နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix ရုပ်သံမီဒီယာမှ တွေ့ဆုံမေးမြန်းခြင်း
မေး ။ ။ အခုလတ်တလောမှာပဲ ဗိုလ်ချုပ်မှူးကြီးကို မီဒီယာများမှာမြင်ရတာလန်းလန်းဆန်းဆန်းနဲ့ ကျန်းကျန်းမာမာရှိတာ တွေ့ရပါတယ်။
ဖြေ ။ ။ နေကောင်းပါတယ်။ ခရီးလည်းသွားနေတာဖြစ်တဲ့အတွက်ကြောင့် နောက်တစ်ခုက ပြည်သူနဲ့ထိတွေ့မှုရှိတာလည်း ပိုကောင်းတယ်လို့ ယူဆတဲ့အတွက်ကြောင့် ကျွန်တော်ကလည်း ပြောစရာရှိတာပြော၊ သွားစရာရှိတာသွား၊ လုပ်စရာရှိတာ လုပ်နေပါတယ်။
မေး ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မင်္ဂလာပါရှင်။ အခု ကမ္ဘာ့အပြင်ဘက်မှာ ပြောဆိုနေကြတဲ့အတိုင်း မြန်မာပြည်ဟာ ဖေဖော်ဝါရီလမှာ ဖြစ်ပေါ်ပြောင်းလဲမှုတွေကိုသူတို့အနေနဲ့ သတိထားမိပါတယ်။ အဲဒီအပေါ်မှာ အပြင်ကလူတွေ ပြောကြားနေတာကတော့ စစ်အာဏာသိမ်းမှုလို့ ပြောဆိုနေကြတာရှိပါတယ်။ အဲဒီအပေါ်မှာ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုများ တုံ့ပြန်ပြောဆိုချင်ပါသလဲ။
ဖြေ ။ ။ ဒါသူတို့အမြင်ပြောတာပါ။ သေချာတာက မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်ဘူးဆိုတာတော့ ထင်ရှားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်ဘူးဆိုတာ တစ်ချက်ပေါ့။ နောက် ကျွန်တော်တို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေရှိတယ်။ အဲဒီအခွင့်အရေးတွေက လုပ်လို့ရတာတွေ အများကြီးရှိပါတယ်။
နောက်တစ်ခုက အာဏာသိမ်းတာနဲ့ အာဏာထိန်းသိမ်းတာ မတူဘူးဆိုတာ ကျွန်တော်ခွဲခြားပြီး ပြောချင်တယ်။ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေပုဒ်မ ၄၁၇ မှာ ပြဋ္ဌာန်းထားတဲ့ တစ်ချက်ရှိတယ်။ အဲဒီမှာ အရေးပေါ်အခြေအနေဖြစ်ပေါ်လာရင် တပ်မတော်ကနေ နိုင်ငံတော်ကို ထိန်းသိမ်းပေးဖို့အတွက် တာဝန်ရှိတဲ့ တစ်ချက်ပါပါတယ်။ ဒီတာဝန်အရ ကျွန်တော်တို့က နိုင်ငံတော်ရဲ့ တာဝန်ကို ယူရတာပါ။ ဒါကိုပြန်ပြီး အသေးစိတ်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ မှာ တပ်မတော်သည် အမျိုးသားနိုင်ငံရေးတာဝန်ကို ထမ်းဆောင်ရမယ်ဆိုတဲ့ တစ်ချက် ဖော်ပြထားတယ်။ ပုဒ်မ ၂၀ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုပြီး ဖော်ပြထားတာ တစ်ချက်ရှိတယ်။ ပုဒ်မ ၄၁၇ မှာ နိုင်ငံတော်မှာ အရေးပေါ်အခြေအနေဖြစ်ပေါ်လာရင် တပ်မတော်က ဝင်ရောက်ထိန်းသိမ်းနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာ ဖော်ပြထားတယ်။ ဒီအချက်ကြောင့် ကျွန်တော်တို့က အာဏာသိမ်းစရာ မလိုဘဲနဲ့ တိုင်းပြည်ကို ဝင်ရောက်ထိန်းသိမ်းပေးတာ ဖြစ်တယ်ဆိုတာကို ကျွန်တော် ကနဦးရှင်းပြလိုပါတယ်။
အရေးပေါ်အခြေအနေ ကြေညာပြီးတိုင်းပြည်ထိန်းသိမ်းတဲ့အခါမှာ တပ်မတော်က ထိန်းသိမ်းတဲ့ အစိုးရတစ်ခု ဖွဲ့စည်းထားပါတယ်။ အဲဒီအစိုးရထဲမှာ တပ်မတော်ကလည်းပါတယ်၊ အရပ်ဘက်ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ၊ သြဇာအာဏာရှိတဲ့ ပုဂ္ဂိုလ်တွေလည်းပါပါတယ်။ တပ်မတော်သားချည်း အားလုံးက တာဝန်ယူထားတာ မဟုတ်ဘူး။ နံပါတ် (၁) အချက်အနေဖြင့် ခင်ဗျားတွေ့ရလိမ့်မယ်။ ဒုတိယအချက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ကျွန်တော်တို့ သွားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပယ်ဖျက်ဘူး ဥပဒေကြီး ရှိနေတယ်။
မေး ။ ။ အခုမေးချင်တဲ့ မေးခွန်းအတိုလေးက အခုလိုမျိုး တာဝန်ယူရတယ်ဆိုတာ မြန်မာပြည်ရဲ့ အခြေခံဥပဒေကို ကာကွယ်ဖို့အတွက် ဆောင်ရွက်တယ်လို့ ဆိုလိုချင်တာလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ မှန်ပါတယ်။
မေး ။ ။ အဲဒီလိုမျိုး အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုပုံစံမျိုး ဖြစ်လာတယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးတွေကို ပြောလိုပါသလဲ။ အဲဒီအခြေအနေတွေကြောင့် အခြေခံဥပဒေကို ကာကွယ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါသလား။
ဖြေ ။ ။ ဟုတ်တယ်။ နိုင်ငံတော်ရဲ့ အာဏာကိုအဓမ္မနည်းနဲ့ယူတယ် ဆိုတာလည်း ခြိမ်းခြောက်မှုတစ်ခုပါ။ ကျွန်တော်တို့က ရွေးကောက်ပွဲမှာ ဖြစ်လာတဲ့ရလဒ်တွေအရ ဒါတွေဟာ ဥပဒေနဲ့ မညီဘူးဆိုတာ ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ဒါကို ဥပဒေနဲ့အညီ ရှင်းဖို့လုပ်တဲ့အချိန်မှာ အနိုင်ရတဲ့ပါတီက ဒီဟာကို ရှင်းလင်းဖို့ မကြိုးစားဘဲနဲ့ လွှတ်တော်ခေါ်ပြီးတော့မှ အာဏာကို ဆက်ပြီးတည်မြဲအောင်လုပ်ဖို့ ကြိုးစားတဲ့အတွက်ကြောင့် အဓမ္မနည်းနဲ့ အာဏာယူဖို့ ဆောင်ရွက်ခြင်းဖြစ်တယ်။ ဒါကို ကျွန်တော်တို့က ကာကွယ်ခဲ့ခြင်း ဖြစ်ပါတယ်။
မေး ။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD အစိုးရအနေနဲ့ သူတို့ဘက်က ကြေညာတာက ၈၀ရာခိုင်နှုန်းလောက်အထိကို နိုင်တယ် လို့ပြောပါတယ်။ အဲဒီတော့ တပ်မတော်ဘက်က ဘယ်လိုကိန်းဂဏန်းတွေအရသူတို့သည် မဲမသမာမှုလုပ်သွားတယ်လို့ ပြောဆိုနိုင်ပါသလဲ။
ဖြေ ။ ။ သူတို့ပြောတာကတော့ ၈၀ ရာခိုင်နှုန်းနီးပါးအထိ နိုင်တယ်လို့ ပြောတာပေါ့။ ဒါကတော့သူတို့ရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောတာ။ ဒါပေမယ့် ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ မဲပေးခဲ့တဲ့ မဲစာရင်းတွေဟာ လုံးဝမှားယွင်းနေတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ မဲပေးခွင့်ရှိသူဟာ UEC လို့ခေါ်တဲ့ Union Election Commission ကြေညာတဲ့ မဲပေးပိုင်ခွင့်ရှိတဲ့သူသည် ၃၈ ဒသမ ၂၇ သန်းရှိတယ်။ ဒါပေမယ့် အဲဒီလူတွေကို စာရင်းစစ်ကြည့်တဲ့အခါမှာ ၁၀ ဒသမ ၄၈ သန်းက စာရင်းမှားနေတာကို တွေ့ရတယ်။
ဒီမိုကရေစီမှာ ရွေးကောက်ပွဲသည် တကယ့်အရေးကြီးတဲ့ စနစ်တစ်ခုပါပဲ။ ဒီမိုကရေစီတင်မဟုတ်ဘူး တစ်ပါတီ ဆိုရှယ်လစ်စနစ်မှာလည်း ရွေးကောက်ပွဲနဲ့ သွားတယ်။ ပါတီစုံစနစ်မှာလည်း ရွေးကောက် ပွဲနဲ့ သွားတယ်။ ရွေးကောက်ပွဲလုပ်တဲ့အခါမှာ မဲစာရင်းတွေမှန်ကန်ဖို့က သိပ်အရေးကြီးတယ်။ မဲစာရင်းတွေ မမှန်မကန်ဘဲနဲ့ ရွေးကောက်ပွဲကို လုပ်လိုက်ရင် ရလဒ်တွေက ဘယ်လိုမှကို အနှစ်သာရပြည့်ဝတဲ့ ရွေးကောက်ပွဲတစ်ခု မဖြစ်နိုင်ဘူးဆိုတာ နိုင်ငံတိုင်းက လက်ခံထားတယ်။
မေး ။ ။ အခုလိုမျိုး ဗိုလ်ချုပ်မှူးကြီးဘက်က ပြန်ဖြေတာကိုလည်း နားလည်ပါတယ်။ တကယ်တမ်းပြောရရင် NLD ဘက်က နေပြီးတော့ မဲစာရင်းတွေကို တမင်တကာ ဒီလိုမျိုး လုပ်သွားတယ်ဆိုတဲ့ သဘောမျိုးပြောလိုပါသလား။
ဖြေ ။ ။ မဲစာရင်းအမှားတွေကို အများကြီးပြုစုထားတာရှိတယ်။ မဲစာရင်းကို စစ်တဲ့အခါမှာ ၁၀ ဒသမ ၄၈ သန်း မဲစာရင်းမှားတယ်။ အဲဒီမှာ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းမှာ နာမည် တွေ မျိုးစုံထပ်နေတာရှိတယ်။ အဖေတူတယ်၊ အမေ မတူဘူး။ အမေ တူတယ်၊ အဖေမတူဘူး စသည်ဖြင့် ဒီလိုဟာတွေက ၅ သန်းကျော် ရှိတယ်။ နောက်တစ်ခါအသက်၁၀၀ကျော်နေတဲ့ ပုဂ္ဂိုလ်တွေပါတယ်။ မှတ်ပုံတင်မရှိတဲ့သူတွေပါတယ်။ ဒါတွေက ၄ သန်းကျော်ရှိတယ်။ ပေါင်းလိုက်ရင် ၁၀ ဒသမ ၄၈ သန်းရှိတယ်။ ဒီလူတွေရဲ့ စာရင်းဇယား မမှန်ကန်မှုက ဘယ်လိုလုပ် မဲစာရင်းမှန်ကန်မှု ဖြစ်နိုင်မလဲ ခင်ဗျားတို့ စဉ်းစားကြည့်လို့ရတယ်။
မေး ။ ။ ပြီးခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ်အပြီးမှာတော့ ပြည်သူတွေရဲ့ တုံ့ပြန်မှုတွေက နည်းနည်းလေး ပြင်းထန်လာတာမျိုးတွေ တွေ့ရပါတယ်။ အဲဒီအတွက်ရော အဆွေတော်ဘက်က မှန်းဆခဲ့တာ မျိုး၊ ကြိုတင်ပြီးတော့ မျှော်မှန်းခဲ့တဲ့ အခြေအနေမျိုးရော ရှိခဲ့ပါသလား။
ဖြေ ။ ။ ပြောရရင် အဲဒီလောက်အထိတော့ များလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ခံစားချက်တော့ ရှိပါလိမ့်မယ်။ အဲဒီလိုမျိုးဖြစ်စဉ် တစ်ခုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုရှိခဲ့ဖူး တာကို ကျွန်တော် ဥပမာတစ်ခုပြောချင်တယ်။
၁၉၅၆ ခုနှစ်က ကျွန်တော်တို့ဆီမှာ အစိုးရကလုပ်တဲ့ စာမေးပွဲ တစ်ခုရှိတယ်။ ၇တန်း စာမေးပွဲ မေးခွန်းတွေပေါက်တဲ့အတွက်ကြောင့် စာမေးပွဲမှာပြဿနာတွေတက်ပြီးတော့ စာမေးပွဲဖြေတဲ့အတွင်းမှာပဲ အစိုးရက ဒီစာမေးပွဲကို ရွှေ့ဆိုင်းခဲ့တယ်။ ရွှေ့ဆိုင်းလိုက်တယ်။ ရွှေ့ဆိုင်းလိုက်တော့ စာမေးပွဲဖြေတဲ့ ကျောင်းသားတွေမှာ ပြဿနာ တက်ကြတယ်။ တစ်နှစ်လုံး စာကြိုးစားလာခဲ့တဲ့ ကလေးတွေက စာမေးပွဲကိုဖျက်လိုက်တဲ့အခါမှာ သူတို့မကျေနပ်လို့ ဆန္ဒပြတာရှိတယ်။ ဘာကြောင့် စာမေးပွဲရွှေ့သလဲဆိုရင် မေးခွန်းပေါက်တဲ့အတွက်ကြောင့် ရွှေ့လိုက်တာ။ မေးခွန်းမတရားနည်းနဲ့ရလိုက်တဲ့ လူတွေကျတော့၊ ပိုက်ဆံပေးပြီး ယူထားတဲ့ မေးခွန်းရတဲ့လူတွေကလည်း သူတို့ ပိုက်ဆံ အကုန်အကျခံပြီးတော့ စာမေးပွဲဖြေတဲ့အချိန်မှာ စာမေးပွဲပယ်ဖျက်ခြင်း ခံလိုက်ရတဲ့အတွက်ကြောင့် မကျေနပ်ဘူး။ အဲဒီတော့ ရိုးရိုးသားသား ဖြေတဲ့သူကလည်း မကျေနပ်ဘူး။ မရိုးမသားနဲ့ လုပ်ပြီးယူတဲ့ လူကလည်း မကျေနပ်ဘူး။
အစိုးရကို ဆန္ဒပြလို့ ရဲက နှိမ်နင်းတဲ့အခါမှာ ကျောင်းသားတစ်ယောက် သေသွားခဲ့ဖူးတဲ့ ဖြစ်စဉ်ရှိတယ်။ ဒီဖြစ်စဉ်လည်း ဒီလိုပဲ ရိုးရိုးသားသား ဖြေတဲ့ ထောက်ခံတဲ့သူတွေကလည်း သူတို့ ရိုးရိုးသားသားတဲ့ ထောက်ခံတဲ့ဟာတွေကို ကျွန်တော်တို့က ဒါတွေမဟုတ်ဘူးဆို ပြီးတော့ မမှန်ဘူးလို့ပြောတဲ့အချိန်မှာ သူတို့မကျေနပ်လို့ ဆန္ဒပြတာ လည်းရှိလိမ့်မယ်။ မရိုးမသားလုပ်တဲ့သူတွေကလည်း မရိုးမသား လုပ်တာတွေကို မဟုတ်ဘူးလို့ ပြောတဲ့အချိန်မှာ သက်သေမပြနိုင်ရင် သူတို့တရားစွဲခံရမယ်။ ဒါကိုပျောက်အောင်ဆိုပြီး ဆန္ဒပြတဲ့ ဖြစ်စဉ် မျိုးတွေဖြစ်တယ်။ ဒါကြောင့် ဒါဟာ အင်အားအင်မတန်ကြီးမားလာ တာဖြစ်ပါတယ်။
မေး ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောသလိုပါပဲ။ ဆန္ဒပြတဲ့သူထဲမှာ နှစ်ပိုင်းခွဲပြီး မြင်ရမယ်လို့ မိမိအနေနဲ့ မျက်လုံး ထဲပေါ်ပါတယ်။ တစ်ခုကတော့ သူတို့ရိုးရိုးသားသားနဲ့ မဲပေးပြီးတော့ ဒီလိုဖြစ်ရပ်ဖြစ်သွားတာကို မကျေနပ်လို့ ဆန္ဒပြတဲ့လူရှိသလို တချို့ကတော့ သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ပေမယ့် မအောင်မြင်လို့ ဆန္ဒပြတာ ဒီလိုပဲ နားလည်တယ်လို့ ပြန်ပြောလိုပါတယ်။
ဖြေ ။ ။ ဟုတ်ပါတယ်၊ အဲဒီအတိုင်းပါပဲ။
မေး ။ ။ ကျွန်မတို့သတိပြုမိတာက ဒီနိုင်ငံရေးဖြစ်စဉ်မှာ မီဒီယာတွေ ပြောကြားမှုအရတော့ သေဆုံးရသူပေါင်း ၇၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ဘယ်လိုအဖွဲ့အစည်း အနေနဲ့ တာဝန်ရှိပါသလဲ၊ နောင်ရော ဒီလိုမျိုးသေကျေမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဘယ်လိုများ ဆောင်ရွက်သွားမယ်လို့ ယူဆ ပါသလဲ။
ဖြေ ။ ။ ၇၀၀ ကျော်လို့ ပြောတယ်၊ သူတို့ပြောတဲ့စာရင်းက ဘယ်ဟာကို အထောက်အထားယူပြီးတော့ အတည်ပြုပြီးပြောသလဲ ပြန်ပြီးမေးလို့ရပါတယ်။ ခင်ဗျားတို့ကလည်း ဒီ ၇၀၀ ကို ဘယ်လိုမျိုး အတည်ပြုလို့ရမလဲ။ ကျွန်တော်တို့ လုံးဝအတည်ပြုလို့မရဘူး။ တကယ်သေတာကတော့ ၃၀၀ နီးပါးလောက်တော့ ရှိပါတယ်။ အားလုံးလည်း ကြေညာထားပါတယ်။ အကြမ်းဖက်လို့ သေတာတွေ ရှိပါတယ်။ အကြမ်းဖက်ရာမှာလည်း စတဲ့အချိန်တုန်းက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတာရှိတယ်။ ဒါကို ကျွန်တော်တို့ဘာမှပြန်မလုပ်ဘူး။ ဘေးကနေပဲကြည့်နေတယ်။ အဲဒီကနေ လူစုလူဝေးနဲ့ ဆန္ဒပြတာတွေ ဖြစ်လာတယ်။ နည်းနည်း Riot အဆင့်ကို ပြောင်းလာတယ်။ အဲဒီ ကနေ အကြမ်းဖက်တဲ့အဆင့်ကို ပြောင်းလာတယ်။ Anarchy Mob လို့ ဖြစ်လာကြတယ်။ အဲဒီကနေ ဘာဖြစ်လာလဲဆိုတော့ လက်နက် နဲ့ တိုက်ခိုက်လာတယ်။ အဲဒီတော့ Terrorism အဆင့်ကို ရောက်လာတယ်။ အဲဒီတော့ လက်နက်နဲ့ တိုက်လာတဲ့လူ၊ အကြမ်းဖက်ဆူပူ ဆန္ဒပြမှုနဲ့ ဖြစ်လာတယ်ဆိုရင် ရဲက ဒီအတိုင်းတော့ ကြည့်နေလို့ မရတော့ဘူး လိုအပ်တဲ့တုံ့ပြန်မှုတော့ လုပ်ရမယ်။ လိုအပ်တဲ့တုံ့ပြန်မှု လုပ်တဲ့အခါကျတော့ ထိခိုက်သေဆုံးမှုတော့ ရှိမှာပါ။ ရဲမှာလည်း သေတဲ့သူတွေ အများကြီးရှိတယ်။ ရဲမှာလည်း ၄၇ ယောက် သေခဲ့ တယ်။ ၂၀၀ ကျော်ဒဏ်ရာရတယ်၊ ဒီလူစုလူဝေးတွေ၊ ဆူပူဆန္ဒပြမှုတွေ၊ အကြမ်းဖက်မှုတွေကို တုံ့ပြန်ရင်း ရဲတွေ သေသွားတယ်။ ရဲတွေ အသက်ပေးပြီး ကာကွယ်တာကျတော့ ဘာမှမပြောဘဲ စာရင်းမရှိ အင်းမရှိပြောကြတဲ့ ၇၀၀ လောက်သေတဲ့ ကိစ္စကို မီဒီယာတွေက ထည့်ပြောတာက မျှတမှုမရှိဘူးလို့ ပြောလိုတယ်။ ပြောချင်တာက ဒီအကြမ်းဖက်မှုကိစ္စနဲ့ပြောရရင် လူသေဆုံးမှု မဖြစ်အောင်ဆိုရင် တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဖက်ကလည်း အကြမ်းဖက်မှု မလုပ်ဖို့တော့ လိုတယ်။ ဥပမာ - အကြမ်းဖက်မှုလုပ်ရင် အကြမ်းဖက်မှုနဲ့ လျော်ညီတဲ့ တုံ့ပြန်မှု၊ ထိန်းသိမ်းမှုတော့ ရှိမှာပေါ့။ တစ်ဖက်က အကြမ်းဖက်မှု မလုပ်ဘူး၊ ဗုံးတွေမခွဲဘူး၊ မီးတွေမရှို့ဘူး၊ လူအန္တရာယ်မပြုဘူးဆိုရင် ကျွန်တော်တို့ ဒီဘက်ကလည်း ထိန်းသိမ်းတဲ့အဖွဲ့တွေကလည်း ဥပဒေနဲ့အညီ ထိန်းသိမ်းတဲ့ အခါမှာလည်း ဘယ်လိုမှ လွန်လွန်ကျူးကျူး လုပ်စရာအကြောင်းမရှိဘူး၊ တုံ့ပြန်စရာအကြောင်း မရှိဘူး။ တစ်ဖက်ကလည်း ဒါတွေမလုပ်ဖို့လည်း လိုပါတယ်။ ဒါဆိုရင်သေဆုံး မှုတွေက ရှေ့ဆက်ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ကျွန်တော်ပြောချင်တယ်။
မေး ။ ။ ဒါ့အပြင် မေးခွန်းမေးချင်တာကတော့ထိန်းသိမ်းထားတဲ့ သူအားလုံးပေါင်းက ၃ဝဝဝ ကျော်တာ တွေ့ရပါတယ်။ တချို့ကျတော့ အရင်တုန်းက အမတ်ဟောင်းတွေ၊ နိုင်ငံရေးသမားဟောင်းတွေပါတယ်။ တချို့ကျတော့လည်း အနုပညာရှင်တို့၊ သာမန် ပြည်သူတွေပါပါတယ်။ အဲဒီသူတွေအတွက်ရော ရေရှည်ဘယ်လိုများ စဉ်းစားမှု၊ ဘယ်လိုများ ကိုင်တွယ်မှုရှိနိုင်မလဲ သိလိုပါတယ်။
ဖြေ ။ ။ ကျွန်တော်က နည်းနည်းခွဲတော့ ခွဲခြားထားတယ်။ ဒီမိုကရေစီမှာတော့ အစိုးရတစ်ရပ်ကို မကျေနပ်ရင် ဆန္ဒပြရမှာတော့ သူ့သဘာဝပဲ။ ရိုးရိုးဆန္ဒပြတာတော့ ကျွန်တော်ဘာမှ ပြောစရာအကြောင်းမရှိဘူး။ သို့သော် ဆူပူမှုဖြစ်လာအောင်၊ အကြမ်း ဖက်မှုဖြစ်လာအောင် လှုံ့ဆော်တာကျတော့ ရာဇဝတ်မှု၊ ပြစ်မှုဖြစ်လာတယ်၊ ပြစ်မှုကျူးလွန်လာတယ်။ ဒါကျတော့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ရမှာပေါ့။ ကျွန်တော်အရေးယူမှုကလည်း နှစ်ပိုင်းခွဲထားတယ်။ သာမန်လေးလှုံ့ဆော်တာတို့၊ ဝန်ထမ်းဆိုလည်း သတိပေးတာလောက် လုပ်ပါတယ်။ ဒါမှမဟုတ် သာမန်ပြည်သူထဲကဆိုရင် ဆိုဆုံးမမှုတွေ ပြုလုပ်တယ်။ သူတို့ရဲ့ ပြစ်မှုကျူးလွန်မှုအပေါ်မူတည်ပြီး ဥပဒေအရ အရေးယူတာတွေရှိတယ်။ တိုင်းပြည်ကို ထိန်းသိမ်းလို့မရအောင် ဆူပူဆန္ဒပြမှုတွေ ဖြစ်လာအောင် လှုံ့ဆော်တာကို ကျွန်တော်တို့က ဒီအတိုင်းတော့ ခွင့်လွှတ်လို့တော့မရဘူး။ အတိုင်းအတာတစ်ခုတော့ အရေးယူရမှာရှိတယ်။ သို့သော် အရမ်းကာရော တစ်ဖက်သတ်ကြီး ကြောက်သွားအောင် လုပ်တာမျိုးတော့ ကျွန်တော်တို့ မလုပ်ပါဘူး။ ထိန်းထိန်းသိမ်းသိမ်းလုပ်တာကို ပြောလိုပါတယ်။ အခုချိန်က ကိုဗစ်၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလဖြစ်တယ်။ ကျွန်တော်တို့က ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ ကန့်သတ်ချက် အများကြီးပေးထားပါတယ်။ လူဘယ်နှယောက်ထက် ပိုပြီးမစုရဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်အကွာအဝေးမှာ ရှိရမယ်။ Social distancing စနစ်နဲ့ ပေးထားတယ်။ ဒါတွေအကုန်လုံး ချိုးဖောက်နေတယ်။ ဒါတွေ ချိုးဖောက်တဲ့အချိန်မှာ သည်းခံနေရတယ်။ ဒီလိုချိုးဖောက်တာတွေကို အရေးယူမယ်ဆိုရင် အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး။
မေး ။ ။ မြန်မာနိုင်ငံမှာ ကြိုးမဲ့အင်တာနက်တို့၊ မိုဘိုင်းစနစ်တွေ ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအခြေအနေ ဘယ်လိုများ ရှိနေပါသလဲ၊ ပုံမှန်အနေအထားကို ရောက်နေပြီလို့ ပြော နိုင်ပါသလား။
ဖြေ ။ ။ စဖြစ်တဲ့အချိန်မှာ Social media ကနေပြီး သတင်းမှားတွေကို ဖြန့်တယ်၊ ဒါတွေကို ကျွန်တော်တို့ ထိန်းဖို့အတွက် Media ဖြတ်ခဲ့တာရှိပါတယ်။ Media က ပြည်သူ့အတွက် ဖြစ်ရမယ် လို့ ကျွန်တော်တို့ခံယူထားတယ်။ ကျွန်တော့်ရဲ့ ခံယူချက်တစ်ခုကို ပြောရရင် ပြည်သူရယ်၊ အစိုးရရယ်၊ လွှတ်တော်က မဏ္ဍိုင်သုံးရပ် ရှိတယ်။ ဒါကိုထိန်းတာက Media က ထိန်းပေးတယ်။ ဒါကြောင့် မီဒီယာကို ကျွန်တော်က စတုတ္ထမဏ္ဍိုင်လို့ အမြဲသတ်မှတ်တယ်။ မီဒီယာနဲ့ပတ်သက်လို့ လွတ်လွတ်လပ်လပ်ပေးထားပါတယ်။ သို့သော် မီဒီယာက တလွဲလုပ်လာရင်တော့ တိုင်းပြည်အတွက် တော်တော် လေးကို ပြင်းထန်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က မီဒီယာကို ထိန်းလိုက်တာဖြစ်တယ်။ မီဒီယာကိုထိန်းဖို့ အတွက် အင်တာနက်ကို ကျွန်တော်ရအောင်ထိန်းလိုက်တာဖြစ်တယ်။ ခင်ဗျားတို့လည်း အင်တာနက်မှာ အများကြီးအတွေ့အကြုံရှိပါတယ်။ Facebook ပေါ်မှာ မဟုတ်တဲ့သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ လှုံ့ဆော်မှုတွေ အများကြီးတွေ့ရတယ်။ ခုနကပြောတဲ့ အရေးယူမှု ဖြစ်စဉ်တွေအပေါ်မှာ Facebook ကနေပြီးတော့ မဟုတ်တဲ့ ဝါဒဖြန့်ဝေ တဲ့လူတွေကို အရေးယူတဲ့ လူတွေအများကြီးရှိတယ်။ အခုအခြေအနေ က တည်ငြိမ်တဲ့အခြေအနေ ဖြစ်လာတဲ့အတွက်ကြောင့် တချို့ လိုက်လျောမှုတွေလည်း အများကြီးဖြေလျှော့ပေးတာဖြစ်ပြီး ပုံမှန် နီးပါးလောက်ဖြစ်နေပြီလို့ ပြောချင်ပါတယ်။
မေး ။ ။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလို့ပဲ ပြောပြော တပ်မတော်က တာဝန်ယူထိန်းသိမ်းထားတယ်လို့ပဲ ပြောပြောအခုလိုအာဏာထိန်းသိမ်းထားမှု အခြေအနေ ဘယ်လောက်အထိ ကြာမြင့်နိုင်မယ်လို့ မှန်းဆပါသလဲ။
ဖြေ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြောရရင်တော့ အရေးပေါ် အခြေအနေက တစ်နှစ်ပဲလုပ်လို့ရတယ်။ တကယ်လို့ အရေးပေါ်အခြေ အနေအတွင်းမှာ တာဝန်မပြီးဆုံးသေးဘူးဆိုရင် သမ္မတ(သို့မဟုတ်) ယာယီသမ္မတကနေ ခြောက်လတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်။ နှစ်ကြိမ် ခွင့်ပြုပေးတယ်။ နှစ်နှစ်ထက်ပိုပြီး လုပ်လို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့သည် အများဆုံးက နှစ်နှစ်ပဲ ဖြစ်ပါတယ်။ နှစ်နှစ်ထက် ပိုလုပ်လို့ မရပါဘူး။
မေး ။ ။ အကယ်၍ ဒီကြားထဲမှာထောက်ခံလာသူတွေကတိုးတက် လာတယ်၊ အခြေအနေက တည်ငြိမ်လာတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ တခြားပြောင်းလဲချင်တဲ့ အခြေအနေများ စဉ်းစားထားမှု ရှိပါသလား။
ဖြေ ။ ။ ကျွန်တော်တို့တပ်မတော်က လက်ခံထားတာသည် ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို သွားဖို့ပါ။ ဒီစနစ်ကို သွားနိုင်ဖို့အတွက် စိတ်ချရတဲ့အခြေအနေ ရှိတယ်ဆိုရင် ကျွန်တော်တို့လုပ်မှာပါ။ တကယ်လို့ တစ်နှစ်အတွင်းမှာ ရသွားရင် တစ်နှစ်အတွင်းပေါ့၊ နောက်ထပ် ခြောက်လတိုးပြီး
ခြောက်လအတွင်းမှ ရရင်လည်းရပေါ့။ ဒါပေမယ့် လက်ရှိအခြေအနေ အရဆိုရင် တစ်နှစ်အတွင်းမှာ ပြင်းပြင်းထန်ထန် လုပ်ရမယ့်အနေ အထားရှိတယ်။ နောက်ထပ်ခြောက်လတော့ ကျွန်တော်မပြောနိုင်ဘူး။ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးပါတီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာရဲ့ နားလည်ပူးပေါင်းဆောင်ရွက်မှုအပေါ် မှာလည်း တည်လိမ့်မယ်လို့ ကျွန်တော်ပြောလိုပါတယ်။
မေး ။ ။ အကယ်၍ နှစ်နှစ်ပြီးမြောက်သွားရင်ရော ဗိုလ်ချုပ်မှူးကြီး စဉ်းစားထားတာမျိုး ရှိသေးလား။ ဒါမှမဟုတ် တခြား အစီအစဉ်များ ရှိပါသလား။
ဖြေ ။ ။ ကျွန်တော်ကတော့ တိုင်းပြည်ကိုကောင်းအောင်လုပ်ပေးဖို့၊ တိုင်းပြည်ကို ဒီမိုကရေစီစနစ်အရ မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ တိုးတက်ဖို့ပဲ။ ကျွန်တော့်ရဲ့ လိုလားချက်ကတော့ ရိုးသားတဲ့ နိုင်ငံရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျွန်တော်လိုချင်တယ်။ ဒါက ကျွန်တော်ရွေးတာ မဟုတ်ဘူး။ ပြည်သူက ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ့နော်။ ပြည်သူကနေ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်တဲ့အချိန်မှာ ပါတီစုံ လမ်းကြောင်းကို သွားမယ်ဆိုပြီး ရွေးချယ်တဲ့အတွက်ကြောင့် တပ်မတော်က ဒီလမ်းကြောင်းပေါ် မှာ ရောက်အောင် တင်ပေးထားခဲ့တာ။ ပြည်သူတွေ ရွေးချယ်တဲ့အတွက်ကြောင့် ကျွန်တော် ဖျက်လို့မရဘူး။ ပြည်သူရဲ့ ဆန္ဒအတိုင်းပဲဖြစ်ရမယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်မဖျက်ဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ကျွန်တော်သွားခြင်း ဖြစ်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ရွေးချယ်တဲ့ လမ်းကြောင်းမှာ ကျွန်တော်တို့ ရပ်တည်တယ်ဆိုတာကိုလည်း ခင်ဗျားသတိပြုနိုင်ပါတယ်။
မေး ။ ။ ဒီတစ်နှစ် နှစ်နှစ်အတွင်းမှာရော Constitution ကို ပြောင်းမယ့်အပိုင်းမှာရော စဉ်းစားထားတာမျိုး ရှိပါ သလား။ ပြင်ဆင်ဖို့ ရှိပါသလား။
ဖြေ ။ ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက Constitution ပြင်ဖို့ လိုတဲ့အချက်တွေ ပြင်ဖို့ကြိုးစားခဲ့တယ်ဗျ။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိလည်း ပြင်ခဲ့တယ်။ အချက်တွေ တော်တော်များများလည်း ပြင်ပေးနိုင်ခဲ့တယ်။ တချို့ကလည်း referendum လုပ်ရမယ့်ကိစ္စတွေ ဖြစ်တယ်။ referendumမလုပ်နိုင် သေးလို့ အတည်မပြုရသေးတာတွေ ရှိတာပေါ့။ ကျွန်တော်တို့ အရမ်းပြင်လို့မရပါဘူး။ အခြေခံဥပဒေထဲမှာ အခန်း (၁၂)မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ရမလဲဆိုတာ သူ့ရဲ့ ပြဋ္ဌာန်းချက်တွေ ရှိတယ်။ ဒီအတိုင်းပဲ သွားလို့ရတယ်။ အဲဒါတွေက လွှတ်တော်လမ်းကြောင်းကနေပဲ သွားလို့ရတယ်။ လွှတ်တော်လမ်းကြောင်းမှာပဲ သွားလို့ရတဲ့ အတွက်ကြောင့် ကျွန်တော်က သွားပြင်လို့မရဘူး။ ရွေးကောက်ပွဲပြီးမှပဲ ဒီဟာကို ပြင်ရမယ့်သဘောကိုတော့ အခြေခံဥပဒေအရ ပြဋ္ဌာန်းထားတယ်ဆိုတာလေးကိုတော့ နားလည် စေချင်တယ်။
မေး ။ ။ အကယ်၍ ဒီဟာအားလုံး ရွေးကောက်ပွဲပြီးသွားမယ်။ ပြီးတော့ လွှတ်တော် နောက်တစ်ရပ်ပေါ်လာလို့ အခြေခံ ဥပဒေကို ပြင်ဆင်လိုတဲ့ သူတို့ဆန္ဒတွေပေါ်လာရင်ရော တပ်မတော်ရဲ့ ရပ်တည်ချက်အနေအထားက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ပြည်သူရဲ့ဆန္ဒအတိုင်းပဲ ပြင်ဖို့ရှိတဲ့အချက်တွေ ကျွန်တော်တို့ ပြင်မယ်။ ပြင်ဖို့လိုတဲ့ အချက်တွေလည်း ကျွန်တော် တွေ့တယ်။
မေး ။ ။ တပ်မတော်က နိုင်ငံအတွက် အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲ့ဒီတော့ အခုလက်ရှိ မြန်မာပြည်ရဲ့ အခြေအနေနဲ့ပြောရင် နိုင်ငံတော်ကာကွယ်ရေးက နံပါတ်(၁)လို့ ပြောနိုင်ပါသလား။ ဒါမှမဟုတ် အခြေခံဥပဒေကို ကာကွယ်ဖို့က နံပါတ် (၁)လို့ ပြောနိုင်ပါသလား။ ဘယ်ဟာက ပိုအရေးကြီးပါသလဲ။ အခုမေးချင်တဲ့ မေးခွန်းကတော့ အဓိကကတော့ နိုင်ငံတော်ကို ကာကွယ်မယ်၊ ပြည်သူကို ကာကွယ်မယ်ဆိုတဲ့ မူရင်းတာဝန်အပြင်ကို အခြေခံဥပဒေကို ထိန်းသိမ်းမယ်ဆိုတဲ့ တာဝန်လည်းရှိပါတယ်။ ဘယ်ဟာက ပိုပြီးအရေးကြီးတယ်လို့ ယူဆပါသလဲ။
ဖြေ ။ ။ နိုင်ငံရေးအရပြောရမယ်ဆိုရင်တော့ အခြေခံဥပဒေကို ကာကွယ်ရေးက ပိုပြီးအရေးကြီးတာပေါ့။ နိုင်ငံနဲ့ပြောမယ် ဆိုရင်တော့ နိုင်ငံတော်ကာကွယ်ဖို့က ပိုပြီး အရေးကြီးတယ်လို့ပဲ ပြောရမယ်။
မေး ။ ။ အခု NLD ဘက်ကလည်း အမျိုးသားစည်းရုံးရေး အစိုးရအနေနဲ့ ဖွဲ့စည်းတာတွေလည်းရှိသလို လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ဖွဲ့စည်းမယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ကြားနေရပါတယ်။ အဲဒီတော့ နိုင်ငံရဲ့ တရားဝင်တပ်မတော်အနေနဲ့ ဘယ်လို ထင်မြင်ယူဆချက် ရှိပါသလဲ။
ဖြေ ။ ။သူတို့ကတော့ တကယ်တမ်းပြောရရင်တော့ မတရား အသင်းပါပဲ။ မတရားအသင်း ကြေညာထားတယ်။ အကြမ်းဖက်အဖွဲ့လို့လည်း ကြေညာထားတယ်။ ပထမတော့ နိုင်ငံရေးအရ လုပ်လာတဲ့အခါမှာ မတရားအသင်းလို့ ကြေညာတယ်။ နောက်တော့ လက်နက်ကိုင်ပြီးတော့ ဆန့်ကျင်တာတွေဖြစ်လာတဲ့အတွက်ကြောင့်၊ အဖျက်လုပ်ငန်းတွေ ပါလာတဲ့အတွက်ကြောင့် အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတယ်။ နိုင်ငံတကာမှာ မတရားအသင်းကြေညာထားတယ်၊ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတယ်ဆိုရင် လုံးဝအသိအမှတ်ပြုလို့မရပါဘူး။ ကျွန်တော်တို့က သူတို့ကိုလည်း လုံးဝအသိအမှတ် မပြုပါဘူး။ သူတို့က လေထဲမှာလုပ်နေတဲ့ အဖွဲ့တွေပဲဖြစ်ပါတယ်။
မေး။ ။ဒီလိုမျိုးဖြစ်နေတဲ့အတွက် ပြည်တွင်းစစ်ပုံစံမျိုးတွေရော ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရောက်လာနိုင်ပါသလား။ ဘယ်လိုများထင်မြင်ပါသလဲ။
ဖြေ။ ။ကျွန်တော်ကတော့ မထင်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ မြန်မာပြည်တွင်းရဲ့ အခြေအနေဟာ နယ်စပ်ဒေသနဲ့ နယ်အချို့မှာပဲ ပဋိပက္ခဖြစ်တာပဲရှိတာ။ အားလုံးတည်ငြိမ် အေးချမ်း လျက်ရှိတယ်။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဖြစ်လာတာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက ဖြစ်လာ တယ်။ အဲဒီကနေပြီးတော့ လက်ရှိ ၂၀၁၁ ခုနှစ်မှာ ကျွန်တော်တို့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ တင်နိုင်ခဲ့ပြီးဖြစ်တယ်။ ငြိမ်းချမ်းရေးတွေလည်း ကျွန်တော်တို့ ယူခဲ့ပြီးဖြစ်တယ်။ ငြိမ်းချမ်းရေးလည်း ၂၀၁၂ ခုနှစ်မှာ ဆွေးနွေးပြီးတော့ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ချုပ်ခဲ့ပြီး ဖြစ်တယ်။ အဲဒီအချိန် အထိ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခပဲဖြစ်တယ်။ ပြည်တွင်း စစ်မဖြစ်ခဲ့ဘူး။ အခုက အဲဒီအခြေအနေတွေထက် အများကြီးကောင်း ပါတယ်။ ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခဖြစ်တယ် ဆိုတာတော့ ရှိတော့ရှိမယ်။ ဘာလို့လဲဆိုတော့ EAOsတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ ရှိနေသေးတာကိုး။ သူတို့ နယ်စပ်ဒေသမှာ အများကြီးရှိနေသေးတယ်။ ဒါကြောင့် ပြဿနာတော့ ရှိကောင်းရှိနိုင် သေးတယ်။ ပြည်တွင်းစစ်ဖြစ်လောက်တဲ့ အခြေအနေမျိုးတော့ လုံးဝ မဖြစ်နိုင်ဘူး။
မေး။ ။အဲဒီတော့ အခု သူတို့ပြန်ပြီးတော့ အသစ်ဖွဲ့ထားတယ် ဆိုတဲ့ဟာတွေလည်း ရှိကြပါတယ်။ အဲဒီသူတွေဆီကို ရောက်နေတဲ့ အထောက်အကူပြုပစ္စည်းတွေ၊ နောက်ပြီး သူတို့ဆီမှာ ရောက်နေတဲ့ လက်နက်တွေ အဲဒီအရင်းအမြစ်ကိုရော ဘယ်လိုများ မှန်းဆနိုင်ပါသလဲ။
ဖြေ။ ။သူတို့တကယ် တိုက်ပွဲဝင်နေတဲ့ လက်နက်တွေကတော့ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေဆီက ရနိုင်တာလည်း ရှိတယ်။ ဝယ်လို့ရတာလည်းရှိတယ်။ နိုင်ငံတကာမှာလည်း လက်နက်တွေ အများကြီးဝယ်လို့ရတာ မှောင်ခိုဝယ်လို့ရတာ အများကြီးရှိတယ်။ ကိုယ်ကိုယ်တိုင်လုပ်လို့ ရတဲ့ လုပ်သေနတ်တွေရှိတယ်။ ဒါတွေကြောင့် ရတယ်လို့ ကျွန်တော် ယူဆပါတယ်။ လက်နက်တွေ ဝယ်လို့ရတာတော့ အမှန်ပဲ။
မေး။ ။နောက်ထပ်မေးချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် အခြေအနေကို သိချင်ပါတယ်ခင်ဗျ။ နောက်ပြီးသူ့အနေနဲ့ကရော အခြားအပြင်ထွက်ပြီး တရားရင်ဆိုင်တာတို့ အခြားအပြင်ထွက်လာ နိုင်တဲ့အခြေအနေမျိုးတွေ ရှိလားဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းပါတယ်။ သူ့ရဲ့ အိမ်မှာပဲ စနစ်တကျရှိပါတယ်။ ကျန်းကျန်းမာမာလည်းရှိပါတယ်။ မကြာခင်ရက်ပိုင်းအတွင်း တရားရုံးမှာပဲ သူတို့တရားဥပဒေအရ ရင်ဆိုင်ဖို့ရှိပါတယ်။ ရက်ပိုင်းအတွင်းမှာ သူထွက်လာဖို့ရှိပါတယ်။
မေး။ ။သူ့ရဲ့တရားခံဘက်ကရှေ့နေရောသူနဲ့တွေ့ခွင့်ရှိပါသလား။
ဖြေ။ ။ရှိပါတယ်။
(ဆက်လက်ဖော်ပြပါမည်)