၊ စိတ်အနေအထားတို့မှစ၍ ပြစ်မျိုးနဲ့ မထင် စင်ကြယ်နေသဖြင့် နှစ်လိုဖွယ် ရာဖြစ်ပါသည်။
ဘဝကံအကျိုးပေး
အချို့ လူတို့၏ ခန္ဓာကိုယ်အနံ့ အသက်တို့မှာ ကိုယ်လက်သန့်စင်ပြီးသော်လည်း ချဉ်စူးစူးအနံ့မျိုး အမြဲရှိ နေတတ်သည်။ လူသည်တရားတော်အရ အပုပ်ကောင်ကို အရုပ်ဆောင် ထားခြင်းသာဖြစ်သည်။ ခန္ဓာဗေဒအရ မသတီစရာကောင်းသည့် သွေး၊ ချွေး၊ အချွဲ၊ သလိတ်၊ ကလီစာ၊ သားတစ် အစိုင်အခဲများကို အပေါ်ယံအရေပြား ဖုံးအုပ်ထားခြင်းဖြစ်သည်။ ထိုအရေပြား ဖုံးထားသောခန္ဓာကို လှလှပပအဝတ် တန်ဆာအုပ်ထား၍ ကြည့်ပျော်ရှုပျော် ဖြစ်နေခြင်းသာတည်း။ အပေါ်ယံ တစ်လွှာစီကို ခွာထုတ်လိုက်ပါကအား လုံးသည် စက်ဆုပ်ဖွယ်ရာ၊ ရွံရှာဖွယ်ရာ သာဖြစ်ပါသည်။ သို့သော် ဘဝကံအကျိုး ပေးအရသော်လည်းကောင်း၊ ကိုယ်ကျင့် သီလအရသော်လည်းကောင်း၊ မိမိပြုသော ဝစီကံအရသော်လည်းကောင်း အပြင်ဗဟိဒ္ဓ ခန္ဓာအိမ်ကြီးတွင်ကောင်းသော အဆင်းအနံ့၊ မကောင်းသော အဆင်းအနံ့ သက်ရောက်မှုတို့ဖြစ်ပေါ် လာ၏။
ယေဘုယျအားဖြင့် အချို့လူတို့ ကိုယ်ခန္ဓာ အနံ့အသက်မကောင်းခြင်းသည် အကျင့်စရိုက်ညံ့သည့်လက္ခဏာ။ အချို့လူတို့အာခံတွင်း အနံ့မကောင်းခြင်း၊ အချို့ဆိုလျှင် ပုပ်စော်နံခြင်း(ဝမ်းချုပ်ခြင်း နှင့်မဆိုင် အမြဲဖြစ်နေသူ) သည် လိမ်ညာ ပြောဆိုခြင်း၊ သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်း ကုန်းတိုက်ပြောဆိုခြင်း၊ ဘုရား၊ တရား၊ သံဃာ၊ လူပုဂ္ဂိုလ်တို့အားစော်ကားခြင်း၊ သင်းခွဲခြင်း၊ အပြစ်ပြော ဆိုခြင်း၊ ဆဲဆိုခြင်း စသည့် မကောင်းသောဝစီကံ အကျိုးပေးများဖြစ်သည်။ ရေမချိုးဘဲ ကြာရှည်စွာနေသည့် လူတစ် ယောက်၏ အဝတ်အစားများသည် ချွေး၊ ကြေးညစ်ပေ၊ ဗက်တီးရီးယားပိုးမွှားများ ပေါက်ပွား၍ ဟောင်စော်နံသည့် အနံ့များ ထွက်တတ်သည်။ ပုံမှန်မဟုတ်သော သူရူးတို့ထံမှ ထွက်သောအနံ့မျိုးတည်း။
မကောင်းသည့်လက္ခဏာ
ဘိုးဘွားများ၏ ရိပ်သာသို့ ရောက် လျှင် အနံ့တစ်မျိုးရတတ်သည်။ အိုမင်းသူ တို့၏ အနံ့တစ်မျိုးဟု ဆိုနိုင်သည်။ ယင်း မှာ သက်ကြီးရွယ်အိုတို့၏ သဘာဝအနံ့ ဖြစ်သည်။ လူအိုအနံ့ထက် ကိုယ်ကျင့် သီလပျက်ယွင်းသူ၏ အနံ့သည် ပိုမိုပြင်းထန်ပါသည်။ ကိုယ်ကျင့်သီလပျက်သဖြင့် မကောင်းသောအနံ့များသာမက အပြစ် မကင်းသော ခံစားမှုအရ သိမ်ငယ်စိတ် လည်းဖြစ်ရသည်။ လူသူကြားတွင် ညှိုးငယ်စွာနေရသည်။ မဟုတ်မမှန်ပြော ဆိုသူသည် လူတောမတိုးဝံ့သကဲ့သို့ ဖြစ် သည်။ ဝစီကံ မဟုတ်မမှန်ပြောဆိုခြင်းကို လူရှေ့သူရှေ့တွင် မပြောဆိုဝံ့ချေ။ လူသူ ကွယ်ရာဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ ပြောဆိုဝံ့ကြသည်။ မည်သည့်နည်းဖြင့် ပြောဆိုသည်ဖြစ်စေ “ဝစီဗေဒ ထိတိုင်းရှ” သဖြင့် မကောင်းသည့် လက္ခဏာ များမှာ ထိုလူ့ခန္ဓာကိုယ်တွင် ပြတတ်သည်။
သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံသည့် ဆရာတော်ကြီးများ ခန္ဓာဝန်ချပြီးတော်မူ သော်လည်း အချိန်ကြာမြင့်စွာ အနံ့အသက်ကင်းစင်နေသည်ကို တွေ့ရတတ် ပါသည်။ ယင်းသည် အကျင့်၊ သီလ၊ သမာဓိအားကောင်းသောကြောင့် ဖြစ်ပါသည်။ လူတွင် ဖြစ်ပေါ်တတ်သော အနံ့အသက်အပြင် ကိုယ်ရောင်ကိုယ်ဝါလည်း ရှိတတ်ပါသည်။ ယင်းကို “ဘုန်း”ဟုလည်း ခေါ်ဆိုပါသည်။ ယောက်ျားမှာ ဘုန်း၊ လက်ရုံးဟုဆိုပါသည်။ ယောက်ျား များတွင် ကိုယ်ကျင့်သီလ အနည်းအများ ရှိမှုအပေါ်မူတည်၍ ဘုန်းကံအရှိန်အဝါ ရှိတတ်ပါသည်။ မြန်မာမှုနယ်ပယ်တွင် “ဘုန်း” ရှိသည်။ “ဘုန်း” နိမ့်သည်ဟု ဆိုကြပါသည်။ ဘုန်းကံရှိသော ယောက်ျားများကို ဘုန်းကံနိမ့်အောင် မိန်းမထဘီတန်းအောက်သို့ ဝင်အောင် မကောင်းကြံစည်ခဲ့ ကြသည်ကို မကြာသေးမီက တွေ့ခဲ့ရပါ သည်။
ပုဂ္ဂိုလ်တစ်ဦးဘုန်းကံ
“ဘုန်း” ဟူသောစကားသည် ပါဠိ ဝေါဟာရ “ပုည”မှ ဆင်းသက်ရွေ့လျော လာသည်ဟု ပညာရှိတို့က ဆိုခဲ့ကြသည်။ “ပုံည ကုသလ”ဆိုသည်မှာ အတိတ်က ပြုခဲ့သည့် ကောင်းမှုကုသိုလ် ပြုလုပ်မှု များကို မြင်ရသည်ဖြစ်စေ၊ မမြင်ရသည် ဖြစ်စေ အရှိန်အဟုန်ဖြင့် လိုက်ပါနေ ခြင်းဖြစ်သည်။ အတိတ်ဘဝ အရှိန်အဟုန်ကောင်းမှုကြောင့် ယောက်ျားဘဝရကြသလို ဘုန်းကံအနည်းအများရှိကြပေသည်။ အတိတ်ဘဝ ကောင်းမှုကုသိုလ်နှင့် ယခုဘဝသီလသမာဓိ ရှိလျှင်ရှိသလောက် ကိုယ်စောင့်နတ်များ၊ သမ္မာဒေဝ နတ်ကောင်း၊ နတ်မြတ်များက စောင့်ရှောက် သည့်သဘောရှိတတ်သည်။ လူအများမှာ သာမန်မျှသာဖြစ်သော်လည်း အချို့လူ ပုဂ္ဂိုလ်တို့မှာ ထူးထူးခြားခြား ကိုယ်ရောင် ကိုယ်ဝါရှိသလိုဘုန်းကံလည်း ရှိတတ်ပါသည်။ လူ၏ ဗဟိဒ္ဓသဏ္ဌာန် ကိုယ်ခန္ဓာ အသွင်အပြင်အားဖြင့် ကြီးခြင်း၊ ငယ်ခြင်း၊ နိမ့်ခြင်း၊ မြင့်ခြင်း၊ မြင်ခြင်း၊ မမြင်ခြင်းအားရှိကြသည်။ ရှိသော်လည်း ပုဂ္ဂိုလ်တစ်ဦးဦးတွင် ဘုန်းကံ ရှိနေသည့်အားကို ဖြစ်စေနိုင်၏။
ထို့ကြောင့်လူတော့လူပါပဲ၊ လူချင်း မတူဟု ဆိုကြပါသည်။ လူရယ်လို့ဖြစ် လာသောအခါ အတိတ်ဘဝကုသိုလ်ကံ နှင့် ယခုဘဝ အကျင့်သီလ အနည်း အများတို့ပေါ်တွင်မူတည်၍ ဘုန်းကံ ရှိသူ၊ ဘုန်းကံနည်းသူ၊ မရှိသူဟူ၍ မတူကွဲ ဖြစ်ကြရပါသည်။ လူတိုင်းသည် ဘုန်းကံရှိသူ၊ တန်ဖိုးရှိသူ၊ ကြီးပွားချမ်းသာသူဖြစ်ချင်ကြသူများချည်းသာတည်း။ ဖြစ်ချင်လျှင် အကျင့်+သီလများအောင် အားထုတ်ရမည်ဖြစ်သည်။ အကျင့်ဟူသည်မှာ ကောင်းသောကိုယ် ကျင့်တရားများဖြစ်သည်။ သီလဟူ သည်မှာ လောကုတ္တရာအရ ငါးပါးသီလကဲ့သို့ စောင့်ထိန်းခြင်းနှင့် လောကီအရ စိတ်ကောင်းထားခြင်းဖြစ်သည်။ အချို့မှာ အကျင့်စရိုက်ကောင်းသော်လည်း သီလသမာဓိမရှိပေ။ အကျင့်စရိုက်ရော သီလသမာဓိရော ကောင်းပါက ဆိုဖွယ်ရာမရှိချေ။
အနှစ်သာရအားလုံး
များသောအားဖြင့် အပြင်ဗဟိဒ္ဓကို သိနိုင်သော်လည်း အတွင်းအဇ္ဈတ္တ စိတ်သဘောကို သိနိုင်ရန် ခဲယဉ်းသည်ဟု ဆိုကြပါသည်။ သို့သော် အဆင်း အင်္ဂါ၊ ဥပဓိရုပ်ကို အကဲခတ်ကြည့်လျှင် သိနိုင်ပါသည်။ “အတူနေက၊ သူ့သီလ၊ မုချသိနိုင်၏။ အတူပြောက၊ သူ့သီလ၊ မုချသိနိုင်၏။ ဘေးရန်ရှိသည့်၊ သူ့သတ္တိ၊ မှန်စွာသိနိုင်၏။ ဆွေးနွေးသည့်အခါ၊ သူ့ပညာ၊ မှန်စွာသိနိုင်၏”ဟု မြတ် ဗုဒ္ဓက ဌာနသုတ်တွင် ဟောကြားထားသည်။ လူ၏ အဆင်းအင်္ဂါ ကိုယ်နံ့ကို အကဲခတ်၍ထိုသူနှင့်ကြာကြာနေကြည့်လျှင် သိနိုင်သည်။ လူတစ်ဦး၏ ဥပဓိရုပ်ဆိုသည်မှာ ရုပ်ဆင်း၊ အနံ့၊ အသံ၊ အပြောအဆို၊ အမူအရာ၊ စိတ်နေ သဘောထား၊ ခံယူချက်၊ ကိုယ်ကျင့် သိက္ခာ၊ အမူအကျင့်၊ ဟန်ပန် စသည့် အသွင်သဏ္ဌာန်သဘော၊ အနှစ်သာရသဘော အားလုံးပါဝင်ပါသည်။
ဥပဓိသမ္ပတ္တိဆိုသည်မှာ လူတစ်ဦးအဖို့ ခြေ၊ လက်၊ မျက်စိ၊ ခန္ဓာကိုယ်သာမက ဦးနှောက်၊ နှလုံး ကောင်းစွာ ပြည့်စုံခြင်းသာမက အရည်အသွေး၊ အရည်အချင်း၊ မျိုးရိုးဇာတိ၊ တတ်မြောက်ကျွမ်းကျင်မှု၊ ဂုဏ်သိက္ခာ ပြည့်စုံမှု စသည့် အင်္ဂါရပ်မျိုးစုံတို့ ပေါင်းစည်းထားသော သဘောဖြစ်ပါ သည်။ လူအမျိုးမျိုးရှိရာတွင် အချို့မှာ အမြင်ချို့တဲ့ကြသည်။ အချို့မှာ အကြားအာရုံ ချို့တဲ့ကြသည်။ အလား တူပင် တွေးခေါ်မြော်မြင် ဆင်ခြင်နိုင် စွမ်း မရှိခြင်းသည်လည်း ဦးနှောက်ရှိ သည့်တိုင် ဉာဏ်ရည်ဉာဏ်သွေးမရှိ၍ အသုံးမချနိုင်ခြင်း ဖြစ်သည်။ လူ၏ အရည်အသွေး ချို့တဲ့ခြင်းသည် မျိုးရိုး၊ ပညာ၊ အသက်အရွယ်၊ အတွေ့အကြုံတို့နှင့် မသက်ဆိုင်လှပေ။ ၎င်း၏ အမူအကျင့် ဥပဓိသမ္ပတ္တိ မပြည့်စုံခြင်းဟု ဆိုနိုင်ပေသည်။
ပညာအင်္ဂါရပ်များ
ထို့ကြောင့် အကျင့်သီလကောင်း မွန်ပြီး ထူးချွန်ထက်မြက်သော အမျိုးကောင်းသားတစ်ယောက် ဖြစ်စေရန်အတွက် ကိုယ်ကျင့်သီလကောင်းရန် လိုအပ်သကဲ့သို့ ဥပဓိသမ္ပတ္တိမှ ကိုယ် ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေးကောင်းရန် လိုအပ်ပါသည်။ ဉာဏ်ရည် ဉာဏ်သွေးကောင်းစေရန်အတွက် ပျိုးထောင်ပေးရန် အကောင်းဆုံးနည်းလမ်းမှာ လူဖြစ်လာလျှင် အချိန်အခါအလိုက်၊ အသက်အရွယ်အလိုက် ပုံမှန်အားထုတ်အပ်သည့် ပညာသင်ကြားခြင်းပင် ဖြစ်သည်။ ပညာဆိုသည်မှာ လူတို့၏လိုအပ် ချက်အတိုင်းယူရသော် (က)လက်ရုံးရည်၊ (ခ)ပညာရည်၊ (ဂ) နှလုံးရည် ဤသုံးပါး ပြည့်စုံခြင်းကို ဆိုလိုသည်ဟု အမျိုးသား ပညာဝန် ဦးဖိုးကျားက ဆိုထားပါသည်။ လက်ရုံးရည်ဆိုသည်မှာ ကောင်းမွန်သော အငွေ့အသက်၊ အဆင်းအင်္ဂါများပိုင်ဆိုင် သည့် ကိုယ်လက်ကျန်းမာတောင့်တင်း ခိုင်မာသန်စွမ်းခြင်းဖြစ်သည်။
ဤတွင် အနာရောဂါကင်းရှင်း သန့်စင်ပြည့်ဖြိုး၊ ကျန်းမာခြင်းလည်း ပါဝင်သည်။ ပြေးလွှားခုန်ကစား ကိုယ်ခံ အားကောင်းခြင်းဖြစ်သည့် ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်း လျင်မြန်ခြင်းလည်း ပါဝင်သည်။ ပညာရည်ဆိုသည်မှာ သိပ္ပံ၊ ဝိဇ္ဇာ၊ ပျို့၊ ကဗျာ၊ လင်္ကာစသည့် လောကီ၊ လောကုတ္တရာ စာပေအတတ်ပညာတို့ကို တတ်မြောက်ခြင်းနှင့် နှုတ်မှု၊ လက်မှုစသည့် အသက်မွေးဝမ်းကျောင်းပညာတို့ ကို လုံလောက်အောင် တတ်မြောက်ခြင်း ဖြစ်သည်။
နှလုံးရည်ဆိုသည်မှာ အကျင့်စာရိတ္တ၊ စိတ်ထားကောင်းမွန် မြင့်မြတ်ခြင်းကို ဆိုလိုသည်။ မကောင်းမှုမှန်သမျှကို မလိုလား၊ ရွံရှာခြင်း၊ ကောင်းမှုမှန်သမျှကို လိုလားနှစ်သက်ခြင်း၊ ရိုးသားဖြောင့်မတ် ခြင်း၊ ဝတ္တရားကျေပွန်ခြင်း၊ မိမိနှင့်တကွ သူတစ်ပါးအကျိုးကျေးဇူးယုတ်သည်ကို မပြုမူဘဲ အကျိုးကျေးဇူးကိုသာပြုလိုခြင်း ဖြစ်သည်။ နှလုံးသားယဉ်ကျေး၍ သနားကရုဏာ မေတ္တာစိတ်များနှင့် ပြည့်စုံခြင်း၊ ရဲရင့်၊ စွန့်စား၊ ဇွဲကောင်း သည့်စိတ်များနှင့် ပြည့်စုံခြင်းကို ဆိုလိုသည်။
အများယုံကြည်မှုခံယူ
ထိုလိုအပ်သော အရည်အချင်းတို့ကို ပေးတတ်သော၊ ပေးနိုင်သော ပညာမျိုးကို မြန်မာနိုင်ငံတွင် များစွာလိုအပ်ပေရာ ထိုပညာအရည်အချင်းများကို ကျောင်း တွင် ပညာသင်ကြားခြင်းမှ အစပြုအပ် ပေသည်။ စာသင်ကျောင်းများသည် အခြေခံအကျဆုံး ပညာအမြုတေဖြစ်ပြီး မိဘတို့မှာ အဖက ဝမ်းစာရှာ၊ ယခုအခါ အမိကလည်း ဝမ်းစာသာမက အိမ်မှုကိစ္စ များပါလုပ်ရပေရာရင်ခွင်ပိုက် အရွယ်မှစ၍ လက်ဦးဆရာ ဆရာသမားများထံသို့ ပို့အပ်ရလေသည်။
ဆရာ ဆရာမဟူသည် သားသမီးများအား မိဘတို့ထက်ပင် ပြုစုပျိုးထောင် တတ်ပေသည်။ သင်ကြားပြသခြင်း ပညာနှင့် အသက်မွေးမှုတို့ကို အချိန်ပြည့် ပေးထားသည်မှာ ဆရာ ဆရာမများဖြစ်ပါ သည်။ ပညာသင်ခြင်းသည် ပညာတတ် စေရန်၊ ကိုယ်ကျင့်တရားကောင်းစေရန် ဘာသာရပ်များကို ခြုံလွှမ်းပေးခြင်းဖြစ်သည်။ ကိုယ်ကျင့်တရား စာရိတ္တကောင်း မွန်မှသာ အများ၏ယုံကြည်မှုကို ခံယူနိုင် ပေသည်။
လူတစ်ယောက်သည် ပညာတော်ရုံ၊ ပညာတစ်ဖက်ကမ်းခပ်ရုံမျှဖြင့် လောကကောင်းကျိုးကို မပြုနိုင်သည်ကို ဘုရားရှင် လက်ထက်က ရှင်ဒေဝဒတ်၊ တိတ္ထိဆရာ ကြီး ခြောက်ယောက်တို့သည် ပညာကို တစ်ဖက်ကမ်းခပ် တတ်ကြသော်လည်း အယူဝါဒလွဲမှားပြီး ဘုရားရှင်နှင့် ယှဉ်ပြိုင်၍ ဘုရားကြီး၊ ဘုရားငယ်ပြုလုပ်ကာ တပည့်များအား ဗာလလူမိုက် လမ်းမှားသို့ ပို့သည်ကို ကြည့်နိုင်သည်။
ထို့ကြောင့် လူတော်ရုံဖြင့် မလုံလောက်၊ လူကောင်းဖြစ်ဖို့ပါ အရေးကြီးသည်။ လူတော်သည် အတတ်ကြူးပြီး ဘီလူးဖြစ် တတ်သည်။ တော်သော်လည်း မျှော်နေသူ လည်းရှိသည်။ လူတော်သော်လည်း အတ္တမာနကြီးလျှင်လမ်းကြောင်းရွဲ့စောင်း သွားနိုင်ရာ ဥပဓိရုပ်တွင်ပါ ပေါ်လာသော ပါးစပ်ရွဲ့စောင်းနေသည့် လူတော်တစ်ဦး ကို တွေ့ဖူးပေလိမ့်မည်။ ပညာထူးချွန်သူ တိုင်း အရာမရောက်နိုင်သည်မှာ လမ်း ချော်နေ၍ဖြစ်သည်။
လူတော်ယုတ်မာလျှင်
ပညာချွန်သော်လည်း ကိုယ့်တာဝန် ကိုယ်မကျေပွန်၊ ပညာကျေးဇူးကိုမသိ၊ အလေးမထား။ ပညာချွန်သော်လည်း ကိုယ်ကျင့်တရားနှင့် သီလသမာဓိကို နားမလည်။ နားလည်လျှင်လည်း တန်ဖိုး မထား၊ ပစ်ပယ်။ မိမိဆန္ဒ၊ မိမိလိုအင်၊ မိမိမှန်သည်ထင်ရာအတွက် မည်သည့် အရာကိုမဆို လက်မခံ။ လက်မခံရုံသာမက ဖောက်ဖျက်။ ဖောက်ဖျက်ရုံ သာမက ဖျက်ဆီး စသည်ဖြင့် ပညာရှိ လူမိုက်ကြီးများအဖြစ်ကိုလေ့လာကြည့်လျှင် တွေ့နိုင်သည်။ အတ္တ၊ မာန၊ ဒေါသ၊ အာဃာတ၊ လောဘ လွန်ကဲလာလျှင် မည်မျှပင် တော်ပင်တော်သော်လည်း ကိုယ်ကျင့်သီလအရာတွင် အတော်ကျော်သည့်လူဟု ဆိုလေ့ရှိကြပါသည်။ လူတော်နိုင်ငံရေးသမားယုတ်မာလျှင် မည်မျှအန္တရာယ်ကြီးမားကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင် များအား လုပ်ကြံသတ်ဖြတ်သော ဂဠုန် ဦးစော၏ ဇာတ်ကြောင်းကို ကြည့်နိုင်ပေသည်။
ထို့ကြောင့် လူလည်း တော်၊ လူလည်းကောင်းဖို့လိုပါသည်။ ယဉ်ကျေးသိမ်မွေ့သည့် နှလုံးသားပိုင်ရှင် ၊ လူတော်၊ လူကောင်းလေးများကို အခြေခံမှအစ ပြုစုပျိုးထောင်ပေးရာ ပတ်ဝန်းကျင်သည် ကျောင်းပရိဝုဏ် ဖြစ်သည်။ ကိုယ်ကျင့်တရားနှင့်အသိ ဉာဏ်ပညာများ ပျိုးထောင်ပေးနေသူ များသည် ဆရာ ဆရာမများဖြစ်သည်။ အနာဂတ်တွင် လူတော်၊ လူကောင်းဖြစ်အောင် ကြိုးစားအားထုတ်ကြမည့်သူများသည် ကျောင်းသား ကျောင်းသူလေးများ ဖြစ်သည်။ လူတော်ရုံဖြင့် မလုံလောက် ကိုယ်ကျင့်သီလကောင်းအောင်ပါ ပျိုးထောင်ပေးနေသည့် စာသင်ကျောင်းသည် မျိုးဆက်သစ်များ အတွက် ဘူမိနက်သန် အောင်မြေမှန် ဖြစ်သည်။
သို့ဖြစ်၍ မျိုးဆက်သစ် လူငယ် လူရွယ်တိုင်း ကျောင်းတက်ရန် မပျက်ကွက်သင့်၊ ကျောင်းနေရန်မနှောင့် နှေးသင့်၊ အချိန်အခါ၊ အရွယ်အလိုက် အခါမလင့်၊ အသင့်အောင် ကြိုးစား အားထုတ်နေသည့် စာသင်ကျောင်းကို မဖျက်ဆီးသင့်။ ပညာတတ်ရုံမက ကိုယ်ကျင့်သီလကောင်းခြင်းသည် မိမိကောင်းကျိုး၊ လောကကောင်းကျိုးများကို ဆောင်ကြဉ်းနိုင်သည်ဖြစ်၍ မွန်မြတ်သောပညာကို မိမိတို့သားသမီးများ သင်ယူခြင်းဖြင့် ပြည်သူအားလုံး နှလုံးစိတ်ဝမ်း ချမ်းသာကြပါစေကြောင်း။ ။
မောင်သောမန